News @ M-Media

Author: Ko Lay

  • ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာဖွယ်ရှိ

    ထောင်ကျနေသည့် မလေး၀န်ကြီးချုပ်ဟောင်း ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာဖွယ်ရှိ

    သြဂုတ် ၂၇၊ ၂၀၂၂
    M-Media

    -တရားရုံးချုပ်က အယူခံပယ်ချပြီးတဲ့နောက်ပိုင်း ထောင်ဒဏ် စတင်ကျခံနေရတဲ့ မလေးရှား၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ဟာ ဘုရင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာဖွယ်ရှိတယ်လို့ မဟာသီယာ မိုဟာမက်က ပြောကြားလိုက်ပါတယ်။

    မဟာသီဟာ မလေးရှားရဲ့ အထင်ကရ သက်တော်ရှည်၀န်ကြီးချုပ်ဟောင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ နာဂျစ်နဲ့ သူ့ရဲ့ပါတီကို အံ့အားသင့်ဖွယ် ဖြုတ်ချနိုင်ခဲ့တာပါ။

    အဲ့ဒီနောက်ပိုင်း မဟာသီအစိုးရဟာ နာဂျစ်အစိုးရရဲ့ ခြစားမှုတွေ၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားလုပ်မှုတွေကို ဖော်ထုတ်ပြီး တရားစွဲဆိုခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပဲ နာဂျစ်ဟာ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    လက်ရှိ နာဂျစ်တစ်ယောက် ထောင်ထဲမှာ ရှိနေပမယ့် ပြန်လွတ်လာနိုင်တယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ မဟာသီက ပြောပါတယ်။

    “ထောင်ကျနေရပေမယ့် ဘုရင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နာဂျစ် ပြန်ထွက်လာဖို့ ရှိပါတယ်”

    နာဂျစ်ဟာ ထောင်ဒဏ်အပြင် မလေးရှားရင်းဂစ် သန်း ၂၁၀ လည်း ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

    မလေးရှားဟာ လာမယ့်နှစ်မှာ အထွေထွေရွေးကောက်ပွဲ ပြုလုပ်ဖို့ရှိပြီး နာဂျစ်ရဲ့ ပါတီ UMNO က ပြန်အနိုင်ရဖို့ အလားအလာ များနေပါတယ်။ အစိုးရထောက်ခံချက်နဲ့ ဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးရင် နာဂျစ်ဟာ ပြန်လည် လွတ်မြောက်လာဖို့ ရှိနေပါတယ်၊

    လက်ရှိမှာတော့ ပြည်သူလူထုဟာ နာဂျစ်ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးရေး ဘုရင်ထံ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ ကမ်ပိန်းတစ်ခုကို လုပ်ဆောင်နေပါတယ်။

    Ref: CNA

  • နှစ် ၅၀ အတွင်း အမျိုးသမီးများပါ၀င်မှု သိသိသာသာ မြင့်တက်လာသည့် ဒူဘိုင်းရဲတပ်ဖွဲ့

    နှစ် ၅၀ အတွင်း အမျိုးသမီးများပါ၀င်မှု သိသိသာသာ မြင့်တက်လာသည့် ဒူဘိုင်းရဲတပ်ဖွဲ့

    သြဂုတ် ၂၄၊ ၂၀၂၂
    M-Media

    -၁၉၆၀ ခုနှစ်က အမျိုးသမီးတပ်ဖွဲ့၀င် တစ်ဦးသာရှိခဲ့တဲ့ ဒူဘိုင်းရဲတပ်ဖွဲ့ဟာ ယနေ့အချိန်မှာတော့ ဌာနတိုင်းမှာ အမျိုးသမီး အရာရှိတွေ၊ တပ်ဖွဲ့၀င်တွေ အများအပြား ရှိနေပါပြီ။

    အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရဲ့ ဒေသတစ်ခုဖြစ်တဲ့ ဒူဘိုင်းက ရဲတပ်ဖွဲ့ဟာ အမျိုးသမီးတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးတဲ့ နေရာတစ်ခုလည်း ဖြစ်လာနေပါတယ်။

    ၂၀၁၇ ခုနှစ်မှာ ‘ဒူဘိုင်း ရဲတပ်ဖွဲ့ အမျိုးသမီးကောင်စီ’ ကို ဖွဲ့စည်းခဲ့ပြီး ရဲတပ်ဖွဲ့မှာ အမျိုးသမီးတွေရဲ့ ပါ၀င်မှု၊ လုပ်ငန်းခွင်ပျော်ရွှင်ရေး စတာတွေကို စဥ်ဆက်မပြတ် စောင့်ကြည့်လာခဲ့တာ ဖြစ်ပါတယ်။

    ရဲဌာနမှာ အမျိုးသမီးတပ်ဖွဲ့၀င်တွေရဲ့ လုပ်ငန်းခွင် ပျော်ရွှင်မှုနှုန်းဟာ ၂၀၁၈ ခုနှစ်က ၈၈.၂ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၁ ခုနှစ်မှာ ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။

    ဒူဘိုင်းရဲတပ်ဖွဲ့ အမျိုးသမီးကောင်စီဟာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ ကျား၊ မ တန်းတူညီမျှရေး၊ မတူကွဲပြားစွာ ညီညွတ်ရေး စတဲ့ ကဏ္ဍတွေနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်၀ှမ်းက ဆုတံဆိပ်တွေလည်း ရရှိထားပါတယ်။

    ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဒူဘိုင်းရဲတပ်ဖွဲ့မှာ ပညာတော်သင်ဆုရတဲ့ အမျိုးသမီးတပ်ဖွဲ့၀င်အရေအတွက်ဟာ ၆၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

    ရာဇတ်မှုဆိုင်ရာ သိပ္ပံဌာန၊ ဇီ၀သိပ္ပံဌာန၊ ဆက်သွယ်ရေး၊ ဥပဒေနဲ့ နိုင်ငံရေး၊ ဉာဏ်ရည်တုနည်းပညာဌာန စတာတွေ အပါအ၀င် ဒူဘိုင်းရဲတပ်ဖွဲ့က နယ်ပယ် ၇၃ ခုမှာ အမျိုးသမီးတွေ တာ၀န်ထမ်းဆောင်နေကြတာဖြစ်ပါတယ်။

    ၁၉၆၀ ခုနှစ် ဒူဘိုင်းရဲတပ်ဖွဲ့က ပထမဆုံးအမျိုးသမီးတပ်ဖွဲ့၀င်ရဲ့ အမည်ဟာ တိုဖာဟာ စလင်း ခါမစ် ဖြစ်ပါတယ်။

    ယူအေအီးနိုင်ငံရဲ့ အမျိုးသမီးများနေ့ဟာ သြဂုတ်လ ၂၈ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။

    Ref: Khaleej Times

  • ထိုင်းအခြေခံဥပဒေခုံရုံးက အာဏာသိမ်း၀န်ကြီးချုပ်ကို တာ၀န်မှ ရပ်ဆိုင်း

    ထိုင်းအခြေခံဥပဒေခုံရုံးက အာဏာသိမ်း၀န်ကြီးချုပ်ကို တာ၀န်မှ ရပ်ဆိုင်း

    သြဂုတ် ၂၄၊ ၂၀၂၂
    M-Media

    -အခြေခံဥပဒေက ပြဌာန်းထားတဲ့အတိုင်း တာ၀န်သက်တမ်း ကုန်ဆုံးသွားပြီလားဆိုတာ စစ်ဆေးဖို့အတွက် ထိုင်း အခြေခံဥပဒေခုံရုံးဟာ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာရဲ့ တာ၀န်ကို ဒီကနေ့မှာ ရပ်ဆိုင်းလိုက်ပါတယ်။

    စစ်ခေါင်းဆောင်ဟောင်း ချန်အိုချာဟာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီး ထိုင်းနိုင်ငံကို အုပ်ချုပ်လာတာ ဖြစ်ပါတယ်။ သူ့အကြိုက် ရေးထားတဲ့ အခြေခံဥပဒေကို ၂၀၁၇ ခုနှစ်မှာ ပြဌာန်းပြီး ၂၀၁၉ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ကာ ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်နေတာပါ။

    သူ့ကို ဆန့်ကျင်သူတွေက ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းလိုက်တဲ့အတွက် ၂၀၁၇ ခုနှစ် အခြေခံဥပဒေအရ ၀န်ကြီးချုပ်သက်တမ်း ၈ နှစ်ပြည့်ပြီလို့ ထောက်ပြပါတယ်။

    ပရာယွတ် ရာထူးကနေ ဆင်းပေးဖို့အတွက် ပြည်သူတွေဟာ ဘန်ကောင်မြို့မှာ မနေ့ကစတင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

    အဓိက အတိုက်အခံပါတီက ပရာယွတ် ရာထူးကနှုတ်ထွက်ရေး ဆုံးဖြတ်ပေးဖို့ အခြေခံဥပဒေခုံရုံးကို စာတင်ခဲ့ပြီးတဲ့နောက် အခုလို တာ၀န်ရပ်ဆိုင်းဖို့ ညွှန်ကြားချက် ထွက်လာတာပါ။

    ပရာယွတ်ဟာ ဒီကိစ္စကို ခုံရုံးမှာ ပြန်လည်ဖြေရှင်းဖို့ ၁၅ ရက် အချိန်ရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေခုံရုံးက ၀န်ကြီးချုပ်ရဲ့သက်တမ်း ၈ နှစ် ပြည့်ခြင်း ရှိ၊ မရှိ ဆုံးဖြတ်မှာဖြစ်ပြီး အမိန့်ချမယ့်ရက်ကိုတော့ မသိရသေးပါဘူး။

    အရင်က လွှတ်တော်အတွင်း အယုံအကြည်မရှိအဆိုတင်သွင်းကာ အတိုက်အခံတွေက ဖြုတ်ချဖို့ ကြိုးစားမှုကို ပရာယွတ်ဟာ အနည်းဆုံး ၂ ကြိမ်လောက် ကျော်ဖြတ်ခဲ့ဖူးပါတယ်။

    Ref: CNA

  • မြန်မာ့အရေး ဖြေရှင်းရာတွင် အစည်းအ၀ေးများနှင့် အချိန်မကုန်သင့်ဟု အာဆီယံကို မလေးရှားပြော

    မြန်မာ့အရေး ဖြေရှင်းရာတွင် အစည်းအ၀ေးများနှင့် အချိန်မကုန်သင့်ဟု အာဆီယံကို မလေးရှားပြော

    သြဂုတ် ၂၄၊ ၂၀၂၂
    M-Media

    -မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံဟာ အစည်းအ၀ေးတွေနဲ့ အချိန်ကုန်တာထက် ပိုမို ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဖြေရှင်းသင့်တယ်လို့ မလေးရှား နိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက ပြောကြားလိုက်ပါတယ်။

    မြန်မာပြည်သူတွေရဲ့ အခြေအနေတွေဟာ တစ်ဖြည်းဖြည်းနဲ့ ဆိုးရွားလာတာကို သူက ထောက်ပြပါတယ်။ တိုက်ခိုက်မှုတွေ၊ အသတ်ခံရမှုတွေ၊ ဖမ်းဆီးခံရမှုတွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှု စတဲ့ အချက်အလက်တွေကို အာဆီယံ အစည်းအ၀ေးတွေမှာ တင်ပြပြောဆိုမှု မရှိတာကို ဆိုက်ဖူဒင်က ၀ေဖန်ပါတယ်။

    “မြန်မာနိုင်ငံက တကယ့်အခြေအနေမှန်တွေကို သုံးသပ်ဆွေးနွေးရေး နိုင်ငံခြားရေး၀န်ကြီးအနေနဲ့ အာဆီယံအတွင်းရေးမှူးကို ကျွန်တော် စာရေးတင်ပြသွားမှာပါ။ လက်တွေ့ ဘာတွေဖြစ်နေလဲဆိုတာ အချက်အလက်အတိအကျနဲ့တကွ သိသင့်ပါတယ်”

    မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအနေနဲ့ အစည်းအ၀ေးပဲ လုပ်နေတာကို ရပ်တန့်သင့်ပြီး လိုအပ်မှသာ နည်ပညာအသုံးပြု လုပ်ဆောင်လို့ရတယ်လို့လည်း ဆိုက်ဖူဒင်က ပြောပါတယ်။

    မလေးရှားနိုင်ငံခြားရေး၀န်ကြီးဟာ မြန်မာကိစ္စနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ၀ေဖန်ပြောဆိုမှုတွေ မကြာခဏ ပြုလုပ်လေ့ရှိသူ ဖြစ်ပါတယ်။

    မြန်မာပြည်သူတွေအတွက် အာဆီယံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်တဲ့ ကိစ္စမှာလည်း အဆင်မပြေဘဲ အခြားနည်းလမ်း ရှာဖွေဖို့ လိုအပ်တယ်လို့ ဆိုက်ဖူဒင်က မနေ့က မီဒီယာနဲ့ တွေ့ဆုံမှုမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အကူအညီပေးရာမှာ ပွင့်လင်းမြင်သာမှုရှိရေးနဲ့ ဘက်မလိုက်ရေးအတွက် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေကို မလေးရှားက ပါ၀င်စေချင်တာ ဖြစ်ပါတယ်။

    အာဏာသိမ်းစစ်ကောင်စီက ဒါကို လက်မခံဘဲ အကူအညီတွေအားလုံးကို သူတိုထံအပ်ရမယ်လို့ ပြောဆိုထားပါတယ်။

    Ref: The Star

  • ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတ ပြည်တော်ပြန်မည်ဟု သတင်းထွက်

    ထွက်ပြေးသွားသည့် သီရိလင်္ကာသမ္မတ ပြည်တော်ပြန်မည်ဟု သတင်းထွက်

    သြဂုတ် ၂၃၊ ၂၀၂၂
    M-Media

    -ပြည်သူလူထုရဲ့ ဆန့်ကျင်မှုကြောင့် တိုင်းပြည်ကနေ ထွက်ပြေးသွားတဲ့ သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ စက်တင်ဘာမှာ ပြည်တော်ပြန်ဖို့ ရှိတယ်လို့ နီးစပ်သူတွေက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဂိုတာဘာယာနဲ့ သူ့ရဲ့အစ်ကို ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာတို့ရဲ့ မူ၀ါဒ အလွဲတွေကြောင့် သီရိလင်္ကာဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

    ပြည်သူလူထုရဲ့ အကြီးအကျယ် ဆန္ဒပြမှုကြောင့် ဂိုတာဘာယာဟာ ဇူလိုင်လ ၁၃ ရက်နေ့က မိသားစုနဲ့အတူ တိုင်းပြည်ကနေ ထွက်ပြေးခဲ့ပါတယ်။

    လက်ရှိ ထိုင်းနိုင်ငံမှာ ခိုလှုံနေပြီး စာရိတ်ထောင်းတာက ဂိုတာဘာယာတစ်ယောက် သီရိလင်္ကာကို ပြန်ရတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

    အခုတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ ပြန်လာမယ်လို့ သီရိလင်္ကာ ပြည်တွင်းမီဒီယာတွေက ရေးပေမယ့် သူ့ရဲ့ လုံခြုံရေးနဲ့ အခြားကိစ္စရပ်တွေအတွက် အာဏာရပါတီ SLPP နဲ့ အစိုးရတို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေ မပြီးပြတ်သေးတာကြောင့် စက်တင်ဘာမှ ပြန်လာဖွယ် ရှိနေပါတယ်။

    တိုင်းပြည်ကနေ ထွက်ပြေးပြီးနောက်ပိုင်း စင်ကာပူ၊ ထိုင်းတို့မှာ နေထိုင်၊ သုံးစွဲနေတဲ့ ဂိုတာဘာယာမိသားစုရဲ့ ကုန်ကျစားရိတ်ဟာ ရူပီး သန်းရာချီ ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    အာဏာရ SLPP ပါတီက ဂိုတာဘာယာ ပြန်လာရေးအတွက် လက်ရှိ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီနဲ့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ အတည်ပြုပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ရာနီလ်က ဂိုတာဘာယာ ပြန်လာမလားဆိုတာ မသိသေးဘဲ ပြန်လာရင် ဥပဒေရ အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuters