News @ M-Media

Author: Ko Lay

  • သီရိလင်္ကာဘုရားပွဲတွင် ဆင်ကြောင့် လူတိုးရာမှ ၁ ဦးသေဆုံး

    သီရိလင်္ကာဘုရားပွဲတွင် ဆင်ကြောင့် လူတိုးရာမှ ၁ ဦးသေဆုံး

    စက်တင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    ele

    – သီရိလင်္ကာနိုင်ငံတောင်ပိုင်းရှိ ဘုရားကျောင်းတစ်ခုတွင်ရှိသော ဆင်များ ခိုက်ရန်ဖြစ်ရာမှ လူအုပ်ကြီး တိုးဝှေ့မှု ဖြစ်ပွားခဲ့သောကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လူတစ်ဒါဇင် ဒဏ်ရာရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ကိုလံဘိုတောင်ဘက်မှ မိုင် ၆၀ အကွာ ရတနာပူရမြို့ရှိ ဟိန္ဒူဘုရားကျောင်းတွင် ပြုလုပ်ခဲ့သော ဘုရားပွဲ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆင်ထိန်းသမားတစ်ဦးက အဆိုပါ ဆင်နှစ်ကောင်ကို ချွန်းဖြင့်ပေါက်၍ တစ်နေရာစီခွဲရာ နာကျင်စွာဖြင့် ထွက်ပြေးခဲ့ရာမှ လူအုပ်ကြီးက ကြောက်လန့်ခဲ့ခြင်းဖြစ်သည်။

    “ဆင်က ဘယ်သူ့ကိုမှ မတိုက်ခိုက်ပါဘူး၊ သူ့ဘာသာ ဆင်ထိန်းလက်ကနေ ထွက်ပြေးဖို့ကြိုးစားရင်း လူတွေက လန့်ပြီး ထွက်ပြေးကြတာပါ” ဟု ဒေသတွင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ယင်း မတော်တဆမှုကြောင့် အသက် ၆၀ အရွယ်ရှိ အမျိုးသမီးတစ်ဦး နှလုံးရောဂါဖြင့် သေဆုံးခဲ့ပြီး အခြားလူတစ်ဒါဇင်ခန့်မှာလည်းပြေးလွှားရာ၍ ဒဏ်ရာအချို့ ရရှိခဲ့သဖြင့် ဆေးရုံတင်ခဲ့ရသည်။

    တာဝန်ရှိသူများမှာ နောက်ပိုင်းတွင် အခြေအနေကို အလျင်အမြန် ထိန်းသိမ်းနိုင်ခဲ့သည်။ သီရိလင်္ကာတွင် ဆင်ကို မြင့်မြတ်သည့် တိရစ္ဆာန်အဖြစ် မှတ်ယူပြီး ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့၏ ပွဲတော်များတွင် ဆင်များဖြင့် လှည့်လည်မှုများ ပြုလုပ်လေ့ရှိသည်။

    နိုင်ငံအတွင်းရှိ ဆင်ကောင်ရေမှာလည်း လွန်ခဲ့သည့် ၅ နှစ်က ၇၃၇၉ ကောင် ရှိရာမှ ယခုတွင် ၆၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး လယ်သမားများက တောများကို ခုတ်ထွင် ရှင်းလင်းခြင်းကြောင့် ဖြစ်သည်။

    Ref : Channelnewsasia

  • နယူးယောက်ပေါက်ကွဲမှု အကြမ်းဖက်မှုနှင့် ဆက်စပ်မှုမရှိ

    နယူးယောက်ပေါက်ကွဲမှု အကြမ်းဖက်မှုနှင့် ဆက်စပ်မှုမရှိ

    စက်တင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    manhattan

    – နယူးယောက်မြို့ မြို့လယ်ကောင် မန်ဟတ်တန်တွင် ဖြစ်ပွားခဲ့ပြီး လူ ၂၉ ဦး ဒဏ်ရာရရှိခဲ့သည့် ပေါက်ကွဲမှုမှာ တမင်ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သော်လည်း အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် အထောက်အထားများ မတွေ့ရဟု မြို့တော်ဝန် ဘီလ် ဒီ ဘလာဆီယိုက ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ပေါက်ကွဲမှုမှာ မန်ဟက်တန်၏ ချယ်ဆီးရပ်ကွက် အနောက် ၂၃ လမ်းတွင် ယမန်နေ့ည ဒေသစံတော်ချိန် ၈ နာရီခွဲက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လူနေအိမ်ယာများသည့် ထိုနေရာမှာ ညဘက်လျှောက်လည်ရမည့် နေရာတစ်ခုအဖြစ် ကျော်ကြားသော်လည်း အဓိက ကမ္ဘာလှည့်ခရီးသွား နေရာများ၊ အစိုးရရုံးများနှင့် နီးကပ်ခြင်း မရှိပေ။

    “အခုအချိန်မှာ ဘယ်အကြမ်းဖက်အဖွဲ့အစည်းကမှ နယူးယောက်မြို့ကို သိသာတဲ့၊ ကြီမားတဲ့ ခြိမ်းခြောက်မှုမျိုး မရှိပါဘူး။ ဘာ့ကြောင့်ဖြစ်ပွားတယ်ဆိုတာကို ဆုံးဖြတ်ဖို့ စောလွန်းနေပါသေးတယ်။ ဒါဟာ တမင်လုပ်တယ်လို့ ကျွန်တော်တို့ယုံကြည်တယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပါပဲ” ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။

    ထို့ပြင် ဒဏ်ရာရရှိသူများတွင် အသက်အန္တရာယ်စိုးရိမ်ရသူ တစ်ဦးမှ မရှိဟုလည်း ၎င်းက ဆိုသည်။

    နောက်ပိုင်းတွင် နယူးယောက်ရဲတပ်ဖွဲ့ဝင်တစ်ဦးက မိမိတို့အနေဖြင့် ပေါက်ကွဲစေော ပစ္စည်းဟု ယူဆရသည့် အရာတစ်ခုကို မန်ဟက်တန်တွင် ထပ်မံတွေ့ရှိရသည်ဟု Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။ နောက်ပိုင်းတွင် ဗုံးရှင်းလင်းရေးအဖွဲ့များကို ပို့ဆောင်၍ ရှင်းလင်းနိုင်ခဲ့သည်။

    Ref: Aljazeera

  • အစ္စရေးတွင် နျူလက်နက် ၂၀၀ ရှိသည်ဟု ကန်အရာရှိဟောင်း၏ အီးမေးလ်မှ ပေါက်ကြား

    အစ္စရေးတွင် နျူလက်နက် ၂၀၀ ရှိသည်ဟု ကန်အရာရှိဟောင်း၏ အီးမေးလ်မှ ပေါက်ကြား

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    powell

    – အစ္စရေးတွင် နျူကလီးယားလက်နက်ပေါင်း ၂၀၀ ရှိနေပြီး အားလုံးကို အီရန်နိုင်ငံသို့ ချိန်ထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်း ပါဝဲလ်၏ အီးမေးလ်ပေါက်ကြားမှုမှ ပေါ်ထွက်လာခဲ့သည်။

    ပါဝဲလ်မှာ အဆိုပါ အီးမေးလ်ကို ပြီးခဲ့သည့်နှစ်က ဒီမိုကရက်တစ်ပါတီအတွက် အလှုငွေ ပုံမှန်ထောက်ပံ့နေသည့် ၎င်း၏ မိတ်ဆွေ ဂျက်ဖရီ လိဒ်စ်ထံသို့ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဟက်ကာအုပ်စုဖြစ်သော DCLeaks က ရရှိခဲ့ကာ နိုင်ငံခြားရေး ကိစ္စများကို ပုံမှန်လွှင့်တင်နေသော Lobelog ဘလော့တွင် ဖော်ပြခဲ့သည်။

    အစ္စရေးမှာ ၎င်း၏ နျူကိစ္စနှင့်ပတ်သက်၍ သံသယပေါ်လစီကို ကျင့်သုံးပြီး မည်သည့်အမျိုးအစား၊ အရေအတွက် မည်မျှရှိသည်ဆိုသည်ကို မည်သည့်အခါကမျှ ထုတ်ဖော်မပြောခဲ့ချေ။ သို့သော်လည်း အမေရိကန်၏ ထောက်ပံ့မှုအပြည့်အ၀ဖြင့် အစ္စရေးတွင် နျူလက်နက်ရှိသည်ဆိုသည့်ကိစ္စမှာ လူတိုင်းသိသော လျှို့ဝှက်ချက်ဖြစ်နေသည်။

    အစ္စရေးအရေး စောင့်ကြည့်သူများကမူ နျူလက်နက် ၄၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အမေရိကန်ကွန်ဂရက်တွင် ပြောကြားခဲ့သော မိန့်ခွန်းနှင့်ပတ်သက်၍ ရေးသားသည့် ပါဝဲလ်၏ ထိုစာတွင် အစ္စရေး၏ နျူလက်နက်အကြောင်း ဖော်ပြထားသည်။

    အီရန်အနေဖြင့် နျူလုပ်ငန်းစဉ်ကို ကန့်သတ်ရန်နှင့် အပြန်အလှန်အားဖြင့် နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ဖယ်ရှားရေး အစီအစဉ်ကို နေတန်ယာဟုက ကွန်ဂရက်တွင် သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသဘောတူညီချက်ကို ပြီးခဲ့သည့် နွေရာသီတွင် အပြီးသတ်နိုင်ခဲ့သည်။

    “ညှိနှိုင်းသူတွေက သူတို့လိုချင်တာမျိုး မရတတ်ဘူးဗျ။ ဘာပဲဖြစ်ဖြစ် အီရန်တွေကတော့ နောက်ဆုံးမှာ (နျူကလီးယားလက်နက်) ဖန်တီးနိုင်ရင်တောင်မှ အဲဒီတစ်လုံးလောက်ကို သုံးလို့ရမှာမဟုတ်ဘူး။ အစ္စရေးမှာ နျူလက်နက် ၂၀၀ ရှိနေပြီး အားလုံး တီဟီရန်ကိုချိန်ထားတယ်ဆိုတာ အီရန်က ကောင်းကောင်းသိတယ်ဗျ။ ကျွန်တော်တို့မှာလည်း ထောင်နဲ့ချီ ရှိပါတယ်။ “တစ်လုံးတည်းနဲ့ ဘာလုပ်ရမှာလဲ။ သနေရမှာလား” လို့ အမာဒီနီဂျဒ် (အီရန်သမ္မတဟောင်း) ပြောသလိုပါပဲ။ မြောက်ကို ရီးယားနဲ့ အီရန်အကြောင်းကို ကျွန်တော် လူသိရှင်ကြား ပြောဖူးပါတယ်။ သူတို့ဂရုစိုက်နေတဲ့ အာဏာရှင်စနစ် တာရှည်ရေးကို ကျွန်တော်တို့ ဖြိုမှာပါ။ နျူလက်နက်ကို ဘယ်နေရာမှာ ဘယ်လိုပုံစံမျိုးမှ သူတို့ စမ်းလို့ရလိမ့်မလဲ” ဟု ပါဝဲလ်က အီးမေးလ်တွင် ရးသားခဲ့သည်။

    အမေရိကန်နှင့် အီရန်တို့၏ သဘောတူညီချက်အရ အီရန်မှာ လောင်စာဗုံးများတွင် အသုံးပြုနိုင်သည့် မပြည့်ဝယူရေနီယံအရေအတွက်ကို ၉၈ ရာခိုင်နှုန်းအထိ လျှာ့ချရမည်ဖြစ်ပြီး ပြည့်ဝယူရေနီယံကိုလည်း နောက်ထပ် ၂၅ နှစ်အတွင်း သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်သာ သုံးစွဲရန် ကန့်သတ်ရမည်ဖြစ်သည်။

    ပါဝဲလ်မှာ ထိုသဘောတူညီချက်ကို သဘောတူညီကြောင်း လူသိရှင်ကြား ပြောကြားခဲ့သော်လည်း အဆိုပါအီးမေးလ်တွင်မူ အီရန်အနေဖြင့် နျူလက်နက် ထုတ်လုပ်လိုပါက ပိတ်ဆို့မှုများကလည်း မတားဆီးနိုင်ဟု ၀န်ခံခဲ့သည်။

    “စွမ်းအင်အတွက် ယူရေနီယံသန့်စင်ဖို့ သူတို့မှာ အခွင့်အရေး အပြည့်အ၀ရှိတယ်လို့ အီရန်တွေပြောတာ မှန်တယ်ဗျ။ ရုရှားက Busher မှာ နျူဓာတ်ပေါင်းဖိုဆောက်ဖို့ ကူညီခဲ့တယ်။ သူတို့ ဒီလိုဆောင်ရွက်မှုကို ဖျက်ပျက်ဖို့ ပိတ်ဆို့မှုတွေက မလုံလောက်ခဲ့ဘူး။ ဘီဘီ (နေတန်ယာဟု) က ကျွန်တော်တို့ ထောက်လှမ်းရေးတွေ လေသံပစ်သလိုပဲ ‘အီရန် နျူလက်နက်ထုတ်နိုင်ဖို့ ၁ နှစ်ပဲလိုတော့တယ်’ လို့ ပြောတယ်။ သူက နှစ်တိုင်း အဲလိုပဲ ပြောနေတာ။ တကယ်တော့ အဲဒီလောက် မလွယ်ဘူးဗျ”

    ထိုအီးမေးလ်တွင် ဒေါ်နယ်ထရမ့်ကို ‘တိုင်းပြည်အား အရှက်ရစေသူ၊ နိုင်ငံတကာက ၀ိုင်းပယ်ခံရသူ’ အဖြစ် ပါဝဲလ်က သမုတ်ခဲ့ပြီး ဟီလာရီကလင်တန်ကိုမူ ‘လောဘကြီးသူ၊ သဟဇာတမဖြစ်သူ’ အဖြစ် ပြောကြားခဲ့သည်။

    Ref: Independent

  • ရက်ရှ်ဖို့ဒ်မှာ ပြိုင်ဘက်များကို ဒုက္ခပေးနိုင်သည်ဟု အင်ဒီကိုးလ်ပြော

    ရက်ရှ်ဖို့ဒ်မှာ ပြိုင်ဘက်များကို ဒုက္ခပေးနိုင်သည်ဟု အင်ဒီကိုးလ်ပြော

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    rsh

    – မန်ချက်စတာယူနိုက်တက်အသင်း၏ တိုက်စစ်မှူး မားက်စ် ရက်ရှ်ဖို့ဒ်မှာ ၎င်း၏ ပြေးအား၊ လှုပ်ရှားမှုများနှင့် မည်သူ့ကိုမဆို ဒုက္ခပေးနိုင်သည်ဟု မန်ယူတိုက်စစ်မှူးဟောင်း အင်ဒီကိုးလ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ် ဗန်ဂါးလ်လက်ထက်တွင် အသင်း၌ နေရာရလာသည့် လူငယ်ကစားသမား ရက်ရှ်ဖို့ဒ်မှာ ယခုနှစ်တွင်လည်း ပုံမှန်ကစားခွင့်ရပါက ခြေစွမ်းပြနိုင်မည့် အခြေအနေတွင် ရှိနေသည်။

    သြဂုတ်လက ဟားလ်စီးတီးအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် လူစားဝင်လာသည့် ရက်ရှ်ဖို့ဒ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး စက်တင်ဘာ ၆ ရက်နေ့က နော်ဝေအသင်းနှင့် ကစားခဲ့သည့် အင်္ဂလန် ယူ ၂၁ အသင်း၏ ပွဲတွင်လည်း ဟက်ထရစ် သွင်းယူခဲ့သည်။

    “ရက်ရှ်ဖို့ဒ်အတွက် အသင်းမှာ ပါဝင်နေရပြီး သူကလည်း ဒါကို တော်တော်လေး ကျေနပ်နေပုံရပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ သူ့မှာ ဖိအားမရှိတာကြောင့် သူ့ရဲ့ ဘောလုံးသမားဘ၀ကို ကောင်းကောင်း ကျေနပ်နိုင်ပါတယ်။ ပြီးတော့ အခုအချိန်မှာလည်း သူ ဒီလိုအနေခြေအနေမျိုး ရှိနေပါတယ်” ဟု အင်ဒီကိုးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည်ရာသီက ဒဏ်ရာများကြောင့် အသင်းတွင် ပုံမှန်မပါဝင်နိုင်သော်လည်း ယခုရာသီတွင် ပြသခဲ့သည့် ခြေစွမ်းကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ၂၄ နာရီအတွင်း ပါလက်စတိုင်းရှိ အရပ်သား ၅ ဦးကို အစ္စရေးပစ်သတ်

    ၂၄ နာရီအတွင်း ပါလက်စတိုင်းရှိ အရပ်သား ၅ ဦးကို အစ္စရေးပစ်သတ်

    စက်တင်ဘာ ၁၇၊ ၂၀၁၆
    M-Media

    pales

    – အစ္စရေးတပ်ဖွဲ့များကို ဓားဖြင့် တိုက်ခိုက်သည်ဟူသော စွပ်စွဲချက်ဖြင့် အစ္စရေးက ပစ်သတ်သောကြောင့် ပါလက်စတိုင်းပိုင်နက်များတွင် သေဆုံးသူမှာ ၂၄ နာရီအတွင်း ၅ ဦး ရှိလာပြီဟု သိရသည်။

    အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင်ဖြစ်ပြီး ယမန်နေ့က ထိုစွပ်စွဲချက်ဖြင့် ပစ်သတ်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၃ ဦးနှင့် ဂျော်ဒန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့သည်။

    ယနေ့တွင်လည်း အနောက်ဖက်ကမ်းမှ ဟီဘရွန်မြို့တွင် ပါလက်စတိုင်းပြည်သူတစ်ဦးကို ထပ်မံပစ်သတ်ခဲ့ပြီး စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ပုံမှန်စစ်ဆေးမှု ပြုလုပ်နေသည့် စစ်သားတစ်ဦးကို သေဆုံးသူက ဓားဖြင့်ထိုးမှုကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစ္စရေးတပ်ဖွဲ့နှင့် ပါလက်စတိုင်းပိုက်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်ကြသူများမှာ အရှေ့ဂျေရုစလင်မှ အလ်အက်ဆွာဗလီဝတ်ကျောင်းတော်သို့ ၀င်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။

    ထိုနောက်ပိုင်းမှစ၍ အစ္စရေးတပ်ဖွဲ့နှင့် တရားမ၀င်နေထိုင်သူများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၂၁၅ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ဆန္ဒပြသူများ၊ ဘေးတွင်ရပ်ကြည့်သူများ၊ အစ္စရေးတပ်ဖွဲ့များကို တိုက်ခိုက်သည်ဟု စွပ်စွဲခံရသူများ ပါဝင်ခဲ့သည်။ ပါလက်စတိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူ အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့သည်။

    နိုင်ငံတကာက ပါလက်စတိုင်းနက်အဖြစ် သတ်မှတ်ပေးထားသည့် ဒေသများတွင် အစ္စရေးက ကျူးကျော်ဝင်ရောက်ကာ တရားမ၀င်အခြေချအိမ်ယာများ ဆောက်လုပ်နေမှုအား ပါလက်စတိုင်းပြည်သူများက ကျေနပ်ခြင်းမရှိဘဲ မကြာခဏ ဆန္ဒပြမှုများ ပြုလုပ်နေကြသည်။

    ပါလက်စတိုင်းပိုင်နက်များရှိ အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သူအရေအတွက်မှာ သန်းဝက်ခန့် ရှိ လာပြီဖြစ်သည်။

    Ref: Aljazeera