News @ M-Media

Author: Ko Lay

  • နယူးယောက်ပေါက်ကွဲမှုအတွက် သံသယရှိသူကို ရဲတပ်ဖွဲ့ရှာဖွေ

    နယူးယောက်ပေါက်ကွဲမှုအတွက် သံသယရှိသူကို ရဲတပ်ဖွဲ့ရှာဖွေ

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    newyourk

    – စနေနေ့က နယူးယောက်မြို့ မြို့လယ်ကောင် မန်ဟက်တန်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ဆက်စပ်သည်ဟု ယူဆရသူတစ်ဦးကို ရဲတပ်ဖွဲ့က ရှာဖွေနေသည်ဟု သိရသည်။

    အဆိုပါ သံသယရှိသူမှာ အသက် ၂၈ နှစ်အရွယ်ရှိ အဟ်မဒ် ခန်း ရဟ်မာနီဆိုသူဖြစ်ပြီး အာဖဂန်နွယ်ဖွား အမေရိကန်နိုင်ငံသားအဖြစ် ရရှိထားသူဖြစ်သည်။ ၎င်းမှာ နယူးဂျာစီတွင် နေထိုင်သူဖြစ်ပြီး ရဲတပ်ဖွဲ့ကမူ လက်နက်ဖြင့် အန္တရာယ်ရှိနိုင်သည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။

    ယမန်နေ့တွင် နယူးယောက်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူအိုမိုက ထိုပေါက်ကွဲမှုမှာ အကြမ်းဖက်ဝါဒနှင့် ဆက်နွယ်မှုရှိသော အထောက်အထားမျိုး မတွေ့ရဟု ပြောကြားခဲ့သော်လည်း ယနေ့ထုတ်ပြန်သော ကြေငြာချက်တွင် စုံစမ်းစစ်ဆေးမှုများအရ ထိုပေါက်ကွဲမှုမှာ နိုင်ငံရပ်ခြားနှင့် ဆက်စက်မှု ရှိနိုင်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

    မန်ဟက်တန်ရှိ ချယ်ဆီးရပ်ကွက်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု၌ ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့ပြီး၊ နောက်ပိုင်းတွင် ဆေးရုံမှ ဆင်းသွားခဲ့ကြသည်။

    ပြည်ထဲရေးတာဝန်ရှိသူတစ်ဦးကမူ မိမိတို့မှာ တနင်္ဂနွေနေ့ ညနေပိုင်းက နယူးဂျာဆီတွင် ပေါက်ကွဲစေတတ်သော ပစ္စည်း ၅ ခုကို တွ့ရှိခဲ့ရပြီး ၎င်းတို့မှာ မန်ဟက်တန် ပေါက်ကွဲမှုနှင့် ဆက်စပ်နေသည်ဟု ပြောကြားခဲ့သည်။ ညဥ့်နက်ပိုင်းတွင်လည်း နောက်ထပ် ပေါက်ကွဲစေတတ်သည့် ပစ္စည်း ၅ ခုကို နယူးဂျာဆီရှိ ရထားဘူတာတွင် တွေ့ခဲ့ရပြီး ထိုအထဲမှတစ်ခုကို အာဏာပိုင်များက စနက်တံဖြုတ်နေစဉ် ယနေ့မနက်ပိုင်းက ပေါက်ကွဲခဲ့သည်။

    မန်ဟက်တန်ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာတစ်ခုဖြစ်သော Tumblr တွင် လူတစ်ဦးက I Am The NY Bomber (ကျွန်တော်နယူးယောက်ဗုံးခွဲသမားပါ) ဆိုသည့် ခေါင်းစဉ်ဖြင့် ကြေငြာစာတမ်းတစ်ခုကို လွှင့်တင်ခဲ့ပြီး မိမိက ထိုဖောက်ခွဲမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိမှားယွင်းသည်ကို သိသော်လည်း လိင်တူချစ်သူနှင့် အခြားသော LGBTQ လူ့အဖွဲ့အစည်းအား ပတ်ဝန်းကျင်၏ နှိမ့်ချဆက်ဆံမှုကို မခံနိုင်တော့၍ ထိုကဲ့သို့ ဖောက်ခွဲခြင်းကြောင်း ရေးသားဖော်ပြခဲ့သည်။

    အဆိုပါပို့စ်၏ စစ်မှန်မှုနှင့်ပတ်သက်၍ အတိအကျ မပြောနိုင်သော်လည်း ထိုအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

    Ref: Aljazeera,Independent

  • မြစ်ဆုံဆည် ဆန့်ကျင်မှုကို အစွန်းရောက်အဖွဲ့များက ဆောင်ရွက်နေခြင်းဟု တရုတ်ပြော

    မြစ်ဆုံဆည် ဆန့်ကျင်မှုကို အစွန်းရောက်အဖွဲ့များက ဆောင်ရွက်နေခြင်းဟု တရုတ်ပြော

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    myitsone

    – တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် မြစ်ဆုံဆည်နှင့် ရေအားလျှပ်စစ် စီမံကိန်းအား ကန့်ကွက်မှုကို ‘အစွန်းရောက်’ အုပ်စုများက စီစဉ်နေခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ခြင်းက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများကို ထိခိုက်စေနိုင်သည်ဟု တရုတ်အစိုးရနှင့် ဆက်နွယ်နေသည့် Study Times သတင်းစာက ယနေ့တွင် ရေးသားဖော်ပြလိုက်သည်။

    သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုကို စိုးရိမ်ရသည့်အတွက် ပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနာက် ကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိ အဆိုပါစီမံကိန်းကို ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စက တရုတ်နှင့် မြန်မာနိုင်ငံတို့ ဆက်ဆံရေးတွင် အဖုအထစ် ဖြစ်စေခဲ့သည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့သည့်လက တရုတ်နိုင်ငံသို့ သွားရောက်စဉ်အတွင်း မိမိတို့အနေဖြင့် နှစ်နိုင်ငံအတွက် အဆင်ပြေစေမည့် ဆုံးဖြတ်ချက်တစ်ခု ပေါ်ထွက်လာရေး ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင်လည်း အဆိုပါကိစ္စနှင့် အဆိုပြုထားသည့် အခြားသော ရေအားလျှပ်စစ် ဆည်တမံများအတွက် မြန်မာအစိုးရက ကော်မရှင်တစ်ခုဖွဲ့စည်းကာ သုံးသပ်မှုများ ပြုလုပ်နေသည်။

    တရုတ်အစိုးရအာဏာပိုင်များကို လေ့ကျင့်ပျိုးထောင်မှုများ ပြုလုပ်ပေးနေသည့် Central Party School က ထုတ်ဝေသော Study Times သတင်းစာကမူ ဆည်တမံ စီမံကိန်းများမှာ အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်ဟု သုံးသပ် ရေးသားခဲ့သည်။

    “ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ် မတိုင်ခင်ရော၊ နောက်ပိုင်းမှာပါ အစွန်းရောက် မြန်မာမီဒီယာတစ်ချို့၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေဟာ မြစ်ဆုံဆည်နဲ့ သံလွင်မြစ်ပေါ်က အခြားသော စီမံကိန်းအကြီးတွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြပါတယ်။ ပြီးတော့ ဒီစီမံကိန်းတွေကို ရပ်တန့်ဖို့လည်း တောင်းဆိုကြပါတယ်” ဟု သတင်းစာက ရေးသားခဲ့သည်။

    “အချို့မီဒီယာတွေကဆိုရင် ဒီဆည်တွေကို ရပ်ပစ်တာဟာ စီးပွားရေးအရ တရုတ်နိုင်ငံအပေါ် မှီခိုလွန်းမှု လျှော့ချတယ်ဆိုတာကို မြန်မာနိုင်ငံက ပြသဖို့ အရေးပါတဲ့ ခြေလှမ်းလို့တောင် ဖော်ပြကြပါတယ်”

    ထို့ပြင် ထိုကဲ့သို့ ဖော်ပြမှုများမှာ မည်သူ၏အာဘော်ဖြစ်သည်ကို မှန်းဆရခက်သော်လည်း ထို ‘အစွန်းရောက် မှတ်ချက်များ’ က မြန်မာနိုင်ငံရှိ ပုဂ္ဂလိက မီဒီယာများတွင် လွှမ်းမိုးနေသည်ဟု Study Times က ထည့်သွင်းဖော်ပြခဲ့သည်။

    မြစ်ဆုံဆည် စီမံကိန်းတွင် အဖြေရှာရန်မှာ တရုတ်နယ်စပ်တစ်လျှောက်တွင် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ဆွေးနွေးရာတွင် တရုတ်၏ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်နေသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါသည့်ကိစ္စ ဖြစ်နေသည်။

    Study Times ကမူ ဒေါ်အောင်ဆန်းစုကြည်နေဖြင့် အရှေ့တောင်အာရှနိုင်ငံများထက် တရုတ်နိုင်ငံကို ပထမဆုံး လာရောက်မှုအား ချီးကျူးခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး မည်မျှအရေးကြီးကြောင်းကို အသိအမှတ်ပြုခြင်း ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

    “အနောက်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒမရှိတဲ့ မြန်မာနိုင်ငံက အခြေခံအဆောက်အဦး စီမံကိန်းတွေကို တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိပါတယ်” ဟု သတင်းစာ ထည့်သွင်းရေးသားခဲ့သည်။

    Ref: Reuters

  • ယူဂန်ဒါရှိ ဒုက္ခသည်များသို့ ယူအေအီးက အကူအညီများ ပေးပို့မည်

    ယူဂန်ဒါရှိ ဒုက္ခသည်များသို့ ယူအေအီးက အကူအညီများ ပေးပို့မည်

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    uae-aid

    – တောင်ဆူဒန်နိုင်ငံ ပဋိ့ပက္ခကြောင့် ထွက်ပြေးကာ ယူဂန်ဒါတွင် ခိုလှုံနေရသည့် ဒုက္ခသည် ၆၀၀၀၀ ကျော်အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အကူအညီ တန်ချိန် ၁၀၀ ကျော်ကို ပေးပို့သွားမည်ဟု သိရသည်။

    ယူဂန်ဒါနိုင်ငံ အန်တက်ဘီမြို့သို့ တနင်္ဂနွေနေ့တွင် လေယာဉ်ဖြင့် ပို့ဆာင်သွားမည်ဖြစ်ပြီး၊ ယူအေအီးရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ International City for Humanitarian Services (IHC) မှ စီစဉ်ခြင်းဖြစ်သည်။

    အဖွဲ့ဥက္ကဌ ရှိခ် မိုဟာမက် အလ်-မက္ကတွန်၏ ဇနီး မင်းသမီး ဟာယာ ဘင် ဟူစိန်က ယူအေအီးနိုင်ငံမှာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အမြဲတမ်း ရှေ့တန်းမှ ပါဝင်နေကြောင်း၊ လူမျိုး၊ ဘာသာမရွေး တန်းတူညီမျှ ကူညီပေးနေကြောင်း ပြောကြားခဲ့သည်။

    ယခုပေးအပ်မည့် အကူအညီမှာ ယူဂန်ဒါ-တောင်ဆူဒန်နယ်စပ်ရှိ ဒုက္ခသည် ၆၀၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး မြို့တော် အန်တက်ဘီမှ နယ်စပ်သို့ ကုန်လမ်းဖြင့် ပို့ဆောင်သွားမည်ဖြစ်သည်။ အကူအညီများတွင် အခြေခံ စားသောက်ကုန်များ ပါဝင်မည်ဖြစ်ပြီး ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများထံ ဦးစားပေး ဝေငှမည်ဖြစ်သည်။

    ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ တောင်ဆူဒန်စစ်ဘေးကြောင့် ဒုက္ခသည် ၃၇၃၀၀၀ ယူဂန်ဒါသို့ ထွက်ပြေးလာခဲ့ရပြီး၊ ပြီးခဲ့သည့် ရက်သတ္တပတ်တစ်ခုတည်းမှာပင် ဒုက္ခသည် ၂၅၀၀၀ ယူဂန်ဒါသို့ ရောက်ရှိခဲ့သည်ဟု ဆိုသည်။ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒုက္ခသည်အရေအတွက်မှာ ထပ်မံ တိုးတက်လာဖွယ် ရှိနေသည်။

    Ref : IINA

  • ကြီးမားသော စိန်ခေါ်မှုကို ရင်ဆိုင်လို၍ ပေါ့ဘာ မန်ယူရောက်ခြင်းဟု အေးဂျင့်ပြော

    ကြီးမားသော စိန်ခေါ်မှုကို ရင်ဆိုင်လို၍ ပေါ့ဘာ မန်ယူရောက်ခြင်းဟု အေးဂျင့်ပြော

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    pogba

    – ပေါ့ဘာအနေဖြင့် ရီးယဲလ်ကို ရွေးချယ်ပါက ၎င်းအတွက် ပိုမိုလွယ်ကူမည်ဖြစ်သော်လည်း စိန်ခေါ်မှုများကို ရင်ဆိုင်လို၍ မန်ယူသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ အေးဂျင့်ဖြစ်သူ မီနို ရိုင်အိုလာက ပြောကြားလိုက်သည်။

    စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းတွင် ခြေစွမ်းပြသနိုင်ခဲ့သည့် ပေါ့ဘာကို ဥရောပထိပ်သီးအသင်းများက ခေါ်ယူရန် ကြိုးစားခဲ့ပြီး ထိုအထဲတွင် ရီးယဲလ်လည်း ပါဝင်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် မန်ယူက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။

    အေးဂျင့်ဖြစ်သူ ရိုင်အိုလာကမူ ပေါ့ဘာမှာ ရီးယဲလ်နှင့် ချန်ပီယံလိဂ်ကစားခွင့်ကို ရွေးချယ်နိုင်သော်လည်း မန်ယူမှာ ၎င်း၏ အသည်းနှလုံးထဲမှ ကလပ်ဖြစ်သောကြောင့် မန်ယူအား ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဟုတ်ပါတယ်။ မန်ယူက ချန်ပီယံလိဂ်တော့ မကစားရဘူး၊ ချန်ပီယံလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ အလိုအပ်ဆုံးက ကျွန်တော်တို့ပါ။ ယူနိုက်တက်ဟာ ပေါ့ဘာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စကားပြောဆိုနေတာ ၂ နှစ် ရှိပါပြီ” ဟု ရိုင်အိုလာက ပြောကြားခဲ့သည်။

    ထို့ပြင် ဂျူဗင်တပ်စ်မှ ထွက်ခွာရန် ဆုံးဖြတ်သည့်အခါ မိမိတို့အနေဖြင့် မန်ယူနှင့် ချယ်ဆီးတို့မှ ကမ်းလှမ်းမှုများ ရရှိခဲ့ပြီး အပြင်မှ နှစ်ခုရရှိခဲ့ကြောင်း ပေါ့ဘာကမူ မန်ယူမှာ ၎င်း အရူးအမူးအားပေးရသည့် အသင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

    “ကစားသမားအတွက်ဆိုရင်တော့ ရီးယဲလ်မက်ဒရစ်က သူ့အတွက် ပိုလွယ်ကူမှာပါ။ လာလီဂါ၊ ချန်ပီယံလိဂ် ကစားရမှာပေါ့။ ဒါပေမယ့် သူက ပိုကြီးမားတဲ့ စိန်ခေါ်မှုကို လိုချင်တာပါ”

    ပေါ့ဘာမှာ မန်ယူတွင် ပုံမှန်ပွဲထွက်ခွင့်ရနေသော်လည်း ခြေစွမ်းမပြနိုင်မှုကြောင့် လက်ရှိတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပြီး နည်းပြမော်ရင်ဟိုကမူ ၎င်းအား ကာကွယ်ပြောဆိုထားသည်။

    Ref: Goal

  • အွမ္မရာဟ်ကာလကို တိုးမြှင့်ပေးရန် ဆော်ဒီစီစဉ်

    အွမ္မရာဟ်ကာလကို တိုးမြှင့်ပေးရန် ဆော်ဒီစီစဉ်

    စက်တင်ဘာ ၁၉၊ ၂၀၁၆
    M-Media

    umrah

    – ဟဂ်ျအငယ်စားဖြစ်သည့် အွမ္မရာဟ်ဘုရားဖူးကာလ ၈ လ သတ်မှတ်ထားမှုကို ၁၀ လအထိတိုးပေးရန် အဆိုပြုချက်အား ဆော်ဒီအစိုးရက စဉ်းစားနေသည်ဟု အစိုးရသတင်းရင်းမြစ်ကို ကိုးကား၍ Arab News သတင်းဌာနက ဖော်ပြခဲ့သည်။

    အဆိုပါ အဆိုပြုချက်မှာ အွမ္မရာဟ်ကာလတွင် အစ္စလာမ့်ပြက္ခဒိန်၏ ပထမမြောက်နှင့် ဒဿမမြောက်လဖြစ်သော မုဟရမ်နှင့် ရှောင်ဝလ်လများအား ထည့်သွင်းပေးရန်ဖြစ်သည်။

    လက်ရှိတွင် ဆော်ဒီအစိုးရက အွမ္မရာဟ်ဗီဇာချပေးမှုမှာ ဒုတိယမြောက်လဖြစ်သော ဆဖရ်လမှ န၀မမြောက်လဖြစ်သော ရမ်ဇာန်ဥပုသ်လအကုန်အထိသာ ဖြစ်သည်။ ထိုကဲ့သို့ ၁၀ လသတ်မှတ်ရေး အဆိုပြုချက်မှာ ၂၀၃၀ ခုနှစ်အရောက်တွင် အွမ္မရာဟ်ဘုရားဖူးခရီးသွား ၈ သန်းမှ သန်း ၃၀ အထိ ရောက်ရှိစေရေး ရည်ရွယ်ထားသော ဆော်ဒီ၏ အနာဂတ်စီမံချက် Vision2030 နှင့်လည်း ကိုက်ညီနေသည်။

    ထိုရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းမှ အစ္စလာမ်ဘာသာဝင်များ ဆော်ဒီသို့ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းအရင်းဖြင့် လာရောက်မှု မြင့်တက်လာရေးဖြစ်ပြီး၊ အကြီးဆုံး အစ္စလာမ့်ပြတိုက်ကြီးကိုလည်း ဆောက်လုပ်သွားရန် ရည်ရွယ်ထားသည်။

    အဆိုပါ ပြတိုက်တွင် အစ္စလာမ် ဘာသာရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာ ပစ္စည်းများ၊ စာရွက်စာတမ်းများ၊ အဖြစ်အပျက်များ စသည်တို့ကို စုစည်း ပြသမည်ဖြစ်သည်။

    ဆော်ဒီအစိုးရမှာ နှစ်စဉ်မြင့်တက်လာသည့် ဟဂ်ျဘုရားဖူးခရီးသွားများ၊ အွမ္မရာဟ်ဘုရားဖူးများအား ၀န်ဆောင်မှုပေးနိုင်ရန်အတွက် မက္ကာဟ်မြို့ရှိ မတ်စ်ဂျစ်ဒ်ဟရမ် ဗလ်ီဝတ်ကျောင်းတော်ကြီးအား အကြီးအကျယ်တိုးချဲ့မည့် စီမံကိန်းကိုလည်း ဆောင်ရွက်မည်ဖြစ်သည်။

    Ref: IINA