News @ M-Media

Author: Ko Lay

  • စစ်ကောင်စီကို အာဆီယံမှ လုံး၀ဖယ်ထုတ်ရန် မလေးရှားအဆိုပြု

    စစ်ကောင်စီကို အာဆီယံမှ လုံး၀ဖယ်ထုတ်ရန် မလေးရှားအဆိုပြု

    ဇူလိုင် ၂၇၊ ၂၀၂၂
    M-Media

    -မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ဟာ အာဆီယံအဖွဲ့ကို မထိလေးစားပြုတဲ့ သဘောမျိုးဖြစ်ပြီး၊ အာဆီယံအစည်းအ၀ေးတွေမှာ စစ်ကောင်စီပါ၀င်မှုကို လုံး၀ ပိတ်ပင်ရမယ်လို့ မလေးရှားက ပြောကြားလိုက်ပါတယ်။

    နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဇေယျာသော်တို့ကို စစ်ကောင်စီက တိတ်တဆိတ် ကွပ်မျက်သတ်ဖြတ်ခဲ့ပြီးတဲ့နောက် မလေးရှားရဲ့ ဒီလို ပြင်းပြင်းထန်ထန် ပြောကြားမှု ပေါ်ထွက်လာတာပါ။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အာဆီယံအစည်းအ၀ေးမတိုင်မီ တစ်ပတ်အလိုမှာ လုပ်ဆောင်လိုက်တဲ့ စစ်ကောင်စီရဲ့ ဒီကွပ်မျက်မှုဟာ အာဆီယံနဲ့ သဘောတူထားချက်ကို မထိလေးစားလုပ်တာဖြစ်ပြီး၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေးအတွက် အာဆီယံက မူ ၅ ချက် သတ်မှတ်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း သဘောတူခဲ့ပါတယ်။ ဒါပေမယ့် သဘောတူညီချက်တွေကို အခုအချိန်အထိ စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း မရှိပါဘူး။

    ဒီကတိမတည်မှုကို တုန့်ပြန်တဲ့အနေနဲ့ ထိပ်သီးအစည်းအ၀ေးတွေမှာ စစ်ခေါင်းဆောင်တွေကို အာဆီယံက တက်ခွင့်မပေးဘဲ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ခွင့် ပြုပါတယ်။

    ဆိုက်ဖူဒင်အဘ်ဒူလာက စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကြည့်ရင် နိုင်ငံရေးဖက်က မဟုတ်တဲ့ ကိုယ်စားလှယ်တောင် တက်ခွင့်မပေးသင့်တော့ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားက ဒီသဘောထားကို အာဆီယံအဖွဲ့ထံ တင်ပြသွားဖို့ ရှိနေပါတယ်။

    “အာဆီယံ ၀န်ကြီးအဆင့် အစည်းအ၀ေးတွေမှာ စစ်ကောင်စီနိုင်ငံရေးကိုယ်စားလှယ်တွေကိုပါ တက်ရောက်ခွင့် မပေးဖို့ ကျွန်တော်တို့အစိုးရက သဘောထားရှိပါတယ်။ နိုင်ငံရေးဆိုင်ရာ ကိုယ်စားပြုမှုကို ကျွန်တော်တို့ ဘယ်လောက်အလေးထားလဲဆိုတာကို ပြသတာပါ”

    ဆိုက်ဖူဒင်ဟာ ကုလအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

    စစ်ကောင်စီက လူတွေကို နောက်ထပ် ကွပ်မျက်တာမျိုး မဖြစ်တော့အောင် မလေးရှားက ကြိုးပမ်းသွားမှာဖြစ်ပြီး၊ အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်သင့်တယ်လို့လည်း မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters

  • မြန်မာစစ်ခေါင်းဆောင်များကို ထိန်းသိမ်းပေးရန် တရုတ်ကို အမေရိကန်တိုက်တွန်း

    မြန်မာစစ်ခေါင်းဆောင်များကို ထိန်းသိမ်းပေးရန် တရုတ်ကို အမေရိကန်တိုက်တွန်း

    ဇူလိုင် ၂၆၊ ၂၀၂၂
    M-Media

    -မြန်မာစစ်ခေါင်းဆောင်တွေကို ကြိုးကိုင်ထိန်းသိမ်းဖို့အတွက် အမေရိကန်အစိုးရ အကြီးတန်းအရာရှိတစ်ဦးက တရုတ်ကို တိုက်တွန်းလိုက်ပါတယ်။

    ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဇေယျာသော်တို့အပါအ၀င် လူ ၄ ဦးကို စစ်ကောင်စီက သေဒဏ်စီရင်မှုအတွက် နိုင်ငံတကာက မြန်မာစစ်ခေါင်းဆောင်တွေကို ပြင်းပြင်းထန်ထန် ၀ေဖန်နေကြပါတယ်။

    ကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ‘ပုံမှန်ဆက်ဆံရေးမျိုး’ တောင် လုပ်ဆောင်လို့မရဘူးလို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးပါတယ်။

    “မြန်မာနိုင်ငံရဲ့ အနိမ့်အမြင့် အတက်အကျတွေအပေါ် လွှမ်းမိုးနိုင်တဲ့ နိုင်ငံဟာ တရုတ်အပြင် တစ်ခြားမရှိဘူးဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး”

    မြန်မာစစ်ခေါင်းဆောင်တွေအပေါ် စီးပွားရေးနဲ့ သံတမန်ရေး ပိတ်ဆို့အရေးယူမှုတွေဟာ မိမိတို့ မြင်ချင်တဲ့အနေအထားမျိုးအထိ မရောက်သေးဘူးလို့လည်း ပရိုက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ပို့နိုင်ရေး ကိစ္စအတွက် တရုတ်၊ အိန္ဒိယတို့နဲ့ အသေးစိတ်ဆွေးနွေးမှုတွေ လုပ်ဆောင်ထားတယ်လို့လည်း သူက ဆိုပါတယ်။

    အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်ရုံနဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို ဟန့်တားနိုင်မှာမဟုတ်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။

    Ref: The Guardian

  • စစ်သားများပြောသည့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ

    စစ်သားများပြောသည့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ

    ဇူလိုင် ၂၂၊ ၂၀၂၂
    M-Media
    (သတင်းတွင်ပါ၀င်သော အမည်အားလုံးမှာ အမည်လွှဲများ ဖြစ်ပါသည်)

    -စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းက အနည်းဆုံး ရွာနှစ်ရွာမှာ စစ်ကောင်စီတပ်တွေက သတ်ဖြတ်မှု၊ အဓမ္မကျူးလွန်မှုအကြောင်းတွေကို ဘီဘီစီသတင်းဌာနက ဒီကနေ့မှာ ဖော်ထုတ် တင်ပြလာပါတယ်။

    တပ်ကြပ်တစ်ဦးအပါအ၀င် ဘက်ပြောင်းလာတဲ့ စစ်သား ၆ ဦးက သူတို့တပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေအကြောင်း ဖွင့်ဟလာတာဖြစ်ပြီး မြေပြင်က ကျူးလွန်ခံရသူတွေ၊ အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ ဗီဒီယိုတွေကို အခြေခံကာ ဘီဘီစီက ဒီပြောကြားမှုတွေကို အတည်ပြုနိုင်ခဲ့ပါတယ်။

    “အပြစ်မဲ့ပြည်သူတွေကို နှိပ်စက်ဖို့၊ လုယက်ဖို့၊ သတ်ဖြတ်ဖို့၊ အထက်က အမိန့်ပေးတာပါ” လို့ အစောင့်အဖြစ် စစ်တပ်က ခေါ်ယူခိုင်းစေခဲ့တဲ့ မောင်ဦးက ပြောပါတယ်။

    ၂၀၂၂ ခုနှစ် မေလ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းအောင်းနေတဲ့ အရပ်သားတွေကို သတ်ဖြတ်တဲ့အဖွဲ့မှာ မောင်ဦးတို့ ပါ၀င်ပါတယ်။

    “ယောင်္ကျားအားလုံးကို တန်းစီးပစ်သတ်ဖို့ အထက်က အမိန့်ပေးပါတယ်။ စိတ်မကောင်းအဖြစ်ရဆုံးက အဲဒီအထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီးတစ်ဦး ပါ၀င်နေတာပါ”

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း ရေမြက်ရွာကို စစ်တပ်က ရဟတ်ယာဥ် ၃ စီးနဲ့ စစ်သားတွေ ချခဲ့ပြီး မြင်သမျှပစ်သတ်ဖို့ အမိန့်လည်း တစ်ခါတည်းပေးလိုက်ပါတယ်။

    စစ်သားတွေဟာ ရွာထဲ၀င်လာပြီး အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်ပါမချန် မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်တယ်လို့ သတင်းရင်းမြစ် ၅ ခုက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။

    “မြင်သမျှပစ်ဖို့ အထက်က အမိန့်ပေးလိုက်တာပါ” လို့ တပ်ကြပ်အောင်က ပြောပါတယ်။ လက်ရှိမှာ သူဟာ PDF ဖက် ဘက်ပြောင်းလာပြီး တောထဲမှာ ပုန်းရှောင်နေပါတယ်။

    တစ်ချို့တွေက စစ်သားတွေလာလို့ ပုန်းနေတဲ့နေရာကနေ ထွက်ပြေးတဲ့အချိန်မှာ စစ်သားတွေက ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့လည်း တပ်ကြပ်အောင်က ဆိုပါတယ်။

    သူနဲ့သူ့အဖွဲ့လည်း အမျိုးသား ၅ ဦးကို သတ်ဖြတ်မြှုပ်နှံခဲ့တယ်လို့ သူက ၀န်ခံပါတယ်။

    “ရွာထဲက အိမ်ကြီးအိမ်ကောင်းတွေမှန်သမျှ မီးရှို့ဖို့ အထက်က အမိန့်ပေးပါတယ်”

    သူတို့အဖွဲ့ဟာ ရွာထဲပတ်ပြီး ‘ရှို့၊ ရှို့’ လို့အော်ကာ အိမ်တွေကို မီးလိုက်ရှို့ခဲ့ကြပါတယ်။

    တပ်ကြပ်အောင်က အိမ်လေးလုံး မီးရှို့ခဲ့ပါတယ်။ ကိုယ်တွေ့ကြုံတွေ့ရသူတွေက အိမ် ၆၀ လောက် မီးရှို့ခံခဲ့ရပြီး တစ်ရွာလုံးနီးပါး ပြာကျခဲ့ပါတယ်။

    အရှင်လတ်လတ်မီးရှို့

    အဲဒီရွာမှာ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦးကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းခဲ့တဲ့ ကိစ္စကို သီဟဆိုတဲ့ စစ်သားဟောင်းတစ်ယောက်က ပြန်ပြောပြပါတယ်။

    ရေမြက်ရွာကို ၀င်မစီးခင် ၅ လလောက်အလိုမှာ သီဟတစ်ယောက် တပ်ထဲရောက်လာတာပါ။ စစ်တပ်ရဲ့ အငှားစစ်သားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ လခကတော့ တစ်လကို ၂ သိန်းပေးပါတယ်။

    သူတို့တပ်ဖွဲ့ အိမ်တစ်အိမ်ကို မီးရှို့တော့မယ့်အချိန်မှာ ပိတ်မိနေတဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ယောက်ကို သီဟ တွေ့ခဲ့ပါတယ်။

    “အဲဒီကလေးမ အော်ငိုတဲ့အသံကို မေ့လို့မရဘူး။ အခုထိ နားထဲ ကြားနေတုန်းပဲ”

    အထက်ကဗိုလ်ကြီးကို ပြန်ပြောတဲ့အချိန်မှာ “မြင်သမျှအကုန်သတ်ဖို့ မင်းကို ပြောထားတယ်မှတ်လား” လို့ ပြန်ဖြေခဲ့ကြောင်း သီဟက ပြောပါတယ်။

    မိန်းကလေးငယ် အော်ဟစ်ငိုယိုပြီး အရှင်လတ်လတ် မီးလောင် သေဆုံးသွားတဲ့အထိ တပ်ကြပ်အောင်တို့အဖွဲ့ အဲဒီရွာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

    “ကြားရတာ စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ အိမ်မီးလောင်ပြီး ၁၅ မိနစ်လောက်အထိ ဒီကလေးမလေးရဲ့အသံကို ကျွန်တော်တို့ ကြားခဲ့ရပါတယ်”

    ဒီအဖြစ်အပျက်မှာ သေဆုံးသွားတဲ့ မိန်းကလေးငယ်ဟာ စိတ်ရောဂါ၀ေဒနာရှင်ဖြစ်တယ်လို့ အမျိုးတစ်ဦးဖြစ်တဲ့ ဦးမြင့်က ဘီဘီစီကို ပြောပါတယ်။ မိဘတွေ အလုပ်သွားတဲ့အချိန် အိမ်မှာ ကျန်ခဲ့ပြီး အခုလို ကံကြမ္မာဆိုးကို ကြုံတွေ့ခဲ့ရတာပါ။

    “သူကထွက်ပြေးတာ။ စစ်သားတွေက ပြန်ဖမ်းပြီး မီးရှို့လိုက်တာပါ”

    နိုင်ငံအလယ်ပိုင်းမှာ စစ်တပ်ရဲ့ ကြမ်းကြုတ်မှုတွေကို ခံရတဲ့ အမျိုးသမီးတွေဟာ သူမ တစ်ဦးတည်း မဟုတ်ပါဘူး။

    ရေမြက်ရွာမှာ အမျိုးသမီးငယ်တွေကို ဖမ်းဆီးပြီး ဘယ်လိုပြုမူခဲ့သလဲဆိုတာကို စစ်သားဟောင်းဖြစ်တဲ့ သီဟက ပြန်ပြောင်းပြောပြပါတယ်။

    မိန်းကလေးတွေကိုဖမ်းပြီး အထက်အရာရှိက ‘မင်းတို့ကြိုက်သလိုလုပ်’ လို့ဆိုကာ လက်အောက်ငယ်သားတွေကို ပေးခဲ့ကြောင်း သီဟက ပြောပါတယ်။ ကျန်တဲ့စစ်သားတွေက အဲဒီအမျိုးသမီးတွေကို အဓမ္မကျင့်ခဲ့ပြီး အဲဒီအထဲမှာ သူမပါဘူးလို့လည်း သီဟက ဆိုပါတယ်။

    အဓမ္မကျင့်ခံရသူတွေကို ဘီဘီစီသတင်းဌာနက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

    ပပနဲ့ခင်ထွေးဟာ ရေမြက်ရွာမှာ စစ်သားတွေနဲ့ တွေ့ဆုံဖမ်းဆီးခံလိုက်ရတာပါ။ သူတို့ဟာ တစ်ခြားရွာကဖြစ်ပြီး အဲဒီရွာကို အ၀တ်ချုပ်ဖို့ လာအပ်တာ ဖြစ်ပါတယ်။

    PDF အဖွဲ့၀င်တွေမဟုတ်ဘူး၊ ဒီရွာကမဟုတ်ဘူးလို့ပြောပေမယ့် စစ်သားတွေက သူတို့ကို ဖမ်းဆီးကာ စာသင်ကျောင်းမှာ ၃ ည ချုပ်ထားပါတယ်။

    သူတို့ဟာ ညစဥ်ညတိုင်း အဓမ္မကျင့်ခံခဲ့ရပါတယ်။

    “ပုဆိုးနဲ့ မျက်လုံးကိုစည်းပြီး ဆွဲလှဲတယ်။ အ၀တ်အစားတွေချွတ်ပြီး အဓမ္မကျင့်ပါတယ်။ ကျွန်မအော်လည်း မလွှတ်ပါဘူး” လို့ ပပက ပြောပါတယ်။

    လွှတ်ပေးဖို့ တောင်းပန်ပေမယ့် ပါးနားအရိုက်ခံရပြီး၊ သေနတ်ထောက်ကာ သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခံရပါတယ်။

    “အသတ်ခံရမှာကို ကြောက်ပြီး ကျွန်မတို့ မရုန်းရဲတော့ပါဘူး” လို့ ပပရဲ့ ညီမဖြစ်သူ မခင်ထွေးက ပြောပါတယ်။

    စစ်သားတွေကို သေချာမကြည့်ရဲပေမယ့် တစ်ချို့တွေ ယူနီဖောင်း၀တ်ထားပြီး၊ တစ်ချို့မ၀တ်ထားတာကိုတော့ သူတို့ညီအမနှစ်ယောက် မှတ်မိပါတယ်။

    “မိန်းကလေးငယ်တွေကို ဖမ်းမိရင် PDF ကို နင်တို့ အားပေးတယ်မှတ်လား လို့မေးပြီး စစ်သားတွေက မုဒိမ်းကျင့်ပါတယ်” လို့ တပ်သား သီဟက ပြောပါတယ်။

    ရေဦးမြို့နယ်က ရေမြက်ရွာကို စစ်တပ်က ၃ ရက်တာ ၀င်စီးမှုအတွင်း အနည်းဆုံး လူ ၁၀ ဦး အသတ်ခံရပြီး အမျိုးသမီး ၈ ဦး အဓမ္မကျင့်ခံခဲ့ရပါတယ်။

    နာမည်ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု

    စစ်ကိုင်းတိုင်းဒေသကြီး အုတ်ဖိုရွာက ဘုန်းကြီးကျောင်းမှာဖြစ်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအကြောင်းကို ဒီကိစ္စမှာပါ၀င်တဲ့ အငှားစစ်သား မောင်ဦးက ပြောပါတယ်။

    ၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့မှာ အမှတ် ၃၃ ခြေမြန်တပ်ရင်းက စစ်သားတွေဟာ အုတ်ဖိုရွာအတွင်း အနည်းဆုံး လူ ၉ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

    စစ်သားဟောင်းတစ်ဦးရဲ့ဖုန်းကနေ ရရှိတဲ့ သတ်ဖြတ်မှုဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပြန့်နှံ့သွားခဲ့ပါတယ်။ အမျိုးသမီးတစ်ဦးနဲ့ အဖိုးအိုတစ်ဦးအပါအ၀င် လူ ၉ ဦး တန်းစီပစ်သတ်ခံထားရတာကို ဗီဒီယိုမှာ တွေ့ရပါတယ်။

    သေဆုံးသွားသူတွေဟာ ပုဆိုးနဲ့တီရှပ်တွေ ၀တ်ဆင်ထားပြီး ဗီဒီယိုအနေအထားအရ အနောက်ကနေ အနီးကပ်ပစ်သတ်ခံရတယ်ဆိုတာကို တွေ့ရပါတယ်။

    သတ်ဖြတ်မှုကို ကြုံတွေ့ရသူတွေရဲ့ ပြောပြချက်အရ အသတ်ခံရတဲ့ အမျိုးသမီးဟာ မမိုးမိုးဆိုသူဖြစ်ပြီး ကလေးကိုချီပြီး လက်၀တ်လက်စားတွေပါတဲ့ အိတ်တစ်အိတ်ကို ကိုင်ထားစဥ်မှာ စစ်တပ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    အိတ်ကိုမယူဖို့ စစ်သားတွေကို မမိုးမိုးက တောင်းပန်ခဲ့ပေမယ့် မရပါဘူး။

    “ကလေးချီထားတာကောင် စစ်သားတွေက အိတ်ကိုလုပြီး သူ့ကို သတ်ပစ်လိုက်တယ်။ ယောင်္ကျားလေးတွေကို တန်းစီခိုင်းပြီး တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်ပါတယ်” လို့ ဒီအဖြစ်အပျက်ကို မြင်တွေ့ခဲ့တဲ့ လှလှက ပြောပါတယ်။

    မမိုးမိုးရဲ့ကလေးက အသက်ရှင်ကျန်ရစ်ခဲ့ပြီး အမျိုးတွေက ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။

    လူတွေသတ်ရတာ ‘အရသာရှိကြောင်း’၊ ‘အောင်ပွဲရတဲ့နေ့ဖြစ်ကြောင်း’ စစ်သားတွေက ဖုန်းဆက်ပြောဆိုနေတာကိုလည်း လှလှတစ်ယောက် ကြားခဲ့ရပါတယ်။

    ရွာထဲကထွက်သွားတဲ့အချိန်မှာ စစ်သားတွေဟာ ‘အောင်ပြီ၊ အောင်ပြီ’ လို့ ကျွေးကြော်သွားခဲ့ပါတယ်။

    အခြားအမျိုးသမီးတစ်ဦးက သူမရဲ့ခင်ပွန်းကို စစ်သားတွေက ပေါင်ကို ပစ်ကာ၊ ၀မ်းလျားမှောက်ခိုင်းပြီး တင်ပါးနဲ့ ခေါင်းကို ပစ်သတ်လိုက်တဲ့အကြောင်း ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

    ခင်ပွန်းဟာ PDF အဖွဲ့၀င်မဟုတ်ဘူးလို့ သူမက ဆိုပါတယ်။

    “ကျွန်မယောင်္ကျားက ထန်းသမားတစ်ဦးပါ။ ရိုးရိုးသားသား လုပ်ကိုင်ရှာဖွေ စားသောက်နေတာပါ။ သားတစ်ယောက်သမီးတစ်ယောက်ရှိတယ်။ ဘယ်လိုရပ်တည်ရမှန်းတောင် မသိပါဘူး”

    ဘီဘီစက မေးမြန်းခဲ့တဲ့ စစ်သား ၆ ဦးစလုံးက သူတို့ဟာ နိုင်ငံအလယ်ပိုင်းမှာ အိမ်တွေ၊ ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၀န်ခံခဲ့ပါတယ်။

    အသစ်မဟုတ်တော့

    မြန်မာစစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ အဓမ္မကျင့်တာတွေဟာ အသစ်အဆန်းမဟုတ်တော့ပါဘူး။ နှစ်ပေါင်း ၇၀ ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ်မှာ စစ်တပ်ဟာ တိုင်းရင်းသားဒေသတွေအတွင်း ဒီလိုလုပ်ရပ်တွေကို မရေမတွက်နိုင်အောင် ကျူးလွန်ခဲ့ပါတယ်။

    လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာမှတ်တမ်းတင်နေတဲ့ Myanmar Witness အဖွဲ့က ပြီးခဲ့တဲ့ ၁၀ လအတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ ရွာပေါင်း ၂၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

    ဒီလိုမီးရှို့ဖျက်ဆီးမှုတွေဟာ မြင့်တက်လာခဲ့ပြီး ဇန်န၀ါရီနဲ့ ဖေဖော်၀ါရီလမှာ ဖြစ်ရပ်ပေါင်း အနည်းဆုံး ၄၀ ရှိရာကနေ မတ်လနဲ့ ဧပြီလမှာ ၆၆ ခုအထိ မြင့်တက်လာပါတယ်။

    ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာရွာတွေကိုလည်း စစ်တပ်က ဒီလုပ်ရပ်အတိုင်း ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

    စစ်သားဟောင်းတွေ ဘီဘီစီကို ပြောပြခဲ့တဲ့ စစ်တပ်ရဲ့ သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ လုယက်ဖျက်ဆီးမှုတွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ချီ ဖြစ်ခဲ့တာလို့ Human Rights Watch က ပြောပါတယ်။

    ဒီလိုကျူးလွန်မှုတွေကို စစ်တပ်က အရေးယူတာမျိုး မရှိသလောက်ရှားပါတယ်။

    ဘက်ပြောင်း

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း PDF ဖက်ကို ဘက်ပြောင်းလာတဲ့ စစ်သားတွေ တစ်သောင်းလောက်ရှိတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

    တပ်ကြပ်အောင်က ရေရှည်မှာ စစ်တပ်က မနိုင်ဘူးလို့ ခံစားရတဲ့အတွက် ပြည်သူ့ဖက်ပြောင်းခဲ့တာလို့ ဖွင့်ဟပါတယ်။ PDF တွေရဲ့တိုက်ခိုက်မှုကို ခံရမှာ ကြောက်တဲ့အတွက် စစ်သားတွေ စခန်းကနေ မခွာရဲဘူးလို့လည်း သူက ဆိုပါတယ်။

    “ဘယ်သွားသွား စစ်ကြောင်းနဲ့ပဲ သွားရတယ်။ ကျွန်တော်တို့ နိုင်နေတယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး”

    စစ်သားဟောင်းတွေရဲ့ အခုပြောပြချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးမြန်းရာမှာ စစ်တပ်က အရပ်သားတွေကို မသတ်ဖြတ်ကြောင်း၊ ရေမြက်ရွာနဲ့ အုတ်ဖိုရွာတွေကို ၀င်ရောက်စီးနင်းမှုဟာ သတင်းအတိအကျရတဲ့အတွက်ဖြစ်ပြီး အကြမ်းဖက်သမားတွေကိုသာ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

    စစ်တပ်က ရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းကိုလည်း သူကငြင်းပြီး PDF တွေလုပ်တာလို့ ပြောပါတယ်။

    စစ်သားတွေရဲ့ အဓမ္မကျင့်မှုကို ခံခဲ့ရတဲ့ မခင်ထွေးက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ စဥ်စားခဲ့ကြောင်း၊ ခံစားခဲ့ရတွေအတွက် အိမ်ထောင်ဖက်လောင်းကို ပြန်မပြောရဲကြောင်း ဖွင့်ဟခဲ့ပါတယ်။

    Ref: BBC

  • အနာဂတ်တိုင်းပြည်အင်အားဖြစ်မည့် လူငယ်များ အစုလိုက်အပြုံလိုက် ထွက်ခွာနေ

    အနာဂတ်တိုင်းပြည်အင်အားဖြစ်မည့် လူငယ်များ အစုလိုက်အပြုံလိုက် ထွက်ခွာနေ

    ဇူလိုင် ၂၁၊ ၂၀၂၂
    M-Media

    -ရာသီဥတုပြောင်းလဲမှု၊ ကိုဗစ်ကပ်ရောဂါ၊ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ပြဿနာတွေကြောင့် နေထိုင်ရတပ်တည်ဖို့ ခက်ခဲလာတဲ့အတွက် မြန်မာနိုင်ငံ အလယ်ပိုင်းက လူငယ်တွေဟာ နိုင်ငံရပ်ခြားကို ထွက်ခွာဖို့ ကြိုးပမ်းလာကြပါတယ်။

    “ဒီလူအုပ်ကိုမြင်ရတာ ရွာကဘုရားပွဲကို သိပ်သတိရတာပဲ။ မကွေးက ပတ်စ်ပို့ရုံးမှာ နေ့တိုင်း လူမပြတ်ပါဘူး” လို့ နိုင်ငံခြားထွက်ဖို့ နိုင်ငံကူးလက်မှတ် လာလုပ်တဲ့ ကိုနေမိုးဆွေကျော်က ပြောပါတယ်။

    လွန်ခဲ့တဲ့ ၆ လ အိုမီခရွန်လှိုင်းပြီးတဲ့နောက်ပိုင်း မကွေးက ပတ်စ်ပို့ရုံးမှာ တစ်နေ့ကို အနည်းဆုံး လူ ၁၀၀ လောက် နိုင်ငံကူးလက်မှတ်လာလုပ်ကြတယ်လို့ သူက ဆိုပါတယ်။

    အချို့တွေက ဂျပန်နဲ့ စင်ကာပူတို့လို နိုင်ငံတွေမှာ ပညာရေးအဆုံးသတ်ဖို့ သွားကြတာဖြစ်ပေမယ့် အများစုကတော့ တရုတ်နဲ့ ထိုင်းမှာ အလုပ်ရှာဖို့ သွားကြမှာပါ။

    ပူပြင်းခြောက်သွေ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက မကွေးလိုဒေသမျိုးမှာ လူငယ်တွေ နိုင်ငံရပ်ခြား သွားရောက်အလုပ်လုပ်ကိုင်ရတာမျိုးဟာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အဓိကအကြောင်းအရင်းက ရာသီဥတု ဖောက်ပြန်မှုကြောင့်ပါ။

    အခုနောက်ပိုင်း အပူအချိန်က ပိုမိုမြင့်တက်လာခဲ့ပြီး ၂၀၂၀ ခုနှစ်မှာဆိုရင် မကွေးတိုင်း ချောက်မြို့နယ်က အပူချိန်ဟာ စံချိန်တင် ၄၇.၅ စဲလ်စီးယက်စ်အထိ ရှိလာပါတယ်။

    မကွေးမှာ အရင်ကနေခဲ့ဖူးတဲ့ မဇာခြည်လွင်က ရာသီဥတုဖောက်ပြမှုကြောင့် ၂၀၀၇ ခုနှစ်လောက်ကစလို့ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် အရှုံးပေါ်လာခဲ့ပြီး အဓိကထွက်ကုန်ဖြစ်တဲ့ နှမ်းကိုတောင် စိုက်လို့မရတော့ဘူးလို့ ပြောပါတယ်။

    “အရင် တစ်ဧကကို ရာနှုန်းပြည့်ထွက်တဲ့ ကျွန်မတို့လယ်တွေမှာ နောက်ပိုင်း အထွက်နှုန်းက ၆၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းလောက်သာ ရှိပါတော့တယ်”

    အရှုံးပေါ်၊ အကြွေးတင်ပြီး မရှုနိုင်မကယ်နိုင်ဖြစ်လာတဲ့ သူမတို့ မိသားစုဟာ ၂၀၁၀ ခုနှစ်မှာ ဘိုးဘွားပိုင်လယ်မြေတွေကို ထက်၀က်စျေးနဲ့ရောင်းပြီး ရန်ကုန်ကို ပြောင်းရွှေ့လာရပါတယ်။ မိဘတွေက မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့တယ်လို့ မဇာခြည်လွင်က ပြောပါတယ်။

    စစ်တမ်းတွေအရ လွန်ခဲ့တဲ့ ၁၀ နှစ် မြန်မာနိုင်ငံအလယ်ပိုင်းက လူဦးရေရဲ့ ၆ ရာခိုင်နှုန်းလောက်ကသာ နိုင်ငံရပ်ခြားထွက် အလုပ်လုပ်ဖို့ ဆန္ဒရှိကြပေမယ့် ယနေ့အချိန်မှာတော့ လူငယ်တွေ နိုင်ငံခြားထွက် အလုပ်လုပ်တဲ့ ပမာဏဟာ အရင်ကထက် မကြုံစဖူး များပြားလာပါတယ်။

    စိုက်ပျိုးလို့ မရတော့တာ၊ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည် စီးပွားပျက်ပြီး မတည်မငြိမ် ဖြစ်လာတာတွေက လူငယ်တွေ နေရပ်စွန့်ခွာရတဲ့ အဓိကအကြောင်းအရင်းတွေပါ။

    မဇာခြည်လွင်က သူရွာက စွန့်ခွာခဲ့ပြီးနောက်ပိုင်း ရွာမှာရှိတဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက် ထွက်သွားကြပြီလို့ ပြောပါတယ်။ အများစုက အသက် ၂၀ ကနေ ၃၅ နှစ်ကြားဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ စီးပွားရေးအခွင့်အလမ်းကို ရှာဖွေဖို့ ဖြစ်ပါတယ်။

    “ရွာမှာဆို သက်ကြီးရွယ်အိုတွေပဲ ကျန်တော့တယ်။ အလုပ်လုပ်နိုင်တဲ့အရွယ်တွေ မရှိတော့ စိုက်ပျိုးရေးကလည်း ထက်၀က်လောက် နည်းသွားပါတယ်။ ဒါ့ကြောင့် ကုန်ပစ္စည်းစျေးတွေ တက်လာပြီး စစ်အာဏာသိမ်းပြီးတော့ အခြေအနေက ပိုဆိုးသွားပါတယ်။ ကျွန်မဆိုရင် ဟင်းချက်ဆီတောင် မ၀ယ်နိုင်တော့ပါဘူး”

    မီးလောင်ပြင်

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းမှာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာပြီး စစ်တပ်ကလည်း ကြမ်းကြမ်း တမ်းတမ်း တုန့်ပြန်လာပါတယ်။

    အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ အဓမ္မပြုကျင့်တာ၊ တရားလက်လွတ် ဖမ်းဆီးနှိပ်စက်တာတွေကို လုပ်ဆောင်သလို၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေလည်း အမြောက်အများ ဖြစ်လာပါတယ်။ နောက်ဆက်တွဲအဖြစ် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ အရေအတွက်ဟာ ပိုမို မြင့်တက်လာပါတယ်။

    အနာဂတ်မသေချာ

    လူငယ်တွေ ဒီလို အစုလိုက်အပြုံလိုက် ထွက်ခွာသွားမှုဟာ ဘယ်လိုအခြေအနေအထိ ဦးတည်သွားနိုင်လဲဆိုတာကို ကျန်ရစ်တဲ့သူတွေက သောကရောက်နေကြပါတယ်။

    ရာသီဥတုကြောင့် ၂၀၀၅ ခုနှစ်နောက်ပိုင်း ပဲနဲ့နှမ်း စိုက်လို့ အဆင်မပြေတော့တဲ့အတွက် မိသားစု၀င်တွေ ရေကြည်ရာကို ထွက်ခွာသွားကြတယ်လို့ ရေနံချောင်းမြို့မှာနေထိုင်တဲ့ မနှင်းဆီနီက ပြောပါတယ်။

    “တစ်ချို့တွေက ရန်ကုန်သွားကြတယ်။ တစ်ချို့က မြစ်ကြီးနားသွားကြတယ်။ ထိုင်းနိုင်ငံကိုသွားတဲ့လူလည်း ရှိပါတယ်”

    ကိုမိုးဆွေကျော်က စိုက်ပျိုးစားရိတ် ကုန်ကျမှု မြင့်တက်လာတာ၊ လုပ်မယ့်လူ မရှိတာတွေကြောင့် အနာဂတ်က သိပ်ကောင်းလာနိုင်ဘူးလို့ ဆိုပါတယ်။

    “ကုန်စျေးနှုန်း၊ လောင်ဆာဆီစျေးနှုန်း မြင့်တက်လာတာကြောင့် လူတွေ၊ စီးပွားရေးလုပ်ငန်းတွေ အခက်ကြုံပြီး အရှုံးပဲပြနေတယ်။ ဒီလိုသာဆက်သွားရင် လူတွေ ဒုက္ခပိုရောက်မယ်။ တွေးတောင် မတွေးရဲဘူး။ အာဏာသိမ်းထားတာ အချိန်ကြာလေလေ၊ အခြေအနေက ပိုဆိုးလေပါပဲ”

    Ref: The Guardian

  • မြန်မာ့စီးပွားရေး ဆိုးရွားလာနေချိန် အော်ရီဒူးက မြန်မာနိုင်ငံမှ ထွက်ရန်ပြင်ဆင်

    မြန်မာ့စီးပွားရေး ဆိုးရွားလာနေချိန် အော်ရီဒူးက မြန်မာနိုင်ငံမှ ထွက်ရန်ပြင်ဆင်

    ဇူလိုင် ၂၀၊ ၂၀၂၂
    M-Media

    -ကာတာအခြေစိုက် အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီဟာ မြန်မာနိုင်ငံက သူတို့လုပ်ငန်းကို ရောင်းချဖို့ စီစဥ်နေတယ်လို့ ဒီကိစ္စကို သိရှိတဲ့ သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

    အော်ရီဒူးဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ၂၀၂၀ ခုနှစ်က သုံးစွဲသူ ၁၅ သန်းလောက်အထိ ရှိခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သုံးစွဲသူ လျော့ကျသွားပြီး ၂၀၂၂ မှာ ၉ သန်းလောက်သာ ရှိပါတော့တယ်။

    အော်ရီဒူးဟာ မြန်မာနိုင်ငံက သူတို့လုပ်ငန်းကို ရောင်းချတော့မယ်လို့ စစ်ကောင်စီ ဆက်သွယ်ရေး၀န်ကြီးဌာနကို အကြောင်းကြားထားပြီး လက်ရှိမှာ မြန်မာနိုင်ငံက Young Investment Group လုပ်ငန်းစု၊ စင်ကာပူအခြေစိုက် Campana Group၊ မြန်မာနိုင်ငံက ရုပ်သံလုပ်ငန်း SkyNet တို့နဲ့ ဆွေးနွေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    အော်ရီဒူးမြန်မာနဲ့ သတင်းထွက်နေတဲ့ လုပ်ငန်းစု ၃ ခုစလုံးက ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ဖြေကြားခြင်း မပြုပါဘူး။ ဘယ်လောက်တန်ဖိုးနဲ့ ရောင်းချမယ်၊ ဆွေးနွေးမှု ဘယ်အဆင့်အထိ ရောက်နေပြီလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။

    ၂၀၂၁ ခုနှစ် ဖေဖေဖာ်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ လူထုရဲ့ အချက်အလက်တွေ၊ ဖုန်းပြောဆိုမှုတွေ၊ မက်ဆေ့ချ်ပေးပို့မှုတွေ၊ တည်နေရာတွေကို ရဖို့၊ လူထုရဲ့ ဖုန်းခေါ်ဆိုမှုကို ကြားဖြတ်နားထောင်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ပိုမိုဖိအားပေးလာပါတယ်။

    ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုကို လက်မခံနိုင်တဲ့အတွက် နော်၀ေ ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောဟာ သူ့ရဲ့ မြန်မာနိုင်ငံကလုပ်ငန်းကို ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူထံ ရောင်းချခဲ့ပါတယ်။ လက်ရှိမှာ တယ်လီနောမြန်မာကို ရွှေဗျိုင်းဖြူက ရှယ်ယာများစု၊ လက်ဘနွန်အခြေစိုက် စီပွားရေးလုပ်ငန်း M1 က ရှယ်ယာအချို့ပါ၀င်ကာ စပ်တူလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

    Ref: Reuters