News @ M-Media

Author: Ko Lay

  • သီရိလင်္ကာတွင် ထွက်ပြေးသွားသည့် သမ္မတကို သစ္စာခံသူက အာဏာယူရန် နီးစပ်နေ

    သီရိလင်္ကာတွင် ထွက်ပြေးသွားသည့် သမ္မတကို သစ္စာခံသူက အာဏာယူရန် နီးစပ်နေ

    ဇူလိုင် ၁၈၊ ၂၀၂၂
    M-Media

    -သမ္မတထွက်ပြေးသွားတဲ့ သီရိလင်္ကာမှာ အရင်အစိုးရကို သစ္စာခံတဲ့ ၀န်ကြီးချုပ်ဟောင်းက သမ္မတသစ်ဖြစ်လာဖို့ ရှိနေပါတယ်။

    ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီဟာ လက်ရှိမှာ ယာယီသမ္မတအဖြစ် တာ၀န်ထမ်းဆောင်နေပြီး အမြဲတမ်းသမ္မတ ရွေးကောက်မှုမှာလည်း သူပဲ အာဏာပြန်ရဖို့ ရှိနေပါတယ်။

    ရာနီလ်ကို ထွက်ပြေးသွားတဲ့ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက အခုနှစ်မေလမှာ ၀န်ကြီးချုပ် ခန့်ခဲ့တာဖြစ်ပါတယ်။

    သီရိလင်္ကာလွှတ်တော်ဟာ နောက်ထပ် ၅ နှစ်အတွက် သမ္မတရွေးကောက်မှု လုပ်ငန်းစဥ်ကို လာမယ့် စနေနေ့မှာ စတင်ဆောင်ရွက်မှာပါ။

    သောကြာနေ့မှာ ယာယီသမ္မတအဖြစ် ကျမ်းကျိန်ခဲ့တဲ့ ရာနီလ်ဟာ စနေနေ့မှာတော့ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပါတယ်။

    သီရိလင်္ကာမှာ ဧပြီလကတည်းကစတင်ကာ အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး အစိုးရကိုဆန့်ကျင်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒပြမှုကို ဖြိုခွင်းဖို့ ရည်ရွယ်ထုတ်ပြန်တာ ဖြစ်ပါတယ်။

    ပြည်သူ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အသက်ရှင်ရပ်တည်ဖို့ လိုအပ်တဲ့ အထောက်အပံ့တွေပေးဖို့ အရေးပေါ်အခြေအနေ ထုတ်ပြန်တာလို့ ရာနီလ်က ပြောပေမယ့် နိုင်ငံရေးကျွမ်းကျင်သူတွေက ရာနီလ်ဟာ အရင်အစိုးရလိုပဲ ပြည်သူကို ဖိနှိပ်တာမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

    သမ္မတ ဂိုတာဘာယာ ထွက်ပြေးသွားပြီးနောက် သီရိလင်္ကာနိုင်ငံအတွင်း ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။ ဂိုတာဘာယာဟာ မော်လ်ဒိုက်ကနေတစ်ဆင့် စင်ကာပူကို ရောက်ရှိနေပါတယ်။

    Ref: Reuters

  • ယူကရိန်းအစိုးရထိပ်ပိုင်းတွင် ရုရှားကို ကူညီသူများရှိနေ

    ယူကရိန်းအစိုးရထိပ်ပိုင်းတွင် ရုရှားကို ကူညီသူများရှိနေ

    ဇူလိုင် ၁၈၊ ၂၀၂၂
    M-Media

    -ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု လုပ်နေတယ်ဆိုတဲ့ စွဲချက်နဲ့ ရှေ့ချုပ်၊ ထောက်လှမ်းရေးအကြီးအကဲတို့ကို ယူကရိန်းသမ္မတက ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

    ယူကရိန်းရဲ့ အင်အားတောင့်တင်းတဲ့ ထောက်လှမ်းရေးအဖွဲ့ SBU အကြီးအကဲ အိုင်ဗန် ဗာကာနော့ဗ်ဟာ သမ္မတ ဇယ်လင်စကီးရဲ့ ငယ်သူငယ်ချင်းအရင်းပါ။

    ရှေ့နေချုပ် အီရ်ယာနာ ဗီနီဒစ်တိုဗာကတော့ ရုရှားရဲ့ကျူးကျော်မှုက စစ်ရာဇ၀တ်မှုတွေကို ကိုင်တွယ်နေသူ ဖြစ်ပါတယ်။

    သမ္မတ ဇယ်လင်စကီးရဲ့ တယ်လီဂရမ်ပို့စ်မှာ ထောက်လှမ်းရေးအကြီးအကဲနဲ့ ရှေ့နေချုပ်တို့ဟာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ အထောက်အထားတွေ အများအပြားတွေ့ရတယ်လို့ ရေးသားထားပါတယ်။

    နိုင်ငံတော်သစ္စာဖောက်မှု၊ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ရဲနဲ့ တရားရေး၀န်ထမ်းတွေကို စုံစမ်းစစ်ဆေးနေတဲ့ အမှုပေါင်း ၆၅၁ ခုရှိပြီး ဘာကာနော့ဗ်နဲ့ ဗီနီဒစ်တိုဗာလက်အောက်က ၀န်ထမ်း ၆၀ ကျော်ဟာ ယူကရိန်းကိုဆန့်ကျင်ကာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့လည်း ဇယ်လင်စကီးက ဆိုပါတယ်။

    “နိုင်ငံတော်လုံခြုံရေးအခြေခံကို ဆန့်ကျင်ဖောက်ဖျက်တဲ့ ရာဇ၀တ်မှုတွေ အဲလောက်အများကြီး ရှိနေပြီး သက်ဆိုင်ရာ ခေါင်းဆောင်တွေကို သေသေချာချာ မေးခွန်းထုတ်ရပါလိမ့်မယ်။ မေးခွန်းတစ်ခုချင်းဆီအတွက် သင့်တော်တဲ့အဖြေမျိုး ထွက်လာမှာပါ”

    Ref: Reuters

  • ထိုင်းတွင် မြန်မာနိုင်ငံသားများ ကျွန်ပြုခံနေရ

    ထိုင်းတွင် မြန်မာနိုင်ငံသားများ ကျွန်ပြုခံနေရ

    ဇူလိုင် ၁၆၊ ၂၀၂၂
    M-Media

    -စစ်အာဏာသိမ်းမှုနောက်ပိုင်း အလုပ်အကိုင်ခက်ခဲလာတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကို အလုပ်ရှာဖို့ ပိုမို၀င်ရောက်လာနေပြီး ငါးဖမ်းလုပ်ငန်းမှာ ကျွန်ပြုခံရတဲ့ အခြေအနေတွေလည်း ပိုမိုမြင့်တက်လာနေပါတယ်။

    ထိုင်းငါးဖမ်းလုပ်ငန်းမှာ အိမ်နီးချင်းနိုင်ငံတွေက အလုပ်သမားတွေ ကျွန်ပြုခံနေရတဲ့ကိစ္စကို မီဒီယာတွေက ၂၀၁၅ ခုနှစ်မှာ စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း ထိုင်းအာဏာပိုင်တွေက ဒီကိစ္စကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်လာခဲ့ပြီး ငါးဖမ်းဆိပ်ကမ်းတိုင်းမှာ စောင့်ကြည့်ရေးအရာရှိ (PIPO) တွေကို ခန့်ထားပါတယ်။

    ဒါပေမယ့် ဒီလူတွေက ဟန်ပြပဲလို့ မြန်မာအလုပ်သမား မိုးသားလေး(အမည်လွှဲ) က ပြောပါတယ်။ လုပ်ငန်းခွင်မှာ သေဆုံးသွားတဲ့ မြန်မာအလုပ်သမားရဲ့ အလောင်းကို မိုးသားလေးတို့ လှေက ယူလာပြီး ကမ်းပေါ်ပို့မှာကို PIPO အရာရှိက ဂရုမစိုက်ပါဘူး။

    “ဒီလိုအခြေအနေမျိုးဆိုရင် အလုပ်သမားက ဘာ့ကြောင့် ဆုံးတာလဲ၊ မိသားစုကို ဘယ်လိုကူညီရမလဲ ဒါမျိုးတွေ PIPO အရာရှိက မေးရမယ်ဗျ။ အခုတော့ သက်ကယ်အင်္ကျီ ၀တ်မထားတာလောက်ပဲ လိုက်ကြည့်တာ”

    ပြီးခဲ့တဲ့ ၄ လအတွင်း မိမိသယ်လာပေးရတဲ့ မြန်မာအလုပ်သမားအလောင်း ၂ လောင်းရှိတယ်လို့ မိုးသားလေးက ပြောပါတယ်။ လက်ရှိလုပ်နေတဲ့ လှေမကြိုက်လို့ နောက်လှတစ်ခုကို ပြောင်းချင်တယ်ဆိုရင် ပိုက်ဆံအများကြီးပေးရတဲ့အတွက် မပြောင်းဖြစ်ကြဘူးလို့လည်း သူက ဆိုပါတယ်။

    ၂၀၂၀ ခုနှစ် နောက်ဆုံးလေ့လာမှုအရ ထိုင်းငါးဖမ်းလုပ်ငန်းမှာ လုပ်ကိုင်နေသူတွေရဲ့ ၁၄ ရာခိုင်နှုန်းဟာ အဓမ္မလုပ်အားခိုင်းစေ ကျွန်ပြုခံနေရတာကို တွေ့ရတယ်လို့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ ILO က ပြောပါတယ်။

    ထိုင်းငါးဖမ်းလုပ်ငန်းနဲ့ အခြား အလုပ်ကြမ်းလုပ်ရတဲ့နေရာတွေက မြန်မာအလုပ်သမားအများစုဟာ အလုပ်ရှင်၊ အေဂျင်စီ ဒါမှမဟုတ် ပွဲစားတွေထံမှာ အကြွေးနွံနစ်နေကြတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်ကြပ်တည်းလာတာကြောင့် နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေတဲ့ မြန်မာနိုင်ငံသားတွေ ပိုမိုများပြားလာပြီး ဒါဟာ ပွဲစားတွေ ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့ အခွင့်အလမ်းဖြစ်လာတယ်လို့ ကိုမိုးသားလေးက ပြောပါတယ်။

    “ရွှေ့ပြောင်းလုပ်သားတွေဟာ ပြဿနာပေါင်းစုံ ကြုံလာရပါတယ်။ အရင်တုန်းကဆို ငါးဖမ်းလုပ်သားတွေဟာ နှိပ်စက်တာတွေ တော်တော်ခံရတယ်။ ဒီအခြေအနေမျိုး ထပ်ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်ပါတယ်”

    ငါးဖမ်းလုပ်ငန်းမှာ ကိုမိုးသားလေးအလုပ်လုပ်နေတာ ၁၇ နှစ်ရှိပြီး တစ်နှစ်ကို နှစ်ကြိမ် ပါမစ်လုပ်ရတာ၊ ဗီဇာလုပ်ရတာတွေလို ငွေထွက်ပေါက်တွေကြောင့် အကြွေးသံသရာက ရုန်းမထွက်နိုင်ဘူးလို့ သူက ထည့်ပြောပါတယ်။

    အလုပ်ရှင်ကချိတ်ပေးတဲ့ ပွဲစားတွေနဲ့ ပါမစ်လုပ်ရတာကြောင့် အပိုငွေ အများပြားပေးရပြီး လခထဲက ပြန်ဖြတ်တာဖြစ်ပါတယ်။

    ထိုင်းငါးဖမ်းလှေတွေမှာ တစ်ရက်ကို ၁၂ နာရီကျော် အလုပ်လုပ်ရပြီး၊ အစာမလောက်တာကြောင့် အငတ်နေရတာတွေလည်းရှိကာ၊ အလုပ်ကနေလည်း အလွယ်တကူ ထွက်လို့မရပါဘူး။ ဒါတွေဟာ ထိုင်းအစိုးရရဲ့ ဥပဒေတွေကို ချိုးဖောက်တာဖြစ်လို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ကျွန်ပြုခံရမှု အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့လည်း ကိုက်နေပါတယ်။

    ထိုင်းအစိုးရကခန့်ထားတဲ့ စောင့်ကြည့်ရေးအရာရှိ PIPO တွေမှာ မြန်မာစကားပြန်ရှိနေပမယ့်လည်း မြန်မာအလုပ်သမားတွေရဲ့ တိုင်တန်းမှုတွေကို မဖြေရှင်းပေးပါဘူး။

    “PIPO တွေမှာ မြန်မာစကားပြန်တွေရှိတယ်။ ဒါပေမယ့် ဘာမှကို မလုပ်ပေးပါဘူး။ တစ်ခါတစ်လေဆို လှေမှာ အစာမလောက်ဘူး။ ကျွန်တော်တို့တိုင်ပေမယ့် ဘာမှမဖြေရှင်းပေးပါဘူး။ ကျွန်တော်ဆို တော်တော်ကို ဒေါသထွက်ပါတယ်”

    ပြီးခဲ့တဲ့နှစ်အတွင်း ကျွန်ပြုမှု ၁၄ ခုကို စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ ထိုင်းအဓမ္မလုပ်အားခိုင်းစေမှု ဖြေရှင်းရေးအဖွဲ့ (TIP) က ပြောပါတယ်။ အကူအညီပေးရေးအဖွဲ့တွေက အမှန်တကယ် ကျွန်ပြုမှုအရေအတွက်ဟာ ဒီထက်အဆမတန်များပြားပြီး ထိုင်းရဲတပ်ဖွဲ့က သေသေချာချာ စုံစမ်းစစ်ဆေးမှု မလုပ်ဘူးလို့ ထောက်ပြပါတယ်။

    ထိုင်းရဲတပ်ဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းမှုကို မဖြေကြားပါဘူး။

    ရွေ့ပြောင်းအလုပ်သမားရေးရာ အကူအညီပေးရေးအဖွဲ့ Adisorn Kerdmongkol က ထိုင်း ငါးဖမ်းလုပ်ငန်းနဲ့ အိမ်အကူလုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ ၉၀ ရာခိုင်နှုန်းဟာ စာရွက်စာတမ်းဖိုး၊ ထိုင်းနိုင်ငံမှာ အလုပ်ရရေး ကိစ္စတွေအတွက် အလုပ်ရှင်တွေ၊ ပွဲစားတွေကို ငွေကြေးအများပြားပေးရပြီး အကြွေးနွံနစ်နေကြတယ်လို့ ဆိုပါတယ်။

    မြန်မာအစိုးရနဲ့ ထိုင်းအစိုးရအကြား သဘောတူညီချက်နဲ့ မြန်မာအလုပ်သမားတွေကို အလုပ်ခေါ်မှု ပြန်စနေပေမယ့် နယ်စပ်ကနေ တရားမ၀င် ၀င်ရောက်ကာ အလုပ်အကိုင်ရှာဖွေသူတွေကလည်း ထောင်သောင်းချီ ရှိနေပါတယ်။

    မြ၀တီ-မဲဆောက်လမ်းကနေ လာဖို့အတွက် တစ်ယောက်ကို ဘတ် ၈ ထောင်ကနေ တစ်သောင်းလောက်အထိ ပေးရပါတယ်။ ပွဲစားက နှစ်ဖွဲ့ရှိပြီး တစ်ဖွဲ့က မြန်မာနိုင်ငံကနေ လူခေါ်ကာ၊ နောက်တစ်ဖွဲ့က အထည်ချုပ်စက်ရုံတွေ၊ ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်ရှာပေးတာ ဖြစ်ပါတယ်။

    တရား၀မင်လမ်းကနေ၀င်ပြီး ထိုင်းနဲ့ မလေးရှားမှာ အလုပ်ရဖို့အတွက် တစ်ယောက်ကို အပြီးအစီး ဘတ် ၃ သောင်းလောက် ကုန်ကျပါတယ်။

    မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ အိမ်တွေ၊ ခြံတွေပေါင်ပြီး ပွဲစားခပေးကာ အလုပ်ရှာကြတာဖြစ်ပြီး ဖမ်းဆီးခံရရင် ဒီငွေတွေကို ပြန်မရပါဘူး။ တစ်ချို့တွေက သူတို့အလုပ်ရဖို့ ကုန်ကျငွေအတွက် လခထဲက ဖြတ်ခံရပါတယ်။

    ခေတ်သစ်ကျွန်ပြုမှုကို လေ့လာနေတဲ့ The Freedom Fund အဖွဲ့ ရဲ့ တာ၀န်ရှိသူ ရိုဆိုင် ၀ွန်ဆူဘန်က အလုပ်သမားတွေဟာ အကြွေးကျေဖို့ နီးလာတဲ့အချိန်မှာ နောက်ထပ် သက်တမ်းတိုးဖို့ ဖြစ်လာပြီး ထပ်အကြွေးတင်သွားကြတယ်လို့ ပြောပါတယ်။

    ဒီအကြွေးသံသရာဟာ ခေတ်သစ်ကျွန်ပြုမှုရဲ့ အမှတ်လက္ခဏာတစ်ခုလည်း ဖြစ်နေပါတယ်။

    Ref: DW

    https://www.dw.com/en/how-thailand-pushes-myanmar-migrants-into-modern-slavery/a-62491038
  • မူးယစ်ရာဇာကို ဖမ်းခဲ့သည့် မက္ကဆီကိုအထူးတပ်ဖွဲ့၀င်များ သံသယဖြစ်ဖွယ် လေယာဥ်ပျက်ကျ

    မူးယစ်ရာဇာကို ဖမ်းခဲ့သည့် မက္ကဆီကိုအထူးတပ်ဖွဲ့၀င်များ သံသယဖြစ်ဖွယ် လေယာဥ်ပျက်ကျ

    ဇူလိုင် ၁၆၊ ၂၀၂၂
    M-Media

    -မက္ကဆီကိုက ထိပ်တန်း မူးယစ်ဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးမှုမှာ ပါ၀င်ခဲ့တဲ့ အထူးတပ်ဖွဲ့၀င်တွေရဲ့ ရဟတ်ယာဥ် ပျက်ကျခဲ့ပြီး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။

    ကမ်းရိုးတမ်းမြို့ လော့စ် ကိုချစ်မှာ ကာဖေးလ် ကာရို ကွင်တယ်ရိုကို ဖမ်းဆီးပြီး သိပ်မကြာခင်မှာပဲ အထူးတပ်ဖွဲ့၀င်တွေကို တင်ဆောင်လာတဲ့ ရဟတ်ယာဥ် ပျက်ကျသွားခဲ့တာပါ။

    မက္ကဆီကို ရေတပ်ရဲ့ ထုတ်ပြန်ချက်မှာ မတော်တဆမှုလို့သာ ဖော်ပြထားပြီး အထူးတပ်ဖွဲ့၀င် ၁၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ လိုက်ပါလာသူအားလုံးဟာ မူးယစ်ရာဇာ ကွင်တယ်ရိုကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ ပါ၀င်ကြသူတွေ ဖြစ်ပါတယ်။

    ရဟတ်ယာဥ်ပျက်ကျတဲ့ အကြောင်းအရင်းအသေးစိတ်ကို မသိရသေးပါဘူး။

    ကွင်တယ်ရိုဟာ အမေရိကန် မူးယစ်ဌာနက ထောက်လှမ်းရေးအေးဂျင့် ကီကီကာမာရီနာကို ၁၉၈၅ ခုနှစ်မှာ သတ်ဖြတ်မှုအတွက် ထောင်ဒဏ် ၂၈ နှစ်ကျခံခဲ့ရပြီးတဲ့နောက် ၂၀၁၃ ခုနှစ်မှာ မက္ကဆီကို အစိုးရက ပြန်လွှတ်ပေးခဲ့ပါတယ်။

    ပြန်လွတ်သွားပြီးတဲ့နောက် မူးယစ်မှောင်ခိုမှုတွေ၊ သတ်ဖြတ်မှုတွေကို ကွင်တယ်ရိုက ပြန်လုပ်ခဲ့ပါတယ်။ အမေရိကန်က အလိုရှိနေတဲ့ မူးယစ်ရာဇာ ၁၀ ဦးမှာ ကွင်တယ်ရို ပါ၀င်ပြီး သူ့ခေါင်းကို ကန်ဒေါ်လာ သန်း ၂၀ ပေးမယ်လို့ ဆုငွေထုတ်ထားပါတယ်။ ဒါဟာ မူးယစ်ရာဇာတစ်ယောက်အတွက် အမေရိကန်ကထုတ်တဲ့ အမြင့်ဆုံးဆုငွေပါ။

    ၁၉၈၀ ပြည့်နှစ်တွေက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Guadalajara မက္ကဆီကို မူးယစ်ဂိုးဏ်ကို ကွင်တယ်ရိုက ပူးတွဲတည်ထောင်ခဲ့ပြီး အခုအချိန်မှာတော့ ဒီဂိုဏ်းဟာ ကမ္ဘာ့မူးယစ်မှောင်ခိုလုပ်ငန်းမှာ သိပ်သြဇာမရှိတော့ပါဘူး။

    Ref: Reuters

  • အရှေ့အလယ်ပိုင်းကို ဆက်လက်စောင့်ရှောက်မည်ဟု အမေရိကန် ကတိပြု

    အရှေ့အလယ်ပိုင်းကို ဆက်လက်စောင့်ရှောက်မည်ဟု အမေရိကန် ကတိပြု

    ဇူလိုင် ၁၆၊ ၂၀၂၂
    M-Media

    -အမေရိကန်ဟာ အရှေ့အလယ်ပိုင်းကနေ ခွာမှာမဟုတ်ဘဲ ဆက်လက်စောင့်ရှောက်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

    အာရပ်ခေါင်းဆောင်တွေနဲ့ ဂျိုးဘိုင်ဒန်တို့ ပါ၀င်တဲ့ ထိပ်သီးအစည်းအ၀ေးကို ဆော်ဒီအာရေဗျနိုင်ငံ ဂျစ်ဒါမြို့မှာ ဒီကနေ့ကစတင်ပြီး ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ်။

    ဒေသတွင်း လုံခြုံရေးနဲ့ အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် ခေါင်းဆောင်းတွေက ဆွေးနွေး ကြမှာပါ။

    “အရှေ့အလယ်ပိုင်းကို ကျွန်တော်တို့ ပစ်သွားမှာမဟုတ်ပါဘူး။ ဒီလိုသာ ပစ်သွားရင် တရုတ်၊ ရုရှားနဲ့ အီရန်တို့က ဒီနေရာကို ၀င်သွားပါလိမ့်မယ်။ တက်ကြွ၊ စည်းစနစ်ရှိပြီး အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ ဒီအနေအထားကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်”

    အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ အမေရိကန်စစ်သည် အမြောက်အများ ပါ၀င်တဲ့ စစ်ပွဲမျိုး မရှိတော့တာကို ဂုဏ်ယူမိတယ်လို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အစည်းအ၀ေးကို ဆော်ဒီ၊ ကာတာ၊ ဘာရိန်း၊ ကူ၀ိတ်၊ အိုမန်၊ ယူအေအီး၊ ဂျော်ဒန်၊ အီဂျစ်နဲ့ အီရတ်နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

    အရှေ့အလယ်ပိုင်းက နိုင်ငံအများဟာ အာဏာရှင်နိုင်ငံတွေဖြစ်ပြီး ဒေသတွင်းမှာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအပါအ၀င် လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့လည်း ဘိုင်ဒန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သမ္မတဘိုင်ဒန်ဟာ ဒီအစည်းအ၀ေးမှာ အရှေ့အလယ်ပိုင်းဒေသနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရှေ့ဆက်သွားမယ့် မူ၀ါဒတွေအကြောင်း လာမယ့်ရက်တွေမှာ အသေးစိတ် ပြောသွားဖို့ ရှိနေပါတယ်။

    Ref: Aljazeera