News @ M-Media

Author: Ko Lay

  • နိုက်ဂျီးရီးယားစစ်တပ်က ရှီယိုက်မွတ်စလင် ၃၀၀ကျော်ကို သတ်ဖြတ်မှု ပေါ်ထွက်လာ

    နိုက်ဂျီးရီးယားစစ်တပ်က ရှီယိုက်မွတ်စလင် ၃၀၀ကျော်ကို သတ်ဖြတ်မှု ပေါ်ထွက်လာ

    သြဂုတ် ၃၊ ၂၀၁၆
    M-Media

    nigeria3

    – ပြီးခဲ့သည့်နှစ်အတွင်း နိုက်ဂျီးရီးယားစစ်တပ်မှာ နိုင်ငံမြောက်ပိုင်း ကာဒူနာပြည်နယ် ကာဒူနာမြို့တွင် ရှီယိုက်မွတ်စလင် ၃၄၇ ဦးကို သတ်ဖြတ်ခဲ့ပြီး အစုလိုက်အပြုံလိုက်မြှုနှံခဲ့သည်ဟု စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားလိုက်သည်။

    ဒီဇင်ဘာ ၁၂ ရက်နေ့ ဘာသာရေးအခမ်းအနားတစ်ခု ကျင်းပနေသော ရှီယိုက်ဝတ်ပြုသူများမှာ နိုက်ဂျီးရီးယားစစ်တပ်မှ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် တူကူရ် ယူစွဖ် ဘူရာတိုင်၏ ယာဉ်တန်းအား ပိတ်ဆို့ခဲ့ခြင်းမှ ၂ ရက်တာကြာမြင့်သည့် ထိုအကြမ်းဖက်မှု စတင်ခဲ့ခြင်းဖြစ်သည်။

    တနင်္လာနေ့က ထုတ်ပြန်ခဲ့ပြီး ၁၉၃ မျက်နှာပါဝင်သော အစီရင်ခံစာတွင် နိုက်ဂျီးရီးယားစစ်တပ်မှာ အင်အား အလွန်အကျွံ အသုံးပြုခဲ့သည်ဟု ဖော်ပြထားသည်။ သေဆုံးသူ ၃၄၉ ဦးတွင် အစိုးရစစ်သားတစ်ဦးနှင့် ထိန်းသိမ်းခံရပြီး နောက်ပိုင်းမှ သေဆုံးခဲ့သူ ရှီယိုက်မွတ်စလင်တစ်ဦးလည်း ပါဝင်သည်။

    စုံစမ်းစစ်ဆေးရးကော်မရှင်ကို ကာဒူနာပြည်နယ်အစိုးရက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိုသတ်ဖြတ်မှုအတွက် တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnesty International ကလည်း စောစောပိုင်းတွင် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်တပ်မှာ ရှီယိုက်ဘာသာရေးခေါင်းဆောင် အီဘရာဟင် ဇက်ဇာကီအား ထောက်ခံသည့် ၀တ်ပြုသူများကို ရည်ရွယ်ချက်ရှိရှိပစ်သတ်ကာ၊ အစုလိုက်အပြုံလိုက် မြှုပ်နှံခဲ့ပြီး သဲလွန်စများကို ဖျောက်ဖျက်ခဲ့သည်ဟု ဖော်ပြထားသည်။

    သို့သော်လည်း စစ်တပ်ကမူ လူအုပ်ကြီးမှာ ဗိုလ်ချုပ် ဘူရာတိုင်းကို လုပ်ကြံရန် ကြိုးစားသောကြောင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ရှီယိုက်ဘာသာရေးခေါင်းဆောင် ဇက်ဇာကီမှာ ထိုတိုက်ခိုက်မှုအတွင်း မျက်လုံးတစ်လုံး ဆုံးရှုံးခဲ့ကာ လေတစ်ခြမ်းဖြတ်ခဲ့ပြီး ယခုအချိန်အထိ ထိန်သိမ်းခံထားရသည်။

    Ref : Aljazeera

  • စိန်ခေါ်မှုများကိုနှစ်သက်၍ ပရီးမီးယားလိဂ်သို့ ထိပ်တန်းနည်းပြများ လာရောက်ခြင်းဟု ကလော့ပ်ပြော

    စိန်ခေါ်မှုများကိုနှစ်သက်၍ ပရီးမီးယားလိဂ်သို့ ထိပ်တန်းနည်းပြများ လာရောက်ခြင်းဟု ကလော့ပ်ပြော

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    morinho

    – ပရီးမီးယားလိဂ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများက အရည်အသွေးမြင့်နည်းပြများ အလုံးအရင်းနှင့် ၀င်ရောက်လာသည့် အကြောင်းအရင်းဖြစ်သည်ဟု လီာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပြောကြားလိုက်သည်။

    ဒေါ့မွန်နည်းပြဟောင်း ကလော့ပ်မှာ ပြီးခဲ့သည့် ဘောလုံးရာသီက လီဗာပူးလ်နည်းပြ ဘရန်ဒန် ရော်ဂျာ၏နေရာအား အစားထိုး ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်း၏နောက်တွင် ဂွါဒီယိုလာနှင့် အန်တိုနီယိုကွန်တီတို့ကဲ့သို့ အရည်အသွေးမြင့် နည်းပြများလည်း မန်စီးတီးနှင့် ချယ်ဆီးသို့ ရောက်ရှိလာခဲ့ကြသည်။

    ပြီးခဲ့သည့်ရာသီတွင် ချယ်ဆီးမှ အထုတ်ခံခဲ့ရသည့် မော်ရင်ဟိုကလည်း နိုင်ငံရပ်ခြားမှ ကမ်းလှမ်းမှုများကို ပယ်ချခဲ့ကာ မန်ယူအသင်းတွင် နည်းပြအဖြစ် ပြန်လည်ဆောင်ရွက်ခဲ့သည်။ ထို့ကြောင့် ယခုရာသီ ပရီးမီးယားလိဂ်မှာ ထိပ်တန်းနည်းပြများ အားပြိုင်ရာနေရာ ဖြစ်လာမည်ဖြစ်သည်။

    “ပရီးမီးယားလိဂ်ဖလားကို ရရှိရေးဆိုတာ နည်းပြအားလုံးအတွက် အကြီးမားဆုံး စိန်ခေါ်မှုပါပဲ။ တစ်ခြားလိဂ်တွေထက်စာရင် ပရီးမီးယားလိဂ်မှာ ဖလားချိန်နိုင်တဲ့အသင်းက အများဆုံးရှိနေပါတယ်။ အကြီးမားဆုံးစိန်ခေါ်မှုတွေကို ရှာဖွေချင်ရင်တော့ အင်္ဂလန်ကိုသွားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီမှာက တစ်ခြားနိုင်ငံတွေနဲ့ လုံးဝ ခြားနားပါတယ်။ နည်းပြတွေဟာ လွယ်တဲ့အလုပ်ကို လိုချင်တာမဟုတ်ပါဘူး။ ဒီလို စိန်ခေါ်မှုရှိတဲ့အလုပ်ကို လုပ်ချင်တာပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဆီးရီးယားရှိ ရုရှားလေယာဉ် ပစ်ချခံရသည့်မြို့တွင် ကလိုရင်းဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခံရ

    ဆီးရီးယားရှိ ရုရှားလေယာဉ် ပစ်ချခံရသည့်မြို့တွင် ကလိုရင်းဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခံရ

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    chlorine

    – ဆီးရီးယားနိုင်ငံ အစ်ဒလစ်ဘ်မြို့တွင် ယမန်နေ့က ရဟတ်ယာဉ်တစ်စင်းမှ အဆိပ်ဓာတ်ငွေ့များပါဝင်သည့် ဗူးများကို ပစ်ချသွားခဲ့သောကြောင့် လူအများအပြားမှာ ဆေးကုသမှု ခံယူခဲ့ကြသည်ဟု သိရသည်။

    အဆိုပါမြို့မှာ သူပုန်များ ထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး ဆီးရီးယားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ရာအဒ် ဆာလေဟ်ကမူ ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၈ ဦးနှင့် ကလေးငယ် ၁၀ ဦး အပါအ၀င် လူ ၃၃ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု ပြောကြားခဲ့သည်။

    “သန်းခေါင်ယံအချိန်မတိုင်ခင် ရဟတ်ယာဉ်တွေက ကလိုရင်းပုလင်းတွေပါဝင်ပြီး ပေါက်ကွဲစေတတ်တဲ့ စည်ပိုင်းတွေ၊ သံဗူးတွေကို ကြဲချခဲ့ပါတယ်။ အဲဒီဓာတ်ငွေ့ရဲ့အနံ့နဲ့ အသက်ရှုကြပ်တာ၊ အသားတွေလောင်တာ၊ မျက်လုံးတွေနီရဲတာ စတဲ့ သဘာဝတွေကြောင့် ဒီဓာတ်ငွေ့ဟာ ကလိုရင်းဓာတ်ငွေ့ဖြစ်တယ်လို့ကျွန်တော်တို့ သံသယရှိပါတယ်” ဟု ဆာလေဟ်က ထပ်လောင်းပြောကြားခဲ့သည်။

    တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူ ၂ ဦးမှာ စိုးရိမ်ရသည့်အအခြေနေတွင် ရှိနေသည်။

    အစ်ဒလစ်ဘ်မြို့ရှိ သူပုန်များကို ဆီးရီးယားအစိုးရတပ်နှင့် ရုရှားတပ်များက တိုက်ခိုက်မှုများ ပြုလုပ်နေပြီး ယမန်နေ့ကလည်း ရုရှား၏ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံခဲ့ရသည်။ ယခုကဲ့သို့ အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်မှုအတွက် ဆီးရီးယားနှင့် ရုရှားဘက်က မည်သည့်မှတ်ချက်မှ ထွက်မလာသေးပေ။

    ဆီးရီးယားပြည်တွင်းစစ်တွင် ကလိုရင်းဓာတ်ငွေ့အသုံးပြုတိုက်ခိုက်မှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ပြီးခဲ့သည့် မေလကလည်း ဆာရာကဘ်မြို့တွင် ထိုကဲ့သို့ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

    Ref: Aljazeera

  •   အီလက်ထရောနစ်ဝန်ဆောင်မှုတွင် ယူအေအီးက ကမ္ဘာ့အဆင့် ၈ ချိတ်

     အီလက်ထရောနစ်ဝန်ဆောင်မှုတွင် ယူအေအီးက ကမ္ဘာ့အဆင့် ၈ ချိတ်

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    top chart2 English

    – ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဌာန ( UNDESA) က ထုတ်ပြန်တဲ့ အီလက်ထရောနစ်အခြေပြု အစိုးရဖွံ့ဖြိုးရေးညွှန်းကိန်း (EGDI) မှာ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံက ကမ္ဘာ့အဆင့် ၈ နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။

    အီလက်ထရောနစ် ၀န်ဆောင်မှု အကောင်းဆုံးပေးနိုင်မှုကို အခြေခံပြီး အဆင့်သတ်မှတ်တဲ့ အဲဒီ အညွှန်းကိန်းမှာ ယူအေအီးဟာ ပြီးခဲ့တစ်နှစ်ကထက်စာရင် အဆင့် ၄ ဆင့် တက်လာတာဖြစ်ပြီး အက်စတိုးနီးယားပြည်သူ့သမ္မတနိုင်ငံနဲ့အတူ အဆင့် ၈ မှာ ပူးတွဲတည်ရှိတာ ဖြစ်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေ၊ အာရပ်ကမ္ဘာနဲ့ အနောက်အာရှဒေသအတွင်း အီလက်ထရောနစ်ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်တဲ့ စာရင်းမှာ ယူအေအီးဟာ အဆင့် ၁ နေရာမှာ ရှိနေပြီး၊ အာရှတိုက်အနေနဲ့ကြည့်မယ်ဆိုရင် အဆင့် ၃ နေရာမှာ ရှိနေပါတယ်။

    အီလက်ထရောနစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအညွှန်းကိန်းမှာ ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတို့ဟာ အာရပ်ကမ္ဘာမှာ အဆင့် ၁ ချိတ်ပြီး ကမ္ဘာ့အဆင့်မှာတော့ အဆင့် ၃၂ နေရာမှာသာ ရှိနေပါတယ်။

    “ယနေ့မှာတော့ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့် နံပါတ် ၈ ကို ရပါတယ်၊ ၂၀၂၁ မှာ အဆင့် ၁ ကိုရောက်အောင်ကြိုးပမ်းသွားပါမယ်၊ ဒါဟာ ရွေးချယ်စရာတစ်ခုမဟုတ်ပါဘူး၊ ကျွန်တော်တို့ အောင်မြင်မှုရဖို့နဲ့ ထိပ်ဆုံးရောက်ဖို့အတွက် နှစ်မြှုပ် ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်” လို့ ယူအေအီး ဆယ်သွယ်ရေးအာဏာပိုင်အဖွဲ့ အထွေထွေညွှန်ကြားရေးမှူး ဟာမတ် အလ်မန်ဆူရီက ပြောပါတယ်။

    Ref : IINA

  • ဂျပန်တွင် နိုင်ငံတကာ ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးရုံး ဖွင့်လှစ်

    ဂျပန်တွင် နိုင်ငံတကာ ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးရုံး ဖွင့်လှစ်

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    halal

    – ဟာလာလ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် နိုင်ငံတကာ အစ္စလာမ့် ဟာလာလ်အသင်း (IIHO) ရုံးခန်းကို ဂျပန်နိုင်ငံမှာ မကြာမီက ဖွင့်လှစ်ထားရှိခဲ့ပြီး၊ IIHO ရဲ့ ဆော်ဒီရုံးခွဲက စီစဉ်ပေးတာ ဖြစ်ပါတယ်။

    ဂျပန်ခရီးသွားကဏ္ဍနဲ့ စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍတွေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ဟာလာလ်ဈေးကွက်ကို ထိုးဖောက်ထို့ အပြင်းအထန်ကြိုးစားနေတဲ့အချိန် ဒီလို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးရုံးခန်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဂျပန်ဟာ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို တိုကျိုမြို့မှာ လက်ခံကျင်းပမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက မွတ်စလင်ခရီးသွားတွေ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ အရှေ့အလယ်ပိုင်းက မွတ်စလင်တွေကို ဆွဲဆောင်ဖို့ ကြိုးစားရာမှာလည်း ဒီဆောင်ရွက်ချက်က အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

    ဆော်ဒီအာရေဗျက IIHO ရုံးရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆာလေဟ် အေလာယဒ်က ဂျပန် IIHO ရုံးရဲ့ အမှုဆောင်ဒါရိုက်တာ မိုဟာမက် ဇူဘိုင်းရ်ကို ဂုဏ်ပြုခဲ့ပါတယ်။

    “ကျွန်တော့်အနေနဲ့ ဂျပန်နိုင်ငံမှာ IIHO ရုံး ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ၀မ်းသာဂုဏ်ယူမိပါတယ်။ IIHO အနေနဲ့ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ တမန်တော်မြတ် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ရဲ့စွန္နဟ်တော်နဲ့အညီဟလာလ်အဆင့်မီလက်မှတ် ထုတ်ပေးရေးလုပ်ငန်းကို တိုးချဲ့နိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ အခုဆိုရင် ဒီဝန်ဆောင်မှုလုပ်ငန်းတွေဟာ ကမ္ဘာအနှံ့မှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်”

    အခု ဂျပန်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ IHO ရုံးဟာ ဟာလာလ်အသိအမှတ်ပြုလက်မှတ်တွေကိုသာ ထုတ်ပေးသွားမှာမဟုတ်ဘဲ ဟာလာလ်စားသောက်ကုန်လုပ်ငန်းနဲ့ပတ်သက်တဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကိုလည်း ပို့ချပေးသွားမှာ ဖြစ်ပါတယ်။

    Ref : IINA