News @ M-Media

Author: Ko Lay

  • သြဂုတ်လကို မွတ်စလင်များအား ဂုဏ်ပြုသည့်လအဖြစ် ကယ်လီဖိုးနီးယား သတ်မှတ်

    သြဂုတ်လကို မွတ်စလင်များအား ဂုဏ်ပြုသည့်လအဖြစ် ကယ်လီဖိုးနီးယား သတ်မှတ်

    သြဂုတ် ၄၊ ၂၀၁၆
    M-Media

    california

    – သြဂုတ်လကို မွတ်စလင်တွေကို ဂုဏ်ပြု ပြီး၊ အစ္စလာမ်သာသနာအကြောင်း အသိပညာပေးတဲ့လအဖြစ် တရားဝင်သက်မှတ်ဖို့ ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်က တနင်္လာနေ့မှာ မဲခွဲအတည်ပြုခဲ့ပါတယ်။

    ပြည်နယ်အတွင်း မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မြင့်တက်လာတယ်လို့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ရဲ့ ကယ်လီဖိုးနီးယားအဖွဲ့ခွဲက ပြောကြားခဲ့ပြီးတဲ့နောက်မှာပဲ အခုလို ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    တိုင်းပြည်အတွက် ကျရာကဏ္ဍကနေ တာဝန်ကျေပွန်ခဲ့ကြတဲ့ မွတ်စလင်တွေကို ဂုဏ်ပြုဖို့၊ အစ္စလာမ်အကြောင်း အထင်အမြင်မှားနေမှုကို ဖြေရှင်းဖို့အတွက် ရည်ရွယ်တဲ့ ဒီဆုံးဖြတ်ချက်ကို လွှတ်တော်အမတ် ဘီလ် ကွာ့ရ်က်က ဇွန်လမှာ တင်သွင်းခဲ့တာပါ။

    “အမေရိကန်မွတ်စလင်တွေဟာ နိုင်ငံတစ်ဝှမ်းမှာသာမက ကမ္ဘာတစ်ဝှမ်းမှာပါ ပညာရေး၊ သိပ္ပံပညာ၊ ဖျော်ဖြေရေးနဲ့ ဆေးဘက်ဆိုင်ရာတွေမှာ ကူညီပံ့ပိုးမှုတွေ အများကြီး ပြုလုပ်ပေးခဲ့ပါတယ်။ ကံမကောင်းစွာပဲ အဲ့ဒီမွတ်စလင်အဖွဲ့အစည်းတွေဟာ အစော်ကားခံရတာတွေ၊ ခွဲခြားခံရတာတွေနဲ့ ကိုယ်ထိလက်ရောက်ပြုခံရတာတွေ ရှိနေပါတယ်” လို့ ကွာ့ရ်က်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး သူက ကယ်လီဖိုးနီးယားနဲ့ နိုင်ငံတစ်ဝှမ်းမှာ အမေရိကန်မွတ်စလင်တွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကူညီမှုတွေကို အသိအမှတ်ပြုဖို့၊ ဒါနဲ့ပတ်သက်ပြီး အခြားပြည်သူတွေသိအောင် ပညာပေးဖို့၊ မွတ်စလင်တွေအပေါ် လေးစားသမှု ဆက်လက်ထားရှိဖို့၊ အမေရိကန်ပြည်သူတိုင်း ထိုက်တန်တဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်တွေ ထားရှိကြဖို့အတွက် ဒီလို လှုပ်ရှားမှုမျိုး လုပ်ဆောင်တာဟာ သင့်လျော်တယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။

    CAIR ရဲ့ ကယ်လီဖိုးနီးယားအဖွဲ့ခွဲ အမှုဆောင်ဒါရိုက်တာ ဘာဆင်မ် အဲလ်ကာရာက လွှတ်တော်အအနေနဲ့ ဒီဆုံးဖြတ်ချက် အတည်ပြုလိုက်တာဟာ အမေရိကန်မွတ်စလင်လူ့အဖွဲ့အစည်းအတွက် မျှော်လင့်ချက်တစ်ခု ရှင်သန်လာတဲ့နေ့ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်တွေဟာ ကယ်လီဖိုးနီးယားရဲ့ အရေးပါတဲ့ လှုပ်ရှားမှုတိုင်း၊ ကဏ္ဍတိုင်းမှာ ရှေ့တန်းကနေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ရဲ့ ဒီလိုအားထုတ်မှုကို လေးစားချီးကျူးတာဟာ ရွေးကောက်ပွဲရှိနေတဲ့ ဒီလိုအချိန်မျိုးမှာ ချောင်ပိတ်မိနေတဲ့ သူတို့ကို မျှော်လင့်ချက်လင်းရောင်ခြည် သန်းလာစေတာပဲ ဖြစ်ပါတယ်”

    အမေရိကန်မှာ မွတ်စလင်တွေကို ဂုဏ်ပြုတဲ့လအဖြစ်သတ်မှတ်တာဟာ အခုအကြိမ်ဟာ ပထမဆုံး မဟုတ်ဘဲ ၂၀၁၄ ခုနှစ်ကလည်း လော့စ်အိန်ဂျလိစ်မြို့တော်ကောင်စီက ဇူလိုင်လကို ‘အမေရိကန်မွတ်စလင်များ၏ သမိုင်းအမွေအနှစ်လ’ အဖြစ်သတ်မှတ်ခဲ့ပါတယ်။

    Ref : IINA

  • ဗြိတိန်-အစ္စရေး နျူသဘောတူညီချက် စာရွက်စာတမ်းများ လန်ဒန်ရှိ အမျိုးသားမော်ကွန်းတိုက်မှ ပျောက်ဆုံး

    ဗြိတိန်-အစ္စရေး နျူသဘောတူညီချက် စာရွက်စာတမ်းများ လန်ဒန်ရှိ အမျိုးသားမော်ကွန်းတိုက်မှ ပျောက်ဆုံး

    သြဂုတ် ၃၊ ၂၀၁၆
    M-Media

    archive

    – အစ္စရေး၏ နျူလက်နက်စီမံကိန်းတွင် ဗြိတိန်၏ ပါဝင်မှုနှင့် ဆက်နွယ်နေသည့် အစိုးရစာရွက်စာတမ်းများမှာ ပြီးခဲ့သည့် ၄ နှစ်အတွင်း အင်္ဂလန်ရှိ အမျိုးသားမော်ကွန်းတိုက်မှ ပျောက်ဆုံးသွားခဲ့ပြီး ပျောက်ဆုံးခဲ့သည့် စာရွက်စာတမ်းများထဲတွင် ၁၉၇၀ ပြည့်နှစ်များက ဆောင်ရွက်ခဲ့သည့် ‘စစ်ရေးနှင့် နျူးကလီးယား ပူးပေါင်းဆောင်ရွက်ရေး’ ဆိုင်ရာ အထောက်အထားများလည်း ပါဝင်သွားသည်ဟု သိရသည်။

    မော်ကွန်းတိုက်မှာ လန်ဒန်မြို့အနောက်တောင်ပိုင်း Kew မြို့တွင်တည်ရှိနေပြီး မှတ်တမ်းပေါင်း ၄၀၀ ကျော် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ အစိုးရအထောက်အထားများ ပျောက်ဆုံးမှုကို ဘီဘီစီ၏ လွတ်လပ်စွာ သတင်းအချက်အလက် ရယူနိုင်ရေးအဖွဲ့ Fol ၏ တောင်းဆိုမှုကြောင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဖိုင်တွဲပေါင်း ၄၀၂ တွဲ ပျောက်ဆုံးမှုကို ၂၀၁၂ ခုနှစ် ဇန်ဝါရီလမှ အစိုးရက သိရှိခဲ့ခြင်းဖြစ်သည်။

    ပျောက်ဆုံးသွားသည့်ဖိုင်များတွင် ‘အစ္စရေးနှင့် စစ်ရေး၊ နျူကလီးယားအရေး ပူးပေါင်းဆောင်ရွက်မှု – အစ္စရေး၏ နျူ လက်နက်စုဆောင်းခြင်း’ ခေါင်းစဉ်ဖြင့် ရေးသားထားသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖိုင်တွဲလည်း ပါဝင်ခဲ့ပြီး ထိုဖိုင်တွဲတွင် အစ္စရေးက နျူလက်နက်များ ၀ယ်ယူရန်ဆောင်ရွက်နေမှုကို ဖော်ပြထားသည်။

    ထိုဖိုင်တွဲမှာ ၁၉၇၈ ခုနှစ်တွင် ကုလသမဂ္ဂက အရှေ့အလယ်ပိုင်းနိုင်ငံများတွင် လူအစုလိုက်အပြုံလိုက်သေစေနိုင်သည့် နျူ လက်နက်များ စုဆောင်းရန် ကြိုးစားမှုနှင့်ပတ်သက်သည့် ထင်ရှားသော အထောက်အထားများအဖြစ် စာရင်းပြုထားသည့် ဆုံးဖြတ်ချက်နှင့် ဆက်နွယ်သည်ဟု ယူဆရသည်။

    အမျိုးသားမော်ကွန်းတိုက်တွင် သိမ်းဆည်းထားသည့် အင်္ဂလန်-အစ္စရေး နျူကလီးယားသဘောတူညီချက်များနှင့် ပတ်သက်သော စာရွက်စာတမ်းများ ပေါ်ထွက်လာမှုမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ လွန်ခဲ့သည့် ၁၀ နှစ်အရင်ကလည်း အစ္စရေး၏ လျှို့ဝှက် နျူကလီးယားဓာတ်ပေါင်းဖို Dimona တွင် အသုံးပြုရန်အတွက် ပလူတိုနီယံ ထုတ်လုပ်ရာတွင် လိုအပ်သော ဟိုက်ဒရိုဂျင် အိုင်ဆိုတုပ်အရည် တန် ၂၀ ကို ဗြိတိန်က ရောင်းချမှုနှင့်ပတ်သည့် ၁၉၅၈ ခုနှစ်က စာရွက်စာတမ်းတစ်ခုကိုလည်း ဗြိတိန်အစိုးရက ထုတ်ပြန်ခဲ့သည်။

    အရှေ့အလယ်ပိုင်းနိုင်ငံများတွင် နျူလှုပ်ရှားမှုနှင့်ပတ်သက်၍ အစ္စရေးက အပြင်းအထန်ကန့်ကွက်နေသော်လည်း ၎င်းတွင် နျူလက်နက်များရှိနေသည်ဟု ကမ္ဘာ့နိုင်ငံများက ယုံကြည်နေပြီး အရေအတွက် မည်မျှရှိသည်ဆိုသည်မှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသည်။

    Ref : RT

  • ကမ္ဘာ့ဒုက္ခသည်များကို ကိုယ်စားပြုမယ့် အိုလံပစ် ဒုက္ခသည် အားကစားအသင်း

    ကမ္ဘာ့ဒုက္ခသည်များကို ကိုယ်စားပြုမယ့် အိုလံပစ် ဒုက္ခသည် အားကစားအသင်း

    သြဂုတ် ၃၊ ၂၀၁၆
    M-Media

    team
    ဒုက္ခသည်အိုလံပစ်အသင်း (Photo Credit – UNHCR Myanmar)

    – အခုတစ်ပတ်သောကြာနေ့ ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ကျင်းပပြုလုပ်တော့မယ့် အိုလံပစ်ပြိုင်ပွဲမှာ ခိုလှုံရာနိုင်ငံတွေကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်မယ့် ဒုက္ခသည်ကစားသမား ၁၀ ဦးက မိမိတို့အနေနဲ့ ကမ္ဘာတစ်ဝှမ်းက ဒုက္ခသည်တွေကို ကိုယ်စားပြုသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အသက်ရှင်လွတ်မြောက်ဖို့အတွက် မြေထဲပင်လယ်ကို ရေစိမ့်နေတဲ့ ရော်ဘာလှေနဲ့ ဖြတ်ခဲ့ရတဲ့ ဆီးရီးယား ရေကူးအားကစားသမား အမျိုးသမီးငယ်လေး ယူဆရာ မာဒီနီကနေ၊ ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေကို ကြုံတွေ့ခဲ့ရပြီး တောထဲမှာ ၁၀ ရက်လောက် ပုန်းအောင်းကာ လွတ်မြောက်လာခဲ့တဲ့ ပိုပိုလီ မီဆန်ဂါအထိ အဲဒီ ဒုက္ခသည်အားကစားသမား ၁၀ ဦးဟာ သူတို့ရဲ့ အိုလံပစ်အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့အတွက် မကြံစဖူး အခက်အခဲ အကြပ်အတည်းတွေကို ဖြတ်ကျော်လာခဲ့ရတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့စနေနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ မာဒီနီက ဒုက္ခသည်အားကစားသမား ၁၀ ဦးနဲ့ ဖွဲ့စည်းထားတဲ့ မိမိတို့အဖွဲ့လေးဟာ နိုင်ငံအားလုံးမှာရှိတဲ့ ဒုက္ခသည်အားလုံးကို ကိုယ်စားပြုသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

    “ရှင်တို့အားလုံးအတွက် အကောင်းဆုံးပုံစံနဲ့ ကျွန်မတို့ ကိုယ်စားပြု ယှဉ်ပြိုင်သွားမှာပါ”

    မိသားစုနဲ့အတူ ဂျာမနီမှာအခြေချနေထိုင်နေတဲ့ မာဒီနီက မိမိအနေနဲ့ ဒီအိုလံပစ်ပြိုင်ပွဲမှာ ဆီးရီးယားနိုင်ငံ၊ ဒုက္ခသည်တွေအတွက် အိုလံပစ်လှုပ်ရှားမှုနဲ့ မကြာသေးခင်က နိုင်ငံသားအဖြစ်ရခဲ့တဲ့ ဂျာမနီနိုင်ငံတွေအတွက် ဂုဏ်ယူစွာ ကိုယ်စားပြု ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ရဲ့ ဘ၀ဇာတ်ကြောင်းကနေ ရှင်တို့ သင်ယူနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဘ၀ဆိုတာ အခက်အခဲတွေနဲ့ ပြည့်နှက်နေတဲ့ခရီးကြမ်းတစ်ခုဖြစ်ပြီး ရှင်တို့အနေနဲ့ ဇွဲမလျှော့ဘဲ ရှေ့ဆက်ဖို့ လိုပါတယ်”

    ကွန်ဂိုနိုင်ငံက ထွက်ပြေးလာရတဲ့ ဂျူဒိုကာ မီဆန်ဂါကလည်း သူတို့ရဲ့ မိသားစုတွေဟာ ပဋိပက္ခဒဏ်ကို ခါးစီးခံခဲ့ရတယ်ဆိုတဲ့ ကြေကွဲဖွယ် အတွေ့အကြုံကို ပြန်ပြောပြခဲ့ပါတယ်။

    အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှုအတွက် ဘယ်လိုမျှော်လင့်ချက်ထားရှိပါသလဲလို့ မေးမြန်းတဲ့အခါမှာတော့ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ မီဆန်ဂါဟာဟာ မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့ပါတယ်။

    ကွန်ဂိုနိုင်ငံမှာ စစ်ပွဲတွေဖြစ်လို့ မွေးရပ်မြေ ကီဆန်ဂါနီက ထွက်ပြေးလာရတဲ့အချိန်မှာ မီဆန်ဂါဟာ အသက် ၉ နှစ်အရွယ်လောက်ပဲ ရှိပါသေးတယ်။ ပြေးရင်းနဲ့ မိသားစုနဲ့ ကွဲသွားခဲ့ပြီး တောထဲမှာ ၈ ရက်လောက် ပုန်းအောင်းခဲ့ရကာ ကယ်ဆယ်ရေးအဖွဲ့က တွေ့ရှိခဲ့ပြီးတဲ့နောက် ကင်ရှာဆာက ဒုက္ခသည်စခန်းကို ပို့ဆောင်ခံခဲ့ရပါတယ်။

    နောက်ပိုင်း သူဟာ ဘရာဇီးလ်မှာ အခြေကျခဲ့ပြီး ၂၀၁၃ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲပြီးကတည်းက တိုင်းပြည်အတွင်းမှာ နေထိုင်ခဲ့တာဖြစ်ပါတယ်။

    “ကျွန်တော့်မှာ ညီအစ်ကို ၂ ယောက်ရှိပြီး မတွေ့ရတာ နှစ်တော်တော်ကြာပါပြီ။ သူတို့ရဲ့မျက်နှာတွေကိုတောင် ကျွန်တော် မမှတ်မိတော့ပါဘူး။ ကျွန်တော် သူတို့ကို တအားဖွေ့ဖက်နမ်းရှုတ်ချင်တယ်လို့ ပြောချင်ပါတယ်။ အခုကျွန်တော်ဟာ ဘရာဇီးလ်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရမှာပါ။ ဒါ့ကြောင့် တစ်နေ့မှာ ကျွန်တော့်ညီအစ်ကိုတွေကို ကျွန်တော်နဲ့အတူ ဘရာဇီးလ်မှာနေဖို့ ခေါ်ယူမှာပါ”

    သံမဏိ စိတ်ဓာတ်

    အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် နောက်ထပ် ဆီးရီးယားဒုက္ခသည်တစ်ဦးကတော့ ရေကူးအားကစားသမား ရာမီ အေနစ်ဖြစ်ပါတယ်။

    စစ်တပ်မှာ အတင်းအဓမ္မ အမှုထမ်းခိုင်းတာကြောင့် ဆီးရီးယားကနေ ၂၀၁၁ က ထွက်ပြေးလာခဲ့တဲ့ အေနစ်ဟာ အစ္စတန်ဘူလ်ကနေတစ်ဆင့် ပြီးခဲ့တဲ့ အောက်တိုဘာလက ဘယ်လ်ဂျီယံနိုင်ငံမှာ နေထိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

    “ဒီလိုပြိုင်ပွဲမျိုးမှာ ယှဉ်ပြိုင်ရတာကို ကျွန်တော် အရမ်း ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ဆီးရီးယားနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်မရတဲ့အတွက် နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတာပေါ့ဗျာ။ ကျွန်တော်တို့အဖွဲ့ဟာ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့၊ မတရားမှုတွေကို ရင်ဆိုင်နေရတဲ့ သူတွေကို ကိုယ်စားပြုသွားမှာဖြစ်ပါတယ်” လို့ အေနစ်က ပြောကြားခဲ့ပါတယ်။

    နည်းပြတစ်ဦးဖြစ်တဲ့ ရီရာလ်ဒို ဘာရ်နာဒက်ဇ်ကတော့ ဒီဒုက္ခသည်အားကစားသမားအဖွဲ့က ကစားသမားတစ်ဦးဦး ဆုတံဆိပ်ရရှိမလားဆိုတဲ့အမေးဟာ ယုတ္တိမရှိတဲ့ မေးခွန်းဖြစ်တယ်လို့ ဆိုပါတယ်။

    “သူတို့ ဆုတံဆိပ်ရနိုင်လားလို့ မေးရင်တော့ – ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရတာကိုက သူတို့ ဆုတံဆိပ်ရခဲ့တာလို့ ကျွန်တော် ဖြေရပါလိမ့်မယ်”

    နိုင်ငံတကာအိုလံပစ်ကော်မတီဟာ ဒီဒုက္ခသည် ၁၀ ဦးကို ရွေးချယ်ခဲ့ပြီး အိုလံပစ်ပြိုင်ပွဲမှာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုက္ခသည်အသင်းအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

    အဲဒီဒုက္ခသည်တွေကတော့ သူတို့ရဲ့ မိခင်တိုင်းပြည်ကို စွန့်ခွာခဲ့ရတဲ့အတွက် လက်ရှိနေထိုင်တဲ့ နိုင်ငံကိုပဲ ကိုယ်စားပြု ယှဉ်ြ
    ပိုင်ခွင့်ရတာဖြစ်ပါတယ်။

    ဒီအဖွဲ့ဟာ အိုလံပစ်သမိုင်းမှာ ဒုက္ခသည်အသင်းအဖြစ် သတ်သတ်မှတ်မှတ်ယှဉ်ပြိုင်တဲ့ ပထမဆုံးအဖွဲ့ ဖြစ်လာမှာဖြစ်ပါတယ်။ ယခင်အိုလံပစ်ပြိုင်တွေမှာ ဒုက္ခသည်တွေဟာ သူတို့ အခြေချနေထိုင်တဲ့နိုင်ငံအသစ်ကို ကိုယ်စားပြုယှဉ်ပြိုင်တာ ဒါမှမဟုတ် အထူးကဏ္ဍအောက်ကနေ ၀င်ရောက်ယှဉ်ပြိုင်တာမျိုးသာ ရှိခဲ့ပါတယ်။

    Ref: Aljazeera

  • အကြမ်းဖက်ဝါဒကိုဆန့်ကျင်သည့် ဆန္ဒပြမှု ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ ပြုလုပ်

    အကြမ်းဖက်ဝါဒကိုဆန့်ကျင်သည့် ဆန္ဒပြမှု ဘင်္ဂလားဒေ့ရှ်ကျောင်းသားများ ပြုလုပ်

    သြဂုတ် ၃၊ ၂၀၀၁၆
    M-Media

    ဘညေါဘညေါbang (2)ang

    – နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများနှင့် အစွန်းရောက်ဝါဒ မြင့်တက်လာမှုကို ဆန့်ကျင်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ကျောင်းသားပေါင်း ၁ သိန်းကျော်က တနင်္လာနေ့တွင် နိုင်ငံတစ်ဝှမ်း ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ကောလိပ်နှင့် တက္ကသိုလ်ရာပေါင်းများစွာမှ ကျောင်းသားများ ပါဝင်ခဲ့ပြီး မြို့တော်ဒါကာနှင့် အခြားသော မြို့ကြီးများတွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ကာ နိုင်ငံအတွင်း အစွန်းရောက်ဝါဒ ကြီးထွားလာမှုနှင့်ပတ်သက်၍ သတိမူမိစေရန် ပြုလုပ်သည့် လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

    ဆန္ဒပြသူ ကျောင်းသားများမှာ “ဘင်္ဂလားဒေ့ရှ်ဟာ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ပါတယ်” “ငါတို့ ငြိမ်းချမ်းရေးကိုလိုချင်တယ်။ အကြမ်းဖက်ဝါဒအတွက်နေရာမရှိ” စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။

    စီစဉ်သူများကမူ ပြီးခဲ့သည့်လအတွင်းက သံတမန်ရပ်ကွက်ရှိ စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်သူများမှာ ကျောင်းသားများနှင့် လူငယ်များဖြစ်သောကြောင့် ယခုဆန္ဒပြပွဲကို ကျောင်းသားများက ဦးဆောင်ရန် ဆန္ဒရှိခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဘယ်လိုအစွန်းရောက်ဝါဒပုံစံမျိုးကိုမဆို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်။ အကြမ်းဖက်ဝါဒကိုလည်း ကျွန်တော်တို့ ရှုတ်ချပါတယ်။ ဒီနေ့ ဆန္ဒပြမှုမှာ ကျောင်းသားတွေ၊ ကျောင်းသူတွေ အများကြီးပါဝင်တဲ့အတွက် အားတက်မိပါတယ်” ဟု ဆန္ဒပြပွဲ စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ တန်ဗီရ်ရှာကီလ် ဂျွိုင်းက ပြောကြားခဲ့သည်။

    ကျောင်းသားများမှာ ဒါကာမြို့တွင် နေရာ ၅၀ ၌ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး၊ အခြာသော မြို့ကြီးများနှင့် ခရိုင်များတွင်လည်း ဆန္ဒပြခဲ့ကြသည်။

    ဆန္ဒပြမှုအဖြစ် အစွန်းရောက်ဝါဒကိုဆန့်ကျင်သည့် လက်မှတ်ထိုးလှုပ်ရှားမှုကိုလည်း ပညာရေးအသင်းအဖွဲ့အားလုံးတွင် စတင်ခဲ့သည်ဟု ဂျွိုင်းက ထပ်လောင်းပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကမူ နိုင်ငံအတွင်း အစွန်းရောက်ဝါဒကို တိုက်ဖျက်သွားမည်ဟု ကတိပြုထားပြီး အကြမ်းဖက်ဝါဒ၏ အန္တရာယ်ကို ပြည်သူများက သိရှိအောင် ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Washington Post

  • အီမရိတ်လေယာဉ်တစ်စင်း ဒူဘိုင်းလေဆိပ်၌ ဆင်းသက်စဉ် မီးလောင်

    အီမရိတ်လေယာဉ်တစ်စင်း ဒူဘိုင်းလေဆိပ်၌ ဆင်းသက်စဉ် မီးလောင်

    သြဂုတ် ၃၊ ၂၀၁၆
    M-Media

    emarate

    – အိန္ဒိယမှာ ပျံသန်းလာသည့် အီမရိတ်လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းမှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ဒူဘိုင်းလေဆိပ်၌ ဆင်းသက်ခဲ့ရပြီး မီးလောင်ခဲ့ကာ လိုက်ပါလာသူအားလုံးကို ကယ်ဆယ်နိုင်ခဲ့သည်ဟု သိရသည်။

    ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လေဆိပ်ကို ပိတ်ပစ်ခဲ့ကာ လေယာဉ်ထွက်ခွာမှုနှင့် ဆိုက်ရောက်မှုအားလုံးကိုလည်း ရပ်နားခဲ့ရသည်။ ဆိုရှယ်မီဒီယာများတွင် ပျံနှံနေသည့်ဓာတ်ပုံများတွင် လေယာဉ်မှာမီးလောင်နေပြီး မီးခိုးလုံးကြီးများ ထွက်နေသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

    အီမရိတ်လေကြောင်းလိုင်းကမူ အဆိုပါအဖြစ်အပျက်နှင့်ပတ်သက်၍ အတည်ပြုခဲ့ပြီး ခရီးသည် ၂၈၂ ဦးနှင့် လေယာဉ်အမှုထမ်း ၁၈ ဦးလိုက်ပါသွားခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုလေယာဉ်မှာ အိန္ဒိယနိုင်ငံ ကီရာလာမြို့ရှိ Trivandrum လေဆိပ်မှ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး မဆင်းသက်မီ စက္ကန့်အနည်းငယ်အလိုတွင် လေယာဉ်မှူးက အဆင်းဂီယာတွင် ပြဿနာရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။ ခရီးသည်များတွင် ဗြိတိန် ၂၄ ဦး၊ အမေရိကန် ၆ ဦး၊ အိုင်ယာလန်မှ ၄ ဦးတို့ပါဝင်ပြီး လေယာဉ်မီးမလောင်မီ ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။

    Ref: Dailymail, Aljazeera