News @ M-Media

Author: Ko Lay

  • နျူစွမ်းအင်ထုတ်လုပ်ရေး စစ်ခေါင်းဆောင်က ရုရှားနှင့် သဘောတူညီချက်ယူခဲ့

    နျူစွမ်းအင်ထုတ်လုပ်ရေး စစ်ခေါင်းဆောင်က ရုရှားနှင့် သဘောတူညီချက်ယူခဲ့

    ဇူလိုင် ၁၄၊ ၂၀၂၂
    M-Media

    -မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ ရုရှားတို့ဟာ နျူစွမ်းအင် ပူးပေါင်းဆောင်ရွက်ဖို့အတွက် သဘောတူညီခဲ့ကြပါတယ်။

    မော်စကိုကိုရောက်နေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားအစိုးရရဲ့ နျူစွမ်းအင်အဖွဲ့ Rosatom အကြီးအကဲ အလက်ဇီ လစ်ဟာရှက်ဗ်နဲ့ တနင်္လာနေ့က တွေ့ဆုံစဥ်မှာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။

    နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုကာ နည်းပညာသုတေသန၊ ဆေး၀ါးထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး၊ စက်မှုလက်မှုကဏ္ဍတိုးတက်အောင် ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့လည်း ရုရှားစွမ်းအင်၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာစစ်ခေါင်းဆောင်ဟာ ရုရှား အာကာသဆိုင်ရာအဖွဲ့ Roscosmos အကြီးအကဲနဲ့ တွေ့ဆုံခဲ့ပြီး သိပ္ပံနဲ့ နည်းပညာ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

    Ref: The Star

  • လတ်တလော ကူးစက်မှု မြင့်တက်လာတဲ့ ကိုဗစ် BA.5

    လတ်တလော ကူးစက်မှု မြင့်တက်လာတဲ့ ကိုဗစ် BA.5

    ဇူလိုင် ၁၄၊ ၂၀၂၂
    M-Media

    -BA.5 ဟာ အိုမီခရွန်မျိုးကွဲတစ်ခုဖြစ်ပြီး လတ်တလော ကမ္ဘာတစ်၀ှမ်းမှာ ပြန့်နှံ့ကူးစက်မှု မြင့်တက်လာပါတယ်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ဇွန်လနှောင်းပိုင်း ကမ္ဘာတစ်၀ှမ်း စုစုပေါင်း ကိုဗစ်ကူးစက်မှုရဲ့ ၅၂ ရာခိုင်နှုန်းဟာ BA.5 မျိုးကွဲ ဖြစ်နေပါတယ်။

    တစ်ပတ်အတွင်း ၃၇ ရာခိုင်နှုန်းကနေ ၅၂ အထိ တက်လာတာ ဖြစ်ပါတယ်။

    BA.5 မျိုးကွဲကို ဇန်န၀ါရီလမှာ စတွေ့ခဲ့ပြီး ဧပြီလကစတင်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စောင့်ကြည့်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီမျိုးကွဲအပါအ၀င် ကမ္ဘာတစ်၀ှမ်း ကိုဗစ်ကူးစက်မှုဟာ ၄ ပတ်အတွင်း အမြင့်ဆုံးကို ရောက်လာပါတယ်။

    BA.4 လိုပဲ BA.5 ဟာ ကာကွယ်ဆေး၊ အရင်ကိုဗစ်ကူးစက်မှုကနေ ရထားတဲ့ ကိုယ်ခံစွမ်းအားကို ကျော်လွှားကူးစက်နိုင်ပါတယ်။ ဒ့ါကြောင့် ကာကွယ်ဆေး ထိုးပြီးသားသူတွေ၊ အရင် ကိုဗစ်ကူးစက်ပြီးသား သူတွေမှာပါ BA.5 ကူးစက်မှုကို တွေ့နေရပါတယ်။

    BA.5 ကူးစက်မှုကြောင့် ဆေးရုံတက်ကုသရတာမျိုးတွေ များလာပေမယ့် သေဆုံးမှုကတော့ သိသိသာသာ မရှိပါဘူး။ အရင်ကာကွယ်ဆေးတွေက ကိုဗစ်ကြောင့် အကြီးအကျယ် နေမကောင်းဖြစ်တာ၊ သေဆုံးတာမျိုးကို ကာကွယ်ပေးနိုင်ပြီး ဆေးကုမ္ပဏီတွေကလည်း BA.5 အတွက် သီးသန့် ကာကွယ်ဆေးမျိုးထုတ်ဖို့ ကြိုးစားနေပါတယ်။

    BA.5 ဟာ အခြားအိုမီခရွန်မျိုးကွဲတွေထက် ပိုပြီး အန္တရာယ်ရှိတယ်ဆိုတဲ့ အနေအထားမျိုးကို မတွေ့ရပါဘူး။ ဒါပေမယ့် ကူးစက်မှု ပိုမိုများပြားလာနိုင်တယ်လို့ WHO က သတိပေးထားပါတယ်။

    ကမ္ဘာတစ်၀ှမ်း ကာကွယ်ဆေးမညီမျှမှုတွေ၊ တစ်ချို့နိုင်ငံတွေက ကိုဗစ်ကို အလျင်အမြန်ကျော်လွားဖို့ ကြိုးစားနေတာတွေကြောင့် နောက်ထပ် ကိုဗစ်မျိုးကွဲတွေ တွေ့ရမယ့်အန္တရာယ် ရှိတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်၊

    အိန္ဒိယမှာ ပထမဆုံးတွေ့ခဲ့တဲ့ အိုမီခရွန်မျိုးကွဲ BA.2.75 ဟာ အသွင်ပြောင်းမှုတွေ အလွန်များပြားပြီး ကူးစက်မှု မြန်ဆန်တာကြောင့် ပညာရှင်တွေက အဓိကထား စောင့်ကြည့်နေပါတယ်။

    Ref: The Star

  • သီရိလင်္ကာသမ္မတ စစ်လေယာဥ်ဖြင့် ထွက်ပြေး

    သီရိလင်္ကာသမ္မတ စစ်လေယာဥ်ဖြင့် ထွက်ပြေး

    ဇူလိုင် ၁၃၊ ၂၀၂၂
    M-Media

    -ပြည်သူတွေ ဆန္ဒပြမှုကြောင့် နိုင်ငံအတွင်း ရှောင်တိမ်းနေရတဲ့ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာဟာ တိုင်းပြည်ကနေ ထွက်ပြေးသွားပြီလို့ သီရိလင်္ကာ လေတပ်က အတည်ပြုပါတယ်။

    ဇနီးသည်၊ လုံခြုံရေးတာ၀န်ရှိသူ နှစ်ဦးတို့နဲ့အတူ မော်လ်ဒိုက်နိုင်ငံကို စစ်တပ်လေယာဥ်နဲ့ ထွက်ပြေးသွားတာဖြစ်ပါတယ်။

    တိုင်းပြည် စီးပွားပျက်ကပ်ကို မဖြေရှင်းနိုင်တဲ့ အစိုးရ နှုတ်ထွက်ပေးရေးအတွက် ပြည်သူတွေက ပြီးခဲ့တဲ့လတွေအတွင်း အကြီးအကျယ် ဆန္ဒပြခဲ့ကြတာပါ။ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ ပြည်သူတွေဟာ သမ္မတနဲ့ ၀န်ကြီးချုပ်အိမ်ကို စီးနင်းခဲ့ကြပါတယ်။

    ဂိုတာဘာယာနဲ့ သူ့ညီ၀န်ကြီးချုပ်ဟောင်း မာဟင်ဒါတို့ဟာ အိမ်တော်ကနေ ထွက်ပြေးကာ ရေတပ်မှာ ပုန်းနေကြတာပါ။ ဇူလိုင်လ ၁၃ ရက်နေ့ ရာထူးကဆင်းပေးမယ်လို့ ကတိပေးထားတဲ့ ဂိုတာဘာယာဟာ အဲဒီနေ့မှာပဲ တိုင်းပြည်ကနေ ထွက်ပြေးသွားတာဖြစ်ပါတယ်။

    အစိုးသစ်တက်လာရင် တရားစွဲခံရနိုင်တဲ့အနေအထားကို ရှောင်လွှဲဖို့အတွက် ဒီလိုထွက်ပြေးသွားတာလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဂိုတာဘာယာဟာ မော်လ်ဒိုက်မှာမနေဘဲ တတိယနိုင်ငံကို သွားမှာ ဖြစ်ပါတယ်။

    သူ့ရဲ့ အခြားညီတစ်ယောက်ဖြစ်တဲ့ ဘဏ္ဏာရေး၀န်ကြီးဟောင်း ဘာဆီလ် ရာဂျာပက်ဆာလည်း တိုင်းပြည်ကနေထွက်ပြေးသွားပြီး အမေရိကန်ကို သွားနေပြီဖြစ်ပါတယ်။

    ဒါဟာ သီရိလင်္ကာနိုင်ငံကို မိသားစုတစ်စုတည်းက ဆယ်စုနှစ်ချီ ချုပ်ကိုင် အုပ်စိုးထားမှု အဆုံးသတ်သွားတာလည်းဖြစ်ပါတယ်။

    ပြည်သူတွေကိုက ဒီသတင်းကိုကြားပြီးတဲ့နောက် နိုင်ငံတစ်၀ှမ်း လမ်းပေါ်ထွက် အောင်ပွဲခံနေကြပါတယ်။

    Ref: BBC

  • James Webb တယ်လီစကုပ်ကပြောသည့် စကြာ၀ဠာကြီးအကြောင်း

    James Webb တယ်လီစကုပ်ကပြောသည့် စကြာ၀ဠာကြီးအကြောင်း

    ဇူလိုင် ၁၃၊ ၂၀၂၂
    M-Media

    -လူသားသမိုင်းမှာ စွမ်းအားအမြင့်ဆုံး အာကသတယ်လီစကုပ် James Webb ကနေ ရိုက်ကူးထားတဲ့ အာကာသပုံရိပ်တွေကို အမေရိကန် အာကာသအေဂျင်စီ နာဆာက ဇူလိုင် ၁၁ ရက်နဲ့ ၁၂ ရက်တွေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ရင်သပ်ရှုမောစရာ ဒီဓာတ်ပုံတွေဟာ လူသားတွေ အရင်က မမြင်ဖူး မတွေ့ဖူးတဲ့ အာကာသပုံရိပ်တွေလည်း ဖြစ်ပါတယ်။

    အာကာသက အနက်ရှိုင်းဆုံးနေရာ၊ ကြယ်သင်္ချိုင်း၊ ဂလက်ဆီပေါင်းစည်းမှု၊ ကြယ်သစ်မွေးဖွားခြင်းအကြောင်းတွေကို တစ်ပုံချင်းစီမှာ ဖတ်ရှုနိုင်ပါတယ်။


    စကြာ၀ဠာ၏ အနက်ရှိုင်းဆုံး

    နာဆာက ပထမဆုံးထုတ်ပြတဲ့ ဓာတ်ပုံဟာ စကြာ၀ဠာရဲ့ အနက်ရှိုက်ဆုံး အပိုင်းကို ရိုက်ကူးထားတာပါ။

    SMACS 0723 လို့ အမည်ပေးထားတဲ့ ဂလက်ဆီအစုအ၀ေးရဲ့ ပုံ ဖြစ်ပါတယ်။ အဖြူရောင်တောက်တောက်တွေက ကြယ်တွေ၊ ဂြိုဟ်တွေပါ၀င်တဲ့ နေအဖွဲ့အစည်းတွေရဲ့ ပုံရိပ်တွေပါ။

    ဒီဂလက်ဆီအစုအ၀ေးဟာ ကမ္ဘာကနေမြင်ရတဲ့ နေလုံးကြီးနဲ့ သက်တမ်းအတူတူပဲဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၄.၆ ဘီလီယံက ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

    ကြယ်တွေအပေါ်မှာ အမိုးခုံးလိုဖြစ်နေနဲ့ အနီရောင် အခုံးလေးတွေကတော့ စကြာ၀ဠာ စတင်ဖြစ်ပေါ်တဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၃ ဘီလီယံက တည်ရှိခဲ့တဲ့ ဂလက်ဆီတွေက ပြန့်ထွက်လာတဲ့ အလင်းတန်းတွေပါ။

    စကြာ၀ဠာကြီး ဖွဲ့စည်းမှုမှာ ၈၅ ရာခိုင်နှုန်းလောက်အထိ ပါ၀င်နေတဲ့ အနက်ရောင်ဒြပ်ထု (dark matter) တွေအကြောင်းကို ဒီပုံရိပ်ကနေ ပိုမို လေ့လာနိုင်လိမ့်မယ်လို့ နာဆာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    ကြယ်သင်္ချိုင်း

    ဒီပုံကတော့ ကမ္ဘာကနေ အလင်းနှစ် ၂၅၀၀ လောက်မှာ ရှိနေပြီး Southern Ring Nebula လို့ခေါ်တဲ့ ကြယ်သင်္ချိုင်းကြီးပါ။

    လူသားတွေရဲ့သမိုင်းမှာ ကြယ်သင်္ချိုင်းရဲ့ ဗဟိုကို ပထမဆုံး ရှင်းရှင်းလင်းလင်း တွေ့မြင်ရတာဖြစ်ပါတယ်။

    သက်တမ်းကုန်တော့မယ့် ကြယ်တစ်လုံးကနေ ဓာတ်ငွေ့တွေ၊ အမှုန်တွေ ဘေးဘယ်ညာကို ပြန့်ကားထွက်နေတာပါ။ ဒီပြန့်ထွက်မှုဟာ နှစ်ပေါင်း ထောင်ချီ ကြာတတ်ပြီး နောက်ဆုံးမှာ ဒီကြယ်က သေဆုံးသွားပါတယ်။

    ကြယ်တစ်လုံးသေဆုံးမှုဟာ နောက်ထပ် ကြယ်သစ်တစ်လုံး ပေါ်ပေါက်လာဖို့ အစပျိုးမှုလည်း ဖြစ်ပါတယ်။

    ဂလက်ဆီများ ကခုန်ခြင်း

    Stephan’s Quintet လို့ သိပ္ပံပညာရှင်တွေ အမည်ပေးထားတဲ့ စကြာ၀ဠာထဲက အစုအ၀ေးကြီးဟာ ဂလက်ဆီ ၅ ခု ပေါင်းစည်းထားတာဖြစ်ပြီး ဂလက်ဆီစုအဖွဲ့တွေ အများကြီးနဲ့ ဖွဲ့စည်းထားတဲ့ Pegasus ကြယ်အစုအ၀ေးထဲမှာ ရှိပါတယ်။

    ဒီပုံက Stephan’s Quintet ကို အနီးကပ်မြင်ရတာပါ။ ဂလက်ဆီ ၄ ခုဟာ တစ်ခုနဲ့တစ်ခု အကြိမ်အကြိမ်၀င်တိုက်ပြီး ကြီးမားတဲ့ ဂလက်ဆီအသစ်ကြီးတစ်ခု ဖွဲ့စည်းဖို့ အစပျိုးနေတာ ဖြစ်ပါတယ်။

    ဒီပုံကနေ ဂလက်ဆီတွေ ဖြစ်တည်လာမှု၊ ပညာရှင်တွေ အခုအချိန်အထိ အဖြေမထုတ်နိုင်သေးတဲ့ ‘စကြာ၀ဠာတွင်းနက်’ (Black Hole) တွေ အကြောင်းတွေကို ပိုမို လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

    ကမ္ဘာရှိရာ နေအဖွဲ့အစည်းပါ၀င်တဲ့ ဂလက်ဆီကြီးဟာ ဂလက်ဆီငယ်ပေါင်း ၁၀၀၀ လောက် ပေါင်းပြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

    ကြယ်သစ်တစ်ခု မွေးဖွားခြင်း

    ဒီပုံက Carina Nebula လို့ခေါ်တဲ့ ကြယ်သစ်တစ်ခု မွေးဖွားနေတဲ့ ပုံရိပ် ဖြစ်ပါတယ်။

    ကြယ်သစ်တစ်ခုဖွဲ့စည်းမှုမှာ အမှုန်အစုအ၀ေးတွေ၊ ဟိုက်ဒရိုကာဘွန် မော်လီကျူးတွေရဲ့ အရင်က မမြင်ဖူးခဲ့တဲ့အနေအထားကို ဖော်ထုတ် ရိုက်ကူးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    အမှုန်တွေဟာ တောင်တန်းလို့ဖြစ်နေပြီး အမြင့်ဆုံးထိပ်က အလင်းနှစ် ၇ နှစ်လောက် ရှိပါတယ်။ အ၀ါရောင်တွေက ဟိုက်ဒရိုကာဘွန် မော်လီကျူးတွေ ဖြစ်ပါတယ်။

    သက်ရှိတွေ ရှင်သန်ရပ်တည်နိုင်မယ့် ဂြိုဟ်တွေမှာ သက်ရှိ၊ သက်မဲ့တွေကို ဖြစ်ပေါ်စေမယ့် ကာဘွန်ကို စကြာ၀ဠာကြီးက ဘယ်လို ဖြည့်တင်းပေးလဲဆိုတာ နောက်ပိုင်းမှာ အသေးစိတ် လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။

    Ref: AFP

  • တရုတ်စောင့်ကြည့်ကင်မရာများဖြင့် စစ်ကောင်စီက ပြည်သူများကို စောင့်ကြည့် ထိန်းချုပ်မည်

    တရုတ်စောင့်ကြည့်ကင်မရာများဖြင့် စစ်ကောင်စီက ပြည်သူများကို စောင့်ကြည့် ထိန်းချုပ်မည်

    ဇူလိုင် ၁၂၊ ၂၀၂၂
    M-Media

    -မျက်နှာပုံရိပ်တွေကို ဖမ်းယူခွဲခြားဖော်ထုတ်နိုင်မယ့် တရုတ်ထုတ် စောင့်ကြည့်ကင်မရာတွေကို မြို့ကြီးတွေမှာ စစ်ကောင်စီက တပ်ဆင်ဖို့ စီစဥ်နေတယ်လို့ သတင်းထွက်လာပါတယ်။

    ရှင်ကျန်းနဲ့ တိဘက်က လူမျိုးစုတွေကို စောင့်ကြည့်ကင်မရာတွေတပ်ပြီး ဖိနှိပ်ချုပ်ခြယ်မှုတွေလုပ်တဲ့အတွက် တရုတ်ကို နိုင်ငံတကာက အကြီးအကျယ် ၀ေဖန်နေကြတာ ဖြစ်ပါတယ်။

    မြန်မာအာဏာသိမ်းစစ်ကောင်စီကလည်း မြို့ကြီးတွေမှာ ဒီလိုကင်မရာတွေ တပ်ဆင်ဖို့ စီစဥ်နေတယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၃ ခုက ပြောပါတယ်။

    လက်ရှိမှာ နည်းပညာကုမ္ပဏီ ၃ ခုဖြစ်တဲ့ Huawei, Zhejiang Dahua Technology (Dahua) နဲ့ Hikvision ထံကနေ စောင့်ကြည့်ကင်မရာတွေ ၀ယ်ယူဖို့အတွက် ရန်ကုန်အခြေစိုက် ကုမ္ပဏီ ၂ ခု (Fisca Security & Communication၊ Naung Yoe Technologies Co)က တင်ဒါရထားပါတယ်။

    စစ်ကောင်စီဖက်ကလူတွေကတော့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ မော်လမြိုင်အပါအ၀င် မြို့ကြီး ၅ ခုမှာ စောင့်ကြည့်ကင်မရာတွေ ပိုမိုတပ်ဆင်လာတာပါ။

    အခုအစီအစဥ်ကတော့ တိုင်းနဲ့ ပြည်နယ်မြို့တော်တိုင်းမှာ တပ်ဆင်ဖို့ ဖြစ်ပါတယ်။

    ဒီစီမံကိန်းမှာ ပါ၀င်နေတဲ့ မြန်မာကုမ္ပဏီတွေနဲ့ တရုတ်နည်းပညာ ကုမ္ပဏီတွေကတော့ ရိုက်တာသတင်းဌာနရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်း မပြုပါဘူး။

    Hikvision က သူတို့ရဲ့ နည်းပညာနဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်အစိုးရထံ တိုက်ရိုက်ရောင်းချတာမျိုး မရှိသလို၊ မျက်နှာစောင့်ကြည့်ခွဲခြားဖော်ထုတ်နိုင်မယ့် နည်းပညာမျိုး မြန်မာနိုင်ငံကို ရောင်းချတာမျိုး မရှိဘူးလို့လည်း ဆိုပါတယ်။

    တရုတ် ကုမ္ပဏီထုတ် ဆော့ဖ်၀ဲတွေ စျေးကြီးတာကြောင့် တင်ဒါရတဲ့ ကုမ္ပဏီတွေဟာ ပြည်တွင်းနဲ့ ဒေသတွင်းက နည်းပညာတွေ အသုံးပြုတာမျိုး ရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဆော့ဖ်၀ဲ ကုမ္ပဏီတွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

    စစ်ကောင်စီရဲ့ အခုအစီအစဥ်သစ်ဟာ တက်ကြွလှုပ်ရှားသူတွေ၊ အာဏာသိမ်းမှု ဆန့်ကျင်တဲ့သူတွေကို ပစ်မှတ်ထား စောင့်ကြည့်ဖိနှိပ်မယ့် အန္တရာယ်ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

    Ref: Reuters