News @ M-Media

Author: Ko Lay

  • အင်္ဂလန်နည်းပြရာထူးအတွက် ရော်ဂျာက ငြင်းပယ်ပြီး၊ စကိုလာရီ စိတ်ဝင်စားနေ

    အင်္ဂလန်နည်းပြရာထူးအတွက် ရော်ဂျာက ငြင်းပယ်ပြီး၊ စကိုလာရီ စိတ်ဝင်စားနေ

    ဇွန် ၃၀၊ ၂၀၁၆
    M-Media

    roger

    – အင်္ဂလန်နည်းပြရာထူးကို ဆက်ခံမည်ဟု သတင်းများထွက်ပေါ်နေခြင်းအတွက် လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာက ငြင်းဆိုလိုက်ပြီး ဆဲလ်တစ်အသင်းတွင်သာ စိတ်နှစ်မြှုပ်ထားသည်ဟု ပြောကြားခဲ့သည်။

    ရော်ဂျာမှာ လွန်ခဲ့သည့် တစ်လမှစတင်ကာ ဆဲလ်တစ်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး၊ အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန် နှုတ်ထွက်သွားခဲ့ပြီးနောက် ၎င်းမှာ FA ၏ ပစ်မှတ်ထားမှုကို ခံနေရသည်ဟု သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော်လည်း ရော်ဂျာကမူ ငြင်းဆိုခဲ့သည်။

    “ဒီကိစ္စမှာ ကျွန်တော် လက်မထည့်ပါဘူး။ ဒါဟာ ဘောလုံးလောက ဘာလဲဆိုတာ ပြသလိုက်တာပါ။ အတင်းအဖျင်းတွေ၊ ကောလဟလတွေနဲ့ ပြန့်နှံနေတဲ့ နေရာတစ်ခုပါပဲ။ ကျွန်တော် အိပ်မက်မက်ခဲ့ရတဲ့အလုပ်မှာ စပြီး ခြေချကာစပဲ ရှိပါသေးတယ်။ ဆဲလ်တစ်ဟာ ကျွန်တော် ဘ၀နဲ့ရင်းပြီး အားပေးခဲ့ရတဲ့အသင်းပါ။ ကျွန်တော့်ရဲ့ ပထမဆုံးပွဲတောင် မကစားရသေးပါဘူး” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    ထို့ပြင် အင်္ဂလန်နည်းပြအလုပ်မှာ ခက်ခဲပြီး၊ ကစားသမားကောင်းများ၊ ဖိအားများ၊ မျှော်လင့်ချက်များ အမြောက်အများ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

    ၂၀၀၂ ခုနှစ်တွင် ဘရာဇီးလ်အသင်းကို ကမ္ဘာဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အင်္ဂလန်၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည့် နည်းပြ စကိုလာရီကမူ လက်ရှိတွင် မိမိအနေဖြင့် အင်္ဂလန်နည်းပြရာထူးကို စိတ်ဝင်စားနေသည်ဟု Daily Mail သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ပစိဖိတ်ဖြတ်ကျော် ဖိုက်ဘာအင်တာနက်လိုင်းသစ် လက်ရှိ မြန်နှုန်းထက် ၄ ဆပိုမည်

    ပစိဖိတ်ဖြတ်ကျော် ဖိုက်ဘာအင်တာနက်လိုင်းသစ် လက်ရှိ မြန်နှုန်းထက် ၄ ဆပိုမည်

    ဇွန် ၃၀၊ ၂၀၁၆
    M-Media

    cable

    – အာရှပစိတ်ဖိတ်နှင့် မြောက်အမေရိကတို့တွင် အင်တာနက်ဆက်သွယ်မှု ပိုမိုမြန်ဆန်စေရန်အတွက် ပစိဖိတ်ဖြတ်ကျော် သမုဒ္ဒရာအောက် ဖိုက်ဘာကေဘယ်လိုင်း ဆက်သွယ်မှုမှာ ပြီးစီးသွားပြီဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့မှစ၍ အသုံးပြုနိုင်တော့မည်ဟု သိရသည်။

    FASTER ကေဘယ်စနစ်ဟု အမည်ပေးထားသည့် အဆိုပါ ရေအောက်ကေဘယ်လိုင်းကို Singtel၊ China Mobile International၊ China Telecom Global၊ Global Transit၊ Google နှင့် KDDI စသည့် ကုမ္ပဏီ ၆ ခုတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအဆင့် စမ်းသပ်သုံးစွဲမှုမှာလည်း ပြီးစီးခဲ့ပြီဖြစ်သည်။

    “FASTER ကေဘယ်စနစ် ပြီးစီးသွားတဲ့အတွက်ကြောင့် အာရှနဲ့ မြောက်အမေရိကတို့ရဲ့ Broadband လိုင်းကို ၄ ဆ ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။ ပြီးတော့ ဒီစနစ်ဟာ ပြတ်တောက်မှုမရှိတဲ့ ဆက်သွယ်မှုကို ပေးနိုင်မှာဖြစ်ပြီး၊ Cloud၊ ဗီဒီယို တိုက်ရိုက်ကြည့်ရှုမှု၊ စူးစမ်းလေ့လာမှုနဲ့ အင်တာနက်ဆိုင်ရာ ကိစ္စတွေမှာ မြင်မားတဲ့ အမြန်နှုန်းပမာဏာကို ပေးအပ်နိုင်မှာဖြစ်ပါတယ်” ဟု Singtel Group Enterprise ကုမ္ပဏီမှ ဒုတိယဥက္ကဌဖြစ်သူ Ooi Seng Keat က ပြောကြားခဲ့သည်။

    ကီလိုမီတာ ၉၀၀၀ ရှည်လျားသည့် အဆိုပါ ဖိုက်ဘာကေဘယ်လိုင်းမှာ ပစိဖိတ်သမုဒ္ဒရာ၏ ဟိုဘက်ဒီဘက်ကို တစ်စက္ကန့်လျှင် Bandwitdth 60Tb အထိ ပို့လွှတ်နိုင်မည်ဖြစ်သည်။ ထိုလိုင်းမှာ အမေရိကန်ပြည်ထောင်စု အော်ရီဂွန်တွင် အခြေစိုက်ထားပြီး ဂျပန်နိုင်ငံရှိ ချီဘာပြည်နယ်နှင့် မီအီပြည်နယ်တို့တွင် စခန်း ၂ ခု ထားရှိသည်။

    Ref: Chnnelnewsasia

  • ဂါဇာကမ်းမြှောင်အား အစ္စရေးက ပိတ်ဆို့ထားမှုကို ဘန်ကီမွန် ရှုတ်ချ

    ဂါဇာကမ်းမြှောင်အား အစ္စရေးက ပိတ်ဆို့ထားမှုကို ဘန်ကီမွန် ရှုတ်ချ

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    ban 3

    – အစ္စရေးက ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်အား ပိတ်ဆို့ထားမှုအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ရှုတ်ချပြောဆိုလိုက်သည်။

    ယမန်နေ့က ပါလက်စတိုင်းပိုင်နက်များသို့ သွားရောက်ကြည့်ရှုစဉ်အေတွင်း ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဂါဇာကမ်းမြှောင်အား အစ္စရေးက ပိတ်ဆို့ထားမှုမှာ ပါလက်စတိုင်းပြည်သူများ၏ ဘ၀များကို ဆိုးရွားစေပြီး၊ စီးပွားရေးကိုလည်း ပျက်ဆီးစေကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အနှောက်အယှက်ဖြစ်စေသည်ဟု ဆိုသည်။

    “ဒါဟာ ၀ါလုံးသိမ်းရမ်းတဲ့ကိစ္စမျိုးဖြစ်ပြီး အစ္စရေးက လုံးဝ တာဝန်ယူရမယ့်ကိစ္စ ဖြစ်ပါတယ်” ဟု ဘန်ကဆိုသည်။

    ထို့ပြင် ဂါဇာကမ်းမြှောင်အတွင်း လျှစ်စစ်ဓာတ်အားပြတ်တောက်မှု၊ လူငယ်များ၏ ၅၀ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေမှုများကိုလည်း ဘန်က ထောက်ပြခဲ့သည်။

    “အရှက်တကွဲအကျိုးနည်း ပြုလုပ်ခံရမှု၊ ကျူးကျော်သိမ်းပိုက်ခံရမှုနဲ့ ပိတ်ဆို့ခံရမှုတွေကြောင့် ဂါဇာပြည်သူတွေ ရင်ဆိုင်နေရတဲ့ လက်မခံနိုင်စရာ ခက်ခဲကြပ်တည်းမှုတွေ၊ ဂါဇာကမ်းမြှောင်နဲ့ အနောက်ဖက်ကမ်းတို့ကို ခွဲထုတ်ထားတာတွေအတွက် ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောရပါမယ်”

    ဒီဇင်ဘာတွင် ရာထူးသက်တမ်းကုန်တော့မည့် ဘန်ကီမွန်၏ ရာထူးရှိစဉ် ပါလက်စတိုင်းပိုက်နက်များသို့ နောက်ဆုံး လာရောက်သည့် ထိုခရီးစဉ်အတွင်း ဂါဇာကမ်းမြှောင်သို့ သွားရောက်ခဲ့ပြီးနောက် ဘန်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်တို့နှင့်လည်း တွေ့ဆုံခဲ့သည်။

    ဂျေရုစလင်ရှိ ၀န်ကြီးချုပ်ရုံး၌ နေတန်ယာဟုနှင့်တွေ့ဆုံရာတွင် ဘန်က နှစ်နိုင်ငံတည်ရှိရေးအဖြေ ရရှိရန်အတွက် ကြိုးပမ်းမှုများ ဆက်လက်ဆောင်ရွက်သွားရန်လည်း တိုက်တွန်းခဲ့သည်။

    Ref : Aljazeera

  • ဖုန်းမှတစ်ဆင့် ရထားလက်မှတ်ဝယ်နိုင်မည့် ဆော့ဖ်ဝဲတစ်ခု မကြာမီလာမည်

    ဖုန်းမှတစ်ဆင့် ရထားလက်မှတ်ဝယ်နိုင်မည့် ဆော့ဖ်ဝဲတစ်ခု မကြာမီလာမည်

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    train

    – မြန်မာနိုင်ငံရှိ ရထားများခရီးစဉ်များအတွက် လက်မှတ်များကို ဖုန်းမှတစ်ဆင့် ၀ယ်ယူနိုင်မည့် ဖုန်းဆော့ဖ်ဝဲတစ်ခု မကြာခင် ပေါ်ထွက်လာတော့မည်ဟု သိရသည်။

    အဆိုပါ ဆော့ဖ်ဝဲကို မြန်မာ့ရထားပို့ဆောင်ရေးနှင့် ငွေကြေးပေးချေမှုအတွက် ၀န်ဆောင်မှုများ ပေးအပ်နေသော OK dollar ကုမ္ပဏီတို့က ပူးပေါင်း ဖန်တီးခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် စမ်းသပ်ဆဲအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုသည်။

    “ရထားဘူတာတွေဆီသွားပြီး လက်မှတ်ဝယ်စရာမလိုဘဲ စမတ်ဖုန်းတွေကနေတစ်ဆင့် ရထားလက်မှတ်တွေ ၀ယ်လို့ရတာဟာ ကောင်းမွန်တဲ့ အခွင့်အလမ်းတစ်ခုပါ။ လွယ်ကူသလို အချိန်ကုန်လည်း သက်သာပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ကုမ္ပဏီနဲ့ ဆွေးနွေးမှုတွေ ပြလုပ်နေပြီး မကြာခင်မှာ ဖြန့်ချီသွားပါမယ်” ဟု မြန်မာ့မီးရထားမှ မန်နေဂျာတစ်ဦးဖြစ်သူ ဦးကျော်စိုးလင်းက ပြောကြားခဲ့သည်။

    အဆိုပါ ဆော့ဖ်ဝဲမှာ ဖုန်းငွေဖြည့်သကဲ့သို့ဖြစ်ပြီး ဆော့ဖ်ဝဲအား ထည့်သွင်းပြီးနောက် ဆိုင်တစ်ခုမှ ငွေဖြည့်ကဒ်ဝယ်ယူဖြည့်သွင်းကာ ထိုဆော့ဖ်ဝဲမှတစ်ဆင့် ရထားလက်မှတ်များကို ၀ယ်ယူနိုင်မည်ဖြစ်သည်။ ထို့နောက် လက်မှတ်စစ်ထံသို့ ၀ယ်ယူထားကြောင်း ပြန်စာကို ပြသရမည်ဟု ဆိုသည်။

    “တကယ်လို့ မိုဘိုင်းငွေပေးချေစနစ် အောင်မြင်ပြီဆိုရင် ရထားစီးသူတွေနဲ့ ၀န်ထမ်းတွေအတွက် တော်တော်လေး အဆင်ပြေမှာပါ။ မိုဘိုင်းငွေပေးချေသူတွေအနေနဲ့ ရထားထွက်ကာနီးရောက်လာလည်း ပြဿနာမရှိတော့ပါဘူး။ ထိုခုံမှာထိုင်လိုက်ပြီး လက်မှတ်စစ်ကို ပြန်စာမက်ဆေ့ခ်ျလေး ပြလိုက်ယုံပါပဲ” ဟု ဦးကျော်စိုးလင်းက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: Yangon.coconut

  • နိုင်ဂျီးရီးယား မွတ်စလင်ဆရာဝန်အသင်းက ဆေးရုံနှင့် စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းမည်

    နိုင်ဂျီးရီးယား မွတ်စလင်ဆရာဝန်အသင်းက ဆေးရုံနှင့် စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းမည်

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    nigeria 2

    – နိုက်ဂျီးရီးယားပြည်သူတွေ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူတွေကို ၀န်ဆောင်မှုတွေပေးနိုင်ဖို့ ဆေးရုံတစ်ခုနဲ့ စာသင်ကျောင်းတစ်ခု ဆောက်လုပ်လှူဒါန်းသွားမယ်လို့ နိုက်ဂျီးရီးယား အစ္စလာမ့်ဆေးဘက်ဆိုင်ရာအသင်း IMAN ရဲ့ ဘောက်ချီပြည်နယ် အဖွဲ့ခွဲက ကြေငြာလိုက်ပါတယ်။

    ဒီအစီအစဉ်နဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ IMAN ရဲ့ ဘောက်ချီပြည်နယ်လုံးဆိုင်ရာ ညီလာခံမှာ အဖွဲ့ရဲ့ ပြည်နယ်ဥက္ကဌ ဒေါက်တာ မိုဟာမက် အလ်ကာလီက အခုလိုပြောကြားလိုက်တာဖြစ်ပြီး ဆေးရုံဆောက်လုပ်ပြီးသွားရင်လည်း မိမိတို့အသင်းက တာဝန်ယူကာ ဆေးကုသမှုတွေ ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။

    အလ်ကာလီဟာ Abubakar Tafawa Balewa တက္ကသိုလ်ရဲ့ သင်ကြားရေးဆေးရုံက ဆေးဘက်ဆိုင်ရာ ဒါရိုက်တာချုပ်လည်းဖြစ်ပြီး၊ ပြည်နယ်အတွင်း ဆောက်လုပ်သွားမယ့်ဆေးရုံမှာ သဘာဘေးအန္တရာယ်နဲ့ ကပ်ရောဂါ ကျရောက်တဲ့အချိန် တုန့်ပြန်ဆောင်ရွက်နိုင်မယ့် စနစ်တစ်ခုကိုလည်း ထားရှိသွားမှာဖြစ်ကာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေကနေ လူမျိုးဘာသာမရွေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ၀န်ဆောင်မှုတွေကို ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်မှာ IMAN ရဲ့ ပြည်နယ်အဖွဲ့ခွဲဟာ ဆေးရုံတည်ဆောက်ရေးအတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားပြီး နေရာရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

    အလ်ကာလီကတော့ ဒီလုပ်ငန်းမှာ မိမိတို့ဟာ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့နဲ့ ဆေးဘက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ ကူညီထောက်ပံ့ဖို့အတွက် ဒေသတွင်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘောက်ချီပြည်နယ်အဖွဲ့ခွဲရဲ့ ဒီကြိုးပမ်းမှုကို IMAN ရဲ့ နိုင်ငံလုံးဆိုင်ရာ ဥက္ကဌ ဒေါက်တာ ဆာလီဆူ အစ္စမာအီလ်ကလည်း ချီးကျူးခဲ့ပါတယ်။

    Ref: IINA