News @ M-Media

Author: Ko Lay

  • အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ ဇွန် ၆ ရက်နေ့ စတင်မည်

    အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ ဇွန် ၆ ရက်နေ့ စတင်မည်

    ဇွန် ၅၊ ၂၀၁၆
    M-Media

    ra

    – အရှေ့တောင်အာရှ နိုင်ငံတစ်ချို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လဟာ ဇွန်လ ၆ ရက် (တနင်္လာနေ့) မှာ စတင်မယ်လို့ သိရပါတယ်။

    အစ္စလာမ့်ပြက္ခဒိန်စနစ်ဟာ လကို အခြေပြုတွက်ချက်တာဖြစ်ပြီး ပြီးခဲ့ ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ ဘရူနိုင်း အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က သာသာနာရေးဆိုင်ရာ ၀န်ကြီးတွေရဲ့ တွေ့ဆုံမှုမှာ နက္ခတဗေဒတွက်ချက်မှုတွေအရ ဇွန်လ ၆ ရက်နေ့ဟာ အစ္စလာမ့်ပြက္ခဒိန်ရဲ့ န၀မမြောက်လဖြစ်တဲ့ ရမ်ဇာန်လရဲ့ လဆန်း ၁ ရက်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြကာ၊ အဲဒီနိုင်ငံတွေက အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့တွေကလည်း ပြည်သူတွေကို အသိပေးကြေငြာချက်တွေ ထုတ်ပြန်ပေးခဲ့ပါတယ်။

    သြစတေးလျနိုင်ငံက မွဖ်သီချုပ်ကလည်း ဇွန်လ ၆ ရက်နေ့ဟာ ရမ်ဇာန်ဥပုသ်လရဲ့ လဆန်း ၁ ရက်နေ့ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

    ဆော်ဒီအပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အာဖရိက နိုင်ငံတွေကတော့ ရမ်ဇာန်လ လဆန်း ၁ ရက်နေ့ကို ဇွန်လ ၅ ရက်နေ့ညမှာ ဆုံးဖြတ်မှာဖြစ်ပြီး ဇွန်လ ၆ ရက်နေ့မှာ စတင်ဖို့ ရှိနေပါတယ်။ အမေရိကနဲ့ ဥရောပ နိုင်ငံတွေမှာလည်း ဇွန်လ ၆ ရက်နေ့မှာ ရမ်ဇာန်ဥပုသ်လ စတင်မှာဖြစ်ပါတယ်။

    မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာတော့ ရမ်ဇာန်ဥပုသ်လဟာ ဇွန်လ ၇ ရက် (အင်္ဂါနေ့) မှာ စတင်ကျရောက်မယ်လို့ တွက်ချက်ထားပါတယ်။

  • ကင်ဆာဆေးဝါးများ ထိရောက်မှုရှိသည်ကို အမေရိကန်ရှိ လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    ကင်ဆာဆေးဝါးများ ထိရောက်မှုရှိသည်ကို အမေရိကန်ရှိ လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    ဇွန် ၅၊ ၂၀၁၆
    M-Media

    cancer 2

    – ကင်ဆာကို မူလတွေ့ရှိခဲ့တဲ့ အင်္ဂါအစိတ်အပိုင်းမှာထက် လူနာရဲ့အကြိတ်မှာ တွေ့ရတဲ့ ပုံပျက်ယွင်းမှုပေါ် အခြေခံတဲ့ ကုသမှုတွေဟာ ပိုပြီး ထိရောက်ဖွယ်ရှိတယ်လို့ ကင်ဆာဆေးဝါးထုတ်လုပ်ရေးအုပ်စု Roche Holding ရဲ့ ဓာတ်ခွဲစမ်းသပ်မှုတစ်ခုကနေ တွေ့ရှိခဲ့ပါတယ်။

    ချီကာဂိုမြို့ရှိ အမေရိကန်ကင်ဆာအကြိတ် ဓာတ်ခွဲစမ်းသပ်မှုအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့တဲ့ ယင်းရှာဖွေတွေ့ရှိချက်မှာ အဆင့်မြင့်ကင်ဆာ အမျိုးအစား ၁၂ မျိုး ရှိကြတဲ့ လူနာ ၁၂၉ ယောက်အနက်က ၂၉ ယောက်ရဲ့ ကင်ဆာရောဂါဟာ မျိုးရိုဗီဇကြောင့် ဖြစ်ပွားတဲ့ ပုံမှန်မဟုတ်မှုတွေကို ပစ်မှတ်ထားတဲ့ ဆေးတွေကို တုန့်ပြန်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရတာပါ။

    အဆိုပါဆေးဝါးများကို အမေရိကန် စားသောက်ကုန်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) ရဲ့ အတည်ပြုချက်ယူဖို့ ပေးပို့ထားပါတယ်။ FDA ကနေတဆင့် ကင်ဆာတွေ့ရှိတဲ့ အင်္ဂါအစိတ်အပိုင်းကို အခြေခံတဲ့ လေ့လာမှုတွေအသုံးပြုပြီး အထွေထွေသုံးသပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    Roche’s Genetech အုပ်စုမှ ငွေကြေးစိုက်ထုတ်ထားပေးတဲ့ အဆိုပါစမ်းသပ်လေ့လာမှုကို လူနာ အယောက် ၅၀၀ ထိ တဖြည်းဖြည်း တိုးမြင့်လေ့လာသွားဖို့ စီစဉ်ထားပါတယ်။

    Ref: Reuters

  • CAR ပြည်သူများကို မိမိတို့စစ်သားများက ရုပ်ပိုင်းဆိုင်ရာစော်ကားမှုရှိသည်ဟု ပြင်သစ် ၀န်ခံ

    CAR ပြည်သူများကို မိမိတို့စစ်သားများက ရုပ်ပိုင်းဆိုင်ရာစော်ကားမှုရှိသည်ဟု ပြင်သစ် ၀န်ခံ

    ဇွန် ၅၊ ၂၀၁၆
    M-Media

    france 2

    – ဂိုဏ်းဂနအခြေပြု အကြမ်းဖက်တိုက်ခိုက်မှုတွေကို တားဆီးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR) မှာ ရောက်ရှိနေတဲ့ မိမိတို့စစ်သားတွေဟာ အရပ်သားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြင်သစ်နိုင်ငံ ၀န်ခံလိုက်ပါတယ်။

    ပြင်သစ်ကာကွယ်ရေးဝန်ကြီးကလည်း CAR မှာ စစ်သားတွေချထားပြီးနောက် ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပါအ၀င် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ စစ်သား ၅ ဦးကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့လို့လည်း ယမန်နေ့က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီ ၅ ယောက်ဟာ ၂၀၁၄ခုနှစ်က မြို့တော်ဘန်ဂွီမှာရှိတဲ့ စစ်စခန်းတစ်ခုမှာ အရပ်သားနှစ်ဦးကို ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

    CAR မှာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပြုလုပ်တယ်လို့ စွပ်စွဲခံရတဲ့ ပြင်သားစစ်သားတွေကို လက်ရှိမှာတော့ တရားဝင်စစ်ဆေးမေးမြန်းနေတဲ့ အဖွဲ့သုံးဖွဲ့ ရှိနေပါတယ်၊

    Ref: Presstv

  • လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ဈာပနကို ၎င်း၏ ဇာတိမြို့တွင် ပြုလုပ်မည်

    လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ဈာပနကို ၎င်း၏ ဇာတိမြို့တွင် ပြုလုပ်မည်

    ဇွန် ၅၊ ၂၀၁၆
    M-Media

    Ali 2

    – သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ ဈာပနအခမ်အနားကို သူမွေးဖွားရာ ကန်တာကီပြည်နယ် လူးဝစ်ဗီလီမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေအားလုံးကို ဖိတ်ကြားတယ်လို့ ကျန်ရစ်သူ မိသားစုက ပြောကြားလိုက်ပါတယ်။

    လှည့်လည်မှုတွေပါဝင်မယ့် အဲဒီအခမ်းအနားကို လာမယ့်တစ်ပတ် သောကြာနေ့မှာ ပြုလုပ်မှာဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်က လက်ဝှေ့ကျော်ကြီးရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး ချီးကျူစကားပြောသွားမှာဖြစ်ပါတယ်။

    အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက်အလီဟာ ဟဲဗီးဝိတ်ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့ဖူးသူဖြစ်ပြီး နှစ်ပေါင်း ၃၀ ကြာ ခံစားခဲ့ရတဲ့ ပါကင်ဆန်ရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ခံစားရပြီးတဲ့နောက် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့က ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ရုပ်ကလပ်ကို လာမယ့် ၂ ရက်အတွင်း ကန်တာကီကို ယူဆောင်သွားမှာဖြစ်ပါတယ်။

    မိသားစုနဲ့ ဆွေမျိုးတွေပါဝင်မယ့် သီးသန့် ဈာပနအခမ်းအနားကိုတော့ ကြာသာပတေးနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး သောကြာနေ့မှာလည်း မိုဟာမက်အလီရဲ့အိမ်မှာ မိသားစုတွေက စုပေါင်းကာ ၀တ်ပြု ဆုတောင်းမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ရုပ်ကလပ်ကို မြို့ရဲ့ အဓိကလမ်းမတွေမှာ လှည့်လည်သွားဖို့ အစီအစဉ် ရှိနေပါတယ်။

    နောက်ဆုံး ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းမှုကို လူ ၂၀၀၀၀ ကျော်ဆန့်မယ့် KFC Yum စင်တာမှာ ပြုလုပ်သွားမှာဖြစ်ပြီး အလီရဲ့ သက်ဝင်ယုံကြည်မှုအတိုင်း အဲဒီ ၀တ်ပြုဆုတောင်းမှုကို ရှေ့ဆောင်အီမာမ်တစ်ပါးက ဦးဆောင်သွားမှာဖြစ်တယ်လို့ ကျန်ရစ်သူ မိသားစုက ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရုပ်ကလပ်ကို ၁၉၄၂ ခုနှစ်မှာ သူမွေးဖွားခဲ့တဲ့ လူးဝစ်ဗီလီမြို့က Cave Hill သုဿာန်မှာ အစ္စလာမ့်ဓလေ့ထုံးတမ်းနဲ့အညီ မြှုပ်နှံသွားမှာပါ။

    လက်ဝှေ့သမိုင်းမှာ အကြီးအကျယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပြီး၊ နိုင်ငံရေးနယ်ပယ်မှာလည်း မှန်ရာကို မကြောက်မရွံ့ပြောဆိုတတ်မှုကြောင့် တစ်ကမ္ဘာလုံးက လေးစားရတဲ့ မိုဟာမက်အလီ ကွယ်လွန်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက်မှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေ အပါအ၀င် ကမ္ဘာတစ်ဝှမ်းလုံးက ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး ချီးကျူးဂုဏ်ပြုမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

    လူးဝစ်ဗီလီမြို့ မြို့တော်ခန်းမမှာတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတိုင်တွေကို တစ်ဝက်စီ လွှင့်ထူထားခဲ့ကြပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းက ထောင်သောင်းချီတဲ့ ပြည်သူတွေကလည်း မိုဟာမက်အလီစင်တာအဖြစ် ပြုလုပ်ထားတဲ့ သူ့ရဲ့ ငယ်ဘ၀အိမ်ကိုသွားရောက် ဂါရ၀ပြုခဲ့ကြပါတယ်။

    Ref: BBC

  • အီရတ်ကို အမေရိကန်၏ ကျူးကျော်မှုက IS အကြမ်းဖက်အဖွဲ့ကို လမ်းဖွင့်ပေးခြင်း ဖြစ်ခဲ့ 

    ဇွန် ၅၊ ၂၀၁၆
    M-Media

    jeniffer

    – အီရတ်နိုင်ငံကို အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းဟာ IS လို အကြမ်းဖက်အဖွဲ့တွေ အရှေ့အလယ်ပိုင်းဒေသမှာ ပျံ့နှံ့စေဖို့ လမ်းဖွင့်ပေးရာရောက်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗေးနီးယားက နိုင်ငံရေးလှုပ်ရှားသူ ဂျာနယ်လစ် ဂျနီဖာ လိုဝင်စတိန်းက ပြောကြားလိုက်ပါတယ်။

    “၂၀၀၃ ခုနှစ်တုန်းက အမေရိကန်သာ အီရတ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်တာမျိုး မလုပ်ခဲ့ဘူးဆိုရင် ဆီးရီးယားနဲ့ အီရတ်မှာ အခုလိုမျိုး ဖြစ်ပျက်နေမှာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်” လို့ သူက ဆိုပါတယ်။ လိုဝင်စတိန်းဟာ Pennsylvania တက္ကသိုလ်က အရှေ့အလယ်ပိုင်းရေးရာလေ့လာမှုဘာသာရပ်ကို သင်ကြားပို့ချပေးနေတဲ့ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။

    ယခုလက်ရှိရွေးကောက်ခံနေတဲ့ အမေရိကန်သမ္မတလောင်းတွေဟာ ISIS ရဲ့ ခြိမ်းခြောက်မှုတွေအပေါ် စစ်ရေးတုံ့ပြန်မှုတွေလုပ်ဖို့ အဆိုပြုနေကြပေမယ့်လည်း ဒီလိုအကြမ်းဖက်အဖွဲ့မျိုးကို ဖန်တီးလိုက်တဲ့ အဓိကလက်သည်ဟာ အမေရိကန်ဖြစ်တယ်ဆိုတာကိုတော့ ပြောဆိုခြင်းမရှိကြဘူးလို့ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့က အဖွဲ့ဝင်အများစုဟာ ဆီးရီးယားအစိုးရက တိုက်ခိုက်ဖို့အတွက် စီအိုင်အေက လေ့ကျင့်ပေးထားသူတွေဖြစ်ပြီး ၂၀၁၄ နှောင်းပိုင်းမှာ အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်နိုင်ငံတွေဟာ အီရတ်နဲ့ ဆီးရီးယားက အဲဒီအကြမ်းဖက်အဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

    ဒါပေမယ့် လေ့လာသူတွေကတော့ အမေရိကန်က IS တွေကို နှိမ်နင်းနေတယ်လို့ ပြောနေပေမယ့်လည်း သူတို့ရဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေကို အနည်းငယ်သာ ထိခိုက်စေပြီး အဓိကကတော့ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကိုသာ ပစ်မှတ်ထားနေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Presstv