News @ M-Media

Author: Ko Lay

  • ယူရိုပါချန်ပီယံဖြစ်ပါက လီဗာပူးလ်၏ အောင်မြင်မှုခေတ်သစ်အစဖြစ်မည်ဟု ဂျရတ်ပြော

    ယူရိုပါချန်ပီယံဖြစ်ပါက လီဗာပူးလ်၏ အောင်မြင်မှုခေတ်သစ်အစဖြစ်မည်ဟု ဂျရတ်ပြော

    မေ ၁၈၊ ၂၀၁၆
    M-Media

    euro

    – ယနေ့ညတွင်ကစားမည့် ယူရိုပါဖလား ဗိုလ်လုပွဲတွင် လီဗာပူးလ်ဗိုလ်စွဲပါက အသင်းအတွက် ဂုဏ်သိက္ခာနှင့်ပြည့်စုံသည့် ခေတ်သစ်တစ်ခုကို အစပျိုးခြင်းဖြစ်မည်ဟု ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ်က ပြောကြားလိုက်သည်။

    ယခုနှစ်ဘောလုံးရာသီတွင် ဘရန်ဒန်ရော်ဂျာ၏ နေရာအား ဂျာမနီတွင်အောင်မြင်ခဲ့သည့် ယာဂန်ကလော့ပ် ၀င်ရောက်လာပြီးနောက်ပိုင်း လီဗာပူးလ်မှာ ခေတ်သစ်တစ်ခုကို အစပျိုးတော့မည်ဟု အများစုက မျှော်လင့်ထားကြသည်။ လိဂ်ဖလား ဗိုလ်လုပွဲတွင် မန်စီးတီးအား ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယနေ့ညတွင် ဆီးဗီးလားနှင့် ယူရိုပါလိဂ်ဗိုလ်လုပွဲ ကစားရမည်ဖြစ်သောကြောင့် လီဗာပူးလ်တွင် ဆုဖလားရယူရန် အခွင့်အရေးတစ်ခု ရှိနေသေးသည်။

    ဂျရတ်ကမူ ကလော့ပ်မှာ အကောင်းဆုံးနည်းပြများထဲမှ တစ်ဦးဖြစ်ပြီး လီဗာပူးလ်၏ အနာဂတ်အတွက်လည်း အကောင်းမြင်နေသည်။

    “ဆီးဗီးလားကို ဖိုင်နယ်မှာနိုင်ရင် ဥရောပဖလားတစ်လုံးကို ရမှာပါ။ ကစားသမားတွေအတွက် သမိုင်းမှာ နေရာတစ်ခု ရမှာဖြစ်ပြီး အခုမျိုးဆက်မှာ အကြီးကျယ်ဆုံးနည်းပြတွေထဲကတစ်ယောက်ဖြစ်တဲ့ နည်းပြတစ်ဦးအောက်မှာ ခေတ်သစ်တစ်ခုကို စတင်တော့မယ်ဆိုတဲ့ ခံစားမှုမျိုးကိုလည်း ရရှိမှာဖြစ်ပါတယ်။ သြဂုတ်လမှာ ပြောရမယ့်စကားတွေကတော့ ယာဂန်ရဲ့ အသင်းအတွက် နောက်ထပ် ဘာလာမလဲ ဆိုတာပါပဲ” ဟု ဂျရတ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ရှမ်းပြည်ရှိ ပဋိပက္ခဖြစ်ရာဒေသများသို့ ဥရောပသံတမန်များ သွားရောက်

    ရှမ်းပြည်ရှိ ပဋိပက္ခဖြစ်ရာဒေသများသို့ ဥရောပသံတမန်များ သွားရောက်

    မေ ၁၈၊ ၂၀၁၆
    M-Media

    shant
    တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ

    – ဥရောပနိုင်ငံများမှ သံအမတ်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့မှာ အချက်အလက်ရှာဖွေရေးခရီးစဉ်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ ယခုတစ်ပတ်အတွင်း သွားရောက်ခဲ့ပြီး တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများနှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

    အဆိုပါ ခရီးတွင် ဥရောပ ၁၁ နိုင်ငံမှ သံအမတ်များ ပါဝင်ပြီး သီပေါမြို့နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ကာ မြေမြှုပ်မိုင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ကိုယ်စားလှယ်အဖွဲ့မှာ အထွေထွေအုပ်ချုပ်ရေးဌာန၊ စစ်တပ်တို့မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

    ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန် ကိုဘီယာက မိမိတို့ ထိုကဲ့သို့ လာရောက်ခြင်းမှာ မကြာသေးမီလများအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၏ အကြောင်းအရင်းနှင့် အခြေခံအချက်များကို သိရှိရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးကတည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာပြီး ပြည်သူ ထောင်ပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    တိုက်ပွဲများမှာ အပစ်ရပ်ရေး သဘောတူညီချက်တွင် လက်မှတ်မထိုးထားသည့် တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS မှ ရှမ်းတပ်မတော်နှင့် အစိုးရ စစ်တပ်တို့အကြား ဖြစ်ပွားခြင်းဖြစ်သည်။

    ဥရောပအစိုးရများမှာ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးထားသော်လည်း မိုင်းရှင်းလင်းရေးအဖွဲ့များမှာ ပြီးခဲ့သည့် အပစ်ရပ်ရေး သဘောတူညီချက် လက်မှတ်ထိုးပြီးကတည်းက လုပ်ငန်းများကို စတင်နိုင်ခြင်း မရှိသေးပေ။

    Ref: mmtimes

  • သီရိလင်္ကာမြေပြိုမှု မိသားစု ၂၀၀ ကျော် ပျောက်ဆုံးနေ

    သီရိလင်္ကာမြေပြိုမှု မိသားစု ၂၀၀ ကျော် ပျောက်ဆုံးနေ

    မေ ၁၈၊ ၂၀၁၆
    M-Media

    siri

    – သီရိလင်္ကာနိုင်ငံတွင် ယမန်နေ့ညနှောင်းပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သောကြောင့် ရွာ ၃ ရွာမှ မိသားစုပေါင်း ၂၀၀ ကျော် ပျောက်ဆုံးနေသည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်းရှိ ကုန်းမြင့်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌ သေဆုံးသူ အရေအတွက်မှာ ၃၅ ဦး ရှိသည်ဟု အာဏာပိုင်များက ထုတ်ဖော်ပြောကြားထားသော်လည်း ရွှံ့များနှင့် အပျက်အဆီးများအောက်တွင် ပိတ်မိနေသူ အများအပြား ရှိနေသောကြောင့် သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်ဖွယ် ရှိနေသည်။

    သီရိလင်္ကာ ကြက်ခြေနီအဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် မြေပြိုမှုကြောင့် ရွာသုံးရွာမှ မိသားစုပေါင်း ၂၂၀ ခန့်ပျောက်ဆုံးနေသည်ဟု ဖော်ပြထားသည်။ ရွာများရှိ နေထိုင်သူအရေအတွက်ကို အတိအကျ မပြောနိုင်သော်လည်း တစ်ရွာတွင် အနည်းဆုံး လူ ၁၀၀၀ မှ ၁၅၀၀ ခန့်အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

    ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသူ အရေအတွက်မှာ ၁၀၀၀ ကျော်ရှိနေပြီး စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် ယာယီစခန်းချ၍ နေရာပေးထားရသည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်တွင် စစ်တပ်မှာ လှေများ၊ ရဟတ်ယာဉ်များ အသုံးပြု၍ ပျောက်ဆုံးနေသူများကို ရှာဖွေလျက်ရှိနေသည်။

    Ref: Aljazeera

  • ဒေသအတွင်း ပထမဆုံးရေပေါ်ဟိုတယ်ကို ဘာရိန်းတွင် ဖွင့်လှစ်

    ဒေသအတွင်း ပထမဆုံးရေပေါ်ဟိုတယ်ကို ဘာရိန်းတွင် ဖွင့်လှစ်

    မေ ၁၈၊ ၂၀၁၆
    M-Media

    bahrain

    – အာရေဗျပင်လယ်ကွေ့ဒေသမှာ ပထမဆုံးဖြစ်မယ့် ရေပေါ်ဟော်တယ်တစ်ခုကို ဘာရိန်းနိုင်ငံ မနာမာမြို့မှာ တနင်္ဂနွေနေ့က တရားဝင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

    C Hotel လို့အမည်ပေးထားတဲ့ အဲဒီဟိုတယ်ကို ဘာရိန်း ကမ္ဘာလှည့်ခရီးသွားနဲ့ ကုန်စည်ပြပွဲဆိုင်ရာ အာဏာပိုင်အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် ရှိခ် ခါလစ် ဘင် ဟူမွဒ် အလ်-ခါလီဖာက ဖွင့်လှစ်ပေးခဲ့ပြီး၊ ဒီလိုဖွင့်လှစ်နိုင်ခဲ့တာဟာ အရေးပါတဲ့ သမိုင်းမှတ်တိုင်သစ်တစ်ခုဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

    အဲဒီဟိုတယ်ဟာ သန္တာကျာက်တန်းတွေရှိတဲ့ ပယ်လယ်အော်မှာ တည်ဆောက်ထားတာဖြစ်ပြီး နိုင်ငံရဲ့ ခရီးသွားလာရေးလုပ်ငန်းကို တိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ထားကာ၊ ခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ဆန်းသစ်တဲ့အဆောက်ဦးတွေ နေရာထိုင်ခင်းတွေ ထပ်မံ ဖန်တီးပေးသွားဖို့လည်း ဘာရိန်းမှာ အစီအစဉ်ရှိနေပါတယ်။

    Ref: IINA

  • ယူအေအီးတွင် ရမ်ဇာန်ဥပုသ်လအတွင်း လူ ၁၈ သိန်းစာအတွက် ၀ါဖြေပွဲ လှူဒါန်းမည်

    ယူအေအီးတွင် ရမ်ဇာန်ဥပုသ်လအတွင်း လူ ၁၈ သိန်းစာအတွက် ၀ါဖြေပွဲ လှူဒါန်းမည်

    မေ ၁၈၊ ၂၀၁၆
    M-Media

    – လာမယ့်လမှာ ကျရောက်မယ့် ရမ်ဇန်ဥပုသ်လမှာ အစားအစာ အလှူဒါနပြုရေး အစိတ်အပိုင်းအဖြစ် လူ ၁၈ သိန်းစာအတွက် ၀ါဖြေပွဲကို လှူဒါန်းသွားမယ်လို့ အာရဗ်စော်ဘွားများနိုင်ငံ (UAE) က ခလီဖာ ဘင် ဇိုင်ယစ်ဒ်ဖောင်ဒေးရှင်း (KF) က ကြေငြာလိုက်ပါတယ်။

    ဖောင်ဒေးရှင်းရဲ့ အထွေထွေဒါရိုက်တာဖြစ်သူ မိုဟာမက် ခိုရီက ၀ါဖြေပွဲတွေကို ကျန်းမာရေးနဲ့ကိုက်ညီအောင် စီစဉ်ထုတ်ပိုးပြီး စနစ်တကျပေးဝေဖို့အတွက် တစ်နိုင်ငံလုံးမှာ လုပ်အားပေးသူနဲ့ ကြီးကြပ်သူ ၁၈၇ ယောက် ချထားပေးမယ်လို့ ဆိုပါတယ်။

    အဲဒီအလှူဒါနပြုရေး ၀န်ဆောင်မှုပေးတဲ့အထဲမှာ အမျိုးသမီးကြီးကြပ်သူ ၂၄ ဦးလည်း ပါဝင်မှာဖြစ်ပြီး ဖောင်ဒေးရှင်းနဲ့ ဆက်နွယ်နေတဲ့ ယူအေအီးက မိသားစုတွေလည်း လုပ်အားပေးကြမှာဖြစ်ပါတယ်။

    Ref : IINA