News @ M-Media

Author: Ko Lay

  • မလေးရှားမှာ မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်ရာ ထိပ်တန်းနိုင်ငံဖြစ်နေ

    မလေးရှားမှာ မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်ရာ ထိပ်တန်းနိုင်ငံဖြစ်နေ

    မေ ၃၊ ၂၀၁၆
    M-Media

    malay

    – ဟာလာနည်းကျ ခရီးသွားလုပ်ငန်းအတွက် အကောင်းဆုံးနိုင်ငံများစာရင်းမှာ မလေးရှားနိုင်ငံဟာ ၆ နှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရှိနေတယ်လို့ ခရီးသွားဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Tourist Review Online မှာ ဖော်ပြထားပါတယ်။

    မွတ်စလင်ခရီးသွားဈေးကွက်အတွက် ဘယ်လိုစီမံဆောင်ရွက်ပေးလဲဆိုတဲ့ စံနှုန်းသတ်မှတ်ချက်အပေါ် မူတည်ပြီး ကမ္ဘာ့မွတ်စလင်ခရီးသွားအညွှန်းကိန်း (GMTI) အရ နိုင်ငံပေါင်း ၁၃၀ ကျော်ကို အဆင့်သတ်မှတ်ခဲ့ရာမှာ မလေးရှားနိုင်ငံက ဒီလို ထိပ်ဆုံးမှာ ရှိခဲ့တာဖြစ်ပါတယ်။

    ဒီအညွှန်းကိန်းကို Master Card ကုမ္ပဏီနဲ့အတူ ဟာလာ ခရီးသွားလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေတဲ့ CrescentRating ကုမ္ပဏီက စီစစ်သတ်မှတ်တာဖြစ်ပြီး၊ အဲဒီစာရင်းမှာ မွတ်စလင် ၄၈ နိုင်ငံနဲ့ မွတ်စလင်မဟုတ်တဲ့နိုင်ငံ ၄၉ နိုင်ငံ ပါဝင်ခဲ့ပါတယ်။

    ယူအေအီးနိုင်ငံကတော့ တူရကီကိုကျော်ပြီး ကမ္ဘာ့မွတ်စလင်ခရီးသွားများ အကြိုက်နှစ်သက်ဆုံး နံပါတ် ၂ နေရာမှာ ရှိခဲ့ကာ အင်ဒိုနီးရှားက အဆင့် ၄ နေရာကို တက်လာခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်အများစုမဟုတ်တဲ့ နိုင်ငံတွေက မွတ်စလင်ခရီးသွားတွေ အနှစ်သက်ဆုံး နိုင်ငံတွေထဲမှာ စင်ကာပူက ထိပ်ဆုံးမှာ ရှိနေခဲ့ပြီး ထိုင်ဝမ်နဲ့ ဂျပန်တို့ကလည်း အဆင့်တွေ တက်လာခဲ့ပါတယ်။

    မွတ်စလင်ခရီးသွားတွေအတွက် အဆင်ပြေဆုံးဖြစ်မယ့် မွတ်စလင်နိုင်ငံ ၁၀ ခု ကတော့ မလေးရှား၊ ယူအေအီး၊ တူရကီ၊ အင်ဒိုနီးရှား၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ အိုမန်၊ မော်ရိုကို၊ ဂျော်ဒန်နဲ့ အီဂျစ်တို့ဖြစ်ကာ၊ မွတ်ဆလင်မဟုတ်တဲ့ နိုင်ငံတွေထဲမှာတော့ စင်ကာပူ၊ ထိုင်း၊ ဗြိတိန်၊ တောင်အာဖရိက၊ ဟောင်ကောင်၊ ပြင်သစ်၊ ထိုင်ဝမ်၊ ဂျပန်၊ သီရိလင်္ကာနဲ့ အမေရိကန်ပြည်ထောင်စုတို့က ထိပ်တန်းနေရာမှာ ရှိနေပါတယ်။

    Ref: IINA

  • လက်စတာစီးတီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီ

    လက်စတာစီးတီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီ

    မေ ၃၊ ၂၀၁၆
    M-Media

    les 5

    – ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ အဖြစ် ဒီနေ့မနက်မှာ ကစားခဲ့တဲ့ စပါးအသင်းနဲ့ ချယ်ဆီးတို့ရဲ့ပွဲမှာ ၂ ဂိုးစီ သရေကျသွားခဲ့တာကြောင့် ကစားဖို့ ၂ ပွဲကျန်နေသေးတဲ့အချိန် ဒုတိယနေရာက စပါးကို ၇ မှတ် ဖြတ်ထားနိုင်တဲ့ လက်စတာအသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။

    စနေနေ့ပွဲမှာ လက်စတာက မန်ယူကို သရေကျသွားတဲ့အတွက် အမှတ်ကွာဟမှုကို လျော့ချဖို့ ကြိုးစားခဲ့တဲ့ စပါးတို့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ပထပိုင်းသွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချယ်ဆီးက ဒုတိယပိုင်းမှာ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာကြောင့် သရေတစ်မှတ်သာ ရခဲ့ပြီး ချန်ပီယံဖြစ်ရေး မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ရပါတယ်။

    လက်စတာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ နယူးကာဆယ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ အချိန်ကတည်းက ပရီးမီးယားလိဂ်ကို တောက်လျှောက်ဦးဆောင်ကာ အခုလို ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အသင်းရဲ့ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းမှာ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာပါ။

    နည်းပြ ရာနီယေးရီကတော့ ဒီလိုအောင်ပွဲရဖို့အတွက် အချိန်အကြာကြီး စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

    “ကျွန်တော့်သက် ၆၄ နှစ်ရှိပါပြီ။ ဒီလိုအောင်ပွဲရဖို့ အကြာကြီး တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အပြုသဘောဘက်ကပဲ ကြည့်ခဲ့ပြီး အသင်းအပေါ်မှာလည်း အကောင်းမြင်ခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်ဟာ အမှတ်ပေးဖလား အရယူနိုင်လိမ့်မယ်ဆိုတာကို ကျွန်တော်သိခဲ့ပါတယ်။ လက်ရှိ ကျွန်တော်ဟာ ဂရိလက်ရွေးစဉ်အသင်းက အထုတ်ခံလိုက်ရတဲ့ ကျွန်တော်ပါပဲ” လို့ ပရီးမီယားလိဂ်ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာ ရာနီယေးရီက ပြောကြားခဲ့ပါတယ်။

    လက်စတာဟာ ပရီးမီးယားလိဂ်ဖလားကို အခုတစ်ပတ် စနေနေ့မှာကစားမယ့် အဲဗာတန်အသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ ကိုင်မြှောက်ရမှာပါ။

    အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့အပြင် လက်စတာတိုက်စစ်မှူး ဗာဒီဟာ လိဂ် ၁၁ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး စံချိန်ရှင်ဖြစ်ခဲ့သလို ဘောလုံးအားကစား ကလောင်ရှင်များအသင်း FWA က ရွေးချယ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

    အခြားတိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရီယာ့ဒ် မဟ်ရက်ဇ်ကလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း PFA က ပေးအပ်တဲ့အကောင်းဆုံး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ပါတယ်။

    Ref: premierleague.com, Goal

  • အစ္စလာမ်နှင့်ပတ်သက်၍ အမှန်မြင်စေရန် အီလီနွိုက် မွတ်စလင်များက တံခါးဖွင့်လှုပ်ရှားမှုပြုလုပ်

    အစ္စလာမ်နှင့်ပတ်သက်၍ အမှန်မြင်စေရန် အီလီနွိုက် မွတ်စလင်များက တံခါးဖွင့်လှုပ်ရှားမှုပြုလုပ်

    မေ ၂၊ ၂၀၁၆
    M-Media

    illinois

    – အစ္စလာမ်သာသနာအပေါ် အထင်မှားအမြင်မှား ဖြစ်နေတာတွေကို ဖျောက်ဖျက်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတစ်ခုအနေနဲ့ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ဘိုလင်းဘရွတ်မြို့က ဗလီဝတ်ကျောင်းတော်အများအပြားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ တံခါးဖွင့်ကြိုဆိုရေး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    အစ္စလာမ်သာသနာနဲ့ မွတ်စလင်တွေရဲ့ ဓလေ့ထုံးတမ်းတွေကို သိရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ အဲဒီလှုပ်ရှားမှုအတွင်းမှာ အစ္စလာမ်ဘာသာဝင်မဟုတ်သူ တော်တော်များများ ပါဝင်ခဲ့ကြပါတယ်။

    “အမှန်တော့ ကျွန်တော်တို့လည်း တခြားသူတွေလိုပါပဲ။ ကျွန်တော်တို့အားလုံးဟာ မိသားစုတွေပါ၊ ကျွန်တော်တို့ကလေးတွေ တစ်ကျောင်းတည်းတက်ပြီး ဆရာဝန်တွေတစ်ယောက်ဆီပဲ သွားပြပါတယ်။ ဘာသာရေး၊ လွတ်လပ်ခွင့်၊ လေးစားရိုသေမှု ဒါတွေကို ကျွန်တော်တို့ ယုံကြည်တယ်၊ ကျွန်တော်တို့ အားလုံးဟာ ငြိမ်းချမ်းတဲ့သူတွေပါပဲ” လို့ ဘိုလင်းဘရွတ် မွတ်စလင်အသင်းက အာမီရန် အဘ်ဒူလ် ဂျလီလ်းက ပြောကြားခဲ့ပါတယ်။

    ဒီလှုပ်ရှားမှုအတွင်းမှာ ဗလီဝတ်ကျောင်းတော်ကို ရောက်ရှိလာသူတွေကို မွတ်စလင်တွေရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ သွန်သင်ချက်တွေကို အကျဉ်းချုံးရှင်းပြပြီး၊ သိချင်တဲ့မေးခွန်းတွေကို ဖြေကြားမှုတွေလည်း ပြုလုပ်ပေးခဲ့ကာ နောက်ပိုင်းမှာတော့ ၀တ်ပြုတဲ့နေရာကို လေ့လာကြည့်ရှုစေခဲ့ပါတယ်။

    “ကျွန်တော်အရင်က ဘယ်ဗလီကိုမှ မရောက်ဖူးပါဘူး၊ ဗလီထဲမှာ ဘာတွေရှိလဲဆိုတာလေ့လာဖို့ ဒါက အခွင့်ကောင်း
    တစ်ခုပါပဲ။ သူတို့က သူတို့ရဲ့ဘာသာနဲ့ဓလေ့ထုံးတမ်းတွေကို ကျွန်တော်တို့ကို တကယ်ပဲ နားလည်စေချင်ပါတယ်။ မွတ်စလင်တွေဟာ မီဒီယာတွေက ပုံဖော်ထားသလိုမျိး မဟုတ်ဘဲ ခင်ဗျားမသိသေးတာတွေကို လေ့လာနိုင်ဖို့ ဒါက တကယ့်ကို မျက်စိပွင့်နားပွင့်ဖြစ်စေတဲ့ လှုပ်ရှားမှုပါပဲ” လို့ ဗလီဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်ခဲ့သူ ဂရက် ကရက်ဘင်ဟော့ဖ်က ပြောကြားခဲ့ပါတယ်။

    Ref : IINA

  • FWA မှ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆုကို ဗာဒီရရှိ

    FWA မှ ရွေးချယ်သည့် အကောင်းဆုံး ကစားသမားဆုကို ဗာဒီရရှိ

    မေ ၂၊ ၂၀၁၆
    M-Media

    vardy 1

    – ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လက်တစ်ကမ်းအလိုတွင်ရှိနေသည့် လက်စတာစီးတီးအသင်း၏ တိုက်စစ်မျူး ဂျာမီ ဗာဒီမှာ ဘောလုံးအားကစားကလောင်ရှင်များအသင်း FWA မှ ရွေးချယ်ချီးမြှင့်သော ၂၀၁၅-၁၆ ဘောလုံးရာသီ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုကို ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူး ဗာဒီမှာ PFA ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပူပူနွေးနွေး ရရှိထားသည့် အသင်းဖော် ရီယာ့ဒ် မဟ်ရက်ဇ်နှင့် အန်ဂိုလို ကန်တီတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။ ဗာဒီမှာ ယခုနှစ်တွင် လက်စတာအတွက် ၂၂ ဂိုး သွင်းယူပေးထားသည်။

    “ဒီလို ဂုဏ်သိက္ခာကြီးမားတဲ့ဆုကို ရရှိတဲ့အတွက်နဲ့ မယုံနိုင်လောက်အောင်ကောင်းတဲ့ ကစားသမားတွေ ပါဝင်ခဲ့တဲ့ ဒီဆုရဲ့ စာရင်းမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်း ဂုဏ်ယူမိပါတယ်။ ဘောလုံးအားကစား ကလောင်ရှင်များအသင်းက အားလုံးနဲ့ မဲပေးခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ အသင်းဖော်တွေကိုလည်း ကျေဇူးတင်ပါတယ်။ သူတို့ကြောင့်ပဲ ဒီလိုဆုမျိုးကို ကျွန်တော် ရရှိနိုင်တာပါ။ ဒီရာသီဟာ လက်စတာက ကျွန်တော်တို့အားလုံးအတွက် အံ့သြစရာကောင်းတဲ့ ရာသီပါပဲ။ ကျွန်တော်တို့ဟာ တစ်ဦးကောင်းမဟုတ်ဘဲ အသင်းလိုက်စားပုံကို အခြေခံထားတာပါ။ နည်းပြ၊ ၀န်ထမ်းအားလုံးနဲ့ ကျွန်တော့်ကို အားပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဗာဒီက ဆုရရှိမှုနှင့်ပတ်သက်၍ ကျေဇူးတင်စကား ပြောကြားခဲ့သည်။

    Ref: Goal

  • ဆီရီးယားတွင် IS က သတ်ဖြတ်သူအရေအတွက်မှာ ၂ နှစ်အတွင်း လေးထောင်ကျော်ရှိ

    ဆီရီးယားတွင် IS က သတ်ဖြတ်သူအရေအတွက်မှာ ၂ နှစ်အတွင်း လေးထောင်ကျော်ရှိ

    မေ ၂၊ ၂၀၁၆
    M-Media

    is 2

    – IS အကြမ်းဖက်အဖွဲ့ဟာ ဆီးရီးယားမှာ ၂ နှစ်အတွင်း လူ ၄၀၀၀ ကျော်လောက် သတ်ဖြတ်ပစ်ခဲ့တယ်လို့ ယူကေအခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (SOHR) က ပြောကြားလိုက်ပြီး ဆီးရီးယားပြည်သူတွေအပေါ် အဲဒီအဖွဲ့က ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက်လည်း ကုလသမဂ္ဂကို တိုက်တွန်းခဲ့ပါတယ်။

    IS က ၎င်းတို့သိမ်းပိုက်ထားတဲ့ နယ်နမိတ်ကို ခလီဖိတ်ပိုင်နက်အဖြစ် ကြေငြာခဲ့တဲ့ ၂၀၁၄ ခုနှစ် ဇွန်လကတည်းက ခေါင်းဖြတ်မှု၊ သေနတ်နဲ့ ပစ်သတ်မှု၊ ကျောက်တုံးနဲ့ပေါက်သတ်မှု၊ မီးရှို့သတ်ဖြတ်မှု စတဲ့ လူသတ်နည်းလမ်းအမျိုးမျိုးနဲ့ သတ်ပစ်ခဲ့တဲ့စာရင်းကို စောင့်ကြည့်အဖွဲ့က စာရင်းပြုစုပြီး အခုလို ထုတ်ပြန်လိုက်တာပါ။

    အဲဒီလိုလုပ်တဲ့ အကြောင်းရင်းတွေကလည်း လိင်တူဆက်ဆံခြင်း၊ အယူမတူခြင်းနဲ့ မူးယစ်သောက်စားတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ခလီဖိတ်စနစ်နဲ့အုပ်ချုပ်တယ်လို့ဆိုတဲ့ IS တွေရဲ့ ၂၂ လမြောက်တဲ့အချိန်မှာတော့ သူတို့ရဲ့ သတ်ဖြတ်ခဲ့တဲ့ အရေအတွက်ဟာ ၄၁၄၄ ယောက် ရှိလာပြီဖြစ်ပါတယ်။

    သတ်ဖြတ်ခံရသူတွေထဲမှာ ဆွန်နီနဲ့ ကာ့ဒ်လူမျိုးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ ခုအပါအ၀င် အရပ်သားအရေအတွက် ၂၂၃၀ ရှိခဲ့ပြီး အမျိုးသမီးတွေ၊ ကလေးတွေလည်း ပါဝင်ခဲ့ပါတယ်။ အခြား သတ်ဖြတ်ခံရသူတွေကတော့ ဆီးရီးယားအစိုးရတပ်သားတွေ၊ အတိုက်အခံ သူပုန်တွေနဲ့ IS အဖွဲ့ဝင်တွေကိုယ်တိုင် ဖြစ်ပါတယ်။

    “ကျောက်တုံးနဲ့ပေါက်သတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတွေ၊ လက်တွေခုတ်ဖြတ်ပစ်တာမျိုးနဲ့ တခြား တော်တော်များများကိုလည်း တွေ့ခဲ့ရပါတယ်” လို့ ဆီးရီးယား IS အဖွဲ့ကနေ ထွက်ပြေးလာပြီး ဂျာမနီမှာ အကြမ်းဖက်စွဲချက်တွေနဲ့ တရားစွဲဆိုခံထးရတဲ့ ဟယ်ရီဆာဖိုး ဆိုသူက ပြောကြားခဲ့ပါတယ်။

    “ပေါက်ကွဲနိုင်တဲ့ခါးပတ်တွေ၊ ရိုင်ဖယ်သေနတ်တွေကိုင်ထားတဲ့ အသက် ၁၃ နှစ်လောက်သာရှိတဲ့ ကလေးစစ်သားတွေကိုလည်း တွေ့ခဲ့ရပါတယ်၊ တစ်ချို့ကလေးတွေဆို ကားတောင်မောင်းနေတဲ့အပြင် လူသတ်တာတွေလည်း လုပ်ပါတယ်”

    Ref : IINA