News @ M-Media

Author: Ko Lay

  • ဘရပ်ဆဲလ်ဗုံးကွဲမှု မိမိတို့လက်ချက်ဟု IS ကြေငြာ

    ဘရပ်ဆဲလ်ဗုံးကွဲမှု မိမိတို့လက်ချက်ဟု IS ကြေငြာ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    brus

    – ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုများကို မိမိတို့က ပြုလုပ်ခြင်းဖြစ်သည်ဟု ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေတစ်ချို့ကိုသိပ်းပိုက်ကာ ဒေသခံများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့် IS အကြမ်းဖက်အဖွဲ့က ပြောကြားလိုက်သည်။

    Zaventem လေဆိပ်နှင့် Maalbeek ဘူတာရုံတို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှု ၃ ခုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ ခန့် ဒဏ်ရရှိခဲ့ကာ အများစုမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။

    လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အသေခံ ဗုံးခွဲသမား အနည်းဆုံး ၂ ဦး ပါဝင်သည်ဟု ဘယ်လ်ဂျီယံ ဖက်ဒရယ်တရားသူကြီးက ပြောကြားခဲ့ပြီး လုံခြုံရေး ကင်မရာတွင် တွေ့ရှိရသည့် တတိယတစ်ဦးကိုမူ ပိုက်စိတ်တိုက် ရှာဖွေနေသည်ဟု ဆိုသည်။

    IS နှင့် ဆက်နွယ်နေသည့် Amaq ၀ဘ်ဆိုက်ကမူ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများမှာ ဗုံးခွဲမှုမလုပ်ခင် လေဆိပ်တွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။ ဗုံးကွဲမှုဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံများမှာ နိုင်ငံတစ်ဝှမ်း လုံခြုံရေးကို တိုးမြှင်၍ ချထားလိုက်သည်။

    Ref: Aljazeera

  • အမေရိကန်မြို့တစ်မြို့က မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံသည့် ကြေငြာချက်တစ်ခုကို ထုတ်ပြန်

    အမေရိကန်မြို့တစ်မြို့က မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံသည့် ကြေငြာချက်တစ်ခုကို ထုတ်ပြန်

    မတ် ၂၂၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ် ကာလာမာဇူမြို့၏ မြို့တော်ကောင်စီက မွတ်စလင်များအပေါ် အားပေးထောက်ခံ ကြိုဆိုသည့် ကြေငြာချက်တစ်ခုကို ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    မြို့အတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ထောက်ခံကာ၊ မွတ်စလင်ဆန့်ကျင်ရေးနှင့် ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး မြင့်တက်လာမှုကို ရှုတ်ချကြောင်း ဖော်ပြထားသည့် အဆိုပါကြေငြာချက်ကို ဒုတိယမြို့တော်ဝန် ဒွန် ကူနီက ဖတ်ကြားခဲ့သည်။

    “နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေမှာ မွတ်စလင်ဆန့်ကျင်ရေး၊ ပြောင်းရွှေ့အခြေချမှု ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်လာပါတယ်။ ပြီးတော့ နိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်မိသားစုတွေ၊ ကလေးတွေကို ပစ်မှတ်ထားတဲ့ အမုန်းစကားတွေ အကြမ်းဖက်မှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။ ဒါတွေဟာ ဘေးအန္တရာယ်ကင်းမှုနဲ့ လွတ်လပ်မှုတို့ကို လိုလားတဲ့ ပြည်သူအားလုံးကို ထိခိုက်စေပါတယ်”

    ထို့ပြင် မွတ်စလင်များအား အမေရိကန်သို့ ၀င်ရောက်ခွင့်ကို တားမြစ်ရမည်ဟု ရီပက်ဘလစ်ကန်ပါတီမှ ဒေါ်နယ်ထရမ့်၏ ပြောဆိုမှုမှာ ယုတ္တိမတန်ကြောင်း၊ အမေရိကန်၏ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဒုတိယမြို့တော်ဝန်က ထည့်သွင်းပြောကြားခဲ့သည်။

    မွတ်စလင်လူ့အဖွဲ့အစည်းအား အားပေးထောက်ခံကြောင်း ထိုကဲ့သို့ ကြေငြာချက် ထုတ်ပြန်မှုမှာ မိမိတို့လူ့အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ လေးစားမှုနှင့် မေတ္တာတရားတို့ ဖြန့်ဝေရန် ရည်ရွယ်ကာ၊ အားလုံး ပူးပေါင်းပါဝင်သော လူ့အဖွဲ့အစည်းဖြစ်ရန်၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် လူမျိုးရေး သဟဇာတဖြစ်မှုကို လက်ခံကျင့်သုံးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    အဆိုပါ ကြေငြာချက် ဖတ်ကြားပြီးနောက်မြို့ခန်းမသို့ တက်ရောက်လာကြသည့် ပြည်သူများမှာ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

    Ref: Mlive.com

  • ဇီကာကူးစက်မှုရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်ကြေငြာ

    ဇီကာကူးစက်မှုရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ်ကြေငြာ

    မတ် ၂၂၊ ၂၀၁၆
    M-Media

    zika

    – နိုင်ငံရပ်ခြား မသွားဘူးသော အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး၏ သွေးနမူနာဟောင်းတွင် ဇီကာဗိုင်းရပ်စ်ပိုးကို တွေ့ရှိရကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယနေ့တွင် ကြေငြာလိုက်ပြီး နိုင်ငံအတွင်း ပထမဆုံး ဇီကာ ကူးစက်မှုလည်း ဖြစ်သည်။

    အဆိုပါ အဖိုးအိုမှာ နိုင်ငံအရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်သော စစ်တကောင်းမြို့တွင် နေထိုင်သူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းနေသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဇာဟစ် မာလစ်က ယနေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    အဖိုးအိုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပြင်ဘက်သို့ သွားရောက်ဖူးခြင်းမရှိဘဲ ၎င်း၏ မိသားစုတွင်လည်း ဇီကာကူးစက်သူ မရှိပေ။ ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် သုတေသနဌာနခွဲမှ ညွှန်ကြားရေးမှူးဖြစ်သူ မဟာမူဒူရ် ရဟ်မန်ကမူ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အဖျားဖြစ်ခဲ့သည့် လူ တစ်ထောင်နီးပါး၏ သွေးနမူနာဟောင်းများကို စစ်ဆေးရာတွင် ထိုကဲ့သို့ တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။

    ဇီကာဗိုင်းရပ်စ်မှာ လက်တင်အမေရိကနှင့် ကာရစ်ဘီယံ နိုင်ငံများတွင် ဖြစ်ပွားနေပြီး ဘရာဇီးလ်မှာ ဇီကာဗိုင်းရပ်စ်ပိုး အများဆုံး ကူးစက်ခံရသည့်နိုင်ငံ ဖြစ်နေသည်။ ထိုင်းအပါအ၀င် အာရှနိုင်ငံတစ်ချို့တွင်လည်း ဇီကာကူးစက်မှုများရှိကြောင်း ကြေငြာခဲ့ကြသည်။

    Ref: Channelnewsasia

  • ဆိုမာလီမိုးခေါင်မှုအတွက် ယူအေအီးက အရေးပေါ်အကူအညီများ ပေးပို့

    ဆိုမာလီမိုးခေါင်မှုအတွက် ယူအေအီးက အရေးပေါ်အကူအညီများ ပေးပို့

    မတ် ၂၂၊ ၂၀၁၆
    M-Media

    somali

    – မိုးခေါင်ရေရှားမှုများနှင့် ကြုံတွေ့နေရသည့် ဆိုမာလီနိုင်ငံအား ယူအေအီးနိုင်ငံက အရေးပေါ်အကူအညီများကို သင်္ဘောဖြင့် ယခုတစ်ပတ်အတွင်း ပေးပို့ခဲ့သည်ဟု သိရသည်။

    Sheikh Khalifa Bin Zayed Al-Nahyan ဖောင်ဒေးရှင်းက ဦးဆောင်ကာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး စားနပ်ရိက္ခာ တန်ချိန် ၁၀၆၀ တန် ပါဝင်သည်။ ထိုအစားအသောက်များကို မိုးခေါင်ရေရှားမှုဒဏ် အခံရဆုံး ပြည်နယ် ၃ ခုမှ ပြည်သူများကို ဝေငှသွားမည်ဖြစ်သည်။

    ဖောင်ဒေးရှင်းမှ ပြောရေးဆိုခွင့်ရှိသူကမူ ၎င်းတို့၏ ထောက်ပံ့မှုကို မိသားစုပေါင်း ၈၀၀၀ အား ဖြန့်ဖြူးသွားမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ကြီးကြပ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါ စားနပ်ရိက္ခာများတွင် ဆန်၊ သကြား၊ ဂျုံ၊ စွန်ပလွန်သီး၊ နို့မှုန့် စသည်တို့ ပါဝင်သည်ဟု သိရသည်။

    အာဖရိကတိုက်ရှိ နိုင်ငံတစ်ချို့တွင် မိုးခေါင်ရေရှားမှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး နိုင်ငံတကာမှ အကူအညီများကိုလည်း ပေးပို့နေကြသည်။

    Ref: IINA

  • တက္ကစီယာဉ်မောင်းများ ဆန္ဒပြမှုကြောင့် ဂျကာတာတွင် ပို့ဆောင်ရေးစနစ်များ ရပ်တန့်

    တက္ကစီယာဉ်မောင်းများ ဆန္ဒပြမှုကြောင့် ဂျကာတာတွင် ပို့ဆောင်ရေးစနစ်များ ရပ်တန့်

    မတ် ၂၂၊ ၂၀၁၆
    M-Media

    jakata

    – ဈေးနှုန်းချိုသာသည့် အွန်လိုင်းအခြေပြု တက္ကစီလိုင်းများ နေရာရလာမှုကို ဆန့်ကျင်သည့်အနေဖြင့် အင်ဒိုနီးရှားနိုင်ငံရှိ သာမန် တက္ကစီယာဉ်မောင်းများနှင့် သုံးဘီးယာဉ်မောင်း ထောင်ပေါင်းများစွာမှာ ယနေ့တွင် မြို့တော်ဂျကာတာ၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    PT Blue Bird နှင့် PT Express ကုမ္ပဏီများမှ တက္ကစီများမှာ မြို့အတွင်းရှိ လမ်းမကြီးများတွင် ကားများကို ပိတ်ဆို့ထားခဲ့ကြပြီး အွန်လိုင်းအခြေပြု တက္ကစီများကို မောင်းနှင့်သူများနှင့်လည်း ထိုးကြိတ်မှုများ ဖြစ်ပွားခဲ့သည်။ ထိုဆန္ဒပြမှုကြောင့် မြို့တွင်းရှိ ပို့ဆောင်ရေးနစ်များအားလုံး ရပ်တန့်သွားခဲ့သည်။

    အင်ဒိုနီးရှားရှိ တက္ကစီယာဉ်မောင်းများမှာ ဈေးနှုန်းချိုသာသည့် Uber၊ Grab နှင့် Go-Jek ကဲ့သို့ တက္ကစီလိုင်းများ ပေါ်ပေါက်လာခြင်းကို ဒေါသထွက်နေကြပြီး ထိုကုမ္ပဏီများမှာ အခွန်မပေးဘဲ၊ တရားဝင် ခွင့်ပြုချက်လည်း မရရှိဟု ဝေဖန်ပြောကြားခဲ့ကြသည်။

    ထို့ပြင် ထိုလိုင်းများကြောင့် ၎င်းတို့၏ ၀င်ငွေများ လျော့ကျမှုမှာလည်း ဆန္ဒပြရခြင်း၏ အကြောင်းအရင်းများထဲမှ တစ်ချက်ဖြစ်သည်။ ယနေ့ပြုလုပ်သည့် ဆန္ဒပြမှုမှာ အင်ဒိုနီးရှားရှိ တက္ကစီယာဉ်မောင်းများ၏ တစ်လအတွင်း ဒုတိယမြောက် ဆန္ဒပြမှုလည်းဖြစ်သည်။

    Ref: Aljazeera