News @ M-Media

Author: Ko Lay

  • ဘရပ်ဆဲလ်မှ သားသတ်ပွဲ (သို့)စစ်သွေးကြွဝါဒ၏ သားကောင်များ

    ဘရပ်ဆဲလ်မှ သားသတ်ပွဲ (သို့)စစ်သွေးကြွဝါဒ၏ သားကောင်များ

     

    မတ် ၂၄၊ ၂၀၁၆
    M-Media
    brus 2
    “အကြမ်းဖက်ခြင်း နှင့် အကြမ်းဖက်မှုအပေါ်စစ်ဆင်ခြင်း” တို့သည် မှန်တစ်ချပ်၏ အတွင်းအပြင်ပုံရိပ်များပင်။ (ဓာတ်ပုံ – EPA)

    – ဤတိုက်ခိုက်မှုများမှာ မြို့အသီးသိးရှိ အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားအကြမ်းဖက်သတ်ဖြတ်သောလုပ်ရပ်တို့နှင့် ထပ်တူထပ်မျှဖြစ်နေသည်။

    အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားအကြမ်းဖက်မှု၏ထုံးစံအတိုင်း လတ်တစ်လော ဘရပ်ဆဲလ်တိုက်ခိုက်မှုများ၌ သေကြေဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။

    “ဘယ်လ်ဂျီယံမြို့တော် ဘရပ်ဆဲလ်လေဆိပ်နဲ့ မြေအောက်ဓာတ်ရထားလမ်းကြောင်းထဲ တစ်ချိန်တည်း ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အနောက်တိုင်းဥရောပတစ်ခွင်မှာ အပြင်းအထန် လုံခြုံရေးသတိပေးခဲ့ကြတယ်။ လူသုံးဆယ်အထက် သေဆုံးပြီး ဒဏ်ရာရသူရာဂဏန်းရှိတယ်။ အရေးပေါ်ကုသနေရသူတွေလည်း အများအပြားပါပဲ” ဟု အလ်ဂျဇီးရားမှ သတင်းထုတ်ပြန်ခဲ့သည်။

    နာရီအနည်းငယ်အကြာတွင် ISIL အုပ်စု၏လက်ချက်ဖြစ်ကြောင်း အီရတ်ရှိ ISIL ထောက်ခံသူများဟု ယူဆရသူများ၏ တွစ်တာအကောင့်တစ်ခုမှ “သားသတ်ကွင်းလုပ်ဖို့ ငါတို့ လာပြီ” ဟူသော အသားယူရေးသားချက်အရ သိရသည်။

    “ဘယ်လ်ဂျီယံက IS ကို ဗုံးကြဲချင်ခဲ့တယ် မဟုတ်လား။ ခုတော့ မင်းတို့ရဲ့လက်တွေက ဒဏ်ရာကို မြည်းကြည့်ဦး” ဟူ၍လည်း ယုတ်ညံ့စွာရေးသားထားကြကြောင်း တွေ့နိုင်ပေမည်။

    အလားတူစွာပင် အစ္စလာမ်ကိုရှုတ်ချရေး၊ မွတ်စ်လင်မ်များအား အပုပ်ချရေး၊ နိုင်ငံခြားသားမုန်းတီးရေး စသော ငွေကြေးတောင့်တင်းသည့် လက်ျာစွန်းရောက် မှိုင်းတိုက်အုပ်စုများကလည်း အပြန်အလှန် ရေးသားနေကြ၏။ လက်ရှိတွင် ထိုအရေးတို့ကို စံပြလုပ်ဆောင်နေသူများမှာ ရီပတ်ပလီကန်အမတ်လောင်းများဖြစ်သော ဒေါ်နယ်ထရမ့်နှင့် တက်ဒ် ခရုဇ် ကဲ့သို့လူစားများ ဖြစ်သည်။

    စနစ်တကျကြံစည်ထားသော အကြမ်းဖက်မှု

    သို့ဖြစ်ရာ ယင်းသံသရာဆိုးက ရှေ့ဆက် သက်ဆိုးရှည်ဦးပေမည်။ လူသတ်ရာဇ၀တ်ကောင်များသည် အပြစ်မဲ့ပြည်သူများကိုပစ်မှတ်ထား၍ စံနစ်တကျကြံစည်ထားသောအကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လေ့ရှိကြသည်။ အစ္စလာမ်အပေါ်တစ်ဖက်သတ်ရွံကြောက်နေကြသည့် နာဇီလက်သစ်များအနက် စိတ်တူကိုယ်တူများသည်လည်း ၎င်းတို့၏ဘက်တော်သားများ အကြမ်းဖက်မှုသံသရာမှ ရှောင်ကွင်းလိုက်သည့်နေရာတွင် အစားထိုးဝင်ရောက်လာကြပြန်သည်။

    ဘရပ်ဆဲလ်မှ ဘေရွတ်၊ ပဲရစ်မှ အစ္စတန်ဘူလ်၊ ဘဂ္ဂဒက်မှ ဆန်ဘာနာဒီနိုအထိ ကမ္ဘာတစ်ဝှန်း အပြစ်မဲ့လူထုများမှာ ဤသံသရာဆိုးထဲ ဆွဲသွင်းခံနေကြရ၏။

    ဤသံသရာဆိုးအား အမျိုးအစားအလိုက် ချိုးဖျက်ရန်၊ အယူအဆရေးရာ ထွက်ပေါက်ပေးရန် လိုအပ်နေပေသည်။ ဘရပ်ဆဲလ်၌ အပြစ်မဲ့ပြည်သူတို့အပေါ်သက်ရောက်သည့် သတ်ဖြတ်ပွဲမှာ အစ္စလာမ်လောက၌ အပြစ်မဲ့ပြည်သူတို့အပေါ် သက်ရောက်သည့် သတ်ဖြတ်ပွဲ၏ ထိုးထွက်လာမှုဖြစ်သည်၊ တုန့်ပြန်မှု (တစ်နည်း) ကလဲ့စား မဟုတ်ချေ။

    ISIL အလံ၏၀န်းကျင်၌ ရာဇ၀တ်ကောင်များ စုရုံးရောက်ရှိလာရာဝယ် ကမ္ဘာအနှံ့ ယုတ်မာရက်စက်မှုများ ကျူးလွန်ပြုလုပ်လာကြသည်။ အနောက်တိုင်း၏ စော်ကားချက်များအပေါ် လက်စားချေလုပ်ရပ်များအဖြစ် ၎င်းတို့က ဖော်ပြကြသည်။ ထိုအရာတို့သည် လက်စားချေသော၊ တုန့်ပြန်သောလုပ်ဆောင်ချက်များ မဟုတ်ကြ။ စင်စစ်၌ နေရာဒေသအသီးသီးရှိ အပြစ်မဲ့လူထုများအပေါ် ပစ်မှတ်ထား၍ အကြမ်းဖက်သတ်ဖြတ်သည့်လုပ်ရပ်များနှင့် အတူတူပင်ဖြစ်၏။

    မိမိကိုယ်ကို ISIL ဟု ခေါ်ဆိုနေကြသည့် လူသတ်အုပ်စုသည် ကလိန်ဥာဏ်သမားများ၊ မိစ္ဆာ၏အဆက်အနွယ်များဖြစ်ပြီး “တိုက်ပွဲဝင်နေကြသူများ” ဟုဆိုကာ အရေခြုံထားကြ၏။

    ISIL နှင့် အစ္စလာမ်မုန်းတီးသူများ

    မိမိတို့မှာ အပြစ်ကင်းသူများဖြစ်သည်၊ အဆိုပါအကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်မှုမရှိပါ ဟူသည့် စကားထောင်ချောက်အတွင်းသို့ မွတ်စ်လင်မ်များ မသက်ဆင်းအပ်။ စင်စစ် အပြစ်မကင်းကြပေ။ ကမ္ဘာကြီးပူနွေးလာသည့်ပြဿနာမှာ မိမိတို့နှင့်မသက်ဆိုင်ဟု ပြောဆိုခြင်းကဲ့သို့ဖြစ်နေ၏။

    ရာဇ၀တ်မှု နှင့် အပြစ်မရှိကြောင်းကြေငြာခြင်းတို့အကြားတွင် ယုတ္တိတန်သောအဆက်အစပ် မရှိပါ။ ဤသည်မှာ အစ္စလာမ် မဟုတ် – အစ္စလာမ်သည် ငြိမ်းချမ်းသောသာသနာဖြစ်၏ – မွတ်စ်လင်မ်အများစုမှာ ငြိမ်းချမ်းစွာနေထိုင်သူများဖြစ်၏ ဟူ၍ ကြေငြာနေခြင်းသည်ပင်လျှင် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအား အပြစ်တင်ရန် လမ်းဖွင့်ပေးရာရောက်နေပါသည်။

    ဥရောပနှင့် အမေရိကရှိ ဝေဖန်ရေးသမားများသည်လည်း မွတ်စ်လင်မ်တို့အား ယင်းသို့သော စွပ်စွဲချက်အပေါ် ချေပနေခြင်းကို ရပ်တန့်ရပေမည်။ အမှန်တကယ်မရှိသောအရာအား ဟန်ပြတာဝန်ယူပြနေသကဲ့သို့ဖြစ်နေ၏။

    မွတ်စ်လင်မ်တို့သည် မိမိကိုယ်ကို ကာကွယ်ချေပလေ၊ အမေရိကနှင့်ဥရောပနိုင်ငံများရှိ စေတနာလွန်သူတို့မှ မွတ်စ်လင်မ်တို့အား အပြစ်တင်မှုသက်သာအောင် ပြုလုပ်လေလေ၊ ဤသံသရာဆိုးကြီး အဓွန့်ရှည်လေလေ ဖြစ်နေပေသည်။

    ဤသည်မှာ ပုံစံတူစစ်မက်ပွဲစားနှစ်ဖွဲ့ဖြစ်ကြသော ISIL နှင့် အစ္စလာမ်မုန်းတီးသူများကို ပေါင်းစည်းပေးလိုက်သည့် ထောင်ချောက်တစ်ခု၊ အယူအဆရေးရာ ပရိယာယ်တစ်ရပ်၊ ကောလဟလတစ်မျိုး၊ ယုတ္တိဗေဒကျကျ အထင်လွဲမှားစေခြင်းတစ်မျိုး ဖြစ်သည်။ ထိုနှစ်အုပ်စုစလုံးမှာ တကယ်မရှိသည့်အရာကို အသွင်ယူထားခြင်းတည်း။

    ISIL သည် အမေရိကန်နှင့်ဥရောပသမဂ္ဂ၏ စစ်သွေးကြွဝါဒကို ပုံပြောင်း၍ အသွင်ဆောင်ထားခြင်းဖြစ်၏။ ယင်းစစ်သွေးကြွဝါဒ၏ တုန့်ပြန်ထွက်လာချက်မဟုတ်ပေ။ သတ်ဖြတ်ဖျက်ဆီးရေးယန္တရား၏ အကြမ်းကိုယ်ထည်ပစ္စည်းအတွင်းမှ ထိန်းချုပ်လည်ပတ်စေသည့်အပျော့ထည်ပရိုဂရမ် software တစ်ခုသာ ဖြစ်ပေသည်။

    ISIL ကို စီအိုင်အေ သို့မဟုတ် အလားတူ အဖွဲ့မျိုးမှ တီထွင်ထားခြင်း ဟုတ်မဟုတ်ဆိုသည်မှာ မရေရာသော်လည်း – အမေရိကန်၏ ပူးပေါင်းပါဝင်တီထွင်ထားချက် မဟုတ်သော်လည်း ယုတ္တိဗေဒအရ ဆန်းစစ်သော် အမေရိကန်စစ်သွေးကြွဝါဒမှ ဆင့်ပွားထွက်ရှိလာခြင်း ဖြစ်သည်။

    အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ၀င်ရောက်ကျူးကျော်ခြင်း၊ သိမိးပိုက်ခြင်း၊ ဗုံးကြဲခြင်း၊ မောင်းသူမဲ့လေယာဉ် drone ဖြင့် တိုက်ခိုက်ခြင်း၊ ပြင်းထန်သောပိတ်ဆို့ခြင်းကို ခံစားကြရသည့် သားကောင်များကိုကြည့်လျှင် အီရတ်၊ ဆီးရီးယား၊ တူရကီမှသည် ပြင်သစ်၊ အမေရိကန်၊ မာလီအထိရှိကြသော ISIL ၏တိုက်ခိုက်ခံရမှုသားကောင်များနှင့် ထပ်တူထပ်မျှ ဖြစ်နေသည်ကို တွေ့ကြရပေမည်။

    ကမ္ဘာ့ ရှေ့နောက်တောင်မြောက် အရပ်တစ်ခွင်ရှိ အပြစ်မဲ့ပြည်သူကျွန်ုပ်တို့မှာ သဘောတရားဆန့်ကျင်ဖက် အုပ်စုနှစ်ရပ်အပေါ် ဆန့်ကျင်ရင်ဆိုင်နေရသည်မဟုတ်ပါလေ။

    ပြင်သစ် သို့မဟုတ် အာရဗ်ဖြစ်စေ၊ ခရစ်ယာန် သို့မဟုတ် မွတ်စ်လင်မ်ဖြစ်စေ၊ ဘယ်လ်ဂျီယံ သို့မဟုတ် တူရကီဖြစ်စေ ကျွန်ုပ်တို့အားလုံးသည် တစ်ခုတည်းသော စစ်သွေးကြွဝါဒ၏ သားကောင်ဘ၀သို့ ထပ်တူထပ်မျှ ကျရောက်နေပေသည်။

    ဘရပ်ဆဲလ် သို့မဟုတ် ဘေရွတ်မှဖြစ်စေ၊ ပဲရစ် သို့မဟုတ် အဲလစ်ပိုမှဖြစ်စေ၊ ဆန်ဘာနာဒီနို သို့မဟုတ် အစ္စတန်ဘူလ်မှဖြစ်စေ၊ အကြမ်းဖက်လုပ်ကြံမှု၏ သားကောင်တိုင်းအား ကျွန်ုပ်တို့မှ ပူဆွေးဝမ်းနည်းမှု ဖော်ပြကြသည့်အတိုင်း – “အကြမ်းဖက်ခြင်း နှင့် အကြမ်းဖက်မှုအပေါ်စစ်ဆင်ခြင်း”တို့အကြား အကြမ်းဖက်သံသရာဆိုး ဆက်လက်လည်ပတ်သွားအောင် ဥာဏ်ဆင်ထားသည့် ထောင်ချောက်ထဲသို့ သားကောင်အဖြစ် မကျရောက်စေရန် ကျွန်ုပ်တို့မှ ကြံ့ကြံ့ခံသွားကြရပါမည်။

    “အကြမ်းဖက်ခြင်း နှင့် အကြမ်းဖက်မှုအပေါ်စစ်ဆင်ခြင်း” တို့သည် မှန်တစ်ချပ်၏ အတွင်းအပြင်ပုံရိပ်များပင်။

    ကျွန်ုပ်တို့သည် ၎င်းသဘောတရားဆိုးနှစ်ရပ်စလုံးနှင့် ပတ်သက်သည်မဟုတ်ကြ။ မွတ်စ်လင်မ်၊ ခရစ်ယာန်၊ ဂျူး၊ အခြားဘာသာဝင်များ၊ ဥရောပသား၊ အာရဗ်များ၊ အမေရိကန်နိုင်ငံသား၊ အာရှသား – မည်သူပင်ဖြစ်စေကာမူ ကျွန်ုပ်တို့အားလုံးသည် ၎င်း၏သားကောင်များသာ ဖြစ်နေကြရပေသည်။

    Ref : Al Jazeera

    (နျူးယော့ခ်၊ ကိုလံဘီယာတက္ကသိုလ်၊ အီရန်နိုင်ငံရေးရာနှင့် စာပေအနုပညာနှိုင်းယှဉ်လေ့လာရေးဋ္ဌာန၊ ပါမောက္ခ Hamid Dabashi ၏ The slaughter of the innocent in Brussels ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • ဘရပ်ဆဲလ်တိုက်ခိုက်မှုတွင် ပါဝင်သူတစ်ဦးကို တူရကီက သတိပေးခဲ့သော်လည်း ဘယ်လ်ဂျီယံ လစ်လျူရှုခဲ့

    ဘရပ်ဆဲလ်တိုက်ခိုက်မှုတွင် ပါဝင်သူတစ်ဦးကို တူရကီက သတိပေးခဲ့သော်လည်း ဘယ်လ်ဂျီယံ လစ်လျူရှုခဲ့

    မတ် ၂၄၊ ၂၀၁၆
    M-Media

    bel 3
    နဂျင်မ် လာချရူအီ၊ ဘာ့က်ရူအီနှင့် ခါလစ်

    – ဘရပ်ဆဲလ်လေဆိပ် အသေခံဗုံးခွဲသူနှစ်ဦးမှ တစ်ဦးနှင့်ပတ်သက်၍ မိမိတို့က သတိပေးခဲ့သော်လည်း ဘယ်လ်ဂျီယံအာဏာပိုင်များက လစ်လျူရှုခဲ့သည်ဟု တူရကီက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ ဖောက်ခွဲရေးသမားမှာ ဘရာဟင် အလ်-ဘာ့က်ရူအီဆိုသူဖြစ်ပြီး တူရကီသမ္မတ အာဒိုဂန်က မိမိတို့မှာ ၎င်းအား ပြီးခဲ့သည့်နှစ်က ဆီးရီးယားနယ်စပ်ရှိ ဂါဇင်တက်ပ်မြို့တွင် ဖမ်းမိခဲ့ခြင်းဖြစ်ကာ ၎င်း၏ မေတ္တာရပ်ခံမှုအရ နယ်သာလန်သို့ နယ်နှင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “သူ့ကို နယ်နှင်လိုက်တဲ့အကြောင်း ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့မှာ အန်ကာရာမှာရှိတဲ့ ဘယ်လ်ဂျီယံသံရုံးကို အကြောင်းကြားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူ့ကို လွှတ်ပေးလိုက်တယ်။ သူဟာ နိုင်ငံခြား အကြမ်းဖက်တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်တယ်လို့ ကျွန်တော်တို့ သတိပေးခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယံအာဏာပိုင်တွေက အကြမ်းဖက်ဝါဒနဲ့ ဆက်စပ်ပြီး မလိုက်ခဲ့ပါဘူး” ဟု အာဒိုဂန်က ပြောကြားခဲ့သည်။

    သို့သော်လည်း နယ်သာလန်မှ ဘယ်လ်ဂျီယံသို့ မည်သို့မည်ပုံ လွှဲပြောင်းပေးခဲ့သည်ဆိုသည်နှင့် ပတ်သက်၍ အာဒိုဂန်က ပြောကြားခဲ့ခြင်းမရှိပေ။ ဘယ်လ်ဂျီယံကမူ တူရကီ၏ ထိုပြောကြားမှုများအတွက် မည်သည့်မှတ်ချက်မှ မပေးသေးပေ။

    ဘာ့က်ရူအီ၊ လေဆိပ်တွင် အသေခံဗုံးခွဲသူဟု ယူဆရသူ နဂျင်မ် လာချရူအီနှင့် ဘူတာရုံတွင် အသေခံဗုံးခွဲသည်ဟု ယူဆရသူ ခါလစ်တို့ ၃ ဦကို လုံခြုံရေးကင်မရာမှတစ်ဆင့် တွေ့ရှိခဲ့ရပြီး ခါလစ်မှာ ဘာ့က်ရူအီ၏ ညီဖြစ်သည်။ လေဆိပ်တွင် ဗုံးခွဲသူအခြားတစ်ဦးမှာ ပေါက်ကွဲမှု မဖြစ်ပွားခင် ထွက်သွားခဲ့ပြီး ရဲတပ်ဖွဲ့ကမူ ၎င်းအား ရှာဖွေမှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • ကိုယ်ပိုင်စံချိန်ကို ထပ်မံချိုးဖျက်ချင်သည်ဟု ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ပြော

    ကိုယ်ပိုင်စံချိန်ကို ထပ်မံချိုးဖျက်ချင်သည်ဟု ဂျူဗင်တပ်စ်ဂိုးသမား ဘူဖွန်ပြော

    မတ် ၂၄၊ ၂၀၁၆
    M-Media

    buffon

    – စီးရီးအေတွင် မိမိတင်ထားသည့် အကြာဆုံး ဂိုးမပေးရသောစံချိန်ကို မိမိကိုယ်တိုင် ချိုးဖျက်သွားရန် ယုံကြည်နေသည်ဟု ဂျူဗင်တပ်စ်နည်းပြ ဘူဖွန်က ပြောကြားလိုက်သည်။

    အသက် ၃၈ နှစ်အရွယ်ရှိ ဘူဖွန်မှာ ပြီးခဲ့သည့်တစ်ပတ်က ၉၇၄ မိနစ် ဂိုးမပေးရသည့်စံချိန်ကို တင်နိုင်ခဲ့ပြီး အေစီမီလန်ဂိုးသမားဟောင်း ဆီဘက်စတီယာနို ရော့စီ တင်ထားသော ဂိုးမပေးရသည့် အကြာဆုံးစံချိန်ကို ၂၂ နှစ်ကြာပြီးနောက် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။

    ဘူဖွန်ကမူ ထိုစံချိန်ကို ၎င်းကိုယ်တိုင် ထပ်ချိုးချင်နေပြီး ရီးယဲလ်ဂိုးသမားဟောင်း ကာဆီးလက်စ်ကိုလည်း ချီးကျူးပြောကြားခဲ့သည်။

    “ကာဆီးလက်စ်နဲ့ ကျွန်တော်တို့ဟာ တော်တော်လေးပါးနပ်တဲ့ဂိုးသမားတွေ ဖြစ်လာကြပါတယ်။ အခုအချိန်အထိ နေရာရနေတာက ကျွန်တော်တို့ဟာ အများနဲ့မတူ တစ်မူထူးခြားတာတွေကို လုပ်ဆောင်ခဲ့တာကြောင့်လို့ သတ်မှတ်လို့ရပါတယ်။ ကျွန်တော်က အမြဲတမ်း ရေကုန်ရေခမ်း ပေးဆပ်ပါတယ်။ ပွဲတစ်ပွဲနိုင်ဖို့အတွက် ကျွန်တော့်ကို ထည့်သုံးရမလားဆိုတာကတော့ နည်းပြက ဆုံးဖြတ်မှာပါ။ ကျွန်တော့်ရဲ့ စံချိန်သစ်အတွက် ပျော်ရွှင်မိပါတယ်။ အဲဒီပျော်ရွှင်မှုကိုလည်း အသင်းသားတွေနဲ့ မျှဝေခံစားပါတယ်။ အခုကျွန်တော် နောက်ထပ် ၄၂ မိနစ် ဂိုးမပေးရပါဘူး။ ဒါ့ကြောင့် ကျွန်တော်တင်ထားတဲ့စံချိန်ကို ချိုးဖို့ အဆင်သင့်ဖြစ်နေပါတယ်” ဟု ဘူဖွန်က ပြောကြားခဲ့သည်။

    Ref : Goal

  • ဘရပ်ဆဲလ်မတိုင်ခင် အခြားနေရာက အကြမ်းဖက် တိုက်ခိုက်မှုတွေကို မီဒီယာတွေမှာ ဘာ့ကြောင့် မမြင်ရတာလဲ

    ဘရပ်ဆဲလ်မတိုင်ခင် အခြားနေရာက အကြမ်းဖက် တိုက်ခိုက်မှုတွေကို မီဒီယာတွေမှာ ဘာ့ကြောင့် မမြင်ရတာလဲ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    turkey 1
    တူရကီအကြမ်းဖက်မှုနောက်ဆက်တွဲ မြင်ကွင်းတစ်ခု

    – အနည်းဆုံး လူ ၃၀ သေဆုံးကာ ၂၃၀ ခန့်ဒဏ်ရာရခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဖြစ်ရပ်ဆိုးကြီးကို ကမ္ဘာကြီးက ၀မ်းနည်းပက်လက်ဖြစ်နေမည်ဆိုပါက မကြာသေးမီက တူရကီ၌ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် သေဆုံးသွားသူများအတွက် ၀မ်းနည်းသည်ဟု ပြောကြားရန်လည်း အရေးကြီးပေသည်။

    တူရကီမှ ထိုတိုက်ခိုက်မှုနှစ်ခုစလုံးက ပြီးခဲ့သည့် ၁၀ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အဓိကမီဒီယာများက ထိထိရောက်ရောက် ဖော်ပြခြင်းမပြုခဲ့။

    မတ်လ ၁၃ ရက်နေ့ တနင်္ဂနွေနေ့တွင် တူရကီမြို့တော် အန်ကာရာ၌ ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်မှုတွင် လူ ၃၆ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်။ ရက်အနည်းငယ်အကြာတွင်ပင် IS နှင့်ပတ်သက်သူ အသေခံဗုံးခွဲသမားတစ်ဦးက အစ္စတန်ဘူလ်ရှိ ကမ္ဘာလှည့်ခရီးသွားများဖြင့်စည်ကားရာ နေရာတွင် ဗုံးခွဲခဲ့ပြီး ၄ ဦး သေဆုံးခဲ့သည်။

    ဆိုရှယ်မီဒီယာသုံးစွဲသူများက ပြီးခဲ့သည့်နှစ် ပဲရစ်မြို့ရှိ ချာလီဟဘ်ဒို မဂ္ဂဇင်းတိုက်နှင့် ဘာတက်လန် ကုန်တိုက်တို့ တိုက်ခိုက်မှု၊ ယခု ဘရပ်ဆဲလ်မြို့ တိုက်ခိုက်မှု စသည်တို့တွင် ကမ္ဘာကြီး၏ တုံ့ပြန်မှုမျိုး တူရကီတိုက်ခိုက်မှုများတွင် ပြသကြရန် တောင်းဆိုခဲ့သည်။

    အန်ကာရာတိုက်ခိုက်မှုကို မီဒီယာများက ဖော်ပြရာတွင် ပြီးခဲ့သည့် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် ချာလီဟဘ်ဒိုတိုက်ခိုက်မှုအား ဖော်ပြခဲ့သည့် ပုံစံမျိုးနှင့် လားလားမျှမဆိုင်။ ထိုစဉ်က တိုက်ခိုက်မှုကို အဆက်မပြတ် ဖော်ပြခဲ့သော်လည်း ယခု အန်ကာရာတိုက်ခိုက်မှုကို ၀တ်ကျေတန်းကျေမျှသာ ဖော်ပြကြသည်။ လွတ်လပ်သော မီဒီယာဝေဖန်ရေးသမားများက အဆိုပါ ချာလီဟဘ်ဒိုတိုက်ခိုက်မှုနှင့် တစ်ချိန်တည်းလိုလို ဖြစ်ပွားခဲ့ပြီး ၄၃ ဦးသေဆုံးခဲ့သည့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှုအား အဓိကမီဒီယာများက ထိထိရောက်ရောက် မဖော်ပြခြင်းအတွက်လည်း ဝေဖန်ထောက်ပြခဲ့ကြသည်။ ဘေရွတ်တိုက်ခိုက်မှုအတွင်း ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပြီး မီဒီယာများကတော့ သူပြောငါပြောလောက်သာ ရေးကြသည်။

    တကယ်တော့ ဘေရွတ်ဗုံးခွဲမှုကို မီဒီယာများက လုံးဝ ထိန်ချန်ထားခဲ့သည်တော့မဟုတ်။ အမေရိကန်ရှိ အဓိက သတင်းစာများဖြစ်သော New York Times နှင့် Washington Post၊ ထင်ရှားသည့် သတင်းမဂ္ဂဇင်း The Economist နှင့် အတင်းအဖျင်း သတင်းများကို ဖော်ပြသည့် Daily Mail တို့က ထိုသတင်းကို အနည်းဆုံး ၁ ပုဒ်တော့ ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုဖော်ပြမှုများက ချာလီဟဘ်ဒို တိုက်ခိုက်မှုမျိုးကဲ့သို့ ၂၄ နာရီပတ်လုံး၊ သီတင်းပတ်တစ်ပတ်လုံး အဆက်မပြတ်ဖော်ပြမှုမျိုး မဟုတ်သည်ကိုတော့ လူတိုင်းသိကြသည်။

    ပဋိပက္ခများဖြစ်ပွားနေသော ဒေသများထက် အနောက်နိုင်ငံများတွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများကို မီဒီယာများက သိသိသာသာပင် ဘက်လိုက်ဖော်ပြနေကြသည်။ ဥပမအားဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြားတွင် ကင်ညာနိုင်ငံ၌ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၃၇၀ သေဆုံးခဲ့ကာ ၁၁၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။ ကမ္ဘာ့အကြမ်းဖက်မှုဆိုင်ရာမှတ်တမ်းဌာန (Global Terrorism Database) ရှိ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်တွင် လက်ဘနွန်၌ အနည်းဆုံး အကြမ်းဖက်တိုက်ခိုက်မှုပေါင်း ၂၀၀ ဖြစ်ပွားခဲ့ပြီး လူ ၁၁၄ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

    အခြားတစ်ဖက်တွင် ပြင်သစ်နိုင်ငံ၌ အကြမ်းဖက်မှုမှာ ၂၀၁၄ ခုနှစ်တွင် ၁ ခုသာ ဖြစ်ပွားခဲ့လေသည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီတွင်ဖြစ်ပွားသည့် ချာလီဟဘ်ဒို တိုက်ခိုက်မှုအတွင်း ပဲရစ်ပြည်သူ တစ်ဒါဇင်ခန့် သေဆုံးခဲ့ပြီး ထိုဖြစ်ရပ်က ကမ္ဘာတစ်ဝှမ်းတွင် ပြောမဆုံးနိုင်သည့်ဇာတ်လမ်း ဖြစ်ခဲ့လေသည်။

    အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုဒဏ် ခံရသူများကို ပဲရစ်တိုက်ခိုက်မှုကဲ့သို့ မီဒီယာများက စာနာထောက်ထားစွာ ဖော်ပြမှုမရှိခြင်းမှာ ဆင်ခြေပေးရန်မလိုသည့် ကိစ္စဖြစ်သည်။ ပဲရစ်တိုက်ခိုက်မှုကို New York Times သတင်းစာက ဖော်ပြရာတွင် ဇာတ်နာစေရန်အတွက် တိုက်ခိုက်မှုမဖြစ်ခင် မြို့တွင်းရှိ အားကစားပြိုင်ပွဲများ ပြုလုပ်နေခြင်း၊ ညစာထွက်စားသော ပြည်သူများ၊ ပဲရစ်၏ ညဘက်ဘ၀ကို ပျော်ရွှင်ခံစားနေသူများအကြောင်းကို သာသာထိုးထိုး ဖော်ပြကြသည်။

    အမှန်တော့ ကင်ညာပြည်သူများနှင့် လက်ဘနွန်ပြည်သူများကလည်း ညစာထွက်စားကြသည်။ အားကစားပွဲများကို စောင့်ကြည့်တတ်ကြသည်။ အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ၎င်းတို့သည်လည်း ဆောက်တည်ရာမရ ဖြစ်သွားခဲ့ကြသည်။ သို့သော် Times ကဲ့သို့သော သတင်းစာများကတော့ ကမ္ဘာလှည့်ခရီးသွားများကြား လူကြိုက်များသည့် ဒေသများရှိ ထိခိုက်ခံစားရသူများအတွက် ဖွဲ့နွဲ့ရေးသားကြသလိုမျိုး ဝေးလံခေါင်ဖျားသော ဒေသများမှ ထိခိုက်သူများအတွက် ရေးသားဖော်ပြခြင်း မရှိကြ။

    Slate.com ဆောင်းပါးရှင် ဂျက်စတင်ပီတာက အယ်ဒီတာများ၏ သတင်းအပေါ် အဆင့်သတ်မှတ်မှုကို “ခွေးက လူကိုကိုက်တာ သတင်းမဟုတ်။ လူက ခွေးကိုကိုက်တာ သတင်းလုပ်ကြတယ်” ဟု မှတ်ချက်ပေးခဲ့သည်။ ဥရောပနှင့် မြောက်အမေရိကန်တို့မှ၍ အခြားသောတိုက်ကြီးများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပါက အနောက်တိုင်းသားတို့ တုတ်တုတ်တောင်မလှုပ်ကြ။ ထို့ကြောင့် ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့ကဲ့သို့ အနောက်နိုင်ငံများတွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများက ကင်ညာနှင့် လက်ဘနွန်တို့ကဲ့သို့ နိုင်ငံများတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများထက် မီဒီယာတွင် ပိုမိုသာသာဖော်ပြမှုများ ဆက်လက်ရှိနေမည်မှာ မေးစရာမလိုသည့် ကိစ္စဖြစ်သည်။

    ထိုတိုက်ခိုက်မှုတစ်ခုချင်းစီကို မည်သို့ပင်ဖောပြနေပါစေ ကမ္ဘာသူကမ္ဘာသားစိတ်ဓာတ် ထားရှိခြင်းနှင့် ပဲရစ်တိုက်ခိုက်မှု၊ ဘရပ်ဆဲလ်တိုက်ခိုက်မှုများတွင် ထိုခိုက်ခံစားသူများကို စာနာသကဲ့သို့ အရှေ့အလယ်ပိုင်းမှ အကြမ်းဖက်မှုများ၏ သားကောင်ဖြစ်နေသူများကိုလည်း တူညီသော စာနာစိတ်ထားခြင်းမှာ မိမိတို့ စာဖတ်သူများ၏ တာဝန်သာ ဖြစ်ပေတော့သည်။

    Ref: Usuncut

  • ဟင်းရွက်ဆီက ဆီးချိုဖြစ်မှုကို နှေးကွေးစေနိုင်

    ဟင်းရွက်ဆီက ဆီးချိုဖြစ်မှုကို နှေးကွေးစေနိုင်

    မတ် ၂၃၊ ၂၀၁၆
    M-Media

    diabates

    – အခွံမာသီးမှ အစေ့များနှင့် ဟင်းရွက်ဆီတို့ကဲ့သို့ အရာများကို စားသုံးခြင်းက အဆင့် ၂ ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးသည်ဟု ယူကေသိပ္ပံညာရှင်များ၏ လေ့လာမှုအရ သိရသည်။

    ပညာရှင်များမှာ အစောပိုင်းက ကိုယ်အလေးချိန်လျှော့ချမှုမှာ ဆီးချိုဖြစ်နိုင်သည့် အခြေအနေမှ အဆင့် ၂ သို့ မရောက်ရှိစေရန်အတွက် ကာကွယ်ပေးနိုင်သည်ဟု ထင်မှတ်ခဲ့သော်လည်း ယခု လေ့လာမှုအသစ်အရ အစားအသောက်တွင် ရွေးချယ်စားသောက်ခြင်းဖြင့် ထိုကဲ့သို့ သက်ရောက်မှု ရှိနိုင်သည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    သုတေသနတွင် အားကစားသမား၊ အ၀လွန်သူ၊ ဆီးချိုဖြစ်နိုင်ချေရှိသူနှင့် အဆင့် ၂ ဆီးချိုဖြစ်နေသူများ၊ သာမန်လူကောင်း စုစုပေါင်း ၇၀ ကျော်တို့၏ သွေးအတွင်းရှိသော ဂလူးကို့စ်အခြေအနေကို စောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့စောင့်ကြည့်ရာတွင် အခွံမာသီးအစေ့များနှင့် ဟင်းရွက်ဆီတို့ကို စားသုံးသောသူများမှာ သကြားအတွင်း အချိုဓာတ်နှင့် အဆီမြင့်တက်မှုများမှာ နှေးကွေးသည်ကို တွေ့ခဲ့ရသည်။

    စမ်းသပ်မှုတွင် ပါဝင်သည့် ဒေါက်တာ နီကိုလာ ဂက်စ်ကမူ ယခုလေ့လာမှုမှာ ဆီးချိုရောဂါဖြစ်နိုင်သည့် အခြေအနေများတွင် ရောဂါပိုမတိုးလာစေရေး နေ့စဉ်စားသောက်မှု ဆင်ခြင်ရန် အကြံပေးနိုင်မည်လားဆိုသည်နှင့်ပတ်သက်၍ ပထမဆုံး ရှာဖွေတွေ့ရှိမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: IINA