News @ M-Media

Author: Ko Lay

  • ယနေ့မနက်တွင် မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

    ယနေ့မနက်တွင် မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ပစ်လွှတ်

    မတ် ၁၀၊ ၂၀၁၆
    M-Media

    north 4

    – အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ သမိုင်းတစ်လျှောက် အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေသည့်အချိန်တွင် မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်နှစ်စင်းကို ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောကြားလိုက်သည်။

    ယနေ့မနက် ဒေသစံတော်ချိန် ၅ နာရီ မိနစ် ၂၀ က မြောက်ကိုရီးယားရှိ ဟွမ်ဟေးပြည်နယ်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး ကီလိုမီ ၅၀၀ ခန့် ပျံသန်းသွားပြီးနောက် တောင်ကိုရီးယား ၀ွန်ဆန်မြို့၏ အရှေ့မြောက်ဖက် အရှေ့ပင်လယ် (ဂျပန်ပင်လယ်)အတွင်းသို့ ကျသွားခဲ့သည်ဟု ဆိုသည်။

    တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်ကမူ မိမိတို့အနေဖြင့် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေပြီး မြောက်ကိုရီးယား၏ မည်သည့်ရန်စမှုမျိုးကိုမဆို တုံ့ပြန်သွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ၎င်းတို့၏ အချုပ်အခြာအာဏာကို ထိပါးသည်ဟု ယူဆထားပြီး၊ နျူလက်နက်ဖြင့် တုံ့ပြန်သွားမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ခြိမ်းခြောက်ပြောဆိုထားသည်။

    Ref: RT

  • မန်ယူ၏လွှမ်းမိုးမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု ဗန်ဂါးလ်ပြော

    မန်ယူ၏လွှမ်းမိုးမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု ဗန်ဂါးလ်ပြော

    မတ် ၁၀၊ ၂၀၁၆
    M-Media

    mu

    – ပရီးမီးယားလိဂ်တွင် မန်ယူအသင်း၏ လွှမ်းမိုးမှုမှာ အတိတ်တွင် ကျန်ရစ်ခဲ့ပြီဟု နည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ ယနေ့ညတွင် ယူရိုပါလိဂ် ၁၆ သင်းအဆင့်အဖြစ် ပြည်တွင်းပြိုင်ဘက် လီဗာပူးလ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဗန်ဂါးလ်ကမူ ပရီးမီးယားလိဂ်အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် ပရီးမီးယားလိဂ်မှာ နေရာကောင်းတစ်ခု ဖြစ်နေဆဲဟု ဆိုသည်။

    “မန်ယူနဲ့ လီဗာပူးလ်အကြောင်း ပြောမယ်ဆိုရင် ကျွန်တော်တို့ဟာ ယူရိုပါလိဂ်မှာ ကစားရတာ ပျော်ရွှင်ပါတယ်။ မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီး (ပီအက်စ်ဂျီကိုရှုံး၍ ထွက်ခဲ့ရ) တို့ကလည်း ချန်ပီယံလိဂ်မှာ ကစားနေကြပါတယ်။ (ယူရိုပါလိဂ်မှာ ကစားနေသည့် စပါး အပါအ၀င်) ပရီးမီးယားလိဂ်က ၆ သင်းဟာ ဥရောပမှာ ကစားနေကြပါတယ်။ ဒီအတွက် ဂုဏ်ယူရပါမယ်။ ဒါပေမယ့် ဘောလုံးမှာ ဒါက ပုံမှန်ပါပဲ။ အသင်းတစ်သင်းက နှစ် ၂၀ လောက် ဗိုလ်စွဲနေတာက သာမန်မဟုတ်ပါဘူး။ (မန်ယူမှာ ဖာဂူဆန် နှစ် ၂၀ လောက် လွှမ်းမိုးခဲ့တာက) အတိတ်မှာ ကျန်ခဲ့ပါပြီ။ လက်ရှိမှာ ပစ္စုပ္ပန်ကိုပဲ စဉ်းစားသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဂျပန်ကူညီမည်

    မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး ဂျပန်ကူညီမည်

    မတ် ၁၀၊ ၂၀၁၆
    M-Media

    japan 7

    – စက်မှုလုပ်ငန်း၊ ပညာရေးကဏ္ဍတို့နှင့် ဆက်နွယ်ကာ မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းရန် ဂျပန်အစိုးရက စီစဉ်နေသည်ဟု သိရသည်။

    မတ်လ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းဖွယ်ရှိသည့် အဆိုပါအဖွဲ့တွင် အီလက်ထရောနစ် ကုမ္ပဏီကြီးများဖြစ်သော Mitsubishi နှင့် Hitachi တို့အပါအ၀င် စီးပွားရေးလုပ်ငန်းနှင့် အသင်းအဖွဲ့ စုစုပေါင်း ၆၀ ခန့် ပါဝင်မည်ဖြစ်ပြီး တိုကျို တက္ကသိုလ်ကလည်း ပူးပေါင်း ကူညီသွားမည်ဖြစ်သည်။

    အစီအစဉ်၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အလားအလာရှိသော လူငယ်များကို ဂျပန်နိုင်ငံတွင် ပညာသင်ကြားရေးနှင့် အလုပ်လုပ်ကိုင်ရေး ဆွဲဆောင်ရန်ဖြစ်ပြီး၊ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ကြီးထွားလာသော ဈေးကွက်အတွင်း ဂျပန်လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ရာတွင် အထောက်အကူဖြစ်စေရန် ဖြစ်သည်။

    ထိုအဖွဲ့မှာ ယခုနှစ်ကုန်တွင် ရှင်းလင်းပွဲတစ်ခု ပြုလုပ်ရန် ရှိနေပြီး ဂျပန်နိုင်ငံသို့ လာရောက်ရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်သွားမည်ဟု ဆိုသည်။ ထို့ပြင် ရန်ကုန်တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့ကဲ့သို့ တက္ကသိုလ်များမှ ကျောင်းသားများအား အလုပ်သင်အခွင့်အလမ်းများလည်း ဖော်ဆောင်ပေးသွားရန် ရှိနေသည်။

    မြန်မာနိုင်ငံ ကုန်သည်ကြီးများအသင်း၊ ဂျပန်နိုင်ငံတွင် လာရောက်ပညာသင်ကြားဖူးသူများနှင့်လည်း ထိုအဖွဲ့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

    Ref: Nikkei

  • လိင်ဆက်ဆံမှုမှတစ်ဆင့် ဇီကာကူးစက်မှု ထင်ထားသည်ထက် မြင့်မား

    လိင်ဆက်ဆံမှုမှတစ်ဆင့် ဇီကာကူးစက်မှု ထင်ထားသည်ထက် မြင့်မား

    မတ် ၁၀၊ ၂၀၁၆
    M-Media

    zika 14

    – လိင်ဆက်ဆံမှုကတဆင့် ဇီကာဗိုင်းရပ်စ်ကူးစက်မှုဟာ အရင်ခန့်မှန်းထားတာထက် ပိုအဖြစ်များနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောကြားလိုက်ပါတယ်။

    ခြင်ကနေတစ်ဆင့် ကူးစက်ပြီး မွေးကင်းစကလေးတွေမှာ ဦးနှောက်မဖွံ့ဖြိုးတာနဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားတတ်တဲ့ ဇီကာရောဂါဟာ တောင်အမေရိကတစ်ဝှမ်းမှာ အများဆုံး ကူးစက်ပြန့်ပွားနေတာဖြစ်ပြီး WHO ကတော့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်လာပြီလို့ ကြေငြာခဲ့ပါတယ်။

    ဒီရောဂါဟာ လိင်ဆက်ဆံမှုကနေတစ်ဆင့်လည်း ကူးစက်တတ်ပြီး အင်္ဂါနေ့က အရေးပေါ်ကော်မတီဆွေးနွေးပွဲမှာ WHO အထွေထွေညွှန်ကြားရေးမှူး မာဂရက်ချန်က “နိုင်ငံအသီးသီးက အစီရင်ခံစာနဲ့ တွေ့ရှိမှုတွေအရ လိင်ဆက်ဆံရာကနေ ဇီကာဗိုင်းရပ်စ် ကူးစက်မှုဟာ အရင်က ယူဆထားတာထက် ပိုပြီး အဖြစ်များနေတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကလည်း လိင်ကတစ်ဆင့် ဇီကာကူးစက်တယ်လို့ ယူဆဖွယ်ရှိတဲ့ အဖြစ်အပျက် တစ်ဒါဇင်ကျော်ကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဇီကာဗိုင်းရပ်စ်နဲ့ စပ်ဆက်ပြီး ယာယီကိုတစ်ခြမ်းသေ ရောဂါ Guillain-Barre နဲ့ သေဆုံးတာတွေ ရှိနေတယ်လို့ နိုင်ငံ ၉ နိုင်ငံက သတင်းပို့ထားကြောင်း ချန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇီကာနဲ့ဆက်နွယ်နေတဲ့ ပြဿနာတွေဟာ ကိုယ်ဝန်ဆောင်နိုင်တဲ့ အမျိုးသမီးတွေမှာသာမကဘဲ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာပါ တွေ့လာရပြီ ဖြစ်တယ်လို့လည်း သူမက ဆိုပါတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဇီကာပျံ့နှံ့နေတဲ့ နိုင်ငံတွေမသွားလာဖို့၊ တကယ်လို့ ကိုယ့်ရဲ့အဖော်က အဲဒီကူးစက်နေတဲ့ နိုင်ငံတွေ သွားလာဖူးရင် အကာအကွယ်နဲ့လိင်ဆက်ဆံဖို့၊ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်စဉ်ကာလ လိင်ဆက်ဆံခြင်းမှ ရှောင်ကျဉ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က အကြံပြုထားပါတယ်။

    Ref: Al-jazeera

  • အနာဂတ်မျိုးဆက် ငြိမ်းချမ်းရန် အကြမ်းဖက်ဝါဒအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပါကစ္စတန်ပြော

    အနာဂတ်မျိုးဆက် ငြိမ်းချမ်းရန် အကြမ်းဖက်ဝါဒအား တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပါကစ္စတန်ပြော

    မတ် ၁၀၊ ၂၀၁၆
    M-Media

    paki 4

    – မိမိတို့အစိုးရဟာ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက် ငြိမ်းချမ်းရေးကို ရှေးရှုပြီး အကြမ်းဖက်ဝါဒကို ဦးဆောင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က ယခုတစ်ပတ်အတွင်းမှာ ပြောကြားလိုက်ပါတယ်။

    ပါကစ္စတန်နိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိသျှ နိုင်ငံခြားရေးနဲ့ ဓနသဟယာရေးရာ ၀န်ကြီး ဖိလစ်ဟမ်မွန်းကို ဧည့်ခံတွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပြီး အကြမ်းဖက်ဝါဒအား တိုက်ခိုက်ရေးဟာ ပါကစ္စတန်နိုင်ငံရဲ့ တာဝန်တစ်ရပ်ဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “တစ်ဦးတစ်ယောက်ချင်းကဖြစ်စေ၊ အုပ်စုလိုက်ပဲဖြစ်စေ ဒါမှမဟုတ် နိုင်ငံတွေကဖြစ်စေ ပြုလုပ်တဲ့ ကမ္ဘာတစ်ဝှမ်းက ဘယ်လိုအကြမ်းဖက်မှုမျိုးမဆို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချုပါတယ်” လို့ ရှရစ်ဖ်က ပြောကြားခဲ့ပါတယ်။

    ဒါ့အပြင် မိမိတို့အစိုးရ တက်လာခါစကတည်းက အကြမ်းဖက်မှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ စွမ်းအင်ဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရပြီး၊ အစိုးရသက်တမ်းအဆုံးပိုင်းမှာ စွမ်းအင်ပြတ်တောက်မှုကို ကျော်ဖြတ်နိုင်ဖို့ ဆောင်ရွက်နေကြောင်း၊ အာဖဂန် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဖိလစ် ဟမ်မွန်းကလည်း ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲရေးကိစ္စတွေအတွက် ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ဦးဆောင်ဦးရွက်ပြုနေမှုကိုလည်း အထူးကျေနပ်အားရပြီး၊ အစိုးရအနေနဲ့ ပြည်တွင်းပြုပြင်ပြောင်းလဲရေး၊ အမျိုးသမီးတွေနဲ့ လူနည်းစုကို ကာကွယ်ဖို့ ဥပဒေပြဌာန်းပေးတာနဲ့ပက်သက်ပြီး လေးစားမိတဲ့အကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA