News @ M-Media
Author: Ko Lay
  • ယာကူဇာဂိုဏ်းအား နှိမ်နင်းရန် ဂျပန်က အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်း
    ယာကူဇာဂိုဏ်းအား နှိမ်နင်းရန် ဂျပန်က အထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်း
    မတ် ၉၊ ၂၀၁၆
    M-Media
    japan 6
    – ယာကူဇာအပါအ၀င် နိုင်ငံအတွင်းက ရာဇ၀တ်ဂိုဏ်းတွေကို တိုက်ဖျက်နှိမ်နင်းဖို့အတွက် ဂျပန်ရဲတပ်ဖွဲ့က အထူးတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
    ယာမာဂူချီ-ဂူမီလို့ခေါ်တဲ့ ဂိုဏ်းတစ်ခု ပြီးခဲ့တဲ့နှစ်အတွင်းက ခွဲထွက်ခဲ့ပြီးတဲ့နောက်ပိုင်း ဂျပန်ရဲတပ်ဖွဲ့ဟာ နိုင်ငံအတွင်းက အကြီးဆုံး ယာကူဇာ ရာဇ၀တ်ဂိုဏ်းကြီးကို တောက်လျှောက်တိုက်ခိုက်ခဲ့တာပါ။ ယာကူဇာဂိုဏ်းမှာ အဖွဲ့တွင်းတိုက်ခိုက်မှုတွေဖြစ်ပြီး အဓိကအဖွဲ့ကနေ အနည်းဆုံး ၁၀ ခုလောက် ခွဲထွက်ကုန်ကြကာ ကိုဘေး ယာမာဂူချီ-ဂူမီလို့ခေါ်တဲ့ ပြိုင်ဘက်ဂိုဏ်းတစ်ခုကို ဖွဲ့စည်းခဲ့ကြပါတယ်။
    အဆိုပါအဖွဲ့ကွဲမှုကနေ ၁၉၈၀ တုန်းကလို လူဆိုးဂိုဏ်းတွေအချင်းချင်း သွေးချောင်းစီး တိုက်ခိုက်တာမျိုးတွေ ပြန်ဖြစ်မှာကို ရဲတွေကလည်း စိုးရွံ့နေကြပါတယ်။ အဲဒီဂိုဏ်းနှစ်ခုဟာ လက်ရှိအချိန်မှာ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ အခြေအနေမျိုးမှာ ရှိနေတယ်လို့ ဂျပန်ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ကြေငြာခဲ့ပြီး တိုက်ခိုက်မှုတွေတိုးမြှင့်လုပ်ဆောင်ဖို့အတွက် ဌာနချုပ်တွေကိုလည်း ဖွဲ့စည်းထားကြတယ်လို့ ဆိုပါတယ်။
    အဖွဲ့ဝင် ၂၃၀၀၀ လောက်ရှိတဲ့ ယာမာဂူချီ-ဂူမီဂိုဏ်းဟာ ကမ္ဘာ့အကြီးဆုံး ရာဇ၀တ်ဂိုဏ်းကြီးတစ်ခု ဖြစ်ပြီး၊ ရဲတွေရဲ့နှိမ်နှင်းမှုတွေနဲ့ အဖွဲ့ဝင်သစ်တွေ စုဆောင်းရ ခက်လာတာကြောင့် မကြာသေးမီနှစ်တွေမှာ ပြဿနာအမြောက်အများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
    ဂျပန်မာဖီးယားလို့ခေါ်တဲ့ ယာကူဇာအဖွဲ့ဟာ လောင်းကစား၊ မူးယစ်ဆေးနဲ့ လိင်လုပ်ငန်းတွေကနေစပြီး ကြေးစားလူသတ်လုပ်ငန်း၊ ရာဇ၀တ်အဖွဲ့တွေကို အကာအကွယ်ပေးတဲ့လုပ်ငန်း၊ အစိုးရအရာရှိတွေနဲ့ပေါင်းပြီး ရာဇ၀တ်မှုလုပ်ငန်းတွေအထိ လုပ်ဆောင်နေကြပါတယ်။
    ဂျပန်မှာ ယာကူဇာအဖွဲ့ဝင်ခြင်းဟာ ဥပဒေချိုးဖောက်မှုဖြစ်တယ်လို့ သတ်မှတ်ထားပေမယ့် ယာကူဇာအဖွဲ့ကတော့ နိုင်ငံတစ်ဝှမ်းက မြို့တိုင်းနီးနီမှာ အဖွဲ့ချုပ်တွေ ရှိနေပါတယ်။
    Ref: Presstv
  • ၀င်းဂါးနှုတ်ထွက်ရန် အာဆင်နယ်ပရိတ်သတ်များ တောင်းဆို
    မတ် ၉၊ ၂၀၁၆
    M-Media
    arsenal
    – ယနေ့မနက်က ကစားခဲ့သည့် အာဆင်နယ်နှင့် ဟားလ်စီးတီးအသင်းတို့၏ FA ဖလားပွဲတွင် အာဆင်နယ်ပရိတ်သတ်များမှာ အာဆင်ဝင်းဂါးအား နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။
    ထိုပွဲတွင် အာဆင်နယ်မှာ သက်တောင့်သက်သာကစားကာ ၄ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း ထိုပွဲမတိုင်ခင် ကစားခဲ့သည့်ပွဲများတွင် အာဆင်နယ်မှာ ရလဒ်များညံ့ဖျင်းခဲ့ပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲတွင် မန်ယူနှင့် ဆွမ်ဆီးတို့ကိုရှုံးကာ စပါးနှင့်သရေကျခဲ့ပြီး ထိပ်ဆုံးမှ လက်စတာနှင့် ၈ မှတ် ကွာဟသွားပြီဖြစ်သည်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့တွင်လည်း ဘာစီလိုနာအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားသည်။
    ထို့ကြောင့် စိတ်ပျက်နေသော ပရိတ်သတ်များမှ ဟားလ်စီးတီးနှင့်ပွဲတွင် “အာဆင်(၀င်းဂါး)ရေ အတိတ်က အမှတ်တရတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုကတော့ နှုတ်ဆက်ခွဲခွာဖို့ အချိန်ရောက်ပါပြီ” ဟု အဓိပ္ပါယ်ရသည့် စာတမ်းကို ကိုင်ဆောင်ကာ ၀င်းဂါးအား နှုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
    အာဆင်နယ်အသင်း၏ ကစားသမားဟောင်းဖြစ်ပြီး လက်ရှိတွင် ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်နေသည့် အီယန်ရွိုက်ကမူ အာဆင်နယ်ပရိတ်သတ်များ၏ ထိုလုပ်ရပ်အတွက် အလွန်စိတ်ပျက်မိသည်ဟု ပြောကြားခဲ့သည်။ ဟားလ်စီးတီးအား အနိုင်ရခဲ့သည့် အာဆင်နယ်မှာ ယခုသီတင်းပတ်နှောင်းပိုင်းတွင် ၀က်ဖို့ဒ်အသင်းနှင့် FA ဖလား ကွာတားဖိုင်နယ်ကို ကစားရမည်ဖြစ်သည်။
    Ref: Goal
  • အီရန်က ဒုံးကျည်စစ်ရေးလေ့ကျင့်မှု နောက်ဆုံးအဆင့်ကို ပြုလုပ်
    အီရန်က ဒုံးကျည်စစ်ရေးလေ့ကျင့်မှု နောက်ဆုံးအဆင့်ကို ပြုလုပ်
    မတ် ၉၊ ၂၀၁၆
    M-Media
    iran 10
    – အီရန် အစ္စလာမ့်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ လေကြောင်းဌာနက အကြီးစား ဒုံးကျည်စစ်ရေးလေ့ကျင့်မှု နောက်ဆုံးအဆင့်ကို ပြုလုပ်နေတယ်လို့ သိရပါတယ်။
    Eqtedar-e-Velayat လို့ နာမည်ပေးထားတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုကို ယမန်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတ၀ှမ်း သက်မှတ်ထားတဲ့ဒေသတွေကနေ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုတွေ ပါဝင်ကာ အီရန်ရဲ့ ကာကွယ်ရေးစွမ်းအားကို ပြသဖို့နဲ့ အစ္စလာမ့်မစ်တော်လှန်ရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးလာမယ့် ခြိမ်းခြောက်မှုအားလုံးကို ရင်ဆိုင်နိုင်ရန် အသင့်အနေအထား ရှိနေစေဖို့ ဖြစ်တယ်လို့ IRGC က ထုတ်ပြန်ပြောဆိုထားပါတယ်။
    အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့အောက်တိုဘာလက တာဝေးပစ် ပဲ့ထိန်းဒုံးကျည် Emad ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး အမေရိကန်နိုင်ငံရေးသမားများအကြား ပွက်လောရိုက်သွားစေခဲ့ပါတယ်။ ဇန်န၀ါရီမှာတော့ အမေရိကန်ဘဏ္ဍာရေးဌာနက အဲဒီဒုံးကျည် အစီအစဉ်နဲ့ ပက်သက်တဲ့ ကုမ္ပဏီတွေ၊ အီရန်နိုင်ငံသားတွေကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်ခဲ့ပါတယ်။
    အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟူစိန် ဒေကန်က Emad ဒုံးကျည်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ မဆန့်ကျင်တဲ့ လက်နက်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်က မိမိတို့မှာ ဒုံးကျည်စမ်းသပ်ထုတ်လုပ်ပိုင်ခွင့် ရှိပြီး အီရန်ကပိုင်ဆိုင်တဲ့ ဘယ်ဒုံးကျည်မှ နျူထိပ်ဖူး မတပ်ဆင်နိုင်ဘူးလို့ ပြီးခဲ့တဲ့ဇန်န၀ါရီမှာ ပြောကြားခဲ့ပါတယ်။
    မိမိတို့ရဲ့ စစ်ဘက်အင်အားဟာ တိုင်းပြည်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက်သာ ဖြစ်တယ်လို့ အီရန်နိုင်ငံက ထပ်တလဲလဲပြောကြားထားပြီး ဖြစ်ပါတယ်။
    Ref: Presstv
  • အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာတစ်ဦး ရင်းနှီးမြှုပ်နှံမည်
    အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာတစ်ဦး ရင်းနှီးမြှုပ်နှံမည်
    မတ် ၉၊ ၂၀၁၆
    M-Media
    everton
    – မာဆေးဆိုက် ကလပ်အသင်းဖြစ်သော အဲဗာတန်အသင်းတွင် အီရန် ဘီလျံနာ ဖာရ်ဟဒ် မိုစ်ဟီရီ၏ ရင်းနှီးမြှုပ်နှံရန် ကမ်းလှမ်းမှုကို လက်ခံအတည်ပြုလိုက်ပြီဟု ပရီးမီးယားလိဂ်က ယမန်နေ့တွင် ကြေငြာခဲ့သည်။
    အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes ၏ မှတ်တမ်းအရ မိုစ်ဟီရီ၏ ကြွယ်ဝမှုမှာ စတာလင်ပေါင် ၁.၃ ဘီလီယံ ရှိသည်ဟု သိရပြီး ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုကြောင့် အဲဗာတန်အသင်း၏ ရှယ်ယာ ၄၉.၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်သည်။
    “ဖာရ်ဟဒ် မိုစ်ဟီရီရဲ့ ရင်းနှီးမြှုပ်နှံဖို့ ကမ်းလှမ်းမှုကို ပရီးမီးယားလိဂ်က လက်ခံလိုက်ပြီဆိုတဲ့ အကြောင်းကြားချက်ကို အဲဗာတန်အသင်းက ရရှိခဲ့ပါတယ်” ဟု အဲဗာတန်အသင်းမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    မိုစ်ဟီရီမှာ ယခင်က အာဆင်နယ်အသင်း၏ ရှယ်ယာများကို ပိုင်ဆိုင်သူတစ်ဦးလည်း ဖြစ်ပြီး အဲဗာတန်အသင်း၏ သက်တော်ရှည် ဥက္ကဌ ဘီလ် ကန်ရိုက်၊ ဂျွန်ဝုဒ်စ်တို့နှင့်အတူ ၃ ဦးပေါင်း အုပ်ချုပ်ရေးကို ထူထောင်မည်ဖြစ်သည်။
    “အဲဗာတန်အသင်းမှာ ရှယ်ယာရှင်တစ်ယောက် ဖြစ်ခွင့်ရတဲ့အတွက် ကျွန်တော် ၀မ်းသာမိပါတယ်။ အဲဗာတန်ဟာ ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းတွေထဲက တစ်ခုအဖြစ် သမိုင်းကြောင်းကောင်းရှိတဲ့ အသင်းလည်း ဖြစ်ပါတယ်” ဟု အဲဗာတန်တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဟု ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကြေငြာပြီးနောက်ပိုင်း မိုစ်ဟီရီက ပြောကြားခဲ့သည်။
    Ref: Goal
  • ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ္ဍာရေးညီလာခံကို မက္ကာတွင် ကျင်းပ
    ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ္ဍာရေးညီလာခံကို မက္ကာတွင် ကျင်းပ
    မတ် ၉၊ ၂၀၁၆
    M-Media
    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာရှိတဲ့ အွမ် အလ်-ကူရာ တက္ကသိုလ်က ကြီးမှူးတဲ့ ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ္ဍာရေးညီလာခံတစ်ခုကို တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး ဆော်ဒီပညာရေးဝန်ကြီး အဟ်မဒ် အလ်-အီဆာက တက်ရောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
    တက္ကသိုလ်ရဲ့ စီးပွားရေးနဲ့ အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ဌာန မဟာဌာနမှူးဖြစ်ပြီး၊ ယခုညီလာခံဖြစ်မြောက်ရေးကော်မတီရဲ့ ဥက္ကဌလည်းဖြစ်သူ ဆွာလေ အလ်-အက္ကလာက ညီလာခံမှာ စီးပွားရေးအကြောင်းအရာအမြောက်အများကို ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
    “လွယ်ကူချောမွေ့မှုမှသည် ဘဏ္ဍာရေးတည်ငြိမ်မှုဆီသို့” လို့ ခေါင်းစဉ်ပေးထားတဲ့ သုံးရက်တာ အခမ်းအနားမှာ ဆော်ဒီအာရေဗျ ငွေကြေးအေဂျင်ဆီ (SAMA) ဥက္ကဌ ဖါဟဒ် အလ်-မုဘာရက်၊ ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဌ မဟ်မူးဒ် မိုဟီလ်ဒင်တို့ အပါအ၀င် ပြည်တွင်းပြည်ပက ဘဏ္ဍာရေးနဲ့ စီးပွားရေးပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ အမြောက်အများ တက်ရောက်ခဲ့ကြပါတယ်။
    အလ်-အက္ကလာကတော့ တစ်ဦးတစ်ယောက်ချင်းနဲ့ အစုအဖွဲ့ဆိုင်ရာ စီးပွားရေးတွေကို ကာကွယ်ဖို့အတွက် အာမခံချက်ရှိတဲ့အရာတစ်ခုအဖြစ် အစ္စလာမ့်ဘဏ်လုပ်ငန်းဆိုင်ရာ သတ်မှတ်ချက်တွေကို ကမ္ဘာက လိုလိုလားလား လက်ခံကျင့် သုံးလာကြပြီး၊ သာမန်ဘဏ်လုပ်ငန်းတွေနဲ့အတူ အစ္စလာမ့်ဘဏ္ဍာရေးစနစ်ကို ကျင့်သုံးတဲ့ ဘဏ်တွေကိုလည်း တွဲဖက်လုပ်ဆောင်လာကြတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ညီလာခံရဲ့ နည်းစနစ်ပိုင်းဆိုင်ရာကော်မတီဟာ နိုင်ငံပေါင်း ၅၈ နိုင်ငံက သုတေသနစာတမ်း ၁၀၃၄ ခုကို လက်ခံရရှိခဲ့ပြီး အစ္စလာမ်ဘဏ္ဍာရေးကဏ္ဍရဲ့ အောင်မြင်မှုကို ထင်ဟင်စေကာ အဲဒီထဲကမှ အစ္စလာမ့်စီးပွားရေးနဲ့ ဆက်နွယ်နေတဲ့ ၇၅ ခုသောစာတမ်းကို အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။
    ဒါ့အပြင် အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းဟာ (၂၀ ရာစု ပထမတစ်ဝက်လောက်မှာ တွေ့ကြုံခဲ့ရတဲ့) မအောင်မြင်မှာ စိုးရိမ်ရတဲ့ အခြေအနေ၊ အစ္စလာမ်ဘဏ္ဍာရေးစနစ်ဆိုင်ရာ လုပ်ငန်းအနည်းငယ် စမ်းတ၀ါးဝါး ပေါ်ထွက်လာတဲ့အခြေအနေ၊ နောက်ဆုံး စီးပွားရေးလောကမှာ ၀င့်ဝင့်ထည်ထည် ရပ်တည်နိုင်တဲ့ အခြေအနေ စတဲ့ အခြေအနေ ၃ ခုကို ဖြတ်သန်း လာခဲ့ရကာ လက်ရှိအခြေအနေကတော့ စီစစ်အကဲဖြတ်ရမယ့်အဆင့်ကို ၀င်ရောက်နေပြီလို့ အလ်-အက္ကလာက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    မက္ကာမှာပြုလုပ်ခဲ့တဲ့ ညီလာခံမှာ ၃ ပိုင်းပါဝင်ခဲ့ပြီး ဘဏ္ဍာရေးအခက်အခဲကိစ္စရပ်များ၊ အစ္စလာမ့်စီးပွားရေးလုပ်ငန်းဆိုင်ရာ လွယ်ကူမှုနဲ့ ဘဏ္ဍာရေး တည်ငြိမ်မှု၊ အစ္စလာမ့်ဘဏ္ဍာရေးအဖွဲ့အစည်းများ အုပ်ချုပ်ရေးတို့ ဖြစ်ပါတယ်။
    Ref: IINA