News @ M-Media

Author: Ko Lay

  • ချယ်ဆီးနှင့်တွေ့လျှင် မော်ရင်ဟိုအား လွမ်းဆွတ်နေမည်ဟု ပီအက်စ်ဂျီတိုက်စစ်မှူး ပြော

    ချယ်ဆီးနှင့်တွေ့လျှင် မော်ရင်ဟိုအား လွမ်းဆွတ်နေမည်ဟု ပီအက်စ်ဂျီတိုက်စစ်မှူး ပြော

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    – ချယ်ဆီးအသင်းက မိမိတို့ကွင်းကို လာရောက်၍ ချန်ပီယံလိဂ်ပွဲ ကစားသည့်အခါ မိမိအနေဖြင့် မော်ရင်ဟိုအား သတိရနေလိမ့်မည်ဟု ပီအက်စ်ဂျီအသင်း၏ တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်က ပြောကြားလိုက်သည်။

    ချယ်ဆီးနှင့် ပီအက်စ်ဂျီမှာ ယခုတစ်ပတ်တွင် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ပထမအကျော့ကို ကစားရမည်ဖြစ်သည်။ ၎င်းတို့နှစ်သင်းမှာ ပြီးခဲ့သည့် ၂ ရာသီတွင်လည်း ချန်ပီယံလိဂ်၌ တွေ့ဆုံခဲ့ပြီး ထိုစဉ်က မော်ရင်ဟို ကိုင်တွယ်သည့်အချိန်ဖြစ်ကာ ယခု တတိယအကြိမ်မှာ ဟစ်ဒင့်နှင့် တွေ့ဆုံရမည်ဖြစ်သည်။

    အင်တာမီလန်တွင် မော်ရင်ဟို၏လက်အောက်၌ အလုပ်လုပ်ဖူးခဲ့သည့် အီဗရာဟီမိုဗစ်ကမူ မော်ရင်ဟိုမရှိသည့် ချယ်ဆီးအသင်းမှာ တစ်ခုခု လိုအပ်နေမည်ဟု ဆိုသည်။

    “ပွဲမှာ လူတိုင်းက မော်ရင်ဟိုကို လွမ်းဆွတ်နေကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူ ဘောလုံးလောကကို မကြာမီ ပြန်ရောက်လာမယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ တစ်ကယ်လို့များ ခင်ဗျားဟာ နည်းနည်းစိတ်ရှည်မယ်ဆိုရင် အခြားကလပ်အသင်းတစ်ခုကို သူကိုယ်တွယ်တာ မကြာခင်မြင်ရမှာပါ” ဟု အီဗရာဟီမိုဗစ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ချယ်ဆီးမှ မော်ရင်ဟိုအား ထုတ်ပယ်ပစ်မှုကိုလည်း မိမိအနေဖြင့် မအံ့သြမိဘဲ ဘောလုံးလောကတွင် အရာအားလုံးမှာ ရလဒ်အပေါ်တွင် မူတည်နေပြီး ထိုအချင်းအရာမှာ ဘောလုံးလောက၏ အဆိုးဝါးဆုံး အစိတ်အပိုင်း ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ယူအေအီး အစ္စလာမ့်အသိပညာပေးစင်တာ တစ်ခုတွင် ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သို့ သက်ဝင်ခဲ့

    ယူအေအီး အစ္စလာမ့်အသိပညာပေးစင်တာ တစ်ခုတွင် ၂၀၁၅ ခုနှစ်အတွင်း လူပေါင်း ၂၀၀၀ ကျော် အစ္စလာမ်သို့ သက်ဝင်ခဲ့

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    dubai 4

    – ယူအေအီးရှိ အစ္စလာမ့်အသိပညာ ဖြန့်ဝေရေးအဖွဲ့ဖြစ်သော Dar AL Ber Society (Dabs) တွင် ပြီးခဲ့သည့်နှစ်အတွင်း လူပေါင်း နှစ်ထောင်ကျော်မှာ အစ္စလာမ်သာသနာအား သက်ဝင်ယုံကြည်ခဲ့ကြသည်ဟု သိရသည်။

    “သစ်လွင်မွတ်စလင် ၂၂၂၁ ယောက်ထဲမှာ ၄၉၄ ယောက်က Have you helped anyone convert to Islam လို့ခေါ်တဲ့ အစ္စလာမ့်အသိပညာပြန့်ပွားရေး အစီအစဉ်ကနေ လက်ခံခဲ့တာဖြစ်ပြီး ၁၃၅၀ ကတော့ ကျွန်တော်တို့ရုံးက ပညာရှင်တွေ၊ တရားဟောဆရာတွေရဲ့ အကူအညီနဲ့ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်” ဟု Dar AL Ber Society မှ ဥက္ကဌဖြစ်သူ ခါလ်ဖန် ခါလီဖာ အလ် မဇ်က်ရူဝီက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့စင်တာအနေဖြင့် အစ္စလာမ်၏ စစ်မှန်သော သင်ကြားမှုများ၊ သတင်းစကားများကို လူ့အဖွဲ့အစည်းတွင်းရှိ လူအားလုံးသို့ ရောက်ရှိရန် မရပ်မနား ကြိုးစားနေပြီး၊ ၂၀၁၅ ခုနှစ် တစ်နှစ်တာတွင် အစ္စလာမ်နှင့်ပတ်သက်သည့် သင်ကြားမှုများ၊ ဟောပြောပို့ချမှုများ စုစုပေါင်း ၃၇၇၂ ခုကို ပြုလုပ်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်အတွင်း ထိုစင်တာ၌ အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာခဲ့သူ နှစ်ထောင်ကျော်မှာ နိုင်ငံပေါင်း ၄၆ နိုင်ငံမှဖြစ်ပြီး စင်တာ၏ အစ္စလာမ့် သင်တင်းအချက်အလက် ဌာနကလည်း ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်းရှိ နိုင်ငံခြားသားလူ့အဖွဲ့အစည်းများထံသို သိပ္ပံနှင့် ဘာသာရေးဆိုင်ရာ လက်ကမ်းစာစောင်များ၊ ကြော်ငြာများနှင့် စီဒီပေါင်း ၁.၅၈ သန်းကို ဝေငှခဲ့ကြသည်။

    Dar AL Ber Society မှာ ဆိုရှယ်မီဒီယာတွင်လည်း အစ္စလာမ့်အသိပညာ ဖြန့်ဝေမှုများကို တက်တက်ကြွကြွ ပြုလုပ်နေသည်။

    Ref: Khaleejtimes

  • တစ်နေ့ လက်ဖက်ရည် ၃ ခွက်သောက်လျှင် အရိုးကျိုးမှုကို ကာကွယ်နိုင်

    တစ်နေ့ လက်ဖက်ရည် ၃ ခွက်သောက်လျှင် အရိုးကျိုးမှုကို ကာကွယ်နိုင်

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    – လက်ဖက်ရည်သောက်သုံးသူတွေဟာ တောင့်တင်းခိုင်မာတဲ့ အရိုးအဆစ်တွေရှိတတ်ပြီး တင်ပါးဆုံအရိုးကျိုးမှုအပါအ၀င် အရိုးကျိုးတတ်တဲ့အန္တရာယ်တွေကိုလည်း လျော့နည်းစေတယ်လို့ သြစတေးလျ သုတေသီတွေက ထုတ်ဖော်ပြော ကြားလိုက်ပါတယ်။

    တစ်နေ့ လက်ဖက်ရည်သုံးခွက်လောက် သောက်သုံးခြင်းဟာ အရိုးကျိုးနိုင်ခြေ ၃၀ ရာခိုင်နှုန်းလောက်လျော့နည်းတဲ့ ဆက်စပ်နေပါတယ်။ သြစတေးလျသုတေသီတွေကတော့ လက်ဖက်ရည်ဟာ အရိုးကျိုးမှုအန္တရာယ်ကို ကာကွယ်ပေးမယ့် အစားအစာတစ်မျိုး ဖြစ်လာတဲ့အတွက် အကျိုးကျေးဇူး ကြီးမားတယ်လို့ ဆိုပါတယ်။

    သြစတေးလျတောင်ပိုင်း ဖလင်းဒါးစ်တက္ကသိုလ်က သုတေသီတွေဟာ အရွယ်ရောက်ပြီးသူ အမျိုးသမီး ၁၂၀၀ နီးပါးကို ၁၀ နှစ်လောက် စောင့်ကြည့် သုတေသနပြုခဲ့ပြီး ပျမ်းမျှ အသက် ၈၀ လောက်ရှိကြတဲ့ အမျိုးသမီးကြီးတွေရဲ့ နေ့စဉ်အာဟာရစားသုံးမှု အထူးသဖြင့် တစ်နေ့ လက်ဖက်ရည် ဘယ်လောက်သောက်လဲဆိုတာကို စောင့်ကြည့်ခဲ့ပါတယ်။

    ဆယ်စုနှစ်အတွင်းမှာ ၎င်းတို့ထဲက ၂၈၈ ယောက်က အရိုးကျိုးဒဏ်ကို ခံစားကြရပြီး တင်ပါးဆုံရိုးကျိုးသူ ၁၂၉ ယောက် ပါဝင်ပါတယ်။ တစ်နေ့ လက်ဖက်ရည် ၃ ခွက်သောက်သူတွေကတော့ ဆယ်စုနှစ်တစ်ခု ကြာပြီးတဲ့အခါ လက်ဖက်ရည် သောက်လေ့မရှိသူ (သို့မဟုတ်) လုံးဝမသောက်သူတွေထက် အရိုးကျိုးနိုင်ခြေ သုံးပုံတစ်ပုံလောက် လျော့နည်းသွားတာ တွေ့ရပါတယ်။

    အရိုးကျိုးတာကို ကာကွယ်ပေးနိုင်တဲ့ အရေးကြီးတဲ့အချက်တွေထဲမှာ အရိုးကို အားနည်းစေတဲ့ ဆေးလိပ်သောက်တာလို၊ လေ့ကျင့်ခန်းမလုပ်တာလို စတဲ့ တခြားအကြောင်းအချက်တွေလည်း ရှိပါသေးတယ်။ အပင်တွေမှာတွေ့ရတဲ့ ဖလာဗိုနွိုက် ဓာတုပစ္စည်းတစ်မျိုးဟာ ရှိပြီးသားအရိုးတွေ တိုက်စားမှုကို နှေးကွေးစေပြီး အရိုးသစ် တည်ဆောက်မှုကို လျှင်မြန်စေပါတယ်။

    ကော်ဖီမှာ အဲဒီ ဖလာဗိုနွိုက်ဓာတုပစ္စည်း ပါဝင်ပေမယ့် လက်ဖက်ရွက်မှာတော့ ပါဝင်မှုအများဆုံးဆိုတာ တွေ့ရတယ်လို့ အမေရိကန်က ကျန်းမာရေးဂျာနယ်ဖြစ်တဲ့ Clinical Nutrition မှာ တွေ့ရှိချက်ကို ဖော်ပြထားပါတယ်။

    “လက်ဖက်ရည်ကြိုက်တတ်တဲ့ သက်ကြီးရွယ်အိုတွေအတွက်တော့ ဒါဟာ သတင်းကောင်းပါပဲ” လို့ လေ့လာမှုတစ်ပြုလုပ်တဲ့အထဲမှာ ပါဝင်တဲ့ ဒေါက်တာ တင် ဘွန်းက ဆိုပါတယ်။

    အခြာသုတေသနပညာရှင် ဆာရာ လေလန်ကတော့ အချို့သုတေသနတွေမှာလည်း လက်ဖက်ရည်ဟာ အရိုးကျိုးတာကို ကာကွယ်တယ်ဆိုတဲ့ တွေ့ရှိချက်တွေ ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ပရီးမီးယားလိဂ်ဖလားအကြောင်း ပြောရန် စောသေးသည်ဟု စပါးနည်းပြပြော

    ပရီးမီးယားလိဂ်ဖလားအကြောင်း ပြောရန် စောသေးသည်ဟု စပါးနည်းပြပြော

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    spur 2

    – မန်စီးတီးကို အနိုင်ရခဲ့သည့် အသင်းစွမ်းဆောင်ရည်နှင့်ပတ်သက်၍ စပါးနည်းပြ မော်ရီစီယို ပိုချက်တီနိုက ချီးကျူးခဲ့ပြီး ဖလားဆွတ်ခူးရန်အတွက် ပြောကြားရန် အလွန်စောလွန်းသည်ဟု ဆိုသည်။

    ယမန်နေ့က ကစားခဲ့သည့် မန်စီးတီးနှင့်ပွဲတွင် စပါးမှာ ဟယ်ရီကိန်းနှင့် အဲရစ်ဆန်တို့၏ သွင်းဂိုးများနှင့် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း မန်စီးတီး၏အိမ်ကွင်းတွင် ပထမဆုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုအနိုင်ကြောင့် ဒုတိယနေရာမှစပါးမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သည့် ထိပ်ဆုံးမှ လက်စတာနှင့် ၂ မှတ်သာ ကွာဟတော့သည်။

    “ကျွန်တော်တို့ကစားသမားတွေဟာ အပြည့်အ၀ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ်။ အမြဲတမ်း ကြိုးစားဖို့လိုသလို၊ နေ့တိုင်းလည်း တိုးတက်ဖို့လိုပါတယ်။ ကျွန်တော်တို့ဟာ အခြေအနေကောင်းတစ်ခုကို ရောက်ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ဖလားရဖို့ကိစ္စကတော့ ပြောဖို့စောပါသေးတယ်” ဟု ပိုချက်တီနိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပိုချက်တီနိုမှာ အသင်းအား တစ်ခဲနက်အားပေးသည့် ပရိတ်သတ်များကိုလည်း ချီးကျူးခဲ့ပြီး ဆုဖလားပြိုင်ဘက်ကို အနိုင်ရရှိခြင်းမှာ အတွေ့အကြုံပြည့်ဝသည့် အသင်းတစ်သင်းဖြစ်ကြောင်း ယုံကြည်မှုပိုရှိလာခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: premierleague.com

  • သမ္မတအိုဘားမား ဟောလီးဝုဒ်အလှူရှင်များနှင့် လျှို့ဝှက်တွေ့ဆုံ

    သမ္မတအိုဘားမား ဟောလီးဝုဒ်အလှူရှင်များနှင့် လျှို့ဝှက်တွေ့ဆုံ

    ဖေဖော်ဝါရီ ၁၅၊ ၂၀၁၆
    M-Media

    obama 4

    – အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ ဒီမိုကရက်တစ်ပါတီရဲ့ အဓိကအလှူရှင်တွေဖြစ်တဲ့ ဟောလီးဝုဒ်သူဌေးသုံးယောက်နဲ့ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ သီးသန့်ညစာစားခဲ့ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    အိုဘားမားနဲ့ သီးသန့်ညစာစားပွဲကို တက်ရောက်ခဲ့သူတွေကတော့ DreamWorks ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စီအီးအို ဂျက်ဖရီ ကတ်ဇင်ဘာ့ဂ်၊ ဝေါလ်ဒစ္စနေစတူဒီယို ဥက္ကဌ အလန်ဟွန်း၊ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ၀ီလ်စမစ်တို့ ဖြစ်ပြီး ဘာတွေဆွေးနွေးခဲ့လဲဆိုတာကိုတော့ အိုးဘားမားအစိုးရက ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။

    အိုဘားမားဟာ ဒီမိုကရက်တစ်ပါတီအတွက် ရန်ပုံငွေရှာဖွေပေးသူတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့တွေ့ဆုံဖို့ လော့စ်အိန်ဂျလိစ်ကို ရောက်ရှိစဉ်မှာ ဒီလို ညစာစားခဲ့တာဖြစ်ပါတယ်။ အခုတစ်ကြိမ်ဟာ ၂၀၀၉ ခုနှစ် သမ္မတဖြစ်ပြီးနောက် လော့စ်အိန်ဂျလိစ်ကို အိုဘားမားက ၂၁ ကြိမ်မြောက် ရောက်ရှိခဲ့တာဖြစ်ပါတယ်။

    ရန်ပုံငွေရှာဖွေတဲ့ပွဲတွေကိုလည်း ပြုလုပ်ခဲ့ကြပြီး အဲဒီအထဲကနှစ်ခုရဲ့ လက်မှတ်တွေဟာ ဒေါ်လာ ၃၃၄၀၀ အထိ ကျသင့်တယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါပေမယ့် ကတ်ဇင်ဘာ့ဂ်၊ ဟွန်းနဲ့ ၀ီလ်စမစ်တို့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ဘဲ ရန်ပုံငွေပွဲတွေပြီးမှ ညစာစားခဲ့ကြတာပါ။ တွေ့ဆုံမှုအသေးစိတ်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်း မပြုခဲ့ပါဘူး။

    ကတ်ဇင်ဘာ့ဂ်ဟာ အိုဘားမားအတွက် အဓိကအလှူရှင်ဖြစ်ပြီး ၂၀၁၂ ခုနှစ်အတွင်းက အိုဘားမားထောက်ခံရေးအဖွဲ့ကို ဒေါ်လာသုံးသန်းလှူဒါန်းခဲ့ကာ အခုတစ်ခါ ကလင်တန်ဘက်ကိုလည်း ဒေါ်လာတစ်သန်း လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ၀ီလ်စမစ်ကတော့ အိုဘားမားအတွက် မဲဆွယ်ရေးလုပ်ငန်းစဉ်တွေမှာ အလှူငွေအများအပြား လှူဒါန်းခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်က ၎င်းနေအိမ်မှာလည်း ဒေါ်လာ ငါးသိန်းအထိ အလှူငွေ ကောက်ခံပေးခဲ့ပါတယ်။

    Ref: RT