News @ M-Media

Author: Ko Lay

  • ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်ချင်နေတဲ့ အဒီဘာယော

    ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်ချင်နေတဲ့ အဒီဘာယော

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    bayor

    – ပရီးမီးယားလိဂ်တွင် ဂိုးအများဆုံးသွင်းယူသူ အာဖရိက ကစားသမားအဖြစ် စာရင်းဝင်သည့် ဒရော့ဘာ၏ စံချိန်ကို ချိုးဖျက်ရန် ဆန္ဒရှိနေသည်ဟု ခရစ္စတယ်ပဲလေ့စ်၏ တိုက်စစ်မှူးသစ် အီမန်နျူယဲလ် အဒီဘာယောက ပြောကြားလိုက်သည်။

    အာဆင်နယ်၊ မန်စီးတီနှင့် စပါးအသင်းတို့၏ တိုက်စစ်မှူေးဟောင်း အဒီဘာယောမှာ ယမန်နေ့က ခရစ္စတယ်ပဲလေ့စ်အသင်းသို့ ရာသီကုန်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ဒရော့ဘာမှာ ပရီးမီးယားလိဂ်တွင် ၁၀၄ ဂိုးသွင်းထားကာ ဂိုးအများဆုံးသွင်းသည့် အာဖရိက ကစားသမား ဖြစ်နေပြီး အဒီဘာယောကမူ ထိုစံချိန်ကို ချိုးဖျက်ရန် ၈ ဂိုးသာလိုတော့သည်။

    “အခုအချိန်အထိ ဘောလုံးလောကမှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက် ကျွန်တော် တော်တော်လေး ကျေနပ်ပါတယ်။ ဘယ်လောက်ပဲနှစ်တွေကြာကြာ တိုဂိုက တိုဂိုပါပဲ။ ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပြီးတော့ ဂိုးတွေ ဒီလောက်သွင်းခွင့်ရတဲ့ တစ်ဦးတည်းသော တိုဂိုကစားသမားပါပဲ။ ဒ့ါကြောင့် ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ်။ တကယ်လို့ (ဒရော့ဘာရဲ့စံချိန်ကို) ချိုးနိုင်မယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ ကစားသမားဘ၀တစ်လျှောက် အကောင်းဆုံးသောအရာ ဖြစ်မှာပါ။ မချိုးနိုင်ရင်လည်း ကျွန်တော် ဆက်ပြီး ပျော်ရွှင်နေမှာပါပဲ။ တိုက်စစ်မှူးတစ်ယောက်အတွက် အရေးကြီးဆုံးက ဂိုးတွေသွင်းဖို့ပါပဲ” ဟု အဒီဘာယောက ပြောကြားခဲ့သည်။

    အဒီဘာယောမှာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှစ၍ ပရီးမီးယားလိဂ်တွင် ၁၇ မိနစ်သာ ကစားထားသောကြောင့် ၎င်း၏ ကြံ့ခိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသည်။

    Ref : Goal

  • ပျောက်ဆုံးသည်ဟု သတင်းလွှင့်ခဲ့သော ဆရာတော်ဦးပါမောက္ခ အနားယူခြင်းသာဖြစ်

    ပျောက်ဆုံးသည်ဟု သတင်းလွှင့်ခဲ့သော ဆရာတော်ဦးပါမောက္ခ အနားယူခြင်းသာဖြစ်

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    pamaukha

    – ဇန်န၀ါရီလ ၂၄ ရက်နေ့က ပျောက်ဆုံးသွားသည်ဟု သတင်းများထွက်ပေါ်ခဲ့သော ဆရာတော် ဦးပါမောက္ခက ၎င်းမှာ အနားယူနေခြင်းသာဖြစ်ပြီး၊ မိမိအား မနှောက်ယှက်စေချင်ကြောင်း ထောက်ခံသူများကို ဆက်သွယ် ပြောကြားခဲ့သည်ဟု သိရသည်။

    မကွေးဆရာတော်ဟု သိကြသည့် ဦးပါမောက္ခမှာ ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် ဗြိတိန်စုံတွဲနှစ်ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး သေဒဏ်ချမှတ်ခံရမှုအပေါ် ဦးဆောင်ကာ ဆန့်ကျင်ဆန္ဒပြသောကြောင့် ဖမ်ဆီးခံခဲ့ရခြင်းဖြစ်မည်ဟု ၎င်း၏ နောက်လိုက်များက စိုးရိမ်နေကြသည်။

    ၎င်း မပျောက်ဆုံးမီအချိန်ကလည်း ရန်ကုန်တိုင်း သံဃမဟာနာယက ကော်မတီနှင့် သာသနာရေးဝန်ကြီးဌာနတို့က ထိုကဲ့သို့ ဆန္ဒပြမှုများတွင် ပါဝင်ခြင်းမပြုရန် သတိပေးခဲ့ပြီး၊ ဆက်လက်ပါဝင်ပါက အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။

    ဇန်န၀ါရီ ၂၄ ရက်နေ့က အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် ၎င်းအား ထောက်ခံသူများက ဆရာတော်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု စွပ်စွဲပြောကြားခဲ့ကာ ၃ ရက်အတွင်း မည်သည့်သတင်းမှ မကြားပါက ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ရန် စီစဉ်ခဲ့သည်။

    သို့သော်လည်း ဇန်န၀ါရီ ၂၆ ရက်နေ့တွင် မကွေးဆရာတော်မှာ မဘသအဖွဲ့၏ ဗဟိုကော်မတီမှ အဖွဲ့ဝင်တစ်ဦးကို ဖုန်းခေါ်ဆိုကာ မိမိပျောက်ဆုံးသည် သို့မဟုတ် ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်မှုကို ကြားရသည့်အတွက် ဆက်သွယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဆရာတော်က ဒီမနက် ၇ နာရီလောက်မှာ ဖုန်းခေါ်ပါတယ်။ သူက ရက်အနည်းငယ်လောက် အေးအေးချမ်းချမ်းနဲ့ အနားယူနေတာဖြစ်ပြီး နောက်ထပ် ၃ ရက်လောက်နေရင် ပြန်လာမယ်လို့ ပြောခဲ့ပါတယ်” ဟု ဦး အကုင်္ရက ပြောကြားခဲ့သည်။

    Ref: Myanmar Times

  • E-cigarette က လူကို အန္တရာယ်မဖြစ်ဘဲ၊ ဆေးလိပ်ဖြတ်ရာတွင် ကူညီနိုင်

    E-cigarette က လူကို အန္တရာယ်မဖြစ်ဘဲ၊ ဆေးလိပ်ဖြတ်ရာတွင် ကူညီနိုင်

    ဇန်န၀ါရီ ၂၇၊ ၂၀၁၆
    M-Media

    e cigrat

    – ဆေးလိပ်ဖြတ်ရာမှာ အသုံးပြုကြတဲ့တဲ့ လျှပ်စစ်ဆေးလိပ် (E-cigarette) တွေဟာ ဆေးရွက်ကြီးပါဝင်တဲ့ ဆေးလိပ်တွေထက် ကျန်းမာရေးထိခိုက်မှု ၉၅ ရာခိုင်နှုန်း နည်းပါးတယ်လို့ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန PHE က ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

    E-cigarette တွေဟာ ကျန်းမာရေးကိုထိခိုက်နိုင်တယ်၊ ဆေးလိပ်ဖြတ်ဖို့လည်း အထောက်အကူမဖြစ်ဘူးလို့ ပြောကြားမှုတွေ ရှိနေတဲ့အတွက် PHE၊ လန်ဒန်ဘုရင့်ကောလိပ်၊ Queen Mary တက္ကသိုလ်တို့ ပူးပေါင်းကာ လေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့တာပါ။

    ဗြိတိန်နိုင်ငံမှာ E-cigarette သောက်နေတဲ့ ၂.၆ သန်းခန့်ရှိတဲ့ လူငယ်အားလုံးနီးပါးဟာ လက်ရှိ သို့မဟုတ် ယခင်က ဆေးလိပ်သောက်ခဲ့ကြသူများ ဖြစ်ကြပါတယ်။ သူတို့ထဲက အများစုဟာ ဆေးလိပ်ဖြတ်ဖို့ ဒါမှမဟုတ် ဆေးလိပ်ပြန်မသောက်မိစေဖို့ E-cigarette ကို အသုံးပြုနေကြတာဖြစ်ပါတယ်။

    E-cigarette တွေဟာ အန္တရာယ်ဖြစ်နိုင်ချေနည်းပါးတဲ့အပြင် လူငယ်လူရွယ်တွေကြားမှာလည်း ဆေးလိပ်သောက်နှုန်း လျော့ကျစေတာကို တွေ့ခဲ့ရပါတယ်။ ထွက်ပေါ်လာတဲ့ သက်သေတွေအရ E-cigarette အသုံးပြုသူတွေဟာ ဆေးလိပ်ဖြတ်နှုန်း အမြင့်မားဆုံးဖြစ်တာကိုတွေ့ရပြီး ဒေသတွင်းဆေးလိပ်ဖြတ်ရေး ၀န်ဆောင်မှုဌာနတွေဆီကလည်း အကူအညီထပ်မံရရှိပါသေးတယ်။

    “E-cigarette တွေဟာ ပုံမှန်ဆေးလိပ်သောက်သလိုပဲဖြစ်နိုင်တယ် ဒါမှမဟုတ် ဆေးလိပ်အစစ်ကို ပြန်သောက်မိဖို့အထိ ဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေဟာ အခြေအမြစ်မရှိဘူးဆိုတာာကို ဒီအရေးပါတဲ့ ဆန်းစစ်မှုရဲ့ ရလဒ်ကနေ တွေ့ခဲ့ရပါတယ်။ E-cigarette ဟာ လူတော်တော်များများ ဆေးလိပ်ကနေဝေးရာကို ရောက်ရှိဖို့ ကူညီတဲ့နေရာမှာ အကျိုးကျေးဇူးဖြစ်စေတယ်ဆိုတာ ကျွန်မတို့ အသိအမှတ်ပြုပါတယ်” လို့ ယူကေ ကင်ဆာသုတေသနဌာနက ပညာရှင် လင်ဒါ ဘော့လ်ဒ်က ပြောကြားခဲ့ပါတယ်။

    Ref: Xinhua

  • ဗလီပြာမှ အစ္စလာမ့်သတင်းစကားဖြန့်ဝေသူ (သို့မဟုတ်) အီလစ်ဖ် ဇိုင်နပ် ယီလ်မက်ဇ်

    ဗလီပြာမှ အစ္စလာမ့်သတင်းစကားဖြန့်ဝေသူ (သို့မဟုတ်) အီလစ်ဖ် ဇိုင်နပ် ယီလ်မက်ဇ်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    turkey

    – တူရကီနိုင်ငံ မြို့တော် အစ္စတန်ဘူလ်မှာရှိတဲ့ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာ ဗလီပြာ (Blue Mosque) က သတင်းအချက်အလက်စင်တာဟာ အစ္စလာမ့် သတင်းစကားမျှဝေပေးရာ နေရာတစ်ခု ဖြစ်လို့နေပါတယ်။

    စာအုပ်စာတမ်းတွေမျှဝေတာ၊ ပရော်ဂျက်တာတွေနဲ့ ရှင်းလင်းပြသတာတွေအပါအ၀င် အဲဒီ အစ္စလာမ့်အသိပညာပေးရေးလုပ်ငန်းကို ဦးစီးလုပ်ဆောင်နေသူကတော့ နိုင်ငံအတွင်းက ပထမဆုံး အမျိုးသမီး ဗလီဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ အီလစ်ဖ် ဇိုင်နပ် ယီလ်မက်ဇ်ပဲဖြစ်ပါတယ်။

    ယီလ်မက်ဇ်က သူမဟာ နေ့စဉ် ဒါဇင်နဲ့ချီတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို အစ္စလာမ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတယ်လို့ ဆိုပါတယ်။

    “နေ့စဉ်နေ့တိုင်း ကမ္ဘာလှည့်ခရီးသွား တော်တော်များများဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အသိကို တိုးမြှင့်ဖို့၊ တင်ကူးမှန်းဆမှုတွေကိုအခြေခံတဲ့ မှားယွင်းတဲ့ ထင်မြင်ယူဆချက်တွေကို ဖယ်ရှားဖို့အတွက် ကျွန်မတို့ထံကို ရောက်ရှိလာကြပါတယ်”

    ဗလီဝတ်ကျောင်းတော်ကို လာရောက်ပြီး အစ္စလာမ်နဲ့ပတ်သက်လို့ စူးစမ်းလေ့လာကြသူအများစုဟာ အမေရိကန်၊ ဗြိတိန်နဲ့ လက်တင်အမေရိက နိုင်ငံတွေက ဖြစ်တယ်လို့ ယီလ်မက်ဇ်က ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

    “အထူးသဖြင့် အမေရိကန်နဲ့ ယူကေကလူတွေဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး သတင်းအမှားပေးခြင်းကို ခံထားရပါတယ်။ ဒါပေမယ့် ဒီဗလီဝတ်ကျောင်းတော်မှာ အစ္စလာမ်နဲ့ပတ်သက်ပြီး သူတို့ကို သတင်းအချက်အလက်အမှန်တွေ ပေးတယ်။ သူတို့ဆန္ဒရှိမယ်ဆိုရင် ဘယ်လိုဝတ်ပြုရလဲဆိုတာကိုပါ သင်ပေးပါတယ်” လို့ သူမက ဆိုပါတယ်။

    နောက်ပြီး အစ္စလာမ်မှာ အမျိုးသမီးတွေဟာ နေ့စဉ်ဘ၀မှာ ပါဝင်လို့မရဘဲ အိမ်တွင်းပုန်းနေရတယ်လို့ ခရီးသွားတွေက မှားယွင်းယူဆထားတာကြောင့် ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် ဗလီဝတ်ကျောင်းတော်တွေကို ၀င်လိုက်ထွက်လိုက်လုပ်နေတဲ့ သူမကိုမြင်တဲ့အခါ အံ့သြမိတယ်လို့ ဖွင့်ဟပြောဆိုကြောင်း သူမရဲ့အတွေ့အကြုံကို ယီလ်မက်ဇ်က ပြောပြခဲ့ပါတယ်။

    “ဧည့်သည်တွေက သူတို့စိတ်ထဲမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး ယူဆချက်အမှားတွေပဲ ပြည့်နေတယ်လို့ ၀န်ခံပါတယ်။ ဒါပေမယ့် သူတို့ အမှန်တရားကို ရှာဖွေစူးစမ်းချင်တဲ့စိတ် ရှိတယ်ဆိုတာ တွေ့ရတဲ့အခါမှာတော့ ကျွန်မတို့ တကယ်ပဲ ၀မ်းသာမိပါတယ်”

    သစ္စာတရားရှာတွေ့သူ

    ယီလ်မက်ဇ်ရဲ့ အသိပညာပေးမှုမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး နားလည်သဘောပေါက်ကာ အစ္စလာမ့်အေးရိပ်ဆာယာအောက် ၀င်ရောက်ခိုလှုံခဲ့တဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့တယ်လို့ သူမက ဖွင့်ဟခဲ့ပါသေးတယ်။

    “တစ်ခါက ပြင်သစ်ခရီးသွားတစ်ယောက်ဟာ ရုတ်တရက်ကြီး သူ အစ္စလာမ်ကို သက်ဝင်ချင်တယ်လို့ ပြောလာပါတယ်။ ကျွန်မတို့ တော်တော်လေး အံ့အားသင့်သွားခဲ့ပါတယ်”

    ယီလ်မက်ဇ်တို့လို ဧည်လမ်းညွှန်တွေ အစ္စလာမ်နဲ့ပတ်သက်လို့ အသိပညာပေးဝေတဲ့နေရာကတော့ တူရကီက နာမည်ကြီး ဗလီပြာ (Bluse Mosque) ၀န်းကျင်တစ်ဝိုက်ပဲ ဖြစ်ပါတယ်။ အဲဒီနေရာဟာ ယခုလအတွင်းမှာ IS အဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ခံခဲ့ရပြီး နိုင်ငံခြားခရီးသွား ၁၀ ဦးလောက် သေဆုံးခဲ့ပါတယ်။

    ဒါပေမယ့် ဒီဖြစ်ရပ်ဆိုးကြီးဟာ သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုကိုတော့ မထိခိုက်ဘူးလို့ သူမက ဆိုပါတယ်။ ဗလီပြာက သတင်းအချက်အလက်စင်တာမှာပြုလုပ်တဲ့ ယီလ်မက်ဇ်ရဲ့ အစ္စလာမ့်သတင်းစကားဖြန့်ဝေမှု အစီအစဉ်ကိုတော့ ကမ္ဘာလှည့်ခရီးသွားတွေဟာ နေ့စဉ် တိုးလို့သာ လာရောက်နေကြပါတယ်။

    ဗလီဧည့်လမ်းညွှန်

    နိုင်ငံအတွင်းက ထင်ရှားတဲ့ ဗလီဝတ်ကျောင်းတော်တွေနဲ့ အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာ သမိုင်းဝင်နေရာတွေကို လိုက်လံပြသဖို့အတွက် တူရကီသမ္မတ သာသနာရေးရာဌာန DIB က ဗလီဧည့်လမ်းညွှန်တွေကို သတ်မှတ်ပေးထားပါတယ်။

    ဗလီဧည့်လမ်းညွှန်တစ်ယောက်ဖြစ်တဲ့ ယီလ်မက်ဇ်ကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစလို့ အစ္စလာမ့်သတင်းစကား ဖြန့်ဝေမှုအစီအစဉ်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    ဗလီပြာရဲ့ ပရ၀ုဏ်အတွင်းမှာပြုလုပ်တဲ့ အဲဒီအစီအစဉ်ကို ကမ္ဘာလှည့်ခရီးသွားတွေ အနားယူတဲ့ နေ့လည်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ပြုလုပ်တာဖြစ်ပြီး၊ ဧည်သည့်တွေဆီကနေ အပြုသဘောဆောင်တဲ့မှတ်ချက်တွေရခဲ့တယ်လို့ ယီလ်မက်ဇ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတဲ့ တူရကီနိုင်ငံဟာ အစ္စလာမ့်သတင်းစကားမျှဝေမှုလုပ်ငန်းမှာလည်း အောင်မြင်မှုတွေရရှိနေပြီး နှစ်စဉ် အစ္စလာမ့်အေးရိပ်ဆာယာအောက်ကို ခိုလှုံလာသူအရေအတွက်ဟာ ရာနဲ့ချီရှိနေတယ်လို့လည်း စစ်တမ်းတွေအရ သိရပါတယ်။

    Ref : IINA

  • ဖီဖာဥက္ကဌနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၅ ဦးစာရင်း ထွက်ပေါ်လာ

    ဖီဖာဥက္ကဌနေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့်သူ ၅ ဦးစာရင်း ထွက်ပေါ်လာ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    fifa

    – လာမည့်လတွင် ကျင်းပပြုလုပ်မည့် ဥက္ကဌနေရာ ရွေးချယ်ပွဲအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသည့် ကိုယ်စားလှယ်လောင်း ၅ ဦးကို ဖီဖာက ယနေ့တွင် ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    ဖီဖာ၏ ရွေးကောက်ပွဲကော်မတီကထုတ်ပြန်ခဲ့သည့် အဆိုပါ ၅ ဦးမှာ ဖီဖာဒုဥက္ကဌဖြစ်သည့် ဂျော်ဒန်အိမ်ရှေ့မင်းသား အလီ ဘင် အလ် ဟူစိန်၊ အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်သော ဘာရိန်းတော်ဝင်မိသားစုဝင် ရှိခ် ဆလ်မန် ဘင် အီ ဘရာဟင် အလ်ခါလီဖာ၊ ယူအီးအက်ဖ်အေ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆွစ်ဇာလန်နိုင်ငံမှ ဂီယန်နီ အင်ဖန်တီနို၊ တောင်အာဖရိက လူမှုဝန်ထမ်း ပြန်လည်နေရာချထားရေးဝန်ကြီး တိုကျို ဆက်ဝါလေးနှင့် ဖီဖာအမှုဆောင်ကောင်စီဝင်ဟောင်း ပြင်သစ် နိုင်ငံရေးသမား ဂျယ်ရိုမီ ရှန်ပိန်တို့ဖြစ်ကြသည်။

    ဥက္ကဌဟောင်းဖြစ်သူ ဆပ်ဘလတ္တာက ၎င်းမှာ ရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြီးခဲ့သည့်ဇွန်လက ကြေငြာခဲ့ပြီးနောက်ပိုင်း ဖီဖာဥက္ကဌရွေးကောက်ပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ရခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဆပ်ဘလတ္တာမှာ ယူအီးအက်ဖ်အေဥက္ကဌပလာတီနီနှင့် ငွေအပေးအယူကိစ္စတစ်ခု မသမာမှုကြောင့် ဘောလုံးနှင့်ပတ်သက်သည့် လှုပ်ရှားမှုများအားလုံးမှ ၈ နှစ် ပိတ်ပင်ခြင်းခံထားရသည်။

    Ref : Channelnewsasia