News @ M-Media

Author: Ko Lay

  • အီဘိုလာပြီးနောက် ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ ဇီကာ

    အီဘိုလာပြီးနောက် ကမ္ဘာကြီးကို ခြိမ်းခြောက်လာတဲ့ ဇီကာ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    zika

    – လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတွေက နိုင်ငံတစ်ချို့မှာ ကူးစက်ပြန့်ပွားမှုတွေကို တွေ့မြင်ခဲ့ရပြီးနောက်ပိုင်း ခြင်ကတစ်ဆင့်ကူးစက်ကာ ဦးနှောက်ပျက်ဆီးစေတဲ့ ဇီကာဗိုင်းရပ်စ် (Zika Virus) ဟာ ကနေဒါနဲ့ ချီလီနိုင်ငံတို့ကလွဲပြီး အမေရိကတစ်ဝှမ်း ပြန့်နှံ့ဖို့ အလားအလာရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ယမန်နေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

    အဲဒီဇီကာဗိုင်းရပ်စ်ဟာ ကာကွယ်မှုမရှိတာ၊ ခြင်ကတစ်ဆင့် လျင်လျင်မြန်မြန် ပြန့်နှံ့နိုင်တာတွေကြောင့် ၂၀၁၅ ခုနှစ် မေလနောက်ပိုင်း နိုင်ငံပေါင်း ၂၁ နိုင်ငံလောက်ကို ပြန့်နှံနေပြီလို့ WHO က ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။

    ကူးစက်မှုအများဆုံးနိုင်ငံကတော့ ဘရာဇီးလ်နိုင်ငံဖြစ်နေပြီး၊ ဒုတိယအများဆုံးကတော့ ကိုလံဘီယာနိုင်ငံဖြစ်ပါတယ်။ အမေရိကန်မှာလည်း ပြီးခဲ့တဲ့တတစ်ပတ်အတွင်းမှာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်နေသူ ၃ ဦးကို တွေ့ရှိခဲ့ရပေမယ့် အခြားနိုင်ငံကနေ ရောက်ရှိလာသူတွေဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်းမှာ ကူးစက်မှု မရှိသေးပါဘူး။

    ဒါပေမယ့် ရောဂါပိုး ပြန့်နှံနေတဲ့ နိုင်ငံတွေ၊ အထူးသဖြင့် အမေရိကတိုက်အတွင်းက အပူပိုင်းဒေသတွေကို သွားရောက်တဲ့အခါ သတိထား သွားရောက်ကြဖို့ အမေရိကန်က သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

    ကိုဝန်ဆောင်အမျိုးသမီးတွေ ကူးစက်မှုအများဆုံးဖြစ်နေပြီး မွေးဖွားလာတဲ့ကလေးငယ်တွေဟာ ဦးနှောက်သေးကွေးကာ မူမမှန် ပျက်ဆီးတာမျိုးတွေ ဖြစ်တတ်တာကြောင့် အဲလ်ဆာဗေဒိုး၊ ကိုလံဘီယာနဲ့ ဂျမေကာနိုင်ငံတွေမှာ အမျိုးသမီးတွေ ကိုယ်ဝန်မဆောင်ဖို့ သတိပေး၊ အကြံပြုတာတွေလည်း ရှိနေပါတယ်။

    ဘယ်ကစသလဲ

    ဇီကာဗိုင်းရပ်စ်ကို ၁၉၅၀ ပြည့်နှစ်တွေမှာ အီကွေတာနဲ့နီးတဲ့ အာဖရိကနဲ့ အာရှနိုင်ငံတစ်ချို့မှာ စတင်တွေ့ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဒီဗိုင်းရပ်စ်ဟာ ပစိဖိတ်သမုဒ္ဒရာကနေ ပြင်သစ်ပိုလီနီးရှား၊ အီစတာကျွန်းတွေအထိ ရောက်ခဲ့ပါတယ်။

    အလယ်အမေရိက ကာရစ်ဘီယံနဲ့ တောင်အမေရိက နိုင်ငံတွေမှာ ကူးစက်ပြန့်နှံနေကြောင်း ၂၀၁၅ ခုနှစ်မေလမှာ ပန်အမေရိကန်ကျန်းမာရေးအဖွဲ့ PAHO က အတည်ပြုထုတ်ပြန်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက ကြောက်စရာကောင်းတဲ့ ဒီ ဇီကာဗိုင်းရပ်စ်ပိုးအကြောင်းကို သတိပြုမိခဲ့ကြပါတယ်။

    ဗိုင်းရပ်စ်ပိုးဟာ အဓိကအားဖြင့် ခြင်ကတစ်ဆင့် ပြန့်နှံ့တာဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်ကနေတစ်ဆင့် ကလေးကိုလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးသယ်ဆောင်နိုင်သူတွေက လူနဲ့ မျောက်တွေဖြစ်ပြီး ရောဂါပိုး ပေါက်ဖွားမှုကတော့ ၁၀ ရက်ခန့် ကြာတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ သုတ်သွေးမှာ ခိုအောင်းတတ်ပေမယ့် လိင်ဆက်ဆံမှုကနေ ကူးဆက်နိုင်လားဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးဘဲ လေ့လာမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်။

    ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဆိုရင် ဖျားတာနာတာ၊ ခန္ဓာကိုယ်မှာ အင်ပြင်တွေထွက်တာ၊ အဆစ်အမြစ်တွေကိုက်ခဲတာ ခေါင်းကိုက်တာ၊ မျက်လုံးတွေနီလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုလက္ခဏာတွေဟာ ရောဂါပိုး ကူးစက်ပြီး တစ်ပတ်အတွင်းမှာ တွေ့ရတာမျိုး ဖြစ်ပါတယ်။

    ရောဂါကြောင့် သေဆုံးမှုမရှိပေမယ့် ဦးနှောက်ပျက်ဆီးနိုင်တဲ့အတွက် ရောဂါပိုးကူးစက်ခံရသူတွေဟာ နောက်ပိုင်းမှာ အသိဉာဏ်မပြည့်ဝမှုတွေ၊ မသန်စွမ်းမှုတွေ ဖြစ်လာနိုင်တဲ့အထိ ဦးတည်သွားနိုင်ပါတယ်။

    ကုသနိုင်ပြီလား

    အပူပိုင်းဒေသတွေမှာ ဖြစ်လေ့ရှိတဲ့ ဒီ ဇီကာရောဂါကို လတ်တလော ကုသဖို့ ဆေးမရှိသေးဘဲ သုတေသနပြုလုပ်နေ ဆဲအဆင့်သာ ရှိပါသေးတယ်။

    သိပ္ပံပညာရှင်တွေကတော့ အီဘိုလာလို ကပ်ရောဂါတစ်ခု ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ဆေးရရှိဖို့ အပြင်းအထန် ကြိုးစားနေပေမယ့် ဆေးပေါ်ထွက်လာဖို့အတွက်တော့ ၃ နှစ်ကနေ ၅ နှစ်လောက်အထိ ကြာနိုင်တယ်လို့ ဇီကာဗိုင်းရစ်နဲ့ပတ်သက်ပြီး သုတေသနတွေပြုလုပ်နေတဲ့ ဆော်ပေါ်လိုအခြေစိုက် Butantan Institute က ပြောကြားခဲ့ပါတယ်။

    ဗြိတိန် ဆေးထုတ်လုပ်ရေး GlaxoSmithKline ကလည်း ဇီကာဗိုင်းရပ်စ်အတွက် အသုံးပြုနိုင်မယ့် ဆေးကို လေ့လာနေတုန်းဖြစ်ပြီး၊ ပြင်သစ်က Sanofi ကုမ္ပဏီကလည်း ဖြစ်နိုင်ချေတွေကို သုံးသပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    လက်ရှိအချိန်မှာ တောင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတွေမှာ ကူးစက်ပြန့်နှံ့နေပေမယ့် ကမ္ဘာနဲ့ချီတဲ့ ကပ်ရောဂါမျိုး ဖြစ်လာမှာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။

    Ref: Aljazeera, Channelnewsasia, Wiki

  • အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    အသင်းမှနှုတ်ထွက်ရန် မန်ယူနည်းပြဗန်ဂါးလ် ကမ်းလှမ်းခဲ့

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    epl 3

    – ပြီးခဲ့သည့်သီတင်းပတ်အတွင်း နည်းပြ ဗန်ဂါးလ်က အသင်းမှထွက်ခွာရန် ကမ်းလှမ်းခဲ့သော်လည်း မန်ယူက လက်မခံခဲ့ဟု အင်္ဂလန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

    စနေနေ့က ဆောက်သက်တမ်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သောပွဲအပြီးတွင် အသင်း၏ ဒုတိယဥက္ကဌ အဒ် ၀ုဒ်ဝါ့ဒ်နှင့်တွေ့ဆုံကာ မိမိမှာ နှုတ်ထွက်ရန် အသင့်ရှိနေသည်ဟု ဗန်ဂါးလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အသင်းအား ပြန်လည်နာလန်ထူလာစေရေး ဆောင်ရွက်ရန်သာ ၀ုဒ်ဝ့ါဒ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    ပြီးခဲ့သည့်ဒီဇင်ဘာက စတုတ်အသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် ရာထူးမှ ထုတ်ပယ်ခြင်းခံရမည်ကို ကြောက်ရွံ့နေလားဟု မေးမြန်းရာတွင် ဗန်ဂါးလ်က အသင်းမှ ထုတ်ပယ်စရာမလိုဘဲ၊ မိမိကိုယ်တိုင်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း အဒ် ၀ုဒ်ဝါ့ဒ်နှင့် ကိုယ်တိုင် စကားပြောဆိုရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    ထိုပွဲပြီးနောက်မန်ယူမှာ ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့သည့်အတွက် ဗန်ဂါးလ်အပေါ် ဖိအားများ လျော့ကျခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်အား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပရိတ်သတ်များက ၎င်းအား လှောင်ပြောင်ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က ၃ နှစ်စာချုပ်ဖြင့် မန်ယူနည်းပြဖြစ်လာသည့် ဗန်ဂါလ်းက မန်ယူမှာ မိမိနည်းပြဘ၀ နောက်ဆုံးအသင်းဖြစ်မည်ဟု ပြောကြားခဲ့ဖူးသည်။

    Ref : Goal

  • အာရှတစ်ဝှမ်း အအေးလွန်ကဲမှုကြောင့် သေဆုံးမှုများရှိနေ

    အာရှတစ်ဝှမ်း အအေးလွန်ကဲမှုကြောင့် သေဆုံးမှုများရှိနေ

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    cold

    – အရှေ့တောင်အာရှနှင့် အရှေ့အာရှတစ်ဝှမ်း အအေးလွန်ကဲမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀၀ နီးပါးရှိနေပြီး သန်းပေါင်းများစွာမှာလည်း မကြုံစဖူး အအေးဒဏ်ကို ခံစားနေရသည်ဟု သိရသည်။

    အာရှဒေသတစ်ဝှမ်းတွင် အပူချိန်မှာ ယမန်နေ့က ရုတ်တရက် ကျဆင်းခဲ့ပြီး ယနေ့တွင်လည်း ဆက်လက် ကျဆင်းလျက်ရှိနေသည်။ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် အပူချိန်မှာ စနေနေ့က ၅.၄ ဒီဂရီဆဲလ်စီးယက်စ်အထိ ကျဆင်းခဲ့ပြီး နှစ်ပေါင်း ၄၀ နီးပါးအတွင်း အနိမ့်ဆုံးအပူချိန်လည်းဖြစ်သည်။

    ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အပူချိန်မှာ ယမန်နေ့က ၈.၆ ဒီဂရီဆဲလ်စီးယက်စ်အထိ ရှိခဲ့ပြီး ယနေ့တွင်မူ အနည်းငယ် ပြန်တက်လာခဲ့သည်။

    ထိုင်ဝမ်နိုင်ငံ မြို့တော်ထိုင်ပေတွင် အပူအချိန်မှာ တနင်္ဂနွေနေ့က ၄ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့ကော အပူချိန်ရုတ်တရက်ကျဆင်းမှုနှင့် ဆက်စပ်သည့် အဖြစ်အပျက်များကြောင့် အနည်းဆုံး လူ ၈၅ ဦးသေဆုံးခဲ့သည်။ ထိုင်ဝမ်၏ အပူချိန်ကျဆင်းမှုမှာ နှစ်ပေါင်း ၄၄ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။

    ဟောင်ကောင်တွင်မူ အပူချိန်မှာ ၃ ဒီဂရီဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့ပြီး နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင်ကျဆင်းမှုဖြစ်ကာ မူလတန်းကျောင်းများနှင့် မူကြိုများကို ပိတ်ထားခဲ့ရသည်။ အအေးလွန်ခဲ့မှုကြောင့် သေဆုံးသူများမှာ ထိုင်းနှင့် ဂျပန်နိုင်ငံများတွင်လည်း ရှိနေသည်။

    Ref : Asiancorrespondent

  • ငှက်ဖျားတိုက်ဖျက်ရေး ဘီလ်ဂိတ်နှင့် ဗြိတိန်တို့ပူးပေါင်းကာ ပေါင် သန်း ၃ ထောင် သုံးစွဲမည်

    ငှက်ဖျားတိုက်ဖျက်ရေး ဘီလ်ဂိတ်နှင့် ဗြိတိန်တို့ပူးပေါင်းကာ ပေါင် သန်း ၃ ထောင် သုံးစွဲမည်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media


    – ငှက်ဖျားရောဂါအမြစ်ပြတ်ချေမှုန်းဖို့ နောက်ထပ်ငါးနှစ်အတွင်း မိမိတို့ဟာ တစ်နှစ်လျှင် ပေါင် သန်း ၅၀၀ လောက် သုံးစွဲသွားမှာဖြစ်ပြီး မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်နဲ့လည်း ပူးပေါင်းကာ စုစုပေါင်း ပေါင် သန်း ၃၀၀၀ အသုံးပြုသွားမယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

    ကုန်ကျငွေတွေကို နိုင်ငံတော်ရဲ့ ပြည်ပကူညီရေးရန်ပုံငွေတွေကနေ ထုတ်ယူသုံးစွဲသွားမှာဖြစ်တယ်လို့ အဓိပတိ ဂျော့ အော့စ်ဘွန်းက ဘီလ်ဂိတ်နဲ့ ပူးတွဲပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပြီး၊ ဘီလျံနာသူဌေးကြီးဘီလ်ဂိတ်ရဲ့ Bill & Melinda Gates ဖောင်ဒေးရှင်းကနေ ငှက်ဖျားတိုက်ဖျက်ရေးအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်လောက် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

    “တစ်ကမ္ဘာလုံးမှာ လူသန်းတစ်ထောင်လောက် ငှက်ဖျားပိုး ကူးစက်ခံနေရပါတယ်၊ ဒီလိုဖြစ်ရတာဟာ ပြောပြဖို့တောင်မကောင်းတဲ့ ဒုက္ခဝေဒနာနဲ့ စီးပွားရေး အကြမ်အတည်းတွေကြောင့်ပဲ ဖြစ်ပါတယ်” လို့ အော့စ်ဘွန်းက ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

    “ဒါကြောင့်မို့လို့ ဘီလ်ဂိတ်နဲ့လက်တွဲပြီး ဗြိတိန်နိုင်ငံက အဲဒီရောဂါကိုတိုက်ဖျက်ဖို့ ရှေ့ဆုံးကနေ လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ချက်ချထားပါတယ်”

    ဒီဇင်ဘာက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ထုတ်ပြန်တဲ့ ငှက်ဖျားပိုးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ၂၀၀၀ ခုနှစ်က ငှက်ဖျားကြောင့် လူသေဆုံးမှု ၈၃၉,၀၀၀ ရှိရာကနေ ၂၀၁၅ ခုနှစ်မှာ ၄၃၈,၀၀၀ ထိ သေဆုံးမှု ကျဆင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    အော့စ်ဘွန်းက အချို့ငွေတွေကို ရောဂါတိုက်ဖျက်ဖို့အတွက် ဗြိတိန်မှာ နည်းပညာတွေ ရှာဖွေရာမှာလည်း အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဂိတ်စ်ဖောင်ဒေးရှင်းရဲ့ ပထမနှစ် ထည့်ဝင်ငွေကို သုတေသနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ ငှက်ဖျားရောဂါအမြစ်ဖြတ်ရေးအတွက် ဒေသန္တရကြိုးပမ်းအားထုတ်မှုတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

    ဂိတ်စ်ဖောင်ဒေးရှင်းကို ၂၀၀၀ ပြည့်နှစ်မှာ ဘီလ်ဂိတ်နှင့် ဇနီးဖြစ်သူ မီလင်ဒါတို့က တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ရောဂါဘယနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ဖို့အတွက် လုပ်ဆောင်နေပါတယ်။

    Ref: Channelnewsasia

  • မလေးရှားဝန်ကြီးချုပ် ဘဏ်စာရင်းမှ ဒေါ်လာ သန်း ၇၀၀ နီးပါးကိစ္စကို ရှေ့နေချုပ်ရှင်းလင်း

    မလေးရှားဝန်ကြီးချုပ် ဘဏ်စာရင်းမှ ဒေါ်လာ သန်း ၇၀၀ နီးပါးကိစ္စကို ရှေ့နေချုပ်ရှင်းလင်း

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆

    najib
    M-Media- မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဘဏ်စာရင်းထဲသို့ ဆော်ဒီမှ ကန်ဒေါ်လာ သန်းပေါင်း ၆၈၁ သန်း လွှဲပေးမှုမှာမည်သည့်ရာဇ၀တ်မှု၊ ခြစားမှုမှ မမြောက်ဘဲ ဆော်ဒီတော်ဝင်မိသားစုက လက်ဆောင်အဖြစ် ပေးအပ်ခြင်းသာဖြစ်သည်ကို တွေ့ရှိခဲ့ရသည်ဟု မလေးရှားရှေ့နေချုပ်က ယနေ့တွင် ပြောကြားလိုက်သည်။

    “ဒီငွေတွေဟ လာဘ်ထိုးတဲ့ငွေ ဒါမှမဟုတ် ခြစားတဲ့ငွေပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ တွေ့ရှိချက်အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ဘာ့ကြောင့် ၀န်ကြီးချုပ်နာဂျစ်ကို ဒီငွေပေးလဲဆိုတာ အကြောင်းပြချက်တော့ မပေးခဲ့ပါဘူး။ ဒါဟာ သူနဲ့ ဆော်ဒီတော်ဝင်မိသားစုတို့ကြားက ကိစ္စပါပဲ” ဟု ယနေ့မနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရှေ့နေချုပ် မိုဟာမက် အာပန်ဒီ အလီက ပြောကြားခဲ့သည်။

    ထို့ပြင် မလေးရှားခြစားမှုတိုက်ဖက်ရေး အေဂျင်စီက ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှု ၃ ခုတွင် နာဂျစ်မှာ မည်သည့် ရာဇ၀တ်မှုကိုမှ ကျူးလွန်ခဲ့သည်ကို မတွေ့ရှိရကြောင်း၊ နောက်ထပ် မည်သည့်စုံစမ်းမှုမှ ပြုလုပ်တော့မည်ဟုတ်ကြောင်း ရှေ့နေချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

    အသုံးပြုစရာမရှိသောကြောင့် ကန်ဒေါ်လာ သန်း ၆၂၀ ကို နာဂျစ်က ဆော်ဒီနိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်ဟု အလီက ဆိုသည်။

    နာဂျစ်က အကြီးအကဲဖြစ်တာဝန်ယူထားသည့် နိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) တွင် ဒေါ်လာဘီလီယံနှင့်ချီ အကြွေးတင်နေသည့်အချိန် ၎င်း၏ ငွေစာရင်းတွင် ထိုငွေများကို တွေ့ရှိခဲ့ရခြင်းကြောင့် ၀န်ကြီးချုပ်နာဂျစ်မှာ ဝေဖန်မှုများခံခဲ့ရကာ ရာထူးမှ နှုတ်ထွက်ရန်အထိ ဖိအားပေးခြင်း ခံခဲ့ရသည်။

    Ref : Aljazeera