News @ M-Media

Author: Ko Lay

  • တောဆင်ရိုင်းအန္တရာယ်နှင့် သစ်ပင်ပေါ်မှ အိမ်များ သို့မဟုတ် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပြယုဂ်

    တောဆင်ရိုင်းအန္တရာယ်နှင့် သစ်ပင်ပေါ်မှ အိမ်များ သို့မဟုတ် မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု ပြယုဂ်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    tk
    ရန်ကုန်မြို့ဆင်ခြေဖုံး တိုက်ကြီးရှိ ရွာတစ်ရွာတွင် တောဆင်ရိုင်းအန္တရာယ်ကြောင့် သစ်ပင်ပေါ်တွင် အိမ်ဆောက်ထားပုံ

    – လယ်ယာမြေများ ချဲ့ထွင်လာခြင်းကြောင့် နယ်မြေကျဉ်းလာခဲ့သည့် ဆင်ရိုင်းများမှာ မြန်မာနိုင်ငံရှိ ပြည်သူများကို ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်လာစေပြီး၊ စပါးခင်းများသို့ ၎င်းတို့ အစာလာရှာသည့်အခါ ရွာသားများမှာ သစ်ပင်ပေါ်တွင်ဆောက်လုပ်ထားသည့် အိမ်များတွင် သွားရောက်ခိုလှုံရသည်အထိ ဖြစ်နေသည်။

    ရန်ကုန်မြို့ဆင်ခြေဖုံး တိုက်ကြီးမြို့အနီးတစ်ဝိုက်ရှိ အဆိုပါဆင်ရိုင်းများက ကောက်ပဲသီနှံများကို နင်းချေပစ်သည်။ အိမ်များကို ဖျက်ဆီးပြီး ၎င်းတို့၏လမ်းကြောင်းတွင်ရှိသည့် လူများကိုပင် သတ်ဖြတ်ကြသည်ဟု ရွာသားများက ဆိုသည်။ ထို့ကြောင့် ကြက်ချောင်းရွာရှိ ရွာသားမျာမှာ မြေပြင်မှမြင့်မားသောနေရာတွင် သစ်ဝါးများအသုံးပြု၍ ခိုလှုံရာ နေရာများကို ဖန်တီးကြရလေသည်။

    “ကျွန်တော်တို့ရဲ့တဲကို သစ်ပစ်ပေါ် ပြောင်းလိုက်ရတယ်။ ဒါဆိုရင် ကျွန်တော်တို့ ဘေးကင်းပြီပေါ့” ဟု ရွာသာတစ်ဦးဖြစ်သူ ဆန်းလွင်က ရှင်းပြခဲ့သည်။ ဆင်ရိုင်းများနီးလာသည့်အခါ သစ်ပင်ပေါ်ရှိ ၎င်း၏ ဓနိမိုးအိမ်သို့ တစ်ဟုန်ထိုးပြေးတက်ရသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

    ရန်ကုန်မြို့မြောက်ဖက် ကီလိုမီတာ ၁၀၀ အကွာအဝေးတွင်ရှိသည့် ကြက်ချောင်းရွာမှာ လယ်ယာလုပ်သားများနေထိုင်သည့် ရွာဖြစ်သည်။ ရွာသားများကတော့ ဆင်ရိုင်းများ၏ ဒုက္ခမခံရမီ လွန်ခဲ့သည့် ၃ နှစ်ကအချိန်ကို ပြန်တမ်းတနေကြသည်။

    ယခုတွင်တော့ ဆင်များ၏ ပြင်းထန်သော ခြေသံများကို ကြားပြီဆိုသည်နှင့် ၀ါးလှေကားများကိုသုံး၍ သစ်ပင်ရှိ ၎င်းတို့၏ တဲများသို့ ပြေးတက်ကြရသည့် အခြေအနေသို့ ရောက်ရှိလေသည်။ ထိုအဖြစ်ပျက်မျိုးက တစ်ပတ်လျှင် ၃၊ ၄ ကြိမ်ခန့် ပုံမှဖြစ်နေသည်။

    “သူတို့ကို ဖမ်းသွားစေချင်တယ်ဗျာ။ ဒါမှ ကျွန်တော်တို့လည်း အေးအေးဆေးနေလို့ရမှာ” ဟု အသက် ၅၇ နှစ်အရွယ်လယ်သမားဖြစ်သူ သန်းရှင်က ပြောကြားခဲ့သည်။

    tk 2

    စံမြန်းရာ သစ်တောဘုံနန်းများ သိသိသာသာဆုံးရှုံးလာသည့် ဆင်များ၊ ဆင်များ၏ အကြမ်းဖက်မှုကို ခံရသည့် ရွာသားများ စသည်တို့မှာ ဒေသအတွင်း အဆိုးရွားဆုံးဖြစ်နေသော မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ်ရာ သစ်တောပြုန်းတီးမှု၏ ထိခိုက်မှုများမှ အချို့သာ ဖြစ်လေသည်။

    ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ဖုံးလွှမ်းနေသော သစ်တောများ၏ ၂၀ ရာခိုင်နှုန်းနီးပါး ဆုံးရှုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့၏ အဆိုအရ သိရသည်။

    အဆိုပါ သစ်တောပြုန်းတီးမှုဖြစ်စေသော အကြောင်းအရင်းများမှာ စစ်အာဏာရှင်လက်ထက် ဆယ်စုနှစ်များစွာကြာ မျက်စိပိတ်၊ နားပိတ်ကာလအတွင်း သစ်ခုတ်ခြင်း၊ စီးပွားဖြစ် လယ်ယာလုပ်ငန်းအတွက် လယ်ယာမြေ ပမာဏအများအပြား ချဲ့ထွင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုကြသည်။

    မြန်မာနိုင်ငံရှိ အာရှဆင်ရိုင်းအုပ်များက ဒေသအတွင်း အရေအတွက်အများဆုံးဖြစ်သည်ဟု သတ်မှတ်ထားရကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့၏ စာရင်းအရ သိရသည်။

    သို့သော်လည်း ၎င်းတို့၏ နေထိုင်ကျက်စားရာ သစ်တောများ ဆုံးရှုံးလာမှု၊ ဆင်စွယ်လိုချင်မှု မြင့်တက်လာခြင်းနှင့်၊ ခရီးသွားလုပ်ငန်းအတွက် တိရစ္ဆာန်များကို ထိုင်းနိုင်ငံသို့ မှောင်ခိုတင်ပို့မှုတို့က ထိုဆင်များ မျိုးတုန်းပျောက်ကွယ်မှု အန္တရာယ်ကို မြင့်တက်လာစေခဲ့သည်။

    နိုဝင်ဘာ ရွေးကောက်ပွဲတွင် အများစုအနိုင်ရကာ အစိုးသစ်ကို ဦးဆောင်ရန် ပြင်ဆင်နေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကတော့ အာဏာရယူပြီးနောက် မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကို ဖြေရှင်းသွား မည်ဟု ပြောကြားခဲ့သည်။

    “ဆယ်စုနှစ်များစွာ ပျက်ဆီးခဲ့တဲ့ မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်ကို ကျွန်တော်တို့ ပြန်လည်ထိန်းသိမ်းသွားမှာပါ။ လွယ်တော့မလွယ်ဘူးပေါ့ဗျာ” ဟု NLD ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ကော်မတီမှ ဒုတိယဥက္ကဌဖြစ်သူ ဦးစိုးညွှန့်က ပြောကြားခဲ့သည်။

    Ref : AFP

  • ခြေထောက်ပါသည့် ဝေလငါးရုပ်ကြွင်းပြတိုက် အီဂျစ်တွင်ဖွင့်လှစ်

    ခြေထောက်ပါသည့် ဝေလငါးရုပ်ကြွင်းပြတိုက် အီဂျစ်တွင်ဖွင့်လှစ်

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    – ယခုအခါ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်သည့် “လမ်းလျှောက်ဝေလငါး” (walking whale) မျိုးစိတ်၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို ပြသထားသည့် ပြတိုက်တစ်ခုကို အီဂျစ်က ကြာသာပတေးနေ့တွင့် ဖွင့်လှစ်လိုက်ပြီး အရှေ့အလယ်ပိုင်းတွင် ပထမဆုံး ဝေလငါးရုပ်ကြွင်းပြတိုက်လည်း ဖြစ်လာခဲ့သည်။

    ထိုသို့ ဖွင့်လှစ်ခြင်းမှာ ကမ္ဘာလှည့်ခရီးသွား အများအပြား ၀င်ရောက်လာစေရန် အစိုးရ၏ ကြိုးပမ်းလုပ်ဆောင်မှုများထဲမှ တစ်ခုဖြစ်ပြီး မကြာသေးမီက ကမ္ဘာလှည့်ခရီးသွားများမှာ စစ်သွေးကြွများ၏ တိုက်ခိုက်ခံမှုကို ခံရပြီးနောက် အီဂျစ်ရှိ စွဲမက်ဖွယ်ကောင်းသည့် နေရာများ လုံခြုံနေပြီဖြစ်ကြောင်း ယုံကြည်မှု ပြန်လည်ရယူလိုက်ခြင်းလည်းဖြစ်သည်။

    ယင်းပြတိုက်မှာ မြို့တော်ကိုင်ရို၏ အနောက်တောင်ဘက် ၁၀၅ မိုင်ခန့်တွင်ရှိသည့် ဝေလငါးတောင်ကြားမှ ကန္တာရထဲတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အီဂျစ်အစိုးရက လုံခြုံရေးအများအပြား ချထားသည်။

    ၂၀၁၁ ခုနှစ်တွင် အာဏာရှင် ဟိုစနီမူဘာရက်အား ပြည်သူများက ဆန္ဒပြခဲ့ရာမှ နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ခဲ့ရသည့် အီဂျစ်တွင် အရေးပါသည့် ခရီးသွားလာရေးလုပ်ငန်းမှာ ဆုတ်ယုတ်ခဲ့ရသည်။

    အဆိုပါပြတိုက်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၇ သန်းက တည်ရှိခဲ့သည်ဟု ယုံကြည်ရသည့် ခြေထောက်ပါသော ဝေလငါးတစ်ကောင်လုံး၏ အရိုးရုပ်ကြွင်းကို ပြသထားသည်။ မီတာ ၂၀ ရှည်လျားသော အဆိုပါရုပ်ကြွင်းက ဝေလငါးများမှာ ကုန်းနေ နို့တိုက်သတ္တ၀ါမှ ယနေ့ခေတ် ရေနေနို့တိုက်သတ္တ၀ါအဖြစ် ပြောင်းလဲမှုဖြစ်စဉ်၏ သက်သေဖြစ်ကြောင်း သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။

    ထို့ပြင် ရှေးခေတ်လူများ အသုံးပြုခဲ့သည့် သမိုင်းမတိုင်ခင်က ပစ္စည်းများ၊ အခြားကျောက်ဖြစ်ရုပ်ကြွင်းများနှင့် ဝေလငါးများမှာ ကုန်းနေသတ္တ၀ါမှ ရေနေသတ္တ၀ါအဖြစ်သို့ အဆင့်ဆင့် ဆင့်ကဲပြောင်းလဲမှုများကိုလည်း ဖော်ပြထားသည်။

    Ref : IINA

  • စတုတ်နှင့် မိမိတို့အကြား တင်းမာမှုမှာ စပါးထက်ပိုဆိုးသည်ဟု ၀င်းဂါးပြော

    စတုတ်နှင့် မိမိတို့အကြား တင်းမာမှုမှာ စပါးထက်ပိုဆိုးသည်ဟု ၀င်းဂါးပြော

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    arsen

    – စတုတ်အသင်းနှင့် မိမိတို့ကြား တင်းမာမှုမှာ ခါးသီးသော မြို့ခံပြိုင်ဘက် စပါးအသင်းထက်ပင် ပို၍ပြင်းထန်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြေကြားလိုက်သည်။

    ၂၀၁၀ ခုနှစ်တွင် စတုတ်ကစားသမား ရိုင်ယန် ရှောခရော့စ်၏ ကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့် အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေး ခြေထောက်ကျိုးသွားခဲ့ပြီးနောက် ၎င်းတို့နှစ်သင်းအကြား တင်းမာမှု စတင်ခဲ့ခြင်းဖြစ်သည်။ နောက်ခံလူ ခရော့စ်နှင့် ၎င်း၏တွဲဘက် ရောဘတ်ဟုသ်တို့၏ ဖြတ်ထုတ်မှုများကို ၀င်းဂါးက ရဘ်ဘီကစားနည်းထက် ပိုမိုကြမ်းတမ်းသည်ဟု ဝေဖန်ခဲ့ပြီး စတုတ်ပရိတ်သတ်များ အာဆင်နယ်အပေါ် မလိုလားမှုမှာ မြင့်တက်လာခဲ့သည်။

    “ဟုတ်ပါတယ်။ စတုတ်ပရိတ်သတ်တွေက အာဆင်နယ်အပေါ် ဘာ့ကြောင့် ဒီလောက် မနှစ်မြို့ဖြစ်နေရလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ကို ခင်ဗျားတို့သွားမေးသင့်တယ်။ ကျွန်တော်က သူတို့ကို ဘာမှလုပ်ထားတာ မရှိပါဘူး။ စပါးထက်တောင် ပိုပြီး ဆိုးဝါးပါတယ်။ အဓိကကိစ္စကတော့ ရမ်ဆေးကိစ္စ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီကနေ စခဲ့တာပါပဲ” ဟို ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်က စတုတ်အား အာဆင်နယ်က ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲပြီးနောက် အာဆင်နယ်ပရိတ်သတ် အနည်းငယ်မှာ စတုတ်စီးတီးအား ရန်စသည့်စကားများကို ဟစ်အော်ခဲ့ဖူးသည်။ အာဆယ်နယ်မှာ ယနေ့တွင် စတုတ်စီးတီးအသင်း၏ ကွင်းတွင် သွားရောက်၍ ပရီးမီးယားလိဂ်ပွဲကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: Goal

  • နိုင်ငံတကာက အီရန်အပေါ် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားလိုက်ပြီ

    နိုင်ငံတကာက အီရန်အပေါ် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားလိုက်ပြီ

    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media

    iran

    – နိုင်ငံတကာအနုမြူအေဂျင်စီ IAEA က အီရန်နိုင်ငံမှာ ဇူလိုင်လက အင်အားကြီးနိုင်ငံများနှင့် ရရှိခဲ့သည့် နျူသဘောတူညီချက်တွင်ပါဝင်သော အချက်များကို လိုက်နာဆောက်ရွက်ခဲ့သည်ဟု ယမန်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတကာက အီရန်အပေါ် ပိတ်ဆို့ထားမှုများအားလုံးကို ဖယ်ရှားလိုက်သည်ဟု သိရသည်။

    “(ဇူလိုင် သဘောတူညီချက်) အရ “အကောင်အထည်ဖော်ရေးနေ့” ဖြစ်လာစေဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေအားလုံးကို အီရန်က ဆောင်ရွက်ပြီးခဲ့ပါပြီ” ဟု ဗီယင်နာ အခြေစိုက် IAEA က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂက အီရန်အပေါ် နျူကလီးယားနှင့်ပတ်သက်၍ ချမှတ်ထားသော ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားလိုက်သည်ဟု ယမန်နေ့တွင် ကြေငြာခဲ့သည်။ ဥရောပနိုင်ငံခြားရေးပေါ်လစီအကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟာရီနီက ထိုရလဒ်ကြောင့် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ဆက်စပ်သည့် စီးပွားရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပေးလိုက်ပြီဟု ဆိုသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း တီဟီရန်က ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ ၎င်း၏ နျူ ကလီးယားအစီအစဉ်ကို အခြေခံကျကျ ပြောင်းလဲလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီရန်သမ္မတ ဟာဆန်ရူဟာနီကမူ “ခန္တီတရားပြည့်ဝသော အီရန်နိုင်ငံ” အတွက် ဂုဏ်ယူစရာအောင်မြင်မှုဟု ပြောကြားခဲ့သည်။

    ယခုပိတ်ဆို့မှုများ မဖယ်ရှားခင် အီရန်နှင့် အမေရိကန်တို့မှာ အကျဉ်းသားလဲလှယ်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီး ထောက်လှမ်းရေးအမှုဖြင့် အီရန်က ဖမ်းဆီးထားသည့် ၀ါရှန်တန်ပို့စ်သတင်းစာမှ သတင်းထောက် ဂျေဆန် ရီဇိုင်ယန်အား လွှတ်ပေးမှုလည်း ပါဝင်ခဲ့သည်။

    ပိတ်ဆို့မှုများ ဖယ်ရှားလိုက်ခြင်းကြောင့် ရေနံဈေးကွက်အပါအ၀င် ကမ္ဘာ့စီးပွားရေး ဈေးကွက်များတွင် အီရန်က ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်သည်။

    Ref: Aljazeera

  • မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ဆန်းသစ်ဖို့ လိုပြီလား ?

    မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် ဆန်းသစ်ဖို့ လိုပြီလား ?

    ဇန်န၀ါရီ ၁၆၊ ၂၀၁၆

    M-Media
    china myan
    ၂၀၁၅ ဇွန်လ ၁၁ ရက်၊ တရုတ်ပြည်သူ့ခန်းမဆောင်၌ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံကြစဉ်

    – ဘေဂျင်းရဲ့အကူအညီ မပါဘဲနဲ့လည်း မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအကူးအပြောင်း အောင်မြင်နိုင်တယ်ဆိုတာက မှန်သယောင်နဲ့ မှားယွင်းလာပုံရပါတယ်။

    မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း အကြမ်းတမ်းဆုံး နိုင်ငံရေးအပြောင်းအလဲတစ်ခုကို စတင်ကြုံတွေ့နေရပါပြီ။ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အတိုက်အခံ NLD ပါတီအနေနဲ့ သောင်ပြိုကမ်းပြို အနိုင်ရရှိလာခဲ့တယ်။ အတိုက်အခံခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်တစ်ရပ်ဟာ များမကြာမီ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြပါတော့မယ်။ နှစ် ၆၀ ကြာ အာဏာရှင်အစိုးရရဲ့ ခွာတော်မူခဏ်း ခင်းကျင်းရခြင်းကို ထူးထူးခြားခြား ကိုယ်စားပြုနေပါတယ်။ သို့ပေမယ့်လည်း ဆယ်စုနှစ်များစွာ တိုင်းပြည်ကို ထိန်းချုပ်လာခဲ့တဲ့ ဗမာစစ်တပ်အတွက် ဖွဲ့ခြေဥအရ အရံသင့်နေရာတွေ ချန်ထားပေးရဆဲဖြစ်တယ်။ ဒီအခြေအနေအောက်က အကူးအပြောင်း ပြုလုပ်နေရပါတယ်။ များမကြာမီ မြန်မာနိုင်ငံရဲ့ စမ်းသပ်ခံဒီမိုကရေစီအဖွင့်အတွက် သေရေးရှင်ရေးအချိန်ကာလတစ်ခု ရောက်ရှိလို့လာပါတော့မယ်။

    သဟဇာတမူဝါဒနဲ့အတူ အနောက်တိုင်းအတွက် တံခါဖွင့်ပေးလိုက်တဲ့နောက် ကမ္ဘာ့မီဒီယာတွေက မြန်မာနိုင်ငံကို လက်ခံမှုများစွာနဲ့ အာရုံစိုက်လာခဲ့ကြတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာ-တရုတ်ဆက်ဆံရေး မဆိုစလောက် အားပျော့သွားတာတွေ့ရတယ်။ တရုတ်နိုင်ငံရဲ့ခေါင်းထောင်လာခြင်းက ကမ္ဘာမှာ တစ်မူထူးခြားပြီး သူ့ရဲ့သြဇာသက်ရောက်မှုဟာ သူ့အိမ်နီးချင်း မြန်မာနိုင်ငံထက် အားကောင်းနေဦးမှာဖြစ်တယ်။

    လာမယ့်အစိုးရသစ်အနေနဲ့ အဓိကဦးစားပေးရမယ့် သော့ချက်နှစ်ခု ရှိနေပါတယ်။ မြန်မာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေး နဲ့ နှစ် ၇၀ နီးပါးကြာမြင့်နေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ရေးပဲ ဖြစ်ပါတယ်။ ဒီပန်းတိုင်ကို အရောက်လှမ်းနိုင်ပါမှ ဒီမိုကရေစီကူးပြောင်းမှုကို လုံခြုံစိတ်ချစေပြီး ရေရှည်တည်တံ့နိုင်ပါမယ်။ ဒီမျက်နှာစာနှစ်ရပ်စလုံးမှာ တရုတ်ပြည်ရဲ့ ပါဝင်မှုအခန်းကဏ္ဍ အတော်အတန် ကြီးမားနေပါတယ်။ မြန်မာနိုင်ငံက အနောက်တိုင်းကို တံခါးဖွင့်ပေးလိုက်သည့်တိုင်အောင် တရုတ်ပြည်က အရေးအကြီးဆုံး စီးပွားဖက်အဖြစ် တည်ရှိနေဆဲဖြစ်တယ်။ ဒါ့အပြင် မြန်မာမြောက်ပိုင်းနယ်စပ် ပိုင်နက်တစ်လျှောက်မှာ သူ့ရဲ့ သြဇာလွှမ်းမှုက အလွန်အကျွံ ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ မဖြစ်မနေ ထည့်သွင်းရဦးမယ့် အဓိကဇာတ်ကောင်လည်း ဖြစ်နေပါတယ်။

    နှစ်နိုင်ငံရဲ့အနာဂတ်ဆက်ဆံရေး တိုးတက်မြင့်မားဖို့ ပိုပြီး အရေးကြီးလာပါပြီ။ မြန်မာဟာ အာရှတိုက်ရဲ့ အဆင်းရဲဆုံးနိုင်ငံစာရင်းထဲ ပါဝင်နေသော်လည်း တရုတ်၊ အိန္ဒိယ၊ အရှေ့တောင်အာရှဒေသများရဲ့ ဖြတ်မှတ်တစ်ခု ဖြစ်နေတာကြောင့် ဒေသတွင်း အချက်အချာကျတဲ့ တိုင်းပြည်တစ်ခုပါ။ ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမယ့် ကကြိုးတန်ဆာဖြစ်တဲ့ ပထ၀ီဝင်အနေအထားကို မြန်မာခေါင်းဆောင်တို့ဟာ ပြိုင်ဖက်ကင်းအခွင့်အလမ်းတစ်ခုအဖြစ် ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံဆက်ဆံရေးကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖန်တီးမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့အတူ – တရုတ်ပြည်ရဲ့အောက်စည်းကနေ ရပ်တည်နေရတဲ့အနေအထားကို ဖယ်ရှားဖို့တော့ လိုအပ်ပါလိမ့်မယ်။

    တရုတ်ပြည်နဲ့ဆက်နွယ်နေတဲ့ မြန်မာ့သမိုင်းကြောင်းက ရှုပ်ထွေးပြီး စိတ်ပျက်စရာကောင်းလှပါတယ်။ ဒီပုံအတိုင်း ရှေ့ဆက်သွားဖို့ မလုံလောက်ပါဘူး။ အစိုးရသစ်ဟာ နှစ်နိုင်ငံဆက်ဆံရေးကို အခြေခံကျကျ ပြန်လည်ဆန်းသစ်ရေးအတွက် ပုံစံချရပါလိမ့်မယ်။ တရုတ်ပြည်ရဲ့ မဟာဗျူဟာလမ်းစဉ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရင်း တစ်ချိန်တည်းမှာပဲ မြန်မာပြည်သူတွေရဲ့ အတွင်းအပြင် အကျိုးစီးပွားများကို ရှေ့ရှုဆောင်ရွက်သွားရမှာဖြစ်တယ်။

    ဒီလိုလုပ်ဖို့ မလွယ်လှပါဘူး။ မြန်မာခေါင်းဆောင်တွေဟာ ဘေဂျင်းနဲ့ ဆက်ဆံရေးနွေးထွေးအောင် ရေရှည်ထိန်းသိမ်းဖို့ဆိုတဲ့ ခံယူချက်ရှိသော်လည်း တရုတ်ပြည်ဟာ ရံဖန်ရံခါ ဆိုးကျိုးပေးတတ်ကြောင်းကိုလည်း အမြင်ရှိထားပါတယ်။ ၁၉၆၀ နှစ်နှောင်းပိုင်းတွေမှာ တရုတ်က ကွန်မြူနစ်သူပုန်တွေကို နယ်စပ်ဖြတ်ကျော် လက်နက်တပ်ဆင်ပေးပြီး နိုင်ငံအရှေ့မြောက်ပိုင်းထဲ လွတ်မြောက်ဇုံတစ်ခုကို တည်ထောင်စေခဲ့တယ်။ ၁၉၈၉ ခုနှစ်မှာတော့ အဲ့ဒီအုပ်စု ပြိုလဲသွားခဲ့ပေမယ့် ကျန်ရှိဆဲ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုအသီးသီးနဲ့ ချိတ်ဆက်ထားပြန်ပါတယ်။ အဲ့ဒီအဖွဲ့တွေထဲမှာ အထူးခြားဆုံး အခိုင်မာဆုံး ချိတ်ဆက်နေတာကတော့ အင်အား ၂၅၀၀၀ ရှိတဲ့ ၀ပြည်နယ်တပ်မတော်ပဲ ဖြစ်ပါတယ်။

    ၂၀၁၁ ခုနှစ်မှာ ဆက်ဆံရေးအပြောင်းအလဲ ဖြစ်လာတယ်။ မြန်မာနယ်စပ် ယူနန်ပြည်နယ်ကို လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနိုင်အောင် ပြုလုပ်ခဲ့တဲ့ ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်းဟာ အငြင်းပွားဖွယ်ရာကိစ္စဖြစ်ပေါ်လာခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့က ဆိုင်းငံ့ထားစေလိုက်တယ်။ ဘေဂျင်းဖက်က မကျေမနပ်ဖြစ်ခဲ့တယ်။ နှစ်ကုန်ပိုင်းကျတော့ နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ဗမာစစ်တပ်နဲ့ ကေအိုင်အေတို့အကြား မြန်မာနိုင်ငံမြောက်ဖျားမှာ အကြီးအကျယ် တိုက်ပွဲဖြစ်ပွားတယ်။ ဒုက္ခသည် ထောင်ပေါင်းများစွာ ပေါ်ထွက်စေပြီး တရုတ်ပြည်ထဲ အမြောက်ပစ်ခတ်မှု လမ်းချော်ဝင်ရောက်သွားတယ်။ ၂၀၁၂ ခုနှစ်မှာ တရုတ်လူမျိုးတွေ ကိုင်တွယ်လည်ပတ်နေတဲ့ ကြေးနီသတ္ထုတူးဖော်ရေးလုပ်ငန်းကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပွင့်ထွက်လာခဲ့တယ်။ တရုတ်ပြည်မကုမ္ပဏီများရဲ့ ရင်းနှီးမြုပ်နှံမှုတန်ဖိုးဟာ ၂၀၁၀-၁၁ မှာ ဒေါ်လာ ၈.၂ ဘီလီယံရှိရာက ၂၀၁၃-၁၄ ခုနှစ်မှာ ဒေါ်လာ သန်း ၁၀၀ အထိ ဒလိမ့်ကောက်ကွေး ကျဆင်းသွားခဲ့တယ်လို့ ခန့်မှန်းသုံးသပ်ကြတယ်။

    ယခုအချိန်မှာတော့ မြန်မာအနေနဲ့ မိမိရဲ့မဟာအင်အားကြီး အိမ်နီးချင်းအပေါ် သဘောတူညီထားချက်ကို ပြန်လည်ဖော်ဆောင်ဖို့ အချိန်ကျရောက်လာပါပြီ။ ပြန်လည်ထူထောင်မယ့် ဆက်ဆံရေးအသစ်က ပုံစံအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ သို့သော် အရေးကြီးတဲ့ အချက်သုံးရပ်ပါဝင်ဖို့ လိုအပ်ပါတယ်။ ပထမတစ်ချက်က – တရုတ်ကို လက်ဦးမှု ပေးခြင်းထက် မိမိတိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့ဖို့ လိုအပ်တဲ့ ဒေါ်လာဘီလီယံများစွာ တန်ကြေးရှိ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် ကိုယ်ပိုင်အစီအမံကောင်းတွေကို ပြန်လည်ဆင်ယင်ထားရပါမယ်။ တရုတ်ပြည်ကို အဓိကဇာတ်ကောင်တစ်ဦးအနေနဲ့ ပြန်ပြီး လက်ကမ်းသင့်တယ်။ ဒါပေမယ့် ဆိုးကျိုးဒဏ်ခံ လူ့အဖွဲ့အစည်းဝင်တွေနဲ့ အနီးကပ်တိုင်ပင်နှီးနှောချက်များထဲက ချမှတ်ထားတဲ့ မြန်မာအစိုးရသစ်ရဲ့မူဘောင်ထဲကတော့ ဖြစ်ရပါလိမ့်မယ်။

    ဒုတိယတစ်ချက်က – ငြိမ်းချမ်းရေး မရှိဘဲ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့တိုးလို့မရကြောင်း မြန်မာခေါင်းဆောင်များက လက်ခံထားရပါမယ်။ ဥပမာအားဖြင့် မြစ်ဆုံဆည်စီမံကိန်းနဲ့ဆက်စပ်နေတဲ့ အငြင်းပွားဖွယ်ကိစ္စများက စီးပွားရေးဆိုင်ရာဆွေးနွေးငြင်းခုံဖို့သက်သက်မျှ မဟုတ်ဘဲ ကချင်ပြည်နယ်ထဲက ရေရှည်ပဋိပက္ခအဖြေရှာခြင်းနဲ့ အတွင်းကျကျ ချိတ်ဆက်နေပါတယ်။ ဒေသခံလူ့အသိုင်းအ၀ိုင်းများက တရုတ်စီမံကိန်းများကြောင့် မိမိတို့ရဲ့ အိုးအိမ်၊ ဘ၀အနေအထားတွေ ပျက်စီးသွားမှာ စိုးရိမ်နေကြတယ်။ ဒါကလည်း သဘာဝကျတဲ့ အကြောင်းရင်းပါ။ အနာဂတ်အစိုးရအနေနဲ့ လူနည်းစုတိုင်းရင်းသားဒေသများထဲ ဖွံ့ဖြိုးရေးတွေကိုစဉ်းစားတဲ့အခါ – တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆက်နွယ်ထားတဲ့ လုပ်ငန်းအကျိုးစီးပွား သို့မဟုတ် စစ်တပ်ရဲ့မြေယာသိမ်းမှု စတဲ့ ထိလွယ်ရှလွယ်နိုင်ငံရေးပြဿနာများနဲ့တွဲဖက်ပြီး စဉ်းစားသုံးသပ်ကြရမှာဖြစ်တယ်။

    တတိယအချက်က – မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ထိရောက်မှုမဲ့ ထင်ရာစိုင်းခြင်း မဟုတ်ဘဲ နိုင်ငံတကာနဲ့ ပူးပေါင်းလက်တွဲဖြေရှင်းတာမျိုး ဖြစ်သင့်ပါတယ်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အနောက်တိုင်းနဲ့ ဂျပန်တို့က သြဇာမညောင်းသင့်ဘူး၊ ဒါဟာ တရုတ်-မြန်မာနယ်စပ်ရဲ့ အနာဂတ်အတွက် အကျိုးသက်ရောက်မှု ရှိလာနိုင်တယ်ဆိုပြီး တရုတ်က စိုးရိမ်မကင်းတဲ့အမြင် ရှိနေပါတယ်။ မြေမြှုပ်မိုင်းရှင်းလင်းရေးကနေ အပစ်အခတ်ရပ်စဲနိုင်ရေးအထိ လိုအပ်ချက်တွေက ကြီးမားနေတုန်းပါပဲ။ တရုတ်နိုင်ငံလည်း ပါဝင်လက်တွဲနိုင်ပြီး ကုလသမဂ္ဂနဲ့ချိတ်ဆက်ထားတဲ့ လုပ်ငန်းယန္တရားအသစ်တစ်ရပ်အားဖြင့် သူတို့တစ်တွေ ပွင့်လင်းမြင်သာစွာ တွေ့ဆုံဆွေးနွေးအဖြေရှာအပ်ပါတယ်။

    နှစ်နိုင်ငံဆက်ဆံရေးအသစ်တစ်ရပ် အစပြုနိုင်ရေးအတွက် မြန်မာက ဘေဂျင်းကို နားချနိုင်ပါ့မလား ? တရုတ်တွေကို နယ်စပ်တွေမှာ သူတို့ရဲ့သြဇာညောင်းမှုကို အသုံးချလို့ သူတို့ရနိုင်မယ့် စီးပွားရေးအကျိုးအမြတ်အတိုင်းအတာတွေ ချပြပြီး သိမ်းသွင်းရပါလိမ့်မယ်။ အထက်ကဆိုထားပြီးတဲ့အတိုင်း သူတို့စိုးရိမ်နေတဲ့အချက်တွေ သူတို့ရဲ့မြင်ကွင်းကနေ မကွယ်ပျောက်မချင်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြတ်သားတဲ့ ထောက်ခံမှု မပေးဘူးဆိုပြီး တင်းခံချင်ခံနေပါလိမ့်မယ်။

    ဒီလိုဆိုရင်တော့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းထဲက အမျိုးသားရေးတုန့်ပြန်မှုတစ်ရပ်ကို မီးမွှေးပေးရာ ရောက်သွားနိုင်ပါတယ်။ အစိုးရသစ်အဖို့လည်း တိမ်းချော်မှု ဖြစ်သွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူဖြစ်လိုဖြစ်ငြား တရုတ်တွေရဲ့ တောင်းဆိုချက်တစ်ခုချင်းစီကို အနုစိပ် လိုက်စဉ်းစားပေးမယ်ဆိုရင်ပေါ့။ အဲ့ဒီအစား နှစ်နိုင်ငံဆက်ဆံရေးအတွက် နှစ်ဖက်စလုံးက ပရိယာယ်ကြွယ်ကြွယ်နဲ့ အမြင်သစ်တစ်ရပ်ရရှိဖို့ အားထုတ်ရမှာဖြစ်တယ်။

    မြန်မာဆီက တရုတ် လိုချင်နေတာတွေ အမှန်တကယ်လည်း ရှိနေတယ်။ မြန်မာအနေနဲ့လည်း ဒါကိုအသုံးချပြီး အမြတ်ထွက်အောင် လုပ်နိုင်ရပါမယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက မြန်မာနိုင်ငံပေါ် အမှီပြုထားပါတယ်။ နှစ်ပေါင်း ၂၀ နီးပါး အခြေခံလူသုံးကုန်တွေကို ဒိုင်ခံဖြုန်းပေးခဲ့တဲ့ မြန်မာဟာ သူ့ရဲ့ အဓိက စားသုံးသူဈေးကွက်ဖြစ်နေတယ်။ မကြာသေးမီက ပြီးဆုံးသွားတဲ့ မြန်မာပြည်က ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ ယူနန်ပြည်နယ်နဲ့ တရုတ်ပြည်အနောက်တောင်ပိုင်းအထိ စွမ်းအင်လိုအပ်ချက်ကို အဓိက ဖြည့်ဆည်းပေးနေပါတယ်။

    အိန္ဒိယနိုင်ငံနဲ့ အိန္ဒိယသမုဒ္ဒရာအတွက် ကုန်းကြောင်းတံတားတစ်စင်းလို ဖြစ်နေတဲ့ မြန်မာနိုင်ငံအနေအထားကလည်း အရေးပါတဲ့အချက်တစ်ခုပါ။ ရှီကျင်းပင် ရဲ့ One Belt One Road ကူးသန်းလမ်းကြောင်းအစီအမံမှာ မြန်မာနိုင်ငံက အဓိကကြားခံနယ်ပယ် ဖြစ်နေပါတယ်။ တရုတ်ပြည်အနေနဲ့ သူ့နယ်အတွင်းပိုင်းကနေ ဘင်္ဂလားပင်လယ်အော်ထိ ခရီးပေါက်မယ့် မီးရထားလမ်းသစ်တစ်ခု၊ အိန္ဒိယထိ ချဲ့ထွင်မယ့် အဝေးပြေးလမ်းတွေ၊ အနောက်တိုင်းဖက်ပို့မယ့် တရုတ်ကုန်စည်များအတွက် ရေလမ်းကြောင်းတစ်ခုအဖြစ်အသွင်ပြောင်းနိုင်တဲ့ ဧရာဝတီမြစ် – ဒါတွေကို တရုတ်ပြည်က နှစ်သက်မှု ရှိနေပါလိမ့်မယ်။

    အဆုံးသတ်ဆိုရရင် တရုတ်နဲ့အမေရိကန်အကြား ကြီးထွားလာနေတဲ့ အားပြိုင်မှုမှာ မြန်မာပြည်က အရေးကြီးတဲ့နေရာတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ တရုတ်မြန်မာနယ်နမိတ်မျဉ်းဟာ မိုင်ပေါင်း ၁၃၀၀ ထိ ရှည်လျားစွာ ထိစပ်လျက်ရှိပါတယ်။ ဒီနယ်စပ်တစ်ကြော အနောက်တိုင်းရဲ့စစ်ရေးအငွေ့အသက်တွေ မ၀င်လာသေးသမျှတော့ မြန်မာနိုင်ငံရဲ့ အနောက်တိုင်းနဲ့လက်တွဲမှု၊ တံခါးဖွင့်ဝါဒအပေါ် တရုတ်က အမြင်ကြည်လင်နေဦးမှာပါ။

    မြန်မာနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာမိတ်ဆွေနိုင်ငံများအနေနဲ့ မြန်မာနဲ့ဘေဂျင်းအကြားက သိမ်မွေ့တဲ့အနေအထားကို တန်ဖိုးထားတတ်ဖို့၊ လမ်းဖယ်ပေးကြဖို့ အရေးကြီးပါတယ်။ မြန်မာပြည်ကလည်း မိမိလူထုကို အကျိုးဖြစ်ထွန်းစေနိုင်သော ဘယ်တိုင်းပြည်နဲ့မဆို အကောင်းဆုံးဆက်ဆံရေးကို ထားရှိနိုင်ရပါမယ်။ မြန်မာ-တရုတ်ဆက်ဆံရေးအပေါ် အမေရိကန်အပါအ၀င် နိုင်ငံတကာမှ စိတ်ဝင်စားနေကြတယ်။ ဒါကြောင့်လည်း နှစ်နိုင်ငံခေါင်းဆောင်များက ပြန်လည်ဆန်းသစ်ရေးလိုအပ်ချက်ကို အသိအမှတ်ပြုဖို့၊ ဖြစ်မြောက်လာအောင် စတင်လိုက်ကြဖို့ အချိန်တန်လာပြီဖြစ်ပါကြောင်း။

    Ref: Foreign Policy
    (Thant Myint-U ၏ Why Burma Must Reset Its Relationship With China ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။)