News @ M-Media
Author: Ko Lay
  • ပယ်နယ်တီမ၀င်သည့် တိုက်စစ်မှူးနှင့် လက်စတာနည်းပြ ဆွေးနွေးမည်
    ပယ်နယ်တီမ၀င်သည့် တိုက်စစ်မှူးနှင့် လက်စတာနည်းပြ ဆွေးနွေးမည်
    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media
    lea
    – အသင်း၏ လာမည့်ပွဲများတွင် ပင်နယ်တီ မည်သူကန်ရမည်ဆိုသည်နှင့် ပတ်သက်၍ မဆုံးဖြတ်ခင် နောက်ဆုံး ပယ်နယ်တီ ၂ လုံးဆက်တိုက် ၀င်အောင်မသွင်းနိုင်သည့် တိုက်စစ်မှူး ရီယာ့ဒ် မဟ်ရက်ဇ်နှင့် ဆွေးနွေးသွားမည်ဟု လက်စတာ နည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    စွမ်းဆောင်ရည်ကောင်းများ ပြသနေသည့် လက်စတာအသင်းတွင် ခြေစွမ်းပြနေသော မဟ်ရက်ဇ်မှာ ယခုလအစောပိုင်း ဘုန်းမောက်နှင့် ဂိုးမရှိသရေပွဲတွင် ပင်နယ်တီလွဲချော်ခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် အက်စတွန်ဗီလာအား ၁ ဂိုးစီသရေကျသည့်ပွဲတွင် ပထမပိုင်းရရှိသည့် ပင်နယ်တီကို ၎င်းကန်သွင်းရာမှာလည်း ဂိုးသမားက ဖမ်းမိခဲ့သည်။ နည်းပြ ရာနီယေးရီကမူ ၎င်းမှာ ထိုကိစ္စအတွက် မဲဟ်ရက်ဇ်နှင့် ဆွေးနွေးသွားမည်ဟု ဆိုသည်။
    “ကျွန်တော် မမှားဘူးဆိုရင် ဒါဟာ ရီယာ့ဒ်ရဲ့ ဒုတိယ ဒါမှမဟုတ် တတိယမြောက် အမှားပါပဲ။ သူနဲ့ ကျွန်တော် စကားပြောချင်ပါတယ်။ တစ်ကယ်လို့သူက တည်ငြိမ်နေမယ်၊ ပင်နယ်တီဆက်ကန်ဖို့ ဆန္ဒရှိမယ်ဆိုရင် သူ ဆက်ကန်နိုင်မှာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ နောက်တစ်ပွဲအတွက် စဉ်းစားဖို့ အရေးကြီးပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    ထို့ပြင် မဟ်ရက်ဇ်၏ စွမ်းဆောင်ရည်ကိုလည်း ချီးကျူးခဲ့ပြီး ၎င်း၏ တိုက်စစ်မှူးမှာ ဒိုင်လူကြီးများထံမှ အကာအကွယ်ပေးမှုကို မရရှိဟု ထပ်လောင်းပြောကြားခဲ့သည်။
    Ref : Goal
  • အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို အင်ဒိုနီးရှား ပိတ်ပင်
    အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို အင်ဒိုနီးရှား ပိတ်ပင်
    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media
    indo
    – ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့က မြို့တော်ဂျကာတာ၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အင်ဒိုနီးရှား သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အစွန်းရောက်ဝဘ်ဆိုက်များနှင့် ဆိုရှယ်မီဒီယာအကောင့်များကို ပိတ်ပစ်လိုက်သည်ဟု သိရသည်။
    “ဇန်န၀ါရီ ၁၄ ရက်နေ့က ဆာရီနာဗုံးခွဲတိုက်ခိုက်မှုကို ထောက်ခံကြတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေကို စောင့်ကြည်မှုတွေနဲ့ ပြည်သူလူထုဆီက သတင်းပေးပို့မှုတွေ ရရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနက သူတို့ကို ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု သတင်းအချက်အလက်နှင့် ပြည်သူ့ဆက်ဆံရေး အကြီးအကဲ အစ္စမေးလ် ချာဝီဒူက ပြောကြားခဲ့သည်။
    ဂျာကာတာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေနတ်သမား ၅ ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူ အရပ်သားနှစ်ဦးမှာ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးနှင့် ကနေဒါနိုင်ငံသားတစ်ဦးတို့ ဖြစ်ကြသည်။ ထို့ပြင် ရဲတပ်ဖွဲ့ဝင် ၅ ဦး အပါအ၀င် စုစုပေါင်း လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
    Ref: IINA
  • ထိပ်ဆုံးအသင်းတွေ အမှတ်ကွာဟာမှုကျဉ်းမြောင်းခဲ့ပြီး၊ ရူနီစံချိန်သစ် ထပ်တင်နိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂
    ထိပ်ဆုံးအသင်းတွေ အမှတ်ကွာဟာမှုကျဉ်းမြောင်းခဲ့ပြီး၊ ရူနီစံချိန်သစ် ထပ်တင်နိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂
    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media
    epl 2
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံး ၂ သင်း သရေကျသွားခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ တတိယနေရာက မန်စီးတီးဟာ ထိပ်ဆုံးနဲ့ ၁ မှတ်သာ ကွာဟပါတော့တယ်။
    စတုတ်စီးတီးကွင်းမှာ အာဆင်နယ် ဂိုးမရှိ သရေကျသွားတာကတော့ အိမ်ရှင်ဂိုးသမား ဂျက် ဘတ်လန်းဒ်ရဲ့ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကြောင့်ပါပဲ။ ချိန်ဘာလိန်နဲ့ ဂျရူးတို့ရဲ့ အပိုင် ၃ လုံးအပါအ၀င် အာဆင်နယ်ရဲ့ ဂိုးသွင်းခွင့် တော်တော်များများကို ဘတ်လန်းဒ်က အမှားအယွင်းမရှိ ကာကွယ်နိုင်ခဲ့တာပါ။ အာဆင်နယ်ဂိုးသမား ပီတာချက်ကလည်း စတုတ်ရဲ့ ဂိုးသွင်းခွင့် ၂ ကြိမ်လောက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီကတည်းက စတုတ်ကို နိုင်အောင် မကစားနိုင်သေးဘဲ ၀င်းဂါးကတော့ ရလဒ်ကကောင်းပေမယ့် ၂ မှတ်ဆုံးရှုံးခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    epl 3
    ဒီတစ်ပတ်ရဲ့ Match of The Week ဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ယူတို့ပွဲမှာလည်း ဂိုးသမား ဒေးဗစ် ဒီဂီယာရဲ့ အစွမ်းပြမှုနဲ့အတူ မန်ယူတို့ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အိမ်ရှင် လီဗာပူးလ်တို့ မန်ယူထက် ပိုကောင်းခဲ့ပေမယ့် ကံတရားရဲ့ဖေးမမှုတော့ မရှိခဲ့ပါဘူး။ မန်ယူအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၇၈ မိနစ်မှာ တိုက်စစ်မှူး ရူနီက သွင်းယူပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ မန်ယူအတွက် ၁၇၆ ဂိုးမြောက်ဖြစ်တဲ့ အဲဒီဂိုးဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းထဲမှာ အများဆုံး သွင်းယူနိုင်တဲ့ စံချိန်ကိုလည်း ရရှိစေခဲ့ပါတယ်။ လီဗာပူးနည်းပြကတော့ အခွင့်အရေးတွေရခဲ့ပြီး အသုံးမချနိုင်ခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။
    လက်စတာက ၂၈ မိနစ်မှာ ရှင်ဂျီ အိုကာဇာကီရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဒုတိယပိုင်း ၇၅ မိနစ်မှာ ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ပထမပိုင်းမှာရခဲ့တဲ့ ပင်နယ်တီကို မဲဟ်ရက်ဇ် ၀င်အောင်မသွင်းနိုင်တာကလည်း လက်စတာအတွက် အထိနာစေခဲ့ပါတယ်။ ဒီပင်နယ်တီ မ၀င်မှုဟာ လက်စတာအတွက် မဲဟ်ရက်ဇ်ရဲ့ နောက်ဆုံး ပင်နယ်တီ ၂ လုံးဆက်တိုက် မ၀င်မှုလည်းဖြစ်ပါတယ်။
    epl 4
    ခြေစွမ်းမသေးတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့တွေ့ခဲ့တဲ့ မန်စီးတီးကတော့ အမှားမခံခဲ့ဘဲ ဂိုးပြတ်နိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ ဂိုးတွေကိုတော့ ဒီပွဲမှာ အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးအဂူရိုက ၂ ဂိုး၊ ဒဲလ်ဖ်နဲ့ ဒေးဗစ်ဆေးလ်ဗားတို့က ၁ ဂိုးစီသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်စီးတီဟာ ထိပ်ဆုံး ၂ သင်းနဲ့ ၁ မှတ်သာ ကွဟတော့ပါတယ်။
    ချယ်ဆီးကတော့ အိမ်ကွင်းမှာ နောက်က ချေပဂိုးတွေ လိုက်သွင်းရင်း ၉၈ မိနစ် ဂျွန်တယ်ရီရဲ့ဂိုးကြောင့် ၃ ဂိုးစီနဲ့ သရေတစ်မှတ်ရခဲ့တာဖြစ်ပါတယ်။ မနစ် ၅၀ မှာ ဂျွန်တယ်ရီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ အဲဗာတန်က ဦးဆောင်ဂိုးရခဲ့ပြီး ၅၆ မိနစ်မှာ မီရာလက်စ်က တစ်ဂိုးထပ်သွင်းပေးခဲ့တာကြောင့် ဧည်သည့်အသင်း ၂ ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၆၄ နဲ့ ၆၆ မိနစ်တွေမှာ ချယ်ဆီးက ဒီယေဂို ကော်စတာနဲ့ ဖာဘရီဂက်စ်တို့က ၂ ဂိုးဆက် ပြန်သွင်းခဲ့ပါတယ်။ မိနစ် ၉၀ မှာ ရာမီရို ဖျူနက်စ် မိုရီရဲ့ ဂိုးနဲ့ အဲဗာတန်တို့ ထပ်ဦးဆောင်ခဲ့ပေမယ့် ၉၈ မိနစ်မှာ ဂျွန်တယ်ရီက ချေပဂိုးထပ်သွင်းခဲ့တာကြောင့် ဧည်သည့်အသင်း ကံမကောင်းခဲ့တာဖြစ်ပါတယ်။ ဟစ်ဒင့်ကိုင်တွယ်ပြီးကတည်းက ချယ်ဆီးဟာ ရှုံးပွဲမရှိသေးဘဲ ဒီရလဒ်အတွက်လည်း ကျေနပ်တယ်လို့ ဟစ်ဒင့်က ပြောကြားခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    စပါး ၄-၁ ဆန်းဒါးလန်း
    ဘုန်းမောက် ၃-၀ နော်ဝစ်ခ်ျ
    ချယ်ဆီး ၃-၃ အဲဗာတန်
    မန်စီးတီး ၄-၀ ခရစ္စတယ်ပဲလေ့စ်
    နယူးကာဆယ် ၂-၁ ၀က်စ်ဟမ်း
    ဆောက်သက်တမ် ၃-၀ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၁-၁ လက်စတာ
    လီဗာပူးလ် ၀-၁ မန်ယူ
    စတုတ် ၀-၀ အာဆင်နယ်
  • ဂိမ်းနှင့် လူမှုကွန်ယက်များတွင် မြန်မာလူငယ်များ အချိန်ဖြုန်းနေသည်ဟု ဒေါ်စုပြော
    ဂိမ်းနှင့် လူမှုကွန်ယက်များတွင် မြန်မာလူငယ်များ အချိန်ဖြုန်းနေသည်ဟု ဒေါ်စုပြော
    ဇန်န၀ါရီ ၁၈၊ ၂၀၁၆
    M-Media
    daw su
    – မြန်မာလူငယ်များအနေဖြင့် ကွန်ပျူတာဂိမ်းများနှင့် လူမှုကွန်ယက်များတွင် အချိန်ဖြုန်းတီးနေသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်တစ်ပတ်အတွင်း ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော နိုဘယ်မြန်မာ စာပေပွဲတော် ကျင်းပသူများထံသို့ ပေးပို့သည့် စာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    “နည်းပညာတွေ တိုးတက်လာတာကြောင့် ကျွန်မတို့ရဲ့ လူနေမှုဘ၀တွေဟာ ပြောင်းလဲနေပါတယ်။ အခုအချိန်မှာ ကျွန်မတို့ရဲ့ ကလေးတွေဟာ သူတို့ရဲ့အချိန်တွေကို ကွန်ပျူတာဂိမ်း၊ အင်တာနက်ဂိမ်းနဲ့ လူမှုကွန်ယက်တွေမှာ အများအပြား ဖြုတ်းတီးနေကြပါတယ်။ နည်းပညာကို အသုံးပြုမှု မြင့်တက်လာတာကြောင့် ကလေးတွေဟာ စာဖတ်နည်းလာကြပါတယ်” ဟု အဆိုပါစာတွင် ရေးသားထားသည်။
    ထို့ပြင် ထိုစာတွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကိုလည်း ဝေဖန်ခဲ့ပြီး၊ စူးစမ်းလေ့လာမှုထက် အလွတ်ကျက်မှုကို ဦးစားပေးမှုနှင့် ပညာရေးအတွက် ရန်ပုံငွေနည်းပါးမှုကို ထောက်ပြခဲ့သည်။
    “ကျောင်းတွေမှာ စာကြည့်တိုက်တွေက မရှိသလောက်ပါပဲ။ အတန်းထဲမှာဆိုရင် စာဖတ်ဖို့ အချိန်မရှိဘူး။ ကျွန်မတို့ရဲ့ ပညာရေးစန်က အလွတ်ကျက်၊ မေးခွန်းတွေ ဖြေတာမျိုးလောက်သာဖြစ်ပြီး တွေးခေါ်စဉ်းစားဖို့နဲ့ စာအုပ်တွေကို ဖတ်ရှုဖို့ကို ကန့်သတ်ထားပါတယ်”
    Ref: Straitstimes
  • ဆွီဒင်၏ ပါလက်စတိုင်းအား ထောက်ခံမှုကို မကျေနပ်၍ ဆွီဒင်ပရိဘောဂလုပ်ငန်းကို သပိတ်မှောက်ရန် အစ္စရေး တိုက်တွန်း
    ဆွီဒင်၏ ပါလက်စတိုင်းအား ထောက်ခံမှုကို မကျေနပ်၍ ဆွီဒင်ပရိဘောဂလုပ်ငန်းကို သပိတ်မှောက်ရန် အစ္စရေး တိုက်တွန်း
    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media
    ikea
    – ပါလက်စတိုင်းများကို အစ္စရေးက တရားလက်လွတ်သတ်ဖြတ်မှုများအတွက် စုံစမ်းစစ်ဆေးရန် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး၏ ဆော်သြမှုကို တုန့်ပြန်သည့်အနေဖြင့် ဆွီဒင်ပရိဘောဂလုပ်ငန်း Ikea ကို သပိတ်မှောက်ရန် အစ္စရေးက တိုက်တွန်းနေသည်ဟု သိရသည်။
    ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသည့် ဆွီဒင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာဂေါ့ ဝေါလစထရုမ်မှာ အစ္စရေးနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူဖြစ်ပြီး အစ္စရေးများကို တိုက်ခိုက်သည်ဟု စွပ်စွဲခံရသော ပါလက်စတိုင်း၏ သေဆုံးမှုများအတွက် အစ္စရေးက တရားလက်လွတ် သတ်ဖြတ်ခြင်း ရှိ၊ မရှိကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ပြီးခဲ့သည့်သီတင်းပတ်အတွင်း တိုက်တွန်းဆော်သြခဲ့ခြင်းဖြစ်သည်။
    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဝေါလ်စရုမ်း၏ ပြောကြားမှုအား ရှုတ်ချခဲ့ပြီး၊ အစ္စရေးအစိုးရကလည်း မိမိတို့နိုင်ငံမှာ သူမအား မကြိုဆိုဟု ပြောကြားခဲ့သည်။ ထို့ပြင် အစ္စရေး နိုင်ငံရေးသမားအချို့မှာ သံတမန်ရေးရာ၏ အခြားတစ်ဖက်မှ ဆွီဒင်နိုင်ငံအား တုန့်ပြန်ချင်နေသည်။
    “ဆွီဒင်နဲ့ ဆက်ဆံရေးရပ်တန့်ုဖို့ ကျွန်တော် ဆော်သြနေတာမဟုတ်ပါဘူး။ ဒါပေမယ့် Ikea မှာဈေးဝယ်တာတွေကို ရပ်ဖို့ လူတိုင်းကို အကြံပေးချင်ပါတယ်” ဟု အစ္စရေး နိုင်ငံခြားရေ၀န်ကြီးဟောင်း အာဗစ်ဂ်ဒေါရ် လီဘာမန်က ပြောကြားခဲ့သည်။
    ဆွီဒင်နာမည်ကြီး ပရိဘောကလုပ်ငန်းဖြစ်သော Ikea မှာ အစ္စရေးတွင် ကြီးမားသည့် ဆိုင်ခွဲသုံးခု ဖွင့်လှစ်ထားသည်။ ဆွီဒင်မှာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းက ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီး ထိုလုပ်ရပ်က အစ္စရေးအား ဒေါသထွက်စေခဲ့သည်။
    “ဆွီဒင်အစိုးရအနေနဲ့ သိထားဖို့လိုတာက အရှေ့အလယ်ပိုင်းက ဆက်ဆံရေးတွေဟာ အိမ်မှာ ကိုယ့်ဟာကိုယ်တပ်ဆင်လို့ရတဲ့ Ikea က ပရိဘောကပစ္စည်းထက် ပိုပြီး ရှုပ်ထွေးတယ် ဆိုတာပါပဲ” ဟု လီဘာမန်က ပြောကြားခဲ့သည်။
    ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးကလည်း လီဘာမန်၏ မှတ်ချက်ကို ပြန်လည်တုန့်ပြန်ခဲ့သည်။
    “လီဘာမန်ကို ပရိဘောက ပါကင်တစ်ခုလောက် တပ်ဆင်ဖို့ ပို့ပေးရင် ကျွန်မ ၀မ်းသာမိမှာပါ။ အဲဒီအခါကျမှ ဒါကို ဆင်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ တပ်ဆင်နည်းလမ်းညွှန်စာအုပ်ကောင်းတစ်အုပ် စတာတွေ လိုအပ်တယ်ဆိုတာ သိလာမှာပါ” ဟု ဝေါလ်စထရုမ်းက ပြောကြားခဲ့သည်။
    ဆွီဒင်အပါအ၀င် အခြားသောဥရောပနိုင်ငံအချို့လည်း ပါလက်စတိုင်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် မူအရ အသိအမှတ်ပြုထားကြပြီး အစ္စရေး၏ ပါလက်စတိုင်းပြည်သူများအပေါ် ကျူးလွန်မှုများကို ရှုတ်ချမှုများ ပြုလုပ်ခဲ့သည်။
    Ref: Telegraph