News @ M-Media

Author: Ko Lay

  • ထရမ့်ကို လုပ်ကြံသူမှာ ကျောင်းတွင် အပေါင်းအသင်းမဆံ့ဘဲ အမြဲအနိုင်ကျင့်ခံရသူ ဖြစ်နေ

    ထရမ့်ကို လုပ်ကြံသူမှာ ကျောင်းတွင် အပေါင်းအသင်းမဆံ့ဘဲ အမြဲအနိုင်ကျင့်ခံရသူ ဖြစ်နေ

    ဇူလိုင် ၁၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – သေနတ်ပစ်ခံခဲ့ပြီးနောက် ထရမ့်ကို ထောက်လှမ်းရေးများက ကာကွယ်ပေးထားစဥ်)

    -စနေနေ့က ဖြစ်ပွားခဲ့တဲ့ ထရမ့်အား ပစ်ခတ်လုပ်ကြံမှုကို ပြည်တွင်းအကြမ်းဖက်မှုအဖြစ် အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) က စုံစမ်းစစ်ဆေးနေပါတယ်။

    ကျူးလွန်သူဟာ အသက် ၂၀ အရွယ် သောမတ်စ် မက်သယူး ကရွတ်ဖြစ်ပြီး သူတစ်ယောက်တည်းကျူးလွန်တာလို့ FBI က ပြောပါတယ်။ ကျူးလွန်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။

    သောမတ်စ်ဟာ အထက်တန်းကျောင်းမှာ သူငယ်ချင်းအပေါင်းအသင်းမရှိဘဲ အမြဲတမ်း အနိုင်ကျင့်ခံနေရသူ ဖြစ်တယ်လို့ ကျောင်းသားဟောင်းတွေက ပြောပါတယ်။

    ရဲတပ်ဖွဲ့ဟာ ထရမ့်ကို လုပ်ကြံရာမှာ အသုံးပြုတဲ့ AR-style ရိုင်ဖယ်ကို သိမ်းဆည်းရမိထားပြီး၊ သောမတ်စ်ရဲ့ အိမ်နဲ့ ကားမှာလည်း သံသယဖြစ်ဖွယ်ပစ္စည်းတွေ တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

    ဒီပစ်ခတ်မှုမှာ ထရမ့်ဟာ ညာဘက်နားရွက် အပေါ်ယံကိုသာ ရှပ်ထိခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

    Ref: CNN


  • ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခံရ

    ကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် မဲဆွယ်ပွဲတွင် စနိုက်ပါဖြင့် ပစ်ခံရ

    ဇူလိုင် ၁၄၊ ၂၀၂၄
    M-Media

    -ဇူလိုင်လ ၁၃ ရက်နေ့ ပင်ဆဲလ်ဗားနီးယားပြည်နယ် ဘက်တလာမြို့မှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲအတွင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

    ပစ်ခတ်မှုမှာ ထရမ့်ဟာ ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ အမေရိကန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ထရမ့်ဟာ အခုနှစ် နို၀င်ဘာ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဘိုင်ဒန်ကို အဓိက ယှဥ်ပြိုင်မယ့်သူလည်း ဖြစ်ပါတယ်။

    သေနတ်သမားကို လုံခြုံရေးတွေက အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပြီး၊ ဒီအဖြစ်အပျက်အတွင်း မဲဆွယ်ပွဲလာသူတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

    သေနတ်သမားဟာ စနိုက်ပါဖြစ်ပြီး မဲဆွယ်ပွဲကျင်းပရာနေရာဘေးက အဆောက်အဦးခေါင်းမိုးပေါ်မှာ ရှိနေခဲ့တာလို့ လုံခြုံရေးအဖွဲ့တွေရဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ကန်ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။ ပစ်ခတ်မှုကို လုပ်ကြံရန်ကြံစည်မှု ခေါင်းစဥ်နဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး ဒီလိုအကြမ်းဖက်မှုအတွက် အမေရိကန်မှာ နေရာမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    “စက်ဆုပ်စရာ ကောင်းပါတယ်။ ကျွန်တော်တို့တိုင်းပြည် ညီကိုညီညွတ်ရမယ်ဆိုတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုကိစ္စမျိုး ဆက်ဖြစ်မှာကို ကျွန်တော်တို့ ခွင့်ပြုလို့ မရပါဘူး”

    ထရမ့်ပစ်ခတ်ခံရမှုအတွက် အခြားအမေရိကန်ခေါင်းဆောင်တွေ၊ ကမ္ဘာတစ်၀ှမ်းက ခေါင်းဆောင်တွေလည်း ရှုတ်ချပြောဆိုခဲ့ကြပါတယ်။

    Ref: CNN

  • ဂါဇာက ဘေးကင်းဇုန်တစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ လူ ၉၀ သေဆုံး

    ဂါဇာက ဘေးကင်းဇုန်တစ်ခုကို အစ္စရေးက အကြမ်းဖက်တိုက်ခိုက်၊ လူ ၉၀ သေဆုံး

    ဇူလိုင် ၁၄၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အလ်မာ၀ါစီ စခန်း တိုက်ခိုက်ခံရမှုမှ သေဆုံးသွားသည့် ကလေးငယ်တစ်ဦး၏ စျာပန)

    -ဂါဇာကမ်းမြှောင်က အလ်မာ၀ါစီ ဒုက္ခသည်စခန်းကို အစ္စရေးက ဇူလိုင် ၁၃ ရက်နေ့မှာ အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး လူ ၉၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈ သောင်းလောက် အလ်မာ၀ါစီ စခန်းမှာ ခိုလှုံနေရတာပါ။ အစ္စရေးကိုယ်တိုင်က ဒီစခန်းကို ဘေးကင်းဇုန်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

    တိုက်လေယာဥ်တွေ၊ ဒရုန်းတွေသုံးကာ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူ အရေအတွက်က ၃၀၀ ထက်မနည်း ရှိပါတယ်။ တိုက်ခိုက်မှုကြောင့် ပျက်ဆီးပြိုကျသွားတဲ့ အဆောက်အဦးတွေအောက် ပိတ်မိနေသူ အများအပြား ရှိနေပြီး သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် ပိုမိုများပြားနိုင်တယ်လို့ ဂါဇာ ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

    ၉ လကျော်အတွင်း အစ္စရေးဟာ ဂါဇာမှာ လူပေါင်း ၃၉၀၀၀ နီးပါး သတ်ဖြတ်ထားပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ၉ လအတွင်း ဂါဇာတွင် ကလေးငယ် ၁၆၀၀၀ ကျော် အသတ်ခံရ

    ၉ လအတွင်း ဂါဇာတွင် ကလေးငယ် ၁၆၀၀၀ ကျော် အသတ်ခံရ

    ဇူလိုင် ၁၃၊ ၂၀၂၄
    M-Media

    -ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲအတွင်း သေဆုံးခဲ့တဲ့ ပါလက်စတိုင်းကလေးငယ် အရေအတွက်ဟာ ၁၆၀၅၄ ဦး ရှိလာပြီလို့ သိရပါတယ်။

    အဲဒီအထဲမှာ ၃၄ ဦးက အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးခဲ့ရတာပါ။ ၉ လအတွင်း ဂါဇာမှာ အသတ်ခံရတဲ့ အမျိုးသမီးအရေအတွက်ဟာ အနည်းဆုံး ၁၀၇၀၀ ဦး ရှိပါတယ်။

    ၄ နှစ်အတွင်း ကမ္ဘာတစ်၀ှမ်းမှာဖြစ်ပွားတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေမှာ သေဆုံးတဲ့ ကလေးအရေအတွက်ထက် ၉ လအတွင်း ဂါဇာမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရတဲ့ ကလေးငယ်အရေအတွက်က ပိုမိုများပြားပါတယ်။

    ဂါဇာမှာ စုစုပေါင်း အစ္စရေးရဲ့ သတ်ဖြတ်မှုကိုခံရသူအရေအတွက်ဟာ ၉ လအတွင်း ၃၈၃၄၅ ဦး ရှိပါတယ်။ ပျက်ဆီးပြိုကျနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်က ၁၀၀၀၀ လောက် ရှိနေပါတယ်။

    Ref: Aljazeera

  • ဂါဇာစီးတီးတွင် အစ္စရေးက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်

    ဂါဇာစီးတီးတွင် အစ္စရေးက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု ထပ်မံကျူးလွန်

    ဇူလိုင် ၁၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အစ္စရေးက ဖျက်ဆီးထားသည့် ဂါဇာစီးတီးမှ ရပ်ကွက်တစ်ခု မြင်ကွင်း)

    -ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မြောက်ပိုင်း ဂါဇာစီးတီးမြို့ကို အစ္စရေးတပ်ဖွဲ့တွေ့ရဲ့ အခုတစ်ပတ် စီးနင်းအကြမ်းဖက်မှုအတွင်း ရပ်ကွက်တစ်ခုတည်းမှာတင် အနည်းဆုံး လူ ၆၀ လောက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

    အကြမ်းဖက်တိုက်ခိုက်မှုကို တနင်္လာနေ့က စတင်ခဲ့တာဖြစ်ပြီး ကြာသာပတေးနေ့မှာတော့ အစ္စရေးတပ်ဖွဲ့တွေ ဂါဇာစီးတီးမြို့ကနေ ထွက်သွားပါတယ်။ အဲဒီနောက်ပိုင်း ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေကယ်ဆယ်မှုတွေ လုပ်ဆောင်ခဲ့တာပါ။

    “ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ပြီး ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရာမှာ ဒါဇင်နဲ့ချီ အသတ်ခံရတာကို တွေ့ခဲ့ရပါတယ်။ အများစုဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေဖြစ်ပြီး မိသားစုလိုက် အသတ်ခံထားရတာပါ။ တစ်ချို့အလောင်းတွေဆို ခွေးတောင်ဆွဲနေကြပြီ။ အလောင်း ၆၀ လောက် လက်ရှိ ရထားပါတယ်။ တစ်ချို့ကို နေရာမှာတင် မြှုပ်ပစ်လိုက်ရတယ်။ တစ်ချို့တစ်၀က်ကိုတော့ ဆေးရုံကို သယ်ဆောင်သွားကြပါတယ်” လို့ ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဘာဆာလ်က တာအလ်ဟာ၀ါ ရပ်ကွက်က အခြေအနေကို သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    တိုက်ခိုက်မှုကြောင့် ပြိုကျပျက်ဆီးနေတဲ့ အဆောက်အဦးတွေအောက်မှာ ပိတ်မိနေသူတွေ ရှိနေပြီး၊ အစ္စရေးတပ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းကို လာရောက်နှောက်ယှက်တာမျိုး ရှိနေတယ်လို့လည်း ဘာဆာလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဂါဇာစီးတီးက ရှူဂျာယီအာ ရပ်ကွက်မှာလည်း အစ္စရေးတပ်တွေ ထွက်သွားပြီးနောက်ပိုင်း ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို တွေ့ရှိခဲ့ရပါတယ်။

    အစ္စရေးဟာ သူတို့သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ထွက်ပြေးတိမ်းရှောင်သူတွေကိုပါ သတ်ဖြတ်ထားတဲ့ အထောက်အထားတွေ ရယူထားနိုင်တယ်လို့ မိုဟာမက် ဘာဆာလ်က ပြောပါတယ်။ အစ္စရေးတပ်ဖွဲ့တွေ အကြမ်းဖက် တိုက်ခိုက် ဖျက်ဆီးမှုကြောင့် ရှူဂျာယီအာရပ်ကွက်ဟာ လူနေထိုင်လို့ မရတော့တဲ့အထိ ဖြစ်သွားခဲ့ပါပြီ။

    ဂါဇာစီးတီးဟာ ဂါဇာကမ်းမြှောင်က ပြည်သူ ၄ ပုံ ၁ ပုံကျော်လောက် နေထိုင်တဲ့ မြို့ကြီးဖြစ်ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဒီမြို့ကို ရစရာမရှိအောင် အစ္စရေးတပ်တွေက ဖျက်ဆီးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၃၈၃၄၅ ဦး ရှိလာပြီဖြစ်ပြီး အများစုဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera