News @ M-Media

Author: Ko Lay

  • တရုတ်ပညာရှင်များ ဖန်တီးခဲ့သည့် လူ့ဦးနှောက်တုနှင့် စက်ရုပ်

    တရုတ်ပညာရှင်များ ဖန်တီးခဲ့သည့် လူ့ဦးနှောက်တုနှင့် စက်ရုပ်

    ဇူလိုင် ၅၊ ၂၀၂၄
    M-Media

    -ဓာတ်ခွဲခန်းထွက် ဦးနှောက်တု အသုံးပြုထားတဲ့ စက်ရုပ်တစ်ရုပ်ကို တရုတ်သိပ္ပံပညာရှင်တွေက အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။

    တရုတ်နိုင်ငံက Tianjin တက္ကသိုလ်နဲ့ တောင်ပိုင်း နည်းပညာ တက္ကသိုလ်က ပညာရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အသီးအပွင့်လည်း ဖြစ်ပါတယ်။

    လူ့ဦးနှောက်ပုံစံ ဦးနှောက်တုငယ်တစ်ခုကို ဓာတ်ခွဲခန်းထဲမှာ ဖန်တီးကာ အီလက်ထရောနစ် ချစ်ပ်ပြားနဲ့ စွမ်းအင်ပေးပြီး စက်ရုပ်ကို ထိန်းကြောင်းစေတာပါ။ ဒီနည်းပညာကို Brain-on-chip လို့ အမည်ပေးထားပါတယ်။

    စက်ရုပ်ဟာ အရာ၀တ္ထုတွေကို မကျအောင် ကိုင်တာ၊ အတားအဆီးတွေကို ရှောင်ပြီးသွားတာလို လုပ်ဆောင်ချက်တွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ Tianjin ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    တရုတ်ပညာရှင်တွေကတော့ အခုအောင်မြင်မှုကနေတစ်ဆင့် လူသား-စက်ရုပ် ပေါင်းစပ်အသိဉာဏ်တစ်မျိုးကို ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

    အခုတီထွင်မှုဟာ လူ့ဦးနှောက်နဲ့ အီလက်ထရောနစ်ချစ်ပ်ပြား ပေါင်းစပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး စနစ်ဖြစ်ပြီး လူ့ဦးနှောက်လို ကွန်ပျူတာစနစ်မျိုး ဖန်တီးနိုင်ဖို့အတွက် ခြေလှမ်းတစ်ခုဖြစ်တယ်လို့လည်း တရုတ်ပညာရှင်တွေက ပြောပါတယ်။

    ဓာတ်ခွဲခန်းထဲမှာ ဖန်တီးတဲ့ လူ့ဦးနှောက်တုတွေဟာ အာရုံကြောဆိုင်ရာ ရောဂါတွေ၊ ဦးနှောက်ထိခိုက်မှု ကုသမှုတွေမှာ ထိထိရောက်ရောက် အသုံးပြုနိုင်တဲ့ ကြားခံတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လူ့ဦးခေါင်းထဲမှာ ထည့်သွင်းကုသနိုင်လောက်တဲ့အထိ ဖွံ့ဖြိုးတိုးတက်လာမှုတော့ မရှိသေးပါဘူး။

    Ref: Interesting Engineering

  • ယူကေရွေးကောက်ပွဲတွင် လေဘာပါတီက အံ့အားသင့်ဖွယ် အပြတ်အသတ် အနိုင်ရ

    ယူကေရွေးကောက်ပွဲတွင် လေဘာပါတီက အံ့အားသင့်ဖွယ် အပြတ်အသတ် အနိုင်ရ

    ဇူလိုင် ၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ယူကေ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ဆာ ကီယာ စတာမာ)

    -ဇူလိုင်လ ၄ ရက်နေ့က ကျင်းပတဲ့ ယူကေရွေးကောက်ပွဲမှာ လေဘာပါတီဟာ ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မဲအပြတ်အသတ်ရပြီး အနိုင်ရရှိခဲ့ပါတယ်။

    ပါတီခေါင်းဆောင် ဆာ ကီယာ စတာမာဟာ ယူကေရဲ့ ၀န်ကြီးချုပ်သစ် ဖြစ်လာမှာဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့မှာ အစိုးရသစ်ကို ဖွဲ့စည်းကြေငြာမှာ ဖြစ်ပါတယ်။

    “အပြောင်းအလဲတွေ အခုအချိန်ကနေ စတင်ပါပြီ။ ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော် ကျေနပ်မိပါတယ်” လို့ ရွေးကောက်ပွဲရလဒ်တွေ ထွက်လာပြီးနောက် လန်ဒန်မြို့လယ်ကောင်မှာ လေဘာပါတီ ထောက်ခံသူတွေကို စတာမာက ပြောကြားခဲ့ပါတယ်။

    ခေါင်းဆောင်ဟောင်း ဂျယ်ရီမီ ကောရ်ဘန်လက်ထက် ၂၀၁၉ ခုနှစ်က ရွေးကောက်ပွဲမှာ သမိုင်းတစ်လျှောက် အနည်းဆုံးအဖြစ် အမတ်နေရာ ၂၀၂ နေရာသာ နိုင်ခဲ့တဲ့ လေဘာပါတီဟာ အခုရွေးကောက်ပွဲမှာ ၄၁၁ နေရာအထိ အနိုင်ရခဲ့ပါတယ်။

    လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီက ၁၁၉ နေရာသာ အနိုင်ရရှိထားပါတယ်။

    ကတိက၀တ်

    မဲဆွယ်ပွဲတွေမှာ လေဘာပါတီဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျဆင်းခဲ့တဲ့ ယူကေစီးပွားရေး ဦးမော့အောင် ဆောင်ရွက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

    တိုင်းပြည်ရဲ့ စီမံကိန်းစနစ်ကို ပြုပြင်ပြောင်းလဲဖို့၊ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ ပိုမို၀င်လာစေဖို့လည်း လေဘာပါတီက လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

    လေပါတီက ဆောင်ရွက်မယ့် ကိစ္စတွေထဲမှာ အလုပ်သမားဥပဒေကို ပြင်ဆင်ရေးဆွဲတာ၊ ရထားပို့ဆောင်ရေးကဏ္ဍ အားလုံးနီးပါးကို နိုင်ငံပိုင်အဖြစ် ပြန်လည်လုပ်ဆောင်တာ၊ နိုင်ငံပိုင် စွမ်းအင် လုပ်ငန်းတွေ ထူထောင်တာ၊ သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံတာတွေလည်း ပါ၀င်မှာ ဖြစ်ပါတယ်။

    Ref : BBC


  • ပါလက်စတိုင်းနယ်မြေ ၅ မိုင်ပတ်လည်ကို အစ္စရေးက ထပ်မံသိမ်းယူမည်

    ပါလက်စတိုင်းနယ်မြေ ၅ မိုင်ပတ်လည်ကို အစ္စရေးက ထပ်မံသိမ်းယူမည်

    ဇူလိုင် ၃၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ – ပါလက်စတိုင်းနယ်မြေအတွင်းရှိ အစ္စရေး၏ ကျူးကျော်အိမ်ယာများ)

    -ပါလက်စတိုင်းပိုင်နက်တစ်ခုဖြစ်တဲ့ အနောက်ဖက်ကမ်းက စကွဲယားမိုင် ၄ ဒဿမ ၉ မိုင်ရှိတဲ့ မြေနေရာတစ်ခုကို သိမ်းယူဖို့ အစ္စရေးအာဏာပိုင်တွေ မကြာသေးခင်က ခွင့်ပြုချက်ပေးခဲ့ကြောင်း ကျူးကျော်အိမ်ယာဆောက်လုပ်မှု ဆန့်ကျင်ရေးအဖွဲ့  Peace Now က ထုတ်ပြန်ပါတယ်။ 

    ဒုတိယကမ္ဘာစစ် နာဇီရန်ကြောင့် ဥရောပကနေ ပါလက်စတိုင်းထဲ ထွက်ပြေးလာရတဲ့ ဂျူးတွေဟာ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းကာ ဒေသခံ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ်မှာ အစ္စရေးနိုင်ငံကို ထူထောင်ခဲ့ပါတယ်။ 

    အဲဒီနောက်ပိုင်း ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းနယ်မြေအဖြစ် တရား၀င်အသိအမှတ်ပြုပေးထားတဲ့ နယ်မြေတွေကိုလည်း နည်းမျိုးစုံနဲ့ သိမ်းယူခဲ့ပါတယ်။

    အခုတစ်ခေါက် ၅ မိုင်ပတ်လည် သိမ်းယူဖို့ အစ္စရေးအာဏာပိုင်တွေ ခွင့်ပြုမှုဟာ နှစ် ၃၀ အတွင်း တစ်ကြိမ်တည်း အများဆုံး သိမ်းပိုက်မှုဖြစ်ပါတယ်။ အခုနှစ် ဇန်န၀ါရီလကစရင် အနောက်ဖက်ကမ်းမှာ အစ္စရေးအာဏာပိုင်တွေက သိမ်းပိုက်ဖို့ အမိန့်ထုတ်ထားတဲ့ မြေနေရာအရေအတွက်ဟာ စကွဲယားမိုင် ၉ ဒဿမ ၁၅ မိုင် ရှိနေပါပြီ။ 

    “အစ္စရေးနဲ့အတူ ယှဥ်တွဲတည်ရှိမယ့် ပါလက်စတိုင်းနိုင်ငံ ထူထောင်ရေး နိုင်ငံရေးနည်းနဲ့ မဆောင်ရွက်မချင်း ဒီပြဿနာ ပြေလည်ဖို့မရှိဘူးဆိုတာ ဒီကနေ့ကိစ္စက ရှင်းရှင်းလင်းလင်း ပြသနေပါတယ်။ ငြိမ်းချမ်ရေးရဖို့၊ သွေးထွက်သံယိုမှုတွေ ရပ်တန့်ဖို့ ခက်ခဲအောင်၊ ဒါတွေကနေ ၀ေးကွာအောင် အစ္စရေးအစိုးရက ဆက်လက်လုပ်ဆောင်နေဆဲပါ” လို့ Peace Now ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အနောက်ဖက်ကမ်းမှာ တရားမ၀င်အခြေချအိမ်ယာတွေ အစ္စရေးက ထပ်မံချဲ့ထွင် တည်ဆောက်နေတာဟာ အနာဂတ် ပါလက်စတိုင်းနိုင်ငံရဲ့ လူမှုအ၀န်းအ၀ိုင်း ပြောင်းလဲသွားအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း အဖွဲ့က ထောက်ပြခဲ့ပါတယ်။ 

    Ref: Aljazeera 


  • ဂါဇာက ဥရောပဆေးရုံကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးရန် စီစဥ်နေ

    ဂါဇာက ဥရောပဆေးရုံကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးရန် စီစဥ်နေ

    ဇူလိုင် ၃၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – အလ်နဆာရ်ဆေးရုံတွင် အစ္စရေးက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုကို တူးဖော်နေစဥ်)

    -ဂါဇာတောင်ပိုင်း ဒေသတွေမှာ ဒေသခံတွေ ထွက်ခွာသွားဖို့ အစ္စရေးက အမိန့်ထုတ်ထားတာကြောင့် ဥရောပဂါဇာဆေးရုံနဲ့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ရဲ့ အရေးပေါ်ဆေးရုံတွေကနေ လူနာတွေ ထွက်သွားရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။

    ပါလက်စတိုင်းပြည်သူ သန်းနဲ့ချီ ရှိနေတဲ့ ဂါဇာတောင်ပိုင်းကို လက်ရှိမှာ အစ္စရေးက အကြမ်းဖက် တိုက်ခိုက်နေတာဖြစ်ပြီး ဥရောပဂါဇာဆေးရုံကိုပါ ဖျက်ဆီးဖို့ စီစဥ်နေတာဖြစ်ပါတယ်။

    ဇူလိုင်လ ၁ ရက်နေ့မှာ လူနာ ၂၇၀ လောက်ဟာ ဆေးရုံ၀န်ထမ်းတွေနဲ့အတူ ကိုယ့်အစီအစဥ်နဲ့ကိုယ် ဆေးရုံက ထွက်သွားကြရပြီး၊ ဇူလိုင် ၂ ရက်နေ့မှာ ကျန်နေတဲ့သူတွေကို ဂါဇာကျန်းမာရေး၀န်ကြီးဌာနက ကယ်ထုတ်သွားရတယ်လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    “လက်ရှိ ဥရောပဂါဇာဆေးရုံမှာ လူနာ ၃ ဦး၊ ကြက်ခြေနီအဖွဲ့ အရေးပေါ်ဆေးရုံမှာ လူနာ ၃ ဦးသာ ကျန်ရှိပါတော့တယ်။ လူနာအများစုကို Nasser Medical Complex ဆေးရုံဆီ လွှဲပေးလိုက်ရပါတယ်”

    အစ္စရေးက ထွက်သွားဖို့ အမိန့်ထုတ်တဲ့ အဆောက်အဦးစာရင်းမှာ ဥရောပဂါဇာဆေးရုံ တိုက်ရိုက် ပါ၀င်ခြင်းမရှိပေမယ့် ဆေးရုံပတ်၀န်းကျင်ကဒေသတွေ ပါ၀င်နေတာကြောင့် ဒီလို ရွှေ့ပြောင်းရတာ ဖြစ်ပါတယ်။

    “လက်ရှိဖြစ်နေတဲ့ စစ်ပွဲမှာ ဆေးရုံပရ၀ုဏ်တောင် မလုံခြုံတာကို တွေ့မြင်ရပါတယ်။ လူနာတွေ၊ ကျန်းမာရေးလုပ်သားတွေရဲ့ လိုအပ်ချက်တွေ မရရှိတာ၊ လောင်စာဆီ၊ ဆေး၀ါး၊ ရေနဲ့ အစားအစာ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း မရတာကြောင့် ဆေးရုံတွေဟာ အချိန်ခဏအတွင်းမှာပဲ လည်ပတ်လို့မရအောင် ဖြစ်သွားပါတယ်” လို့ WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၉ လနီးပါး ရှိလာပြီဖြစ်တဲ့ အစ္စရေးရဲ့ ဂါဇာက တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၃၈၀၀၀ နီးပါး ရှိလာပါပြီ။ ဆေးရုံဆေးခန်းတွေကိုလည်း အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေပါတယ်။

    အလ်ရှီဖာနဲ့ အလ်နဆာရ်ဆေးရုံတွေမှာ အကြမ်းဖက်မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံထားမှုတွေဟာ နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။

    Ref: Aljazeera

  • အိန္ဒိယမြောက်ပိုင်းမှ ဘာသာရေးပွဲ လူများစုပြုံတိုး၀ှေ့ကာ သေဆုံးမှုဖြစ်

    အိန္ဒိယမြောက်ပိုင်းမှ ဘာသာရေးပွဲ လူများစုပြုံတိုး၀ှေ့ကာ သေဆုံးမှုဖြစ်


    ဇူလိုင် ၂၊ ၂၀၂၄

    M-Media 


    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်မြို့ ဟက်သရာခရိုင်က ဟိန္ဒူဘုရားပွဲတစ်ခုမှာ လာရောက်သူတွေ စုပြုံတိုး၀ှေ့မှုဖြစ်တာကြောင့် အနည်းဆုံး ၈၇ ဦး သေဆုံးတယ်လို့ အိန္ဒိယပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

    ရှီဗာနတ်ဘုရားပူဇော်ပွဲမှာ နာမည်ကျော် တရားဟောဆရာ ဘိုလေးဘာဘာရဲ့ တရားပွဲအပြီး ပြန်အထွက်မှာ ထောင်နဲ့ချီတဲ့လူတွေ တိုး၀ှေ့မှု ဖြစ်ခဲ့တာပါ။ ဆေးရုံကို ရောက်ရှိလာတဲ့ အရေအတွက်အရ သေဆုံးသူဟာ အနည်းဆုံး ၈၇ ဦး ရှိပြီး ထပ်မံမြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

    အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ဒီအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း အောက်လွှတ်တော်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    ခရိုင်ရဲတပ်ဖွဲ့က ဘာသာရေးအခမ်းအနား ခွင့်ပြုမိန့်ဟာ လူ ၅ ထောင်အတွက်သာ ချပေးတာဖြစ်ပြီး၊ အမှန်တကယ် တက်ရောက်လာသူက ၁၅၀၀၀ ကျော်ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီအဖြစ်အပျက်အတွက် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။  

    အိန္ဒိယက ဘာသာရေးပွဲတွေမှာ လူစုပြုံတိုး၀ှေ့မှုတွေ ဖြစ်တတ်ပြီး ၂၀၁၃ ခုနှစ် နိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်ပြည်နယ်က အဖြစ်အပျက်တစ်ခုအတွင်း လူ ၁၁၅ ဦး သေဆုံးခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က မြောက်ပိုင်း ရာဂျက်စတန်ပြည်နယ် ဘုရားပွဲတစ်ခုမှာ လူတိုး၀ှေ့မှုကြောင့် အနည်းဆုံး ဘုရားဖူး  ၂၂၄ ဦး သေဆုံးခဲ့ပါတယ်။ 

    Ref: CNN