News @ M-Media

Author: Ko Lay

  • ယူကရိန်းကိစ္စနှင့်ပတ်သက်၍ ထိုင်၀မ်ကို တရုတ်က အပြစ်ရှာ

    ယူကရိန်းကိစ္စနှင့်ပတ်သက်၍ ထိုင်၀မ်ကို တရုတ်က အပြစ်ရှာ

    မတ် ၁၆၊ ၂၀၂၂

    M-Media

    -ထိုင်၀မ်ဟာ ယူကရိန်းကိစ္စကို အမြတ်ထုတ်နေတယ်လို့ တရုတ်က လူသိရှင်ကြား ၀ေဖန်လိုက်ပါတယ်။ 

    ရုရှားလိုပဲ တရုတ်ကလည်း ထိုင်၀မ်ကို ဒီလို ကျူးကျော် တိုက်ခိုက်နိုင်တယ်လို့ ထိုင်၀မ်ပြည်သူတွေက ရှုမြင်နေပြီး၊ ဒုက္ခရောက်နေတဲ့ ယူကရိန်းနိုင်ငံသားတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း ပေးပို့နေတာ ဖြစ်ပါတယ်။ 

    ထိုင်၀မ်က လွတ်လပ်တဲ့ ဒီမိုကရက်တစ် နိုင်ငံအဖြစ် ရပ်တည်နေပေမယ့် တရုတ်က ထိုင်၀မ်ဟာ သူတို့ပိုင်နက်ဖြစ်ပြီး ပြန်လည် ပေါင်းစည်းဖို့အတွက် လိုအပ်ရင် အင်အားသုံးသွားမယ်လို့ အရင်ကတည်းက ပြောထားပါတယ်။

    ယူကရိန်းကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ထိုင်၀မ်က ပေးပို့တာ၊ ရုရှားအပေါ် ထိုင်၀မ်က စီးပွားရေးပိတ်ဆို့မှုတွေဟာ ယူကရိန်းကိစ္စကို  အသုံးချပြီး သူတို့ရဲ့တည်ရှိမှုကို တရား၀င်အောင် လုပ်နေတာဖြစ်ပြီး၊ ဓားခုတ်ရာ လက်၀င်လျှိုနေတာလို့ တရုတ်အစိုးရ ထိုင်၀မ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • အစ္စရေး၏အကြမ်းဖက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၃ ဦး သေဆုံး

    အစ္စရေး၏အကြမ်းဖက်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်း ၃ ဦး သေဆုံး

    မတ် ၁၅၊ ၂၀၂၂

    M-Media 

    -ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးတပ်ဖွဲ့တွေက ၀င်ရောက်အကြမ်းဖက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂ ရက်အတွင်း ပါလက်စတိုင်း အနည်းဆုံး ၃ ဦး သေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။ 

    သေဆုံးသူတွေထဲမှာ အသက် ၁၇ နှစ်အရွယ် နဒါ ရိုင်ယန်ဆိုသူ ပါ၀င်ပါတယ်။ အင်္ဂါနေ့မနက်ပိုင်းက နဘ်လုစ်မြို့မှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည်စခန်းကို အစ္စရေးတပ်ဖွဲ့တွေ ၀င်ရောက်စီးနင်းမှုအတွင်း နဒါတစ်ယောက် ခေါင်းကို ပစ်ခတ်သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ 

    အစ္စရေးက အလိုရှိနေတဲ့သူတစ်ဦးကို ၀င်ရောက်ဖမ်းဆီးတဲ့ အဲဒီအဖြစ်အပျက်အတွင်း ပါလက်စတိုင်း ၃ ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ 

    အစ္စရေးရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်သမားက သူတို့ကို ပစ်ခတ်တဲ့အတွက် ပြန်ပစ်တာလို့ ဖော်ပြပါတယ်။  

    ဂျေရုစလင်ဆင်ခြေဖုံးက ကွာလန်ဒီယာ ဒုက္ခသည်စခန်းကို အစ္စရေးတပ်ဖွဲ့တွေရဲ့ ၀င်ရောက်စီးနင်းမှုမှာလည်း အသက် ၂၀ ကျော်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦး ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခံလိုက်ရပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

    နာကဘ်သဲကန္တာရက ရာဟတ်မြို့မှာ ပါလက်စတိုင်း  အယောင်ဆောင်ထားတဲ့ အစ္စရေး ထောက်လှမ်းရေးတွေဟာ အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ 

    ပါလက်စတိုင်း ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေကို အစ္စရေးက ခေါင်းစဥ်အမျိုးမျိုးနဲ့ ၀င်ရောက် စီးနင်းလေ့ရှိပြီး ပါလက်စတိုင်းတွေ အသတ်ခံရတာ၊ ဒဏ်ရာရတာတွေ မကြာခဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

    Ref: Aljazeera 

  • နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်၊ ရူပီးတို့နှင့် တိုက်ရိုက်ဆောင်ရွက်ရန် စစ်ကောင်စီစီစဥ်

    နယ်စပ်ကုန်သွယ်ရေးတွင် ဘတ်၊ ရူပီးတို့နှင့် တိုက်ရိုက်ဆောင်ရွက်ရန် စစ်ကောင်စီစီစဥ်

    မတ် ၁၅၊ ၂၀၂၂

    M-Media 

    -ထိုင်းနဲ့ အိန္ဒိယနယ်စပ်က ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ဘတ်ငွေ၊ ရူပီးငွေတွေနဲ့ လက်ခံဆောင်ရွက်ဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဥ်နေပါတယ်။ 

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ေကာင်စီရဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အလွန်အမင်း ထိုးကျသွားပြီး ဒေါ်လာ၊ ရွှေစျေးတွေ ထောင်တက်သွားပါတယ်။ 

    ငွေကြေးဖောင်းပွမှု မြင့်တက်လာတာကြောင့် အခြေခံစားသောက်ကုန်တွေ စျေးအဆမန်တ တက်လာသလို၊ မီးပြတ်၊ ရေပြတ်နဲ့ ပြည်သူလူထုဟာ အထွေထွေအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

    စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ နယ်စပ်ကုန်သွယ်ရေးမှာ ထိုင်းဘက်၊ အိန္ဒိယရူပီးတွေကို လက်ခံ အသုံးပြုတာဟာ အမေရိကန်ဒေါ်လာအပေါ်  မှီခိုနေရမှုကို လျှော့ချကာ ပထ၀ီနိုင်ငံရေးအခြေအနေကြောင့် ငွေလဲနှုန်း ရုတ်တရက် တက်လာတဲ့ အန္တရာယ်ကို လျှော့ချနိုင်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

    တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့ ဒေသတွေမှာ တရုတ်ယွမ်ငွေနဲ့ တိုက်ရိုက် ပေးချေနိုင်အောင်လည်း စစ်ကောင်စီက စီစဥ်ထားပါတယ်။ 

    နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုဟာ အတိုက်အခံတွေက ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစနစ်ကို ပြည်သူတွေ အယုံအကြည်မရှိအောင် လုပ်ဆောင်တာကြောင့်ဖြစ်ပြီး၊ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကလည်း စီးပွားရေး အဖျက်အမှောက်လုပ်ရပ်ကြောင့်လို့ စစ်ကောင်စီ ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ စွပ်စွဲပြောဆိုထားပါတယ်။ 

    မြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့ ဒီအစီအစဥ်နဲ့ပတ်သက်ပြီး ထိုင်း၊ အိန္ဒိယတို့ဖက်က တရား၀င် ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ 

    Ref: Bangkok Post 

  • နျူစက်ရုံတိုက်ခိုက်ရန် အစ္စရေး၏ ကြံစည်မှုကို အီရန်တားဆီး

    နျူစက်ရုံတိုက်ခိုက်ရန် အစ္စရေး၏ ကြံစည်မှုကို အီရန်တားဆီး

    မတ် ၁၅၊ ၂၀၂၂

    M-Media

    -နိုင်ငံအရှေ့မြောက်ပိုင်းက နျူစက်ရုံကို အစ္စရေးက တိုက်ခိုက်ဖျက်ဆီးမယ့် အစီအစဥ်ကို ဖော်ထုတ်တားဆီးလိုက်နိုင်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ထုတ်ပြန်ပါတယ်။ 

    ကွမ်မြို့က မြေအောက်မှာ ဆောက်လုပ်ထားတဲ့ Fordow နျူစက်ရုံဖြစ်ပြီး ယူရေနီယံသန့်စင်မှု လုပ်တဲ့နေရာပါ။ 

    ယူရေနီယံသန့်စင်တဲ့ ဌာနမှာ အလုပ်လုပ်တဲ့ ၀န်ထမ်းတစ်ဦးကို အစ္စရေးက ငွေကြေးပေးထားတဲ့ အေးဂျင့်က ချဥ်းကပ်စည်းရုံးကာ တိုက်ခိုက်ဖို့ ကြံစည်တာဖြစ်တယ်လို့ အီရန်နိုင်ငံပိုင်သတင်းဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးဟာ အေးဂျင့်ကို လုံခြုံတဲ့ လမ်းကြောင်းကနေ ဆက်သွယ်ပြောဆိုသလို ငွေသား၊ ဒဏ်ဂျစ်တယ်ငွေကြေးတွေနဲ့ ပေးချေတယ်လို့ ဆိုပါတယ်။ 

    တိုက်ခိုက်မှုကို မတ်လ ၂၀ ရက်နေ့မှာကျရောက်မယ့် ပါရှန်နှစ်ကူးမတိုင်ခင် လုပ်ဖို့ စီစဥ်ထားပြီး အသေးစိတ်ကို နောက်ပိုင်းကျရင် ထုတ်ပြန်မယ်လို့လည်း IRGC က ပြောပါတယ်။ 

    အီရန်ဟာ လက်ရှိမှာ အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက် ပြန်လည်အသက်သွင်းဖို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ အစ္စရေးက ဒီဆွေးနွးမှုးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က အီရတ်မှာရှိတဲ့ အစ္စရေး မဟာဗျူဟာဌာနကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယယ်။ 

    Ref: Aljazeera 

  • စစ်တပ်က၀င်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့စီမံကိန်းကို ထိုင်းကုမ္ပဏီ ဆက်လုပ်မည်

    စစ်တပ်က၀င်ငွေရနေသည့် သဘာ၀ဓာတ်ငွေ့စီမံကိန်းကို ထိုင်းကုမ္ပဏီ ဆက်လုပ်မည်

    မတ် ၁၅၊ ၂၀၂၂

    M-Media 

    -ပြင်သစ်နဲ့ အမေရိကန်ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်းသွားတဲ့ ရတနာ သဘာ၀ဓာတ်ငွေ့ထုတ်လုပ်ရေး စီမံကိန်းကို ထိုင်းစွမ်းအင်လုပ်ငန်း PTTEP က ဆက်လက်လုပ်ကိုင်မယ်လို့ သိရပါတယ်။ 

    ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းဟာ မြန်မာစစ်တပ်က နိုင်ငံခြား၀င်ငွေ အဓိကရတဲ့ လုပ်ငန်းတွ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ပြည်သူလူထုအပေါ်  ဖိနှိပ်သတ်ဖြတ်မှုကို တားဆီးနိုင်ရေး ဒီလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်တွန်းခဲ့ပြီးတဲ့နောက် ပြင်သစ်နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီတွေဖြစ်တဲ့ Chevron နဲ့ TotalEnergies တို့ မြန်မာနိုင်ငံကနေ ထွက်ခွာသွားကြတာပါ။ 

    PTTEP က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ စွမ်းအင် အပြည့်အ၀ရရှိရေးဟာ လူသားတိုင်း ရရှိခံစားရမယ့် အခြေခံလူ့အခွင့်အရေး ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုတယ်လို့ ဖော်ပြထားပါတယ်။ 

    TotalEnergies ထွက်သွားပြီးတဲ့နောက် သဘာ၀ဓာတ်ငွေ့ ထောက်ပံ့ပေးမှု မပြတ်လပ်စေရေးအတွက် ရတနာသဘာ၀ဓာတ်ငွေ့ စီမံကိန်းကို ဆက်လက်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း PTTEP က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    လုပ်ငန်းလွှဲပြောင်းရေးကိုအခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှာ အပြီးသတ်မှာဖြစ်ပြီး အဲဒီနောက် PTTEP က ရှယ်ယာ ၃၇.၁ ရာခိုင်နှုန်း၊ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့လုပ်ငန်းက ၂၁.၈ ရာခိုင်နှုန်း၊ Chevron ရဲ့ လက်ခွဲကုမ္ပဏီတစ်ခုက ၄၁.၁ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ 

    Ref: Nikkei Asia