News @ M-Media
Author: Ko Lay
  • ၁၁ နှစ်ကြာပြီးနောက် အာဖဂန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ဖြစ်လာ
    ၁၁ နှစ်ကြာပြီးနောက် အာဖဂန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ဖြစ်လာ
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    afa
    – ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ၏ ၁၀ ကြိမ်မြောက်ညီလာခံတွင် အာဖဂန်နစ္စတန်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် အတည်ပြုခဲ့သည်ဟု သိရသည်။
    အာဖဂန်နစ္စတန်မှာ ၁၁ နှစ်ကြာညှိနှိုင်းဆွေးနွေးမှုများအပြီးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ၁၆၄ ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး ၃၆ ခုမြောက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။
    “ကျွန်တော်တို့အနေနဲ့ ဆင်းရဲမွဲတေမှုကို လျော့ပါးစေဖို့အတွက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကို ဖော်ဆောင်ဖို့ကတိပြုခဲ့ပြီး၊ တည်ငြိမ်အေးချမ်းမှုကို ကြာရှည်စွာထိန်းသိမ်းထားမယ်လို့လည်း ကတိပြုခဲ့တဲ့အတွက် ယနေ့ဟာဆိုရင် အာဖဂန်နစ္စတန်ရဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်” ဟု အာဖဂန်၏ လက်ထောက်ညွှန်ချုပ် မိုဟာမက်ခန်းက အောင်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
    ကုန်းတွင်းပိတ်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော အာဖဂန်နစ္စတန်၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ခြင်းမှာ ပဋိပက္ခအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ရသည်။
    “ပြီးခဲ့တဲ့ ၁၀ နှစ်မှာ ကျွန်တော်တို့နိုင်ငံကို တည်ဆောက်ဖို့၊ ပညာရေးအသင်းအဖွဲ့တွေ ပေါ်ထွန်းလာဖို့နဲ့ ပုဂ္ဂလိကအခန်းကဏ္ဍတွေအတွက် အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာရေးကုန်သွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ အာဖဂန်နစ္စတန်နိုင်ငံကို နည်းပညာစွမ်းရည်တွေ ထောက်ပံ့ပေးဖို့အတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုခဲ့ပါတယ်” ဟု ခန်းက ထည့်သွင်းပြောကြားခဲ့သည်။
    ၎င်းက ဆက်လက်၍ စွမ်းအင်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အုံလုပ်ငန်းများ အပါအ၀င် စီးပွားရေးအချက်အခြာကျသည့် လုပ်ငန်းကြီးများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်စေရန် တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင်ထားသည်ဟု ဆိုသည်။
    “ပိုမိုကြီးကျယ်တဲ့ ဘဏ္ဍာရေးမူဝါဒတွချမှတ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့နဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ သဘောတူညီခဲ့ပါတယ်”
    Ref: Xinhua
  • ချယ်ဆီးနိုင်ပွဲပြန်တွေ့၊ မန်ယူ၊ လီဗာပူးလ်တို့ရှုံးခဲ့ပြီး လက်စတာက ဆက်လက်ဦးဆောင်ထားနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇
    ချယ်ဆီးနိုင်ပွဲပြန်တွေ့၊ မန်ယူ၊ လီဗာပူးလ်တို့ရှုံးခဲ့ပြီး လက်စတာက ဆက်လက်ဦးဆောင်ထားနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ မော်ရင်ဟိုအလွန်ချယ်ဆီး နိုင်ပွဲပြန်ရခဲ့ပြီး၊ မန်ယူ၊ လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့ကာ ဇယားကိုတော့ လက်စတာက ဆက်လက်ဦးဆောင်နေပါတယ်။
    ဆန်းဒါးလန်းနဲ့ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ဂူစ်ဟစ်ဒင့်ကို ရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ခဲ့တဲ့ချယ်ဆီး ဒီပွဲကိုတော့ ယာယီနည်းပြတွေနဲ့သာ ကစားစေခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ အိုင်ဗန်နိုဗစ်က ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ဒီဂိုးက ချယ်ဆီးကစားသမားတွေအတွက် ယုံကြည်မှုရှိစေခဲ့ရုံသာမက ပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်း တစ်ခဲနက် ရရှိခဲ့ပါတယ်။ ကစားပုံကောင်းခဲ့တဲ့အတွက် ၁၃ မိနစ်မှာ ဒုတိယဂိုးရခဲ့ပြီး ပက်ဒရိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၅၀ မှာတော့ အော်စကာရဲ့ ပင်နယ်တီနဲ့ တတိယဂိုး ရခဲ့ပြီး ၅၂ မိနစ်မှာ ဆန်းဒါးလန်းက တစ်ဂိုးပြန်ချေပနိုင်ခဲ့ပေမယ့် ရလဒ်ကိုတော့ ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။
    epl 2
    လက်စတာကလည်း အဝေးကွင်းမှာ အကြိတ်အနယ်ကစားခဲ့ရပြီး ပင်နယ်တီ ၂ လုံးနဲ့အတူ အဲဗာတန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူကာ ဇယားထိပ်ကို ဆက်လက် ရယူထားနိုင်ခဲ့ပါတယ်။ လက်စတာအတွက် ဂိုးတွေကိုတော့ ရီယဒ် မဟ်ရက်ဇ်က ပင်နယ်တီကနေ ၂ ဂိုး အိုကာဇာကီက ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    epl 3
    ပြီးခဲ့တစ်ပတ်က တန်းတက်ဘုန်းမောက်ကို ရှုံးခဲ့တဲ့မန်ယူ ဒီတစ်ပတ်မှာလည်း နော်ဝစ်ခ်ျကို ဦးဆောင်ဂိုးတွေပေးခဲ့ရပြီး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဖိအားတွေရှိနေတဲ့ နည်းပြဗန်ဂါးလ်ကတော့ ကစားသမားတွေကို အပြစ်တင်ခဲ့ပြီး ယုံကြည်မှုမရှိဘူး၊ တစ်ယောက်နဲ့တစ်ယောက် အစေးကပ်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    လီဗာပူးလ်ကတော့ ၀က်ဖို့ဒ်ကို အမှားများစွာနဲ့ ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ၁၅ မိနစ်အတွင်း ၂ ဂိုးပေးလိုက်ရတာက လီဗာပူးလ်ကို အထိနာစေခဲ့တာဖြစ်ပြီး ကလော့ပ်ကတော့ အသင်းဟာ ဘယ်ဘက်ကမှ မကောင်းခဲ့ဘူးလို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ၀က်ဖို့ဒ်ရဲ့ ဒီအနိုင်ကြောင့် စတုတ္ထနေရာက စပါးနဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။
    ချယ်ဆီး၊ မepl 4န်ယူတို့ကို ဆက်တိုက်အနိုင်ယူထားတဲ့ဘုန်းမောက် ဒီတစ်ပတ်မှာလည်း ၀က်စ်ဘရွန်းကို ၂ ဂိုး ၁ ဂိုးနဲ့ ထပ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ နယူးကာဆယ်ကို ရှုံးကာ ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရတဲ့ စပါးကတော့ ဆောက်သက်တမ်ကို ၂ ဂိုးပြတ်နဲ့ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့ပါတယ်။
    ဒုတိယနဲ့ တတိယနေရာက မန်းစီးတီးနဲ့ အာဆင်နယ်တို့ရဲ့ပွဲကိုတော့ ဒီနေ့ညမှာ ကစားမှာပါ။ ဒီတစ်ပတ်ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ချယ်ဆီး ၃-၁ ဆန်းဒါးလန်း
    အဲဗာတန် ၂-၃ လက်စတာ
    မန်ယူ ၁-၂ နော်ဝစ်ခ်ျ
    ဆောက်သက်တမ် ၀-၂ စပါး
    စတုတ် ၁-၂ ခရစ္စတယ်ပဲလေ့စ်
    နယူးကာဆယ် ၁-၁ အက်စတွန်ဗီလာ
    ဆွမ်ဆီး ၀-၀ ၀က်စ်ဟမ်း
  • ယခုနှစ်အတွင်း နိုင်ငံခြားသူလျှို ၃၀၀ ကျော် ဖမ်းမိဟု ရုရှားပြော
    ယခုနှစ်အတွင်း နိုင်ငံခြားသူလျှို ၃၀၀ ကျော် ဖမ်းမိဟု ရုရှားပြော
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    russia
    – ပြည်ပ ထောက်လှမ်းရေးဌာနများမှာ ရုရှားတွင် ၎င်းတို့၏ လှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်လာကြသည်ဟု ရုရှားသမ္မတဗလာဒီမီရ်ပူတင်က ပြောကြားလိုက်ပြီး ထိုစိန်ခေါ်မှုအတွက် လုံလောက်စွာ ပြန်လည်တုန့်ပြန်ရန် မိမိတို့အနေဖြင့် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။
    လျှို့ဝှက်လုံခြုံရေးဌာနမှ ၀န်ထမ်းများကို ပူတင်က အမှာစကားပြောကြားရာတွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး ရုရှားတန်ပြန်ထောက်လှမ်းရေးအဖွဲ့များက ပြည်ပထောက်လှမ်းရေး သူလျှိုများအပါအ၀င် အပေါင်းအပါ အယောက် ၃၂၀ ခန့်ကို ဖော်ထုတ်ဖမ်းဆီးခဲ့သည်ဟုလည်း ဆိုသည်။
    “တချို့နိုင်ငံတွေရဲ့ ထောက်လှမ်းရေးအဖွဲ့တွေဟာ ရုရှားကိုဦးတည်ပြီး အရှိန်အဟုန်နဲ့ အားထုတ်လုပ်ဆောင်မှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ တွေ့နေရပါတယ်။ ရုရှား လုံခြုံရေးဌာနကလည်း ဒီလိုစိန်ခေါ်မှုတွေကို လုံလောက်တဲ့တုံ့ပြန်မှုတွေပြုလုပ်ဖို့ အဆင်သင့်ပါပဲ”
    သမ္မတက ရုရှားလုံခြုံရေးအဖွဲ့များသည် အဂတိလိုက်စားမှုများနှင့် စီးပွားရေးရာဇ၀တ်မှုများ တိုက်ဖျက်ရာတွင် လည်းကောင်း၊ နိုင်ငံ့နယ်နိမိတ်များကို ကာကွယ်စောင့်ရှောက်ရာတွင် လည်းကောင်း ထိထိရောက်ရောက် လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ထားကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းက ထပ်မံ၍ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် နိုင်ငံတော်လုံခြုံရေးအဖွဲ့များက စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်သွားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
    မိန့်ခွန်းတွင် ပူတင်က အကြမ်းဖက်သမားများသည် နိုင်ငံတကာအသိုက်အ၀န်းတစ်ခုလုံးကို စစ်ကြေညာထားပြီး ၎င်းတို့၏ လုပ်ရပ်များသည် ရုရှားကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ဟု ပါရှိသည်။ ရုရှားလုံခြုံရေးအဖွဲ့များမှာ အကြမ်းဖက်မှုပေါင်း ၃၀ ကျော်ကို တားဆီးနိုင်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများပြုလုပ်ရန် လူငယ်လူရွယ်များအား စုဆောင်းသိမ်းသွင်းမှုများ မခံရစေရေးအတွက် အထူးသတိထားရန်လည်း တောင်းဆိုခဲ့သည်။
    Ref: RT
  • မှတ်ဥာဏ်ကောင်းချင်လား၊ 3D ဂိမ်းကို နေ့စဉ် နာရီဝက်ကစားပါ
    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    game
    – တစ်နေ့ကို 3D ဂိမ်း နာရီဝက်လောက်ကစားတာဟာ မှတ်ဥာဏ်ကို ပိုမိုအားကောင်းစေပြီး မေ့လျော့တာတွေ နည်းသွားစေမယ်လို့ အမေရိကန် လေ့လာမှုတစ်ရပ်က ဆိုပါတယ်။
    နှစ်ပတ်တာပြုလုပ်ခဲ့တဲ့ အဲဒီလေ့လာမှုမှာ သုတေသနပညာရှင်တွေဟာ အခုမှဂိမ်းစကစားဖူးသူ ၆၉ ဦးကို 2D ဂိမ်း Angry Birds နဲ့ 3D ဂိမ်း Super Mario 3D World ကို နေ့စဉ် နာရီဝက်ကြာ ကစားစေခဲ့ပါတယ်။ စမ်းသပ်မှုအစနဲ့ အဆုံးမှာ ရရှိခဲ့တဲ့မှတ်တမ်းတွေအရ 3D ဂိမ်းကစားတဲ့သူတွေဟာ မှတ်ဥာဏ်တိုးတက်လာတာကို တွေ့ခဲ့ရပါတယ်။
    “3D ဂိမ်းတွေဟာ 2D ဂိမ်းတွေထက် သူတို့အတွက် ပိုပြီး တာသွားပါတယ်” လို့ စမ်းသပ်မှုရလဒ်ကို ပူးတွဲရေးသားခဲ့သူ ခရေ့ဂ်ျ စတာ့က်က ဆိုပါတယ်။ သူဟာ အမေရိကန်ပြည်ထောင်စု အာရ်ဗင်းမြို့မှာရှိတဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်က အာရုံကြောဆိုင်ရာ ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။
    “အဲဒီမှာ ရှုထောင့်တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ အကွာအဝေးပမာဏ – ဈာန်ဝင်စားနိုင်တဲ့ပမာဏပါ။ 3D ဂိမ်းကိုကစားရင် ကိုယ်က တကယ်ဝင်ပါနေရသလို ခံစားရမယ်။ ဒါမှမဟုတ် အမှတ်မထင် မှတ်မိလိုက်တာမျိုးလည်း ရှိပါတယ်။ 2D ဂိမ်းတွေမှာ မြင်ရတဲ့အရာတွေက ရုပ်သေဖြစ်နေတဲ့အခါ ဈာန်ဝင်စားမှုက သိပ်မရှိတော့ပါဘူး”
    အဲဒီ စမ်းသပ်မှုဟာ 3D ဂိမ်းတွေက မှတ်ဥာဏ်တိုးတက်မှုအတွက် ရည်ရွယ်ဆောင်ရွက်တာမျိုး မဟုတ်ပေမယ့်လည်း ဒီလိုဂိမ်းတွေကို ကစားခြင်းက ဦးနောက်မှာရှိတဲ့ ဟစ်ပိုကမ်းပက်စ်လို့ခေါ်တဲ့ မှတ်ဥာဏ်နဲ့ဆိုင်တဲ့နေရာကို လှုံ့ဆော်မှုတွေ ဖြစ်စေတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။
    ဘယ်လိုဂိမ်းအမျိုးအစားတွေက သိမြင်မှုကို သက်ရောက်မှုရှိစေလဲဆိုတာကို သိရှိဖို့အတွက် သုတေသနပညာရှင်တွေဟာ အရင်က ဂိမ်းမကစားဖူးတဲ့ အသက် ၁၈ နှစ်ကနေ ၂၂ နှစ်ကြားရှိတဲ့ လူငယ်တွေကို စုဆောင်းခဲ့ပြီး ကျောင်းဖွင့်ရက်တွေမှာ ၁၀ ရက်လောက် ဂိမ်းကစားစေခဲ့ပါတယ်။
    နှစ်ပတ်ကြာတဲ့ စမ်းသပ်မှုပြီးခဲ့အခါမှာ ဦးနှောက်က ဟစ်ပိုကမ်းပက်စ်ပိုင်းကို နေ့စဉ်မြင်နေရတဲ့ ပစ္စည်းတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီပစ္စည်းတွေရယ်၊ သူနဲ့ နည်းနည်းလောက်ပဲ ကွဲပြားတဲ့ ပစ္စည်းတွေရယ်ကို ယှဉ်ပြပြီး ခွဲခြားခိုင်းခဲ့ပါတယ်။
    အဲဒီစမ်းသပ်မှုမှာ 3D ဂိမ်းကစားသူတွေဟာ မှတ်ဥာဏ် ၁၂ ရာခိုင်နှုန်း တက်လာကိုတွေ့ရပြီး အသက် ၄၅ နဲ့ ၇၀ အကြား လူတွေ မှတ်ဥာဏ်ကျဆင်းမှုပမာဏနဲ့ သွားညီနေပါတယ်။
    ဒီစမ်းသပ်မှုဟာ ကြီးမားတဲ့ စမ်းသပ်မှုမဟုတ်ဘဲ၊ 2D၊ 3D ဂိမ်းဆိုတာထက်၊ စမ်းသပ်တဲ့ဂိမ်းနှစ်ခုက ရှုပ်ထွေးမှု အတိုင်းအတာကလည်း ကစားပြီးနောက်ပိုင်းပြုလုပ်တဲ့ မှတ်ဥာဏ်စမ်းသပ်မှုမှာ အနည်းဆုံး ကွာခြားမှုတစ်ချို့ ရှိနိုင်တဲ့ နောက်ထပ်ကန့်သတ်ချက်ဖြစ်နေတယ်လို့ သုတေသနပညာရှင်တွေက ၀န်ခံခဲ့ပါတယ်။
    နောက်ပိုင်း လူငယ်တွေနဲ့ လူကြီးတွေမှာ စမ်းသပ်မှုဟာလည်း ရလဒ်မတူနိုင်တာမျိုးတွေ ရှိနိုင်တယ်လို့ဆိုပြီး၊ အတွေ့အကြုံရင့်ကျက်တဲ့ ဂိမ်းသမားတွေဆိုရင်လည်း ရလဒ်က ကွဲပြားနိုင်ပါသတဲ့။
    “ဂိမ်း စကစားတဲ့သူတွေနဲ့ အထူးသဖြင့် ထိုးထွင်းသိမြင်ဥာဏ် နည်းပါးတဲ့သူတွေအတွက်ပဲ ဒါက သက်ရောက်မှု ကြီးကြီးမားမားရှိမယ့်ပုံပါပဲ။ ဒါပေမယ့် တကယ်လို့များ ဂိမ်းဟာ အဆင့်တစ်ခုတက်သွားရင်တော့ ကစားသူတွေကလည်း တိုးတက်လာနိုင်တာကြောင့် အကျိုးကျေးဇူးတွေ ဆက်လက်ရရှိနိုင်မှာပါ” လို့ လေ့လာမှုမှာပါဝင်ခဲ့တဲ့ ဒေါက်တာ အဒမ် ဂက်ဇာလေးက ပြောကြားခဲ့ပါတယ်။
    3D ဂိမ်းကစားတာဟာ မှတ်ဥာဏ်ချို့ယွင်းတဲ့ဝေဒနာတွေ ခံစားနေရတဲ့ လူကြီးတွေအတွက် အကျိုးရှိမလားဆိုတာကို ရှင်းပြနိုင်တဲ့၊ အတည်ပြုနိုင်တဲ့ သုတေသနတွေ ထပ်ပေါ်လာဖို့လည်း အလားအလာရှိနေပါတယ်။
    ဒါပေမယ့် ဂိမ်းကစားခြင်းဟာ မှတ်ဥာဏ်တိုးတက်ဖို့အတွက် ပြီးပြည့်စုံတဲ့ဆေး မဟုတ်ဘူးလို့ လေ့လာမှုမှာ ပါဝင်ခြင်းမရှိတဲ့ ပညာရှင် ပရီမက်က ဆိုပါတယ်။
    “မှတ်ဥာဉ်လျော့နည်းလာတဲ့ လူတွေကြားထဲမှာ ဘ၀အခြေအနေတွေလို တိုးတက်မှုမျိုးတွေ တွေ့ရတယ်ဆိုတဲ့ အရာတွေ အများကြီးရှိပါတယ်။ အဲဒါတွေထဲမှာ အခြားသူတွေနဲ့ လူမှုရေးရာတွေကို ထဲထဲဝင်ဝင်ဆောင်ရွက်ပေးတာ ပုံမှန်လေ့ကျင့်ခန်းလုပ်တာတွေ ပါဝင်ပါတယ်။ ဒီ လှုပ်ရှားမှုအခြေခံ ကုသမှုတွေကို အနှုတ်လက္ခဏာဆောင်တဲ့ သက်ရောက်မှုဖြစ်စေမယ့် ရှုထောင့်ကနေ 3D ဂိမ်းကို ထည့်သွင်းလာတာ သိပ်တော့မကောင်းပါဘူး” လို့ ပရီမက်က ပြောကြားခဲ့ပါတယ်။
    (Channelnewsasia တွင် ဖော်ပြခဲ့သည့် 3D video games may be good for your memory ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • သီရိလင်္ကာလူ့အဖွဲ့အစည်းအတွက် တတိယမြောက်စာသင်ကျောင်းဆောက်လုပ်ရန် ဆော်ဒီခွင့်ပြု
    သီရိလင်္ကာလူ့အဖွဲ့အစည်းအတွက် တတိယမြောက်စာသင်ကျောင်းဆောက်လုပ်ရန် ဆော်ဒီခွင့်ပြု
    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media
    siri
    – နိုင်ငံအရှေ့ပိုင်း ဒမ်မမ်ပြည်နယ်ရှိ သီရိလင်္ကာလူ့အဖွဲ့အစည်းအတွက် စာသင်ကျောင်းဆောက်လုပ်ခွင့်ကို ဆော်ဒီပညာရေးဝန်ကြီးဌာနက ခွင့်ပြုခဲ့ပြီး နိုင်ငံအတွင်း တတိယမြောက် သီရိလင်္ကာစာသင်ကျောင်း ဖြစ်လာမည်ဖြစ်သည်။
    ဆော်ဒီအစိုးရ၏ ထိုဆုံးဖြတ်ချက်အတွက် သီရိလင်္ကာ သံအမတ် အဇ်မီ သက်ဆင်မ်က ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါပြည်နယ်တွင် သီရိလင်္ကာမိသားစု ၄၀၀ ခန့်ရှိနေပြီး ကလေးငယ် ၇၀၀ ခန့်မှာ ပြည်နယ်အတွင်းရှိ ဆော်ဒီအစိုးရကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေရသည်။
    စာသင်ကျောင်းဆောက်လုပ်ရေး လုပ်ငန်းများကို လာမည့်ဇန်န၀ါရီတွင် စတင်မည်ဖြစ်ပြီး လာမည့်နှစ် ပညာသင်နှစ်မှစ၍ ပညာသင်ကြားနိုင်မည်ဖြစ်သည်။
    “ကျွန်တော်တို့ဟာ ဘာသာစုံရှိတဲ့လူ့အဖွဲ့အစည်းပါ။ ဒီကျောင်းဟာ သီရိလင်္ကာနိုင်ငံသားတွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံနှုတ်ဆက်ဖို့၊ ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အစည်းအဝေး ပွဲလမ်းသဘင်တွေပြုလုပ်ဖို့အတွက် ကောင်းမွန်တဲ့နေရာတစ်ခု ဖြစ်လာမှာပါ” ဟု သီရိလင်္ကာ သံအမတ်က ပြောကြားခဲ့သည်။
    ကျောင်းဆောက်လုပ်ရေးအတွက် ဆော်ဒီအစိုးရက ၇ ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့သည်။ ဆော်ဒီရှိ သီရိလင်္ကာ လးငယ်များမှာ ကျောင်းစားရိတ်မတတ်နိုင်သောကြောင့် ကျောင်းတက်ခြင်းမရှိချေ။
    “ဒီကျောင်းကို မတူညီတဲ့ စီးပွားရေးနောက်ခံတွေက ကျောင်သားမိဘတွေ တတ်နိုင်တဲ့ပုံစံမျိုးဖြစ်အောင် ဆောင်ရွက်သွားမှာပါ” ဟု ကော်မတီမှ အတွင်းရေးမှူးဖြစ်သူ ဆာဘူရ် အဒီမ်းက ပြောကြားခဲ့သည်။
    ထိုကျောင်းမှာ နိုင်ငံအတွင်းရှိ သီရိလင်္ကာလူ့အဖွဲ့အစည်းအတွက် တတိယမြောက် စာသင်ကျောင်းဖြစ်မည်ဖြစ်ပြီး လက်ရှိတွင် မြို့တော်ရီယာ့ဒ်၌ တစ်ခု၊ ဂျစ်ဒါ၌တစ်ခု ရှိနေသည်။
    ဆော်ဒီအာရေဗျတွင်နေထိုင်သူ သီရိလင်္ကာနိုင်ငံသား အရေအတွက်မှာ ၅ သိန်း ၅ သောင်းဝန်းကျင်ခန့် ရှိပြီး အရှေ့အလယ်ပိုင်းရှိ သီရိလင်္ကာအလုပ်သမားအရေအတွက် စုစုပေါင်း၏ သုံးပုံတစ်ပုံလည်း ဖြစ်သည်။
    Ref: Arabnews