News @ M-Media

Author: Ko Lay

  • နိုင်ဂျာတွင် စစ်တပ်က အာဏာသိမ်းရန်ကြံစည်မှုကို အစိုးရက နှိမ်နင်း

    နိုင်ဂျာတွင် စစ်တပ်က အာဏာသိမ်းရန်ကြံစည်မှုကို အစိုးရက နှိမ်နင်း

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    niger

    – နိုင်ငံတော်အာဏာသိမ်းရန် ကြံစည်နေသည်ဟူသော သံသယဖြင့် စစ်တပ်အရာရှိ ၉ ဦးကို ဖမ်းဆီးလိုက်သည်ဟု အာဖရိကနိုင်ငံတစ်ခုဖြစ်သော နိုင်ဂျာအစိုးရက ယနေ့တွင် ကြေငြာခဲ့သည်။

    ယခုသီတင်းပတ်အစောပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အား တစ်လတာ စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဟာဆူမီ မာဆာအူဒူက ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

    “အာဏာသိမ်းဖို့ ကြိုးစားမှုအတွက် တာဝန်ရှိသူ အရာရှိ ၉ ဦးကို ဖမ်းဆီးလိုက်ပြီး၊ စစ်ခုံရုံးမှာ တရားစွဲဆိုသွားမှာပါ” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။ ထိုကဲ့သို့ အာဏာသိမ်းမှုကို တားဆီးနိုင်ခဲ့ခြင်းမှာ ၎င်းတို့၏ အစီအစဉ်များကို ပုံမှန်သတင်းပို့နေသည့် သစ္စာရှိစစ်သားအချို့ကြောင့် ဖြစ်သည်ဟု မာဆာအူဒူက ဆိုသည်။

    သမ္မတ မဟာမာဒူ အစ်ဆူဖူကမူ ကြာသာပတေးနေ့က ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည့် မိန့်ခွန်း၌ အာဏာသိမ်းရန် ကြံစည်သူများမှာ လေကြောင်းအင်အားကို အသုံးပြုရန် စီစဉ်ထားသည်ဟု ဆိုသည်။ သို့သော်လည်း အတိုက်အခံအဖွဲ့ကမူ အစိုးရ၏ ပြာကြားမှုကို ငြင်းဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲအရင် နိုင်ငံရေးအခြေအနေကို ကြိုးကိုင်လိုသည့် ရည်ရွယ်ချက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒုံးကျည်စမ်းသပ်မှုမှာ မိမိတို့အခွင့်အရေးဟု အီရန်ပြော

    ဒုံးကျည်စမ်းသပ်မှုမှာ မိမိတို့အခွင့်အရေးဟု အီရန်ပြော

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    iran 1
    အီရန်၏ Emad ဒုံးကျည်

    – အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က အီရန်၏ ဒုံးကျည်စမ်းသပ်မှု အခွင့်အရေးကို ကာကွယ်ပြောဆိုလိုက်ပြီး အီရန်ရှိ မည်သည့်ဒုံးကျည်မှ နျူထိပ်ဖူး တပ်ဆင်နိုင်စွမ်းရှိဟု ပြောကြားခဲ့သည်။

    “ဒါက ကျွန်တော်တို့ရဲ့ တရားဝင်အခွင့်အရေးပါပဲ၊ နျူကလီးယားထိပ်ဖူးတပ်ဆင်လို့ရအောင် ဒီဇိုင်းထွင်ထားတဲ့ ဒုံးကျည် တစ်စင်းမှ မရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီစမ်းသပ်မှုဟာ ကျွန်တော်တို့ရဲ့ ကိုယ့်ကိုယ်ကိုကာကွယ်ပိုင်ခွင့်ထဲမှာပဲ ရှိနေပါတယ်” ဟု ဇာရစ်ဖ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

    အီရန်သည် တာဝေးပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်သော Emad ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်။ သို့သော် ဤကိစ္စမှာ အီရန်က နျူကလီးယားသဘောတူညီမှုကို ချိုးဖောက်သည်ဟု စွပ်စွဲလိုက်သော အမေရိကန်နိုင်ငံရေးသမားများအကြား ဂယက်ထသွားခဲ့သည်။

    သမ္မတအိုဘားမားသို့ပေးပို့ခဲ့သော စာတစ်စောင်တွင် ရီပက်ဘလီကန်အမတ်များက နူးကလီးယားသဘောတူညီချက်စာချုပ်အရ အီရန်ကို ပိတ်ဆို့မှုများ ပယ်ဖျက်ပေးခြင်း မပြုလုပ်ရန် အစိုးရအား တောင်းဆိုခဲ့သည်။

    ဇာရစ်ဖ်က အီရန်၏ ကာကွယ်ရေးတွက် ဒုံးကျည်ထုတ်လုပ်မှုအစီအစဉ်အပေါ် မည်သည့်ဆွေးနွေးညှိနှိုင်းမှုကိုမှ လက်ခံခြင်းမရှိခဲ့ပေ။

    “ခင်ဗျားတို့ရဲ့မဟာမိတ်နိုင်ငံတွေဟာ ဒီဒေသမှာ မလိုအပ်ပဲ လက်နက်တွေကို ၁၀ ဘီလီယံဒေါ်လာဖိုးလောက် ၀ယ်ယူနေကြတယ်၊ အီရန်စစ်တပ်ပိုင် လက်နက်ပစ္စည်းတွေဟာ အဲ့ဒီနိုင်ငံတွေထက် အဆပေါင်းများစွာနည်းပါတယ်” ဟု ၎င်းက အင်တာဗျုးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အီရန်က ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ဟိုစိန် ဒဲဟ်ကန်ကမူ နူကလီးယားသဘောတူညီမှုစာချုပ်တွင် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းရည်မြှင့်တင်မှုအား ပိတ်ပင်တားမြစ်ထားခြင်း မရှိဟု ပြောကြားခဲ့သည်။

    အီရန်က ၎င်း၏စစ်တပ်အင်အားသည် အခြားမည်သည့်နိုင်ငံကိုမျှ ခြိမ်းခြောက်ရန်မဟုတ် ထပ်ခါတလဲလဲ ပြောဆိုထားပြီး ၎င်း၏ကာကွယ်ရေးမူဝါဒသည် နိုင်ငံတော်ကာကွယ်ရေးကိုသာ အခြေခံထားကြောင်း အလေးပေးပြောကြားခဲ့သည်။

    Ref: PresTV

  • အဲဗာတန်ပွဲမှာ အဝေးကွင်းအခက်ခဲဆုံးပွဲဟု လက်စတာတိုက်စစ်မှူးပြော

    အဲဗာတန်ပွဲမှာ အဝေးကွင်းအခက်ခဲဆုံးပွဲဟု လက်စတာတိုက်စစ်မှူးပြော

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    leis

    – အဲဗာတန်အား အနိုင်ရရှိခဲ့သည့် ယမန်နေ့ပွဲမှာ ယခုရာသီ မိမိတို့အသင်း၏ အဝေးကွင်း အခက်ခဲဆုံးပွဲဖြစ်သည်ဟု လက်စတာတိုက်စစ်မှူး ရီယဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။

    ထိုပွဲတွင် လက်စတာမှာ ခက်ခက်ခဲခဲကစားကာ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးနေရာကို ဆက်လက် ရယူထားနိုင်သည်။ လက်စတာအတွက်ဂိုးများကို မဟ်ရက်ဇ်က ပင်နယ်တီမှ ၂ ဂိုး အိုကာဇာကီက ၁ ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

    “ခက်ခဲတဲ့ပွဲပါ။ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ အခက်ခဲဆုံး အဝေးပွဲလို့ ကျွန်တော်ထင်ပါတယ်။ ၃ ဂိုး ၂ ဂိုးနဲ့ ကျွန်တော်တို့နိုင်တယ်။ သူတို့ အခွင့်အရေး အများကြီး မရပါဘူး။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှုတော့ ရခဲ့တယ်။ ကျွန်တော်တို့ ခံစစ်တော်တော်ကောင်းပြီး အနိုင်နဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ နိုင်တယ်ဆိုတာ အမြဲတမ်းကောင်းပါတယ်။ အထူးသဖြင့် အဝေးပွဲတွေမှာပေါ့။ ကျွန်တော်တို့ ဒီကွင်းမှာမနိုင်တာ နှစ် ၃၀ လောက်ရှိပြီလို့ သူတို့ပြောကြတယ်။ ဒါ့ကြောင့် ဒီအနိုင်ဟာ အသင်းနဲ့ ပရိတ်သတ်တွေအတွက် တော်တော်ကောင်းပါတယ်။ ကျွန်တော် အရမ်းပျော်ပါတယ်” ဟု မဟ်ရက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာ့တစ်ဝှမ်း ရွှေ့ပြောင်းနေထိုင်သူအရေအတွက် သိသိသာသာ တိုးလာနေ

    ကမ္ဘာ့တစ်ဝှမ်း ရွှေ့ပြောင်းနေထိုင်သူအရေအတွက် သိသိသာသာ တိုးလာနေ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    – နိုင်ငံတကာတွင် ပြောင်းရွှေ့နေထိုင်သူများ အရေအတွက်မှာ ယခုနှစ်တွင် ၂၄၄ သန်းထိ မြင့်တက်လာခဲ့ပြီး စီးပွားရေးလိုအပ်ချက်၊ ကမ္ဘာ့ဈေးကွက်နှင့် ပိုမိုကောင်းမွန်သောဘ၀တွင် နေထိုင်လိုသော ဆန္ဒများက လူများကို ပိုမို၍ ရွှေ့ပြောင်းစေသည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    ထိုပမာဏမှာ ၂၀၀၀ ပြည့်နှစ်မှစ၍ရေတွက်လျှင် ရာခိုင်နှုန်း ၄၀ ကျော် တိုးပွားလာခြင်းလည်းဖြစ်သည်။ ကမ္ဘာအနှံ့ ရွှေ့ပြောင်းနေထိုင်သူ တစ်ဝက်နီးပါးမှာ အာရှတိုက်တွင် မွေးဖွားသူများဖြစ်ပြီး လူပေါင်း တစ်နှစ်လျှင် ၁ ဒသမ ၇ သန်းခန့် နှစ်စဉ်ရွှေ့ပြောင်းတတ်ကြသည်ဟု ကုလ၏ စီးပွားရေးနှင့် လူမှုရေးရာဌာနက ထုတ်ပြန်သော အစီရင်ခံစာတွင် ပါရှိသည်။

    ယခုနှစ်တွင် ဥရောပ၌ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူပေါင်း ၉ သိန်းနီးပါးရှိပြီး ၎င်းတို့အနက်မှ တစ်ဝက်ခန့်သည် ဆီးရီးယားတွင် စစ်ဘေးဒဏ်ခံရသောကြောင့် ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ယခုလအစောပိုင်းတွင် ပြောကြားလိုက်သည်။

    အဆိုပါရွှေ့ပြောင်းနေထိုင်ကြသူများမှာ ၎င်းတို့၏ အမိနိုင်ငံအား စွန့်ခွာကာ အန္တရာယ်များသည့် ခရီးစဉ်ဖြင့် လာရောက်ခြင်း ဖြစ်သောကြောင့် ၎င်းတို့အား ကာကွယ်ပေးရန်၊ လူမှောင်ခိုကူးမှုများကို တိုက်ဖျက်သွားရန် ကုလသမဂ္ဂ
    လက်ထောက်အထွေထွေအတွင်းရေးမှူး ဂျန်အီလီယက်ဆင်က တောင်းဆိုခဲ့သည်။ ထို့ပြင် ရွှေ့ပြောင်းနေထိုင်သူများကို ခိုးဝင်များအဖြစ် ပစ်မှတ်ထား ရှုတ်ချမှုများ မပြုလုပ်၊ မဆက်ဆံသင့်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံတာကာတွင် ရွှေ့ပြောင်းနေထိုင်သူကြများ၏ သုံးပုံနှစ်ပုံခန့်မှာ နိုင်ငံ ၂၀ ခန့်တွင်သာ နေထိုင်လေ့ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

    အများဆုံးအရေအတွက်ဖြစ်သော ၄၇ သန်းမှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ပြီး ဂျာမနီတွင် ၁၂ သန်း၊ ရုရှားတွင် ၁၂ သန်း၊ ဆော်ဒီအာရေးဗီးယားတွင် ၁၀ သန်းခန့် နေထိုင်ကြသည်။

    နိုင်ငံစွန့်ခွာမှု အများဆုံးနိုင်ငံမှာ အိန္ဒိယဖြစ်ပြီး ၁၆ သန်းခန့်သော လူများသည် အခြားသို့ပြောင်းရွှေ့နေထိုင်ကြသည်။ ဒုတိအများဆုံးမှာ မက္ကဆီကိုဖြစ်ပြီး၊ ရုရှားနှင့် တရုတ်တို့တွင်လည်း အထိုက်အလျောက် စွန့်ခွာမှုများ ရှိနေသည်ဟု သိရသည်။

    Ref: Al Arabiya

  • ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု ပယ်လီဂရီနီမျှော်လင့်နေ

    ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု ပယ်လီဂရီနီမျှော်လင့်နေ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    gua

    – ဘိုင်ယန်မြူးနစ်းနည်းပြ ဂွါဒီယိုလာမှာ တစ်ချိန်ကျလျှင် မိမိအသင်းသို့ လာရောက်နည်းပြခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    ဂွါဒီယိုလာမှာ ၎င်း၏ ဘိုင်ယန်အနာဂတ်နှင့် ပတ်သက်၍ မနက်ဖြန်တွင် ဖွင့်ဟပြောကြားမည်ဖြစ်ပြီး ရာသီကုန်လျှင် အသင်းမှထွက်ခွာတော့မည်ဟု အများစုက ယူဆနေကြသည်။ မန်ယူနှင့် မန်စီးတီးတို့မှာ ဂွါဒီယိုလာအား ခေါ်ယူရန်အတွက် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး မန်စီးတီးသို့ရောက်ရန် ပို၍ အလားအလာရှိနေသည်။

    “ပက်ပ် (ဂွါဒီယိုလာ) နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောလို့မရပါဘူး။ ဒါပေမယ့် အရေးပါတဲ့ နည်းပြတိုင်းဟာ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ချင်ကြပါတယ်။ ဒီကိုမလာချင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေ့နေ့ ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာ အလုပ်လုပ်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ မန်စီးတီးမှာ အခွင့်အရေး ရလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းကိုချစ်ပြီး၊ အသင်းရဲ့ အနာဂတ်ကိုပဲ ဂရုစိုက်ပါတယ်။ ပြီးတော့ သူ (ဂွါဒီယိုလာ) ဟာ အလုပ်ကောင်းကောင်းလုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal