News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းအတွေအပေါ် ဂျူးအခြေချနေထိုင်သူတွေက အကြမ်းဖက်မှုကို အစ္စရေးအစိုးရက ကာကွယ်ပေးနေသလား

    ပါလက်စတိုင်းအတွေအပေါ် ဂျူးအခြေချနေထိုင်သူတွေက အကြမ်းဖက်မှုကို အစ္စရေးအစိုးရက ကာကွယ်ပေးနေသလား

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    pla
    ဇူလိုင်လက မီးရှို့ခံလိုက်ရသည့် ဒါဝါဘက်ရှ်မိသားစု၏ အိမ်တွင် မိသားစုဝင်တစ်ဦး ထိုင်နေစဉ်

    – ပြီးခဲ့တဲ့ ဇူလိုင်လက ပါလက်စတိုင်း မိသားစုတစ်ခုကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဂျူးအခြေချနေထိုင်သူတွေကို တရားစွဲဖို့ သက်သေမလုံလောက်ဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်ရဲ့ ပြောကြားမှုကို ပါလက်စတိုင်းတွေက ရှုတ်ချလိုက်ပါတယ်။

    အဲဒီမီးရှို့မှုဟာ ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းက ဒူးမားဆိုတဲ့ရွာလေးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၁၈ လအရွယ် ကလေးငယ်လေး အလီ၊ သူ့မိဘနှစ်ပါးဖြစ်တဲ့ ဆအဒ်နဲ့ ရေဟမ်အပါအ၀င် ဒါဝါဘက်ရှ်မိသားစု ၃ ဦး မီးလောင်သေဆုံးခဲ့ကြရပါတယ်။

    သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ အသက် ၄ နှစ်အရွယ် သားငယ်လေးကတော့ မီးလောင်ဒဏ်ရာဗရပွနဲ့ မိသားစုမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်သူ ဖြစ်ခဲ့ပါတယ်။

    “ဒီအကြမ်းဖက်လုပ်ရပ်အတွက် ဘယ်သူက တာဝန်ရှိလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် သူတို့ကို တရားစွဲဖို့ သက်သေအလုံလောက်မရှိပါဘူး” လို့ အစ္စရေးစစ်တပ်ရေဒီယိုကို အင်္ဂါနေ့က ပြောကြားမှုမှာ ယာလွန်က ထည့်သွင်းပြောဆိုခဲ့တာပါ။

    အဲဒီနေ့မှာပဲ အစ္စရေးတရားရုံးချုပ်ဟာ “ဒါဝါဘက်ရှ်မိသားစုကို သတ်ဖြတ်တဲ့သူတွေကို ဥပဒေကြောင်းအရ ချက်ခြင်းလက်ငင်း ဆောင်ရွက်ပေးဖို့” ဆိုတဲ့ တောင်းဆိုလွှာကို ပယ်ချခဲ့ပါတယ်။

    ဒီဇင်ဘာ ၃ ရက်နေ့မှာ အစ္စရေးအာဏာပိုင်တွေက ဂျူးအကြမ်းဖက်အဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တွေကို ဒီမီးရှို့မှုအတွက် ဖမ်းဆီးလိုက်တယ်လို့ ကြေငြာခဲ့ပါတယ်။

    နိုင်ငံတကာ ကလေးများ ကာကွယ်ရေးအဖွဲ့ DCI ရဲ့ ပါလက်စတိုင်းအဖွဲ့ခွဲက ဒါရိုက်တာ အေယဒ် အဘူ အက်တာအစ်ရှ်က ယာလွန်ရဲ့ ဒီမှတ်ချက်ဟာ “အရှေ့ဂျရုစလင်အပါအ၀င် အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေအပေါ် အကြမ်းဖက်မှုကို အစ္စရေးအစိုးရက လစ်လျူရှုနေတယ်၊ ပိတ်ဆို့ခံထားရတဲ့ ပါလက်စတိုင်းပြည်သူတွေ ပူပင်သောကဖြစ်အောင်၊ သူတို့ကို ပိုပြီး ထိန်းချုပ်လို့ရအောင် လုပ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ သက်သေသာဓကတစ်ခုပဲ” လို့ ပြောကြားခဲ့ပါတယ်။

    “အစ္စရေးရဲ့ ပေါ်လစီတွေက “အဖမ်းမခံရပါဘူးကွာ” ဆိုတဲ့ အခြအနေမျိုးကိုဖြစ်စေပြီးပြီး ဒီလိုတိုက်ခိုက်မှုတွေ ထပ်ဖြစ်လာအောင် ဆောင်ရွက်လိုက်သလို ဖြစ်နေပါတယ်” လို့ အက်တာအစ်ရှ်က ဆိုပါတယ်။

    ရာမာလာအခြေစိုက်တဲ့ ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့က အလ်ဟက်ကတော့ ဒါဝါဘက်ရှ်မိသားစုကို မီးရှို့သတ်ဖြတ်တဲ့သူတွေကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်မလာနိုင်တဲ့အတွက် အစ္စရေးအစိုးရကို ရှုတ်ချခဲ့ပြီး ဒါဟာ “စနစ်တကျ တမင်တကာ လစ်လျူရှုခြင်း” သာ ဖြစ်တယ်လို့ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

    ဒီလူ့အခွင့်အရေးအဖွဲ့ရဲ့ ဥပဒေရေးရာ သုတေသနနဲ့ အသိပညာပေးမှုဆိုင်ရာ တာဝန်ရှိသူ မိုနာစဘဲလာကတော့ ဂျူးအခြေချသူတွေဟာ “ပင်ကိုယ်သဘာဝ ခွဲခြားဆက်ဆံတဲ့ ပေါ်လစီတွေကြောင့် ပြစ်ဒဏ်ကင်းလွတ်မှုအတွက် အာမခံချက် ရနေတယ်” လို့ ပြောကြားခဲ့ပါတယ်။

    “ဒီပေါ်လစီတွေက အစ္စရေးအခြေချနေထိုင်သူတွေဟာ ပါလက်စတိုင်းတွေကို သတ်ဖြတ်ကာ လွတ်မြောက်စေပြီး၊ ပါလက်စတိုင်းသံသယရှိသူတွေကတော့ တရားလက်လွတ် သတ်ဖြတ်ခံရတာ၊ မထင်ရင်မထင်သလို ဖမ်းဆီးထိန်းသိမ်းတာကို ခံရစေပါတယ်” လို့ သူမက ဆိုပါတယ်။

    ဒါဝါဘက်ရှ်မိသားစုကို သတ်ဖြတ်တဲ့သူတွေဟာ ခြွင်းချက်အဖြစ် သီးသန့်လွတ်မြောက်တာမျိုး မဟုတ်ပါဘူး။ အစ္စရေးက လူ့အခွင့်အရေးအဖွဲ့ Yesh Din ရဲ့ အဆိုအရ ပါလက်စတိုင်းတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဂျူးအခြေချသူတွေက တိုက်ခိုက်မှု တော်တော်များများဟာ အစ္စရေးအာဏာပိုင်တွေရဲ့ အရေးယူခြင်းကနေ ကင်းလွတ်ခွင့်ရနေတယ်လို့ သိရပါတယ်။

    အောက်တိုဘာလအတွင်း Yesh Din က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အရှေ့ဂျေရုစလင်အပါအ၀င် အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားတဲ့ အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ မြင့်တက်လာတယ်ဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို စုံစမ်းစစ်ဆေးမှုရဲ့ ၉၁.၆ ရာခိုင်နှုန်းဟာ တရားစွဲဆိုမှုမရှိဘဲနဲ့ ပိတ်သိမ်းခဲ့ပြီး၊ ၂၀၁၄ ခုနှစ် သြဂုတ်လကနေ၊ ၂၀၁၅ ခုနှစ် သြဂုတ်လအတွင်းမှာ ဂျူးအခြေချ နေထိုင်သူတွေရဲ့ ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုဟာ ၂ ဆ မြင့်တက်လာတယ်လို့လည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်းတွေအပေါ် ကျူးလွန်တဲ့ အစ္စရေးစစ်သားတွေကလည်း အရေးယူခံရတယ်ဆိုတာ ရှားပါတယ်။ ၂၀၁၄ ခုနှစ်ကစတင်ပြီး ပါလက်စတိုင်းတွေအပေါ် တိုက်ခိုက်မှုအသစ် ၂၂၉ ခုကို အစ္စရေးစစ်တပ်က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ ၈ ခုလောက်သာ တရားစွဲဆိုခြင်း ခံခဲ့ရတယ်လို့ Yesh Din ရဲ့ နောက်ထပ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တစ်ဖက်မှာတော့ အနောက်ဖက်ကမ်း စစ်ခုံးရုံးမှာ ပါလက်စတိုင်းအတွေအပေါ် ပြုလုပ်တဲ့ တရားစွဲဆိုမှုမှာတော့ ၉၉.၇၄ ရာခိုင်နှုန်းဟာ အပြစ်ရှိတယ်ဆိုတဲ့ စီရင်ချက် ချခဲ့တယ်လို့ ၂၀၁၁ ခုနှစ်မှာ အစ္စရေးနေ့စဉ်ထုတ်သတင်းစာ Haaretz က ရရှိခဲ့တဲ့ အစ္စရေးစစ်တပ်က လျှို့ဝှက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက အစ္စရေးဆယ်ကျော်သက်နှစ်ဦးဟာ အသက် ၁၆ နှစ်အရွယ် မိုဟာမက် အဘူ ခဒီရ်ကို ၂၀၁၄ ခုနှစ်နွေရာသီမှာ ပြန်ပေးဆွဲသတ်ဖြတ်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

    အဲဒီတရားခံနှစ်ဦးရဲ့ ဦးလေးဖြစ်သူ အသက် ၃၁ နှစ်အရွယ် ယိုဆက်ဖ် ဟိုင် ဘင်-ဒေးဗစ်ဟာ သူ့ကိုစွဲထားတဲ့ စွဲချက်အတွက် အပြစ်ရှိကြောင်း ဂျေရုစလင်တရားရုံးက တွေ့ရှိခဲ့ရပေမယ့် ရှေ့နေဖြစ်သူက သူ့ရဲ့အမှုသည်ဟာ စိတ်ရောဂါဖြစ်နေတယ်လို့ နောက်ဆုံးအချိန်မှာ လျှောက်လဲခဲ့ပါတယ်။ ဒါ့ကြောင့် စီရင်ချက်ချမှတ်ခြင်း မပြုလုပ်ရသေးပါဘူး။

    ဒီလအစောပိုင်း အလ်ဂျာဇီးရားကို အဘူ ခဒီရ်ရဲ့မိသားစုက ပြောကြားတဲ့အထဲမှာ အဲဒီကြားနာမှုဟာ အမှန်တရားဖြစ်ပါ့မလားဆိုတဲ့ သံသယတွေရှိနေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “မိုဟာမက် အသတ်ခံရမှုအတွက် ဒီတရားရုံးကနေ တရားမျှတမှုရလိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။ သူတို့ကို လွှတ်လိုက်မှာပါပဲ” လို့ သေဆုံသွားသူရဲ့ဖခင် ဟူစိန် အဘူ ခဒီရ်က ဆိုပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့က အကြံပေးတစ်ဦးဖြစ်တဲ့ ဇာဗီယာအဘူအီဒ်က အဘူခဒီရ်ကိုသတ်တဲ့သူတွေကို တရားစွဲဆိုမှုက “ပါလက်စတိုင်းတွေရဲ့အသက်တွေဟာ အစ္စရေးအတွက် ဘယ်လောက် ဈေးပေါနေလဲဆိုတာကို ပြသနေတဲ့ သာဓကပဲ” လို့ နောက်ပိုင်းမှာ Twitter စာမျက်နှာကတစ်ဆင့် ရေးသားခဲ့ပါတယ်။

    အာရပ်လူနည်းစုများအခွင့်အရေးဆိုင်ရာ Adalah တရားရေးစင်တာက နိုင်ငံတကာအသိပညာပေး တာဝန်ရှိသူ အမ်ဂျဒ် အီရာကီက ဒါဝါဘက်ရှ်မိသားစုနဲ့ မိုဟာမက် အဘူ ခဒီရ်တို့ကို သတ်ဖြတ်မှုတွေဟာ “အစ္စရေးအာဏာပိုင်တွေအနေနဲ့ ဂျူးတွေနဲ့ ပါလက်စတိုင်းတွေကို ဆက်ဆံရာမှာ စံနှစ်မျိုးသုံးနေတယ်ဆိုတာကို” ဖော်ပြနေတာသာဖြစ်တယ်လို့ ဆိုပါတယ်။

    “မစုံစမ်းမစစ်ဆေးဘဲ ဖမ်းဆီးမှု၊ စစ်ဘက်တရားစွဲဆိုမှုနဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာ ပါလက်စတိုင်းတွေကို ပြစ်ဒဏ်ချမှတ်မှုတွေအတွက် အစ္စရေးစစ်တပ်ဟာ မကောင်းသတင်းနဲ့ကျော်ဇောပါတယ်။ ဒါပေမယ့် ဂျူးလူမျိုး သံသယရှိသူတွေဆိုရင်တော့ ဆောင်ရွက်မှုဟာ လေးလံနှေးကွေးပြီး တရားစွဲဆိုမှုတွေ၊ ပြစ်ဒဏ်ချမှတ်မှုတွေကို ရှောင်ရှားဖို့အတွက် အကြောင်းပြချက်တွေပေးကြပါတယ်” လို့ အီရာကီက ပြောကြားခဲ့ပါတယ်။

    (Aljazeera သတင်းဌာနမှ Rights groups decry Israel’s comments on Dawabsheh case သတင်းဆောင်းပါးကို
    လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • မြန်မာဆိပ်ကမ်းများတွင် ကွန်ပျူတာသုံး အချက်အလက်ထည့်သွင်းမှု စနစ်ကို Hitachi က ဆောင်ရွက်ပေးသွားမည်

    မြန်မာဆိပ်ကမ်းများတွင် ကွန်ပျူတာသုံး အချက်အလက်ထည့်သွင်းမှု စနစ်ကို Hitachi က ဆောင်ရွက်ပေးသွားမည်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    port

    – မြန်မာနိုင်ငံအတွင်း ဆိပ်ကမ်းများတွင် စာရွက်အသုံးပြု စာရင်းမှတ်မှုများအား ကွန်ပြုတာအသုံးပြုစနစ် ဖြစ်လာစေရန်အတွက် မိမိတို့က ဆောင်ရွက်ပေးသွားမည်ဟု Hitachi ကုမ္ပဏီ အမှုဆောင်အကြီးအကဲ ကိုင်ချီရို ဆာကူမာက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများ၌ သင်္ဘောအ၀င်အထွက်၊ ကုန်ပစ္စည်းအတင်အချများ ဆောင်ရွက်ရာတွင် ယခုအချိန်အထိ စာရွက်မှတ်တမ်းများကိုသာ မှီခိုနေရသည်။

    အဆိုပါ ရှေးဟောင်းစနစ်ကို Hitachi က အီလက်ထရောနစ် အချက်အလက်ဖလှယ်စနစ် EDI ဖြင့် အစားထိုးမည်ဖြစ်ပြီး ထိုစနစ်တွင် စီးပွားရေဆိုင်ရာအချက်အလက်များကို စံပုံစံဖြင့် ကွန်ပျူတာတစ်ခုမှ တစ်ခုသို့ ပို့ဆောင်ရွှေ့ပြောင်းခြင်းလည်း ပါဝင်မည်ဖြစ်သည်။

    မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည့် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA က ထိုသို့ စနစ်ပြောင်းရန်အတွက် Hitachi ကို သြဂုတ်လကတည်းက လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။

    လက်ရှိအချိန်တွင် Hitachi က အဖွဲ့ဝင် ၁၀ ဦးပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ ပထမအဆင့်ကို ဆောင်ရွက်သွားရန် ရှိနေပြီး ၂၀၁၇ ခုနှစ် မတ်လတွင် ကွန်ပျူတာသုံး စနစ်သစ်အား သုံးစွဲသွားနိုင်ရန် ရည်ရွယ်ထားသည်ဟု မစ္စတာ ဆာကူမာက ပြောကြားခဲ့သည်။

    အဆိုပါ EDI စနစ်မှာ မြန်မာဆိပ်ကမ်းများကို ကုန်တင်သင်္ဘောများ ၀င်ထွက်သွားလာမှုအတွက် ကြာချိန်ကို လျော့ချနိုင်မည်ဖြစ်ပြီး လက်ခံစာရွက်ထုတ်ပေးခြင်း၊ စာရင်းအင်းပိုင်းနှင့် ဆိပ်ကမ်း စီမံဆောင်ရွက်မှုများတွင် ယခုထက် ပိုမိုလွယ်ကူမည်ဖြစ်သည်။

    ရန်ကုန်ရှိ ဆိပ်ကမ်းများသို့ ကုန်တင်သင်္ဘောများ ဆိုက်ရောက်မှုမှာ လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ၂ ဆမြင့်တက်လာခဲ့ပြီး၊ ကုန်ပစ္စည်များ၊ ကွန်တိန်နာများ ၀င်ရောက်မှုမှာလည်း ၂ ဆကျော် မြင့်တက်လာခဲ့သည်။

    မြန်မာ့ဆိပ်ကမ်း အာဏာပိုင်များကမူ ဆိပ်ကမ်းအုပ်ချုပ်ရေး၊ ကုန်တင်သင်္ဘောကုမ္ပဏီများနှင့် ပုဂ္ဂလိကလုပ်ငန်းများအားလုံး အဆိုပါ EDI စနစ်ကို အသုံးပြုရန် ရည်ရွယ်ထားသည်။

    Ref: mmtimes

  • တရုတ်အိုင်တီကုမ္ပဏီက မောင်းသူမဲ့ကားများကို ဈေးကွက်တင်မည်

    တရုတ်အိုင်တီကုမ္ပဏီက မောင်းသူမဲ့ကားများကို ဈေးကွက်တင်မည်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    china

    – တရုတ်အင်တာနက်ကုမ္ပဏီကြီး တစ်ခုဖြစ်သော Baidu က လာမည့်သုံးနှစ်အတွင်း မောင်းသူမဲ့ကားများကို ဈေးကွက်တင်မည်ဟု ကြေငြာလိုက်ပြီး မောင်းသူမဲ့ကားဈေးကွက်တွင် ယှဉ်ပြိုင်သူအသစ်တစ်ဦး တိုးလာမည်ဖြစ်သည်။

    Baidu သည် ၎င်းတို့ထုတ်လုပ်သည့် မောင်းသူမဲ့ကားအား စမ်းသပ်မောင်းနှင်မှုပင် ပြုလုပ်နိုင်ခဲ့ပြီး ငါးနှစ်အတွင်း အမြောက်အမြားထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။

    ဂူးဂဲလ်နှင့် Elon Musk ၏ Tesla တို့မှာ မောင်းသူမဲ့ကားနယ်ပယ်နှင့်စပ်လျဉ်း၍ ပြီးခဲ့သည့်နှစ်များအတွင်း သတင်းစာများ၏ ခေါင်းကြီးပိုင်းတွင် ရှိခဲ့သည်။ သို့သော်လည်း တရုတ် အွန်လိုင်း Search အင်ဂျင်တစ်ခုဖြစ်သည့် Baidu က အလိုအလျောက် မောင်းနှင်နိုင်သည့်ကားများ ထုတ်လုပ်နိုင်စွမ်းရှိကြောင်းနှင့် အမေရိကန်ကုမ္ပဏီများကို ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း သက်သေပြချင်နေသည်။

    “အနာဂတ်မှာဆိုရင် မော်တော်ကားတွေမှာ အင်မတန်ကောင်းမွန်တဲ့ စနစ်တွေနဲ့ထိန်းချုပ်ထားတဲ့ အော်တိုမောင်းစနစ်တွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုကို နောက်သုံးနှစ်အတွင်း ဈေးကွက်ထဲဖြန့်ဖို့ ရည်မှန်းချက် ချထားပြီးပါပြီ” ဟု Baidu ကုမ္ပဏီ၏ ဒုဥက္ကဌ ၀မ်ဂျင်းက ပြောဆိုခဲ့သည်။ ထို့ပြင် နောက်ထပ် ၁၀ နှစ်အတွင်း အသစ်ထုတ်မည့် ကားများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အလိုအလျောက်မောင်းနှင်သည့်စနစ် ပါဝင်လာမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

    “မောင်းသူမဲ့ကားတွေဟာ လူတွေရဲ့ နေ့စဉ်ဘ၀ထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်လာပြီး ကုမ္ပဏီလုပ်ငန်းတွေဆိုရင်လည်း ကုန်ကျစရိတ်သက်သာမှု၊ စွမ်းဆောင်ရည် မြင့်မားမှုနဲ့ ယုံကြည်စိတ်ချရမှုတွေ ရှိလာမှာဖြစ်ပါတယ်” ဟု တရုတ်ဥာဏ်ရည်တု စမ်းသပ်ထုတ်လုပ်ရေးအသင်းမှ ခေါင်းဆောင်ဖြစ်သူ လီ ဇူယီက ပြောကြားခဲ့သည်။

    Baidu မှာ မောင်းသူမဲ့ကားများ စတင်ထုတ်လုပ်ရန် ၂၀၁၄ ခုနှစ်တွင် BMW ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ပြီး တရုတ်ကားဈေးကွက်ကို တစ်ဦးတည်းထိန်းချုပ်နိုင်မည်မဟုတ်ဘဲ ပြိုင်ဘက်ကုမ္ပဏီများဖြစ်သည့် Alibaba နှင့် Keshi တို့ကလည်း မောင်းသူမဲ့ကားနယ်ပယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိနေသည်။

    Ref: RT

  • ဖီဖာဒုဥက္ကဌဟောင်းကို အမေရိကန်သို့ ဆွစ်ဇာလန်က လွှဲပြောင်းပေးအပ်

    ဖီဖာဒုဥက္ကဌဟောင်းကို အမေရိကန်သို့ ဆွစ်ဇာလန်က လွှဲပြောင်းပေးအပ်

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    fifa

    – ခြစားမှုနှင့် လာဘ်ပေးလာဘ်ယူမှု သံသယဖြင့် ဖမ်းဆီးထားသည့် ဖီဖာဒုဥက္ကဌ အိန်ဂျယ် နပ်အောက်ကို အမေရိကန် အာဏာပိုင်များထံသို့ ဆွစ်ဇာလန်က လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။

    နပ်အောက်ကို ဒီဇင်ဘာ ၃ ရက်နေ့က အမေရိကန်၏ မေတ္တာရပ်ခံမှုဖြင့် ဆွစ်ဇ်အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နပ်အောက်မှာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဌလည်းဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် ရာထူးမှ နှုတ်ထွက်သွားခဲ့သည်။

    ၎င်းမှာ လာဘ်ငွေ ကန်ဒေါ်လာ သန်းနှင့်ချီ၍ ရယူထားမှု၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာကို ရိုက်ခတ်နေသည့် ခြစားမှုပြဿနာများတွင် ပါဝင်ပတ်သက်မှုတို့ဖြင့် စွပ်စွဲခြင်းခံထားသည်။ ထိုကဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့မှုကို ဆွစ်ဇာလန် ဖက်ဒရယ်တရားရေးဌာန အတည်ပြုခဲ့ပြီး လွှဲပြောင်းမှု ပြီးဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် လွှဲပြောင်းပေးအပ်မှုအတွက် ကော်စတာရီကာဘောလုံးအဖွဲ့ချုပ် ဥက္ကဌဟောင်း၏ အယူခံကိုလည်း ပယ်ချထားသည်ဟု တရားရေးဌာနက ထည့်သွင်းပြောကြားခဲ့ပြီး လွှဲပြောင်းပေးအပ်မည့်နေ့ကို ဖော်ပြခဲ့ခြင်းမရှိချေ။

    Ref: Goal

  • ဂျာနယ်လစ်များအား ဖိနှိပ်ချုပ်ချယ်မှုတွင် တရုတ်နိုင်ငံက ထိပ်ဆုံး၌ရှိနေ

    ဂျာနယ်လစ်များအား ဖိနှိပ်ချုပ်ချယ်မှုတွင် တရုတ်နိုင်ငံက ထိပ်ဆုံး၌ရှိနေ

    ဒီဇင်ဘာ ၁၆၊ ၂၀၁၅
    M-Media

    jail

    – ၂၀၁၅ ခုနှစ်အတွင်း ဂျာနယ်လစ်များအား ဖိနှိပ်ချုပ်ချယ်မှု အများဆုံးနိုင်ငံများစာရင်းတွင် တရုတ်၊ အီဂျစ်၊ အီရန်တို့က ထိပ်ဆုံး၌ရှိနေပြီး၊ ပြီးခဲ့သည့်နှစ်ကထက်စာလျှင် ယခုနှစ်တွင် ဂျာနယ်လစ်များ ဖမ်းဆီးထောင်ချခံရမှုမှာ အနည်းငယ် ကျဆင်းခဲ့သည်ဟု စာနယ်ဇင်းလွတ်လပ်ခွင့် စောင့်ကြည့်အဖွဲ့ Protect Journalists အဖွဲ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

    နယူးယောက်အခြေစိုက်ဖြစ်သော အဆိုပါ အဖွဲ့က ၂၀၁၅ ခုနှစ်အတွင်း ထောင်သွင်းအကျဉ်းချခံခဲ့ရသော ဂျာနယ်လစ်ပေါင်း ၁၉၉ ယောက် ရှိခဲ့ပြီး၊ ပြီးခဲ့သည့်နှစ်က ၂၂၁ ယောက်ထိရှိကြောင်း နှိုင်းယှဉ်ထောက်ပြခဲ့သည်။

    ထောင်ချခံရသူများအနက်မှ လေးပုံသုံးပုံခန့်မှာ တရုတ်နိုင်ငံတွင် ဖြစ်ပြီး ကမ္ဘာ့အဆိုးရွားဆုံး စာနယ်ဇင်းဖိနှိပ်သည့်နိုင်ငံအဖြစ် ၂ နှစ်ဆက်တိုက် ရှိနေခြင်းလည်းဖြစ်သည်။ တရုတ်နိုင်ငံတွင် ထောင်ကျနေသည့် သတင်းထောက်အရေအတွက်မှာ ၄၉ ဦး ရှိနေပြီး ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက စံချိန်တင် ကျဆင်းမှုဖြစ်သည်။

    အီရန်၊ ဗီယက်နမ်နှင့် အီသီယိုးပီးယားတို့တွင်လည်း ယခင်ကထက်စာလျှင် ဖမ်းဆီးခံ ဂျာနယ်လစ်အရေအတွက်များ လျော့နည်းသွားပြီဖြစ်သည်။ သို့သော်လည်း ၎င်းနိုင်ငံများတွင် ပြန်လည်လွှတ်မြောက်လာသူများမှာပြည်နှင်ဒဏ်အပါအ၀င် ငွေဒဏ်များဆောင်ရခြင်း၊ ပြင်းထန်သည့်ကန့်သတ်ချက်များကို ရင်ဆိုင်နေရဆဲ ဖြစ်သည်။

    အစီရင်ခံစာများအရ တူရကီတွင်လည်း မီဒီယာလွတ်လပ်ခွင့်များ တစ်ဖန်ပြန်၍ ဆိုးရွားလာပြီး ဖမ်းဆီးခံဂျာနယ်လစ်များ အရေအတွက်သည် ၂၀၁၄ ထက် နှစ်ဆတိုးလာသည်ကို တွေ့ရသည်။

    “တူရကီနိုင်ငံက ဂျာနယ်လစ်တွေကိုထောင်ချမှု အဆိုးဝါးဆုံးအဖြစ် ၂ နှစ်ဆက်တိုက် ရပ်တည်ခဲ့ပြီးတဲ့နောက် ၂၀၁၄ မှာ ဂျာနယ်လစ် ဒါဇင်ပေါင်းများစွာ လွှတ်ပေးခဲ့ပြီး ၂၀၁၅ မှာတော့ အသစ်ထပ်မံဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကာ ဂျာနယ်လစ်တွေကို ထောင်ချတဲ့နိုင်ငံများစာရင်းက နံပါတ် ၅ မှာ ရပ်တည်နေပါတယ်” ဟု Protect Journalists ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ဂျာနယ်လစ်များကို ထောင်ချခဲ့သည့် အခြားနိုင်ငံများတွင် အဇာဘိုင်ဂျန်နိုင်ငံက ၈ယောက်၊ ဆော်ဒီနှင့် ဆီးရီးယားတွင် ၇ ယောက်စီ၊ ဗီယက်နမ်နိုင်ငံက ၆ ယောက်၊ ဘာရိန်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင် ငါးယောက်စီ ရှိနေသည်။

    အစိုးရမဟုတ်သောအဖွဲ့များက ဂျာနယ်လစ်များအား ဖမ်းဆီးမှုမှာ ဆီးရီးယားတွင် အများဆုံးဖြစ်ခဲ့ပြီး ၂၆ ယောက် ထိန်းသိမ်းခြင်းခံခဲ့ရသည်။ ISIS အဖွဲ့ကမူ ဆီးရီးယားနှင့် အီရတ်တွင် ၁၈ ယောက်ခန့် ဖမ်းဆီးခဲ့သည်။ အစီရင်ခံစာတွင် ၂၀၁၅ ခုနှစ်အတွင်း ပဋိပက္ခဖြစ်ပွားသောနေရာများ၌ ဂျာနယ်လစ် ၈ ယောက် ပျောက်ဆုံးနေကြောင်း ဖော်ပြထားသည်။

    Ref: Aljazeera