News @ M-Media

Author: Ko Lay

  • IS ဒဏ်နှင့် စစ်ဒဏ်ခံ ဆီးရီးယားပြည်သူများအကြား အသားလှိုက်စားသည့် အရေပြားရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    IS ဒဏ်နှင့် စစ်ဒဏ်ခံ ဆီးရီးယားပြည်သူများအကြား အသားလှိုက်စားသည့် အရေပြားရောဂါတစ်မျိုး ပြန့်နှံ့ဖြစ်ပွားနေ

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    ဆီးရီးယားအမျိုးသမီးတစ်ဦးက ၎င်း၏ရောဂါကို ပြသနေစဉ်

    – စစ်ဘေးစစ်ဒဏ်ခံနေရတဲ့ ဆီးရီးယားက IS အဖွဲ့ထိန်းချုပ်တဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ပျက်သုဉ်းကုန်တာက Leishmaniasis လိုခေါ်တဲ့ အသားကိုလှိုက်စားတဲ့ ဗိုင်းရပ်စ်တစ်မျိုးကို ပြန့်နှံ့စေခဲ့ပါတယ်။

    အရေပြားကနေတစ်ဆင့် အသားတွေကို လှိုက်စားပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်စေတဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ လမ်းတွေပေါ်မှာပုံထားတဲ့ အလောင်းတွေကို သွားရောက်စားသောက်ကြတဲ့ ကပ်ပါးပိုးတွေကနေတစ်ဆင့် ကူးစက်တာလည်းဖြစ်ပါတယ်။

    “အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ပြီး၊ အလောင်းတွေကို လမ်းပေါ်မှာ ပစ်စလခတ် လွှင့်ပစ်ထားတဲ့ IS အဖွဲ့ရဲ့ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်တွေရဲ့ ရလဒ်ပါပဲ။ ဒါဟာ Leishmaniasis ရောဂါကို အလျင်အမြန်ပြန့်နှံစေတဲ့ နောက်ကွယ်က အဓိကအကြောင်းအရင်းတစ်ခုပါပဲ” လို့ ကာ့ဒ်လခြမ်းနီအဖွဲ့ အကြီးအကဲ ဒီလ်ကက်ရှ် အီဆာက ဆိုပါတယ်။

    ဆီးရီးယားက ကာ့ဒ်တိုက်ခိုက်ရေးသမားတွေကတော့ ဒီရောဂါကို IS က ဆီးရီးယားနိုင်ငံတစ်ဝှမ်း လွှမ်းမိုးပြီး ရက်စက်ကြမ်းကြုတ်မှုတွေ မပြုလုပ်ခင်က မတွေ့ရဘူးလို့ ပြောပါတယ်။ Leishmaniasis ရောဂါဟာ အသက်အန္တရာယ်ကို မထိခိုက်ပေမယ့် အရေပြားပေါ်မှာ ရုပ်ပျက်ဆင်းပျက် အနာတွေ ဖြစ်စေပြီး ဆေးဘက်ဆိုင်ရာအပါအ၀င် အခြေခံလိုအပ်ချက်တွေ မရရှိနိုင်တဲ့ စစ်ဖြစ်ဆဲ ဆီးရီးယားလိုနိုင်ငံမျိုးမှာတော့ ဆိုးဆိုးရွားရွားတွေ ဖြစ်စေတယ်လို့ တိုက်ခိုက်ရေးသမားတစ်ယောက်က ဆိုပါတယ်။

    syr 2

    “ကျွန်တော်တို့ဟာ စစ်မြေပြင်မှာ လေးနှစ်လောက် တိုက်ခိုက်နေရတယ်။ ဒီရောဂါဟာ ယေဘူယျအားဖြင့် စစ်တလင်းဒေသတွေဖြစ်တဲ့ တာလ် ဟာမစ်၊ ဟွန်နဲ့ ကိုဆာမြို့တွေမှာဖြစ်ပါတယ်” လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “စစ်ရေးလှုပ်ရှားမှု အများအပြားနဲ့ လူတွေ ရွှေ့ပြောင်းကြတဲ့ဒေသတွေမှာ ဒါမျိုးဖြစ်ပွားတယ်ဆိုတာ တော်တော်လေးဖြစ်နိုင်ပါတယ်။ အဲဒီလိုအဖြစ်အပျက်တွေက leishmaniasis ရောဂါဖြစ်ပွားဖို့ အကြောင်းအရင်းတွေပါပဲ” လို့ ဒေါက်တာ ၀ီလီယံ ရှက်ဖ်နာက ဆိုပါတယ်။

    သဲကန္တာရ ယင်ကောင်တွေကြောင့် ဒီရောဂါပြန့်နှံ့မှုကို ၂၀၁၃ ခုနှစ်စက်တင်ဘာလမှာ ကြားခဲ့ရပြီး ၂၀၁၄ မေလအထိ လူ ၅၀၀ ၀န်းကျင်လောက်ကို ကူးစက်ခဲ့ပါတယ်။

    “ဒီရောဂါဖြစ်နေတဲ့လူ သေဆုံးသွားလို့ရှိရင် ယင်ကောင်တွေကလာအုံပြီး သူတို့မှာ ရောဂါပိုးကူးသွားမယ်။ အဲဒီယင်ကောင်တွေက ဒေသမှာရှိတဲ့ အခြားသူတွေကို ကူးစက်စေပါတယ်” လို့ ရှက်ဖ်နာက ရှင်းပြခဲ့ပါတယ်။

    ၄ နှစ်ကျော်ကြာ ပဋိပက္ခတွေကြောင့် ဆီးရီးယာရဲ့ ကျန်းမာရေးစနစ်ဟာ တော်တော်လေး ယိုယွင်းပျက်ဆီးနေပါတယ်။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ပြည်သူ့ဆေးရုံတွေရဲ့ ထက်ဝက်ကျော်ဟာ စောင့်ရှောက်မှု အပြည့်အ၀မပေးနိုင်ပါဘူး။ IS အဖွဲ့က ထိန်းချုပ်ထားတဲ့ ဒေသတွေက ဆေးရုံးတွေမှာတော့ ၀န်ထမ်းတွေ မရှိကြပါဘူး။ ကျန်းမာရေးဝန်ထမ်းတွေဟာ အသက်ရှင်ရပ်တည်ဖို့အတွက် ထွက်ပြေးကြရပါတယ်။

    မရှိမဖြစ်လိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေကို နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီတွေက ပေးပို့ဖို့ဟာလည်း တော်တော်လေးဆိုးရွားတဲ့ အခြေအနေမျိုးမှာ ရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ဆီးရီးယားပြည်သူ ၁၃ သန်းကျော်လောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ချက်ခြင်းလိုအပ်နေတယ်လို့ ဆိုပါတယ်။

    အသားကို လှိုက်စားတတ်တဲ့ Leishmaniasis ရောဂါဟာ ကမ္ဘာပေါ်က တိုက်ကြီးတစ်တိုက်ချင်းစီရဲ့ အဆင်းရဲဆုံးနိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ ရောဂါမျိုးဖြစ်ပါတယ်။ မခံမရပ်နိုင်အောင် နာကျင်တဲ့ ဒီရောဂါကို ဆီးရီးယားမှာ Aleppo Button Disease ဒါမှမဟုတ် Aleppo boil လို့ ခေါ်ပါတယ်။

    အဲလစ်ပိုဟာ ၂၀၁၂ ခုနှစ် နှစ်အလယ်လောက်က စခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြူခါပြာခါကျနေတဲ့မြို့ ဖြစ်ပြီး အနောက်ဘက်ကို အစိုးရက ထိန်းချုပ်ထားကာ အရှေ့ဘက်ကိုတော့ သူပုန်တွေက ထိန်းချုပ်ထားပါတယ်။ မြို့ရဲ့ ပတ်ပတ်လည်ကိုတော့ IS နဲ့ အလ်ကိုင်းဒါးသစ္စာခံ Al-Nusra Front အဖွဲ့တို့အပါအ၀င် လက်နက်ကိုင်အဖွဲ့ တော်တော်များများက ထိန်းချုပ်ထားကြပါတယ်။

    ဆီးရီးယားက Leishmaniasis ရောဂါဖြစ်ပွားမှုကို စုံစမ်းလေ့လာပြီး ရေးသားခဲ့တဲ့ Acta Dermato-Venereologica အဖွဲ့ရဲ့ အဆိုအရတော့ ၂၀၁၂ ခုနှစ်ကစလို့ နိုင်ငံတစ်ဝှမ်း ဒီရောဂါဖြစ်ပွားသူ ၅၃၀၀၀ ခန့် စာရင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ် ပထမ ၆ လအတွင်းမှာပဲ ဖြစ်ပွားသူဟာ ၄၁၀၀၀ ရှိတယ်လို့ ပြောပါတယ်။ အဲလစ်ပိုမှာရှိတဲ့ Leishmaniasis စောင့်ကြည့်စင်တာရဲ့ အဆိုအရတော့ ၂၀၁၃ ခုနှစ်အတွင်း အဲလစ်ပိုတစ်မြို့တည်းမှာပဲ ရောဂါဖြစ်ပွားသူ ၂၂၃၅၆ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ဆီးရီးယားပြည်တွင်းစစ် အရှိန်ရလာတာနဲ့ IS အဖွဲ့ရဲ့အင်အား ကြီးလာတာကြောင့် အဲဒီအချိန်ကနေစပြီး ကူးစက်ဖြစ်ပွားမှု အရေအတွက် တိုးလာခဲ့ပါတယ်။

    syr 4

    Leishmaniasis ရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါဘူး။ ရေရှည်ကုသရတဲ့နည်းလမ်း ရှိပေမယ့် စစ်ပွဲဖြစ်ပွားနေတဲ့ ဆီးရီးယားလိုနိုင်ငံမျိုးမှာတော့ ဒီကုသမှုဟာ ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒီရောဂါကို ရှောင်ရှားဖို့ တစ်ခုတည်းသော နည်းလမ်းက သဲကန္တာရ ယင်ကောင်တွေ အကိုက်ခံရခြင်းကနေ ရှောင်ကြဖို့ပါပဲ။ ဒါပေမယ့် ဒေါက်တာ ရှက်ဖ်နာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ ဆိုးရွားနေတဲ့ အခြေအနေမျိုးမှာ ဆီးရီးယားပြည်သူတွေဟာ ဒီရောဂါ ဆက်လက်ကူးစက်ခံရမှာ မလွဲဧကန်ပါပဲလို့ ပြောကြားခဲ့ပါတယ်။

    “ဒါက အရေပြားရောဂါဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် ပြည်တည်နာတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအနာ ဒီအတိုင်းပျောက်ဖို့ဆိုရင် တစ်နှစ်လောက် ကြာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ကပ်ပါးပိုးတွေက ခန္ဓာကိုယ်ထဲ ၀င်ရောက်နိုင်ပြီး ဆိုးရွားတဲ့ ကူးစက်ပြန့်နှံ့မှုတွေ ဖြစ်ပွားနိုင်ပါတယ်”

    (RT မှ ဖော်ပြသည့် Flesh-eating skin disease grips ISIS-controlled areas in Syria ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • IS အပါအ၀င် အစွန်းရောက်အဖွဲ့အားလုံးကို တိုက်ဖျက်ရန် မွတ်စလင်နိုင်ငံများက စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

    IS အပါအ၀င် အစွန်းရောက်အဖွဲ့အားလုံးကို တိုက်ဖျက်ရန် မွတ်စလင်နိုင်ငံများက စစ်ရေးမဟာမိတ်အဖွဲ့ ဖွဲ့စည်း

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    mus

    – အကြမ်းဖက်အဖွဲ့အစည်းများကို တိုက်ခိုက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မွတ်စလင်နိုင်ငံပေါင်း ၃၄
    နိုင်ငံပါသည့် စစ်ရေးမဟာမိတ်အဖွဲ့တစ်ခုကို ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်ကာ ဖွဲ့စည်းလိုက်ပြီး စစ်အင်အားကြီးနိုင်ငံများဖြစ်သော အီဂျစ်နှင့် တူရကီတို့လည်း ပါဝင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ မဟာမိတ်အဖွဲ့ ဖွဲ့စည်းကြောင်းကို ဆော်ဒီကာကွယ်ရေးဝန်ကြီး မိုဟာမက် ဘင် ဆလ်မန်က ယနေ့တွင် ကြေငြာခဲ့သည်။ ကာတာနှင့် ယူအေအီးတို့ကဲ့သို့ အာရပ်နိုင်ငံများမှာ အဆိုပါ မဟာမိတ်အဖွဲ့တွင် ပါဝင်မည်ဖြစ်ပြီး ပါကစ္စတန် မလေးရှားနှင့် နိုက်ဂျီးရီးယားတို့အပါအ၀င် အာရှနိုင်ငံများ အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် အာဖရိကနိုင်ငံများလည်း ပါဝင်သည်။

    IS အဖွဲ့အား ဘုံရန်သူအဖြစ် သဘောထားသော်လည်း ဆော်ဒီ၏ ပြိုင်ဘက်ဖြစ်သော အီရန်နှင့် ၎င်း၏ မဟာမိတ် ဆီးရီးယားနှင့် အီရတ်တို့မှာ ပါဝင်ခြင်းမရှိပေ။

    ဘင်ဆလ်မန်ကမူ မိမိတို့မဟာမိတ်အဖွဲ့မှာ IS ကိုသာမကဘဲ အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အီဂျစ်နှင့် အာဖဂန်တို့ရှိ မည်သည့် အကြမ်းဖက်အဖွဲ့အစည်းများကိုမဆို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။ စစ်ရေးအရ လှုပ်ရှားမှုများကို ဒေသတွင်း ဥပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့်လည်း ပူးပေါင်းသွားမည်ဟု ၀န်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    ဆော်ဒီသတင်းဌာန SPA ၏ စောစောပိုင်းထုတ်ပြန်မှုတွင် ဆော်ဒီဦးဆောင်သည့် အဆိုပါ မဟာမိတ်အဖွဲ့မှာ “ပူးပေါင်းဆောင်ရွက်ရေးစင်တာ” ကို ဆော်ဒီမြို့တော် ရီယာ့ဒ်တွင် ဖွင့်လှစ်သွားရန် ရှိနေသည်ဟု ဖော်ပြခဲ့သည်။

    “ဘယ်လို ဂိုဏ်းဂန၊ ဘယ်လိုနာမည်ပဲ တပ်ထားတပ်ထား သတ်ဖြတ်မှုတွေ၊ ကမ္ဘာမြေ ပျက်ဆီးရာပျက်ဆီးကြောင်းတွေကို လုပ်ဆောင်နေပြီး အပြစ်မဲ့သူတွေကို အကြမ်းဖက်ဖို့ရည်ရွယ်တဲ့ အကြမ်းဖက်အုပ်စုအားလုံး၊ အကြမ်းဖက်အဖွဲ့အားလုံးရဲ့ မကောင်းဆိုးဝါးလုပ်ရပ်တွေကနေ အစ္စလာမ့်နိုင်ငံအားလုံးကို ကာကွယ်ဖို့ မိမိတို့မဟာမိတ်အဖွဲ့ရဲ့ တာဝန်ပါပဲ” ဟု အဆိုပါ မဟာမိတ်အဖွဲ့မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုမဟာမိတ်အဖွဲ့တွင် ပါဝင်သည့် နိုင်ငံအများစုမှာ လက်ရှိအချိန်တွင် IS အား ဆန့်ကျင်တိုက်ခိုက်သည့် စစ်ဆင်ရေးများတွင် ပါဝင်ဆောင်ရွက်နေကြသည်။ ဆော်ဒီနှင့် ပင်လယ်ကွေ့နိုင်ငံများမှာ ဆီးရီးယားရှိ IS အဖွဲ့များအား လေကြောင်းက တိုက်ခိုက်မှုတွင် ပါဝင်နေသည်။

    Ref: Aljazaara, RT

  • International Science Olympiad ပြိုင်ပွဲတွင် ဆော်ဒီနိုင်ငံသား ၆ ဦး ဆုတံဆိပ်များ ဆွတ်ခူး

    International Science Olympiad ပြိုင်ပွဲတွင် ဆော်ဒီနိုင်ငံသား ၆ ဦး ဆုတံဆိပ်များ ဆွတ်ခူး

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    saudi

    – နိုင်ငံတကာ သိပ္ပံပြိုင်ပွဲတစ်ခုဖြစ်ပြီး တောင်ကိုးရီးယားတွင် ကျင်းပခဲ့သည့် နိုင်ငံတကာသိပ္ပံအိုလံပစ်ပြိုင်ပွဲ (International Science Olympiad) တွင် ဆော်ဒီကျောင်းသား ၆ ဦး ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါပြိုင်ပွဲမှာ နှစ်စဉ် ကျင်းပပြုလုပ်နေသည့် ပြိုင်ပွဲဖြစ်ပြီး ယခုပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ဆော်ဒီမှ ဆုရရှိသူ ၆ ဦးအနက် ၅ ဦးမှာ မြို့တော် ရီယာ့ဒ်မှဖြစ်ပြီး ကျန်တစ်ဦးမှာ အလ်-အဟ်ဆာမှ ဖြစ်သည်။

    အဆိုပါပြိုင်ပွဲမှာ သဘာဝသိပ္ပံနှင့် လူထုပညာရေးများရေးကဏ္ဍများကို အသက် ၁၆နှစ်နှင့်အောက် ကျောင်းသားများက တစ်ဦးချင်းနှင့် အုပ်စုလိုက် ယှဉ်ပြိုင်ရခြင်းမျိုး ဖြစ်သည်။ ဆော်ဒီကျောင်းသားများမှာ ၂၀၀၉ ခုနှစ် အာဇာဘိုင်ဂျန်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲကတည်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

    ပညာရေးဝန်ကြီးဟောင်းဖြစ်ပြီး တော်ဝင်တရားရုံး၏ အကြံပေးအဖြစ် ခန့်အပ်ခြင်းခံထားရသည့် အဇမ် အလ်-ဒါခီက ဆော်ဒီကျောင်းသားများ၏ အောင်မြင်မှုအပေါ် ကျေနပ်အားရမှုများ ဖော်ပြခဲ့သည်။

    “နိုင်ငံတကာဖိုရမ်တွေမှာ ကျွန်တော်တို့ရဲ့ သားငယ်သမီးငယ်တွေ အောင်မြင်မှုရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ သူတို့ကို သိပ္ပံစွမ်းရည်ပြိုင်ပွဲတွေမှာလည်း အားပေးကြပါ” ဟု အလ်-ဒါခီက ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသော ဆော်ဒီကျောင်းသားများကိုလည်း မိမိစိတ်ဝင်စားသည့် မည်သည့်နယ်ပယ်တွင်မဆို ထူးချွန်အောင် ကြိုးစားကြရန်နှင့် အစိုးရအနေနှင့်လည်း အမြဲတမ်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Arabnews

  • မြောက်ကိုရီးယားသို့ လက်နက်မှောင်ခိုပို့ရန် စင်ကာပူသင်္ဘောကုမ္ပဏီ စီစဉ်ပေးခဲ့

    မြောက်ကိုရီးယားသို့ လက်နက်မှောင်ခိုပို့ရန် စင်ကာပူသင်္ဘောကုမ္ပဏီ စီစဉ်ပေးခဲ့

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    spore

    – စင်ကာပူနိုင်ငံ မှတ်ပုံတင်ထားသော ချင်ပို ပို့ဆောင်ရေးကုမ္ပဏီ (Chinpo Shipping Company) သည် မြောက်ကိုးရီးယားသို့ လက်နက်များတင်ပို့သည့်လုပ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်ဟု စင်ကာပူတရားရုံးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ချင်ပိုကုမ္ပဏီမှာ ပနားမား ပို့ဆောင်ရေးအေးဂျင့်ဖြစ်သူ စီဘီဖန်တွန်နှင့် လက်ထောက်တို့အား ပနားမားတူးမြောင်းမှတဆင့် မြောက်ကိုးရီးယားကုန်တင်သင်္ဘော ချွန်ချွန်ဂန်း ဖြတ်သန်းရန် လမ်းကြောင်းအတွက် ကန်ဒေါ်လာ ၇၂၀၁၆ ဒသမ ၇၆ ပေးဆောင်ခဲ့ရသည်ဟု ဆိုသည်။

    ဤသို့လုပ်ဆောင်ခြင်းဖြင့် ချင်ပိုကုမ္ပဏီမှာ “မြောက်ကိုရီးယား၏ နျူးကလီးယားနှင့်ဆက်စပ်နေသော အစီအစဉ်များ သို့မဟုတ် လှုပ်ရှားမှုများကို အထောက်အကူဖြစ်စေသည်ဟု ယူဆနိုင်သော ဘဏ္ဍာရေးဆိုင်ရာ သို့မဟုတ် ရင်းမြစ်ပိုင်းဆိုင်ရာများကို လွှဲပြောင်းပေးအပ်ခဲ့သည်” ဟု ကုမ္ပဏီအား တရားစွဲဆိုမှုတွင် ဖော်ပြထားသည်။

    ထိုကိစ္စက နျူကလီးယားစီမံကိန်းများကြောင့် မြောက်ကိုးရီးယားပေါ် ကုန်သွယ်ရေးပိတ်ဆို့မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။

    ချွန်ချွန်ဂန်းသင်္ဘောမှာ “မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်များနှင့် ဆက်စပ်နေသည့် ကုန်သေတ္တာခြောက်လုံး၊ တစ်စစီဖြုတ်ထားသည့် လေယာဉ်နှစ်စီးထည့်ထားသော ကွန်တိန်နာ ၂၅ ခု၊ လေယာဉ်အင်ဂျင် ၁၅ ခု၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည် အစိတ်အပိုင်းများနှင့် လက်နက်ခဲယမ်းများ” စသည်တို့ကို မက်ထရစ်တန်ချိန် ၁၀၅၀၀ တန် ရှိသော သကြားများအောက်တွင် ဖုံးဝှက်၍ သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

    ထိုပမာဏမှာ ၂၀၀၆ နှစ်က မြောက်ကိုရီးယားအပေါ် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုများ ချမှတ်သည်ဟု ကုလက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးနောက်ပိုင်းတွင် မြောက်ကိုရီးယားသို့ လက်နက်နှင့် စက်ဆပ်ပစ္စည်းများ မှောင်ခိုသွားရောက်မှု အမြင့်ဆုံးပမာဏလည်း ဖြစ်သည်။

    တရားသူကြီး ဂျက်စ်ဗန်ဒါရ် ကာအူရ်ကမူ ထိုပို့ဆောင်မှုမှာ မအောင်မြင်ခဲ့သော်လည်း “လက်နက်များ ပို့ဆောင်ရေးကို စီစဉ်မှု မြောက်သည်” ဟု ပြောကြားခဲ့သည်။ စင်ကာပူဥပဒေအရ ဤကဲ့သို့ ဥပဒေချိုးဖောက်သူ မည်သူမဆို ထောင်ဒဏ်ငါးနှစ်နှင့် ဒဏ်ငွေ ဒေါ်လာ ၁၀၀၀၀၀ ထိ ပြစ်ဒဏ်ပေးခံရနိုင်သည်။

    ချင်ပိုကုမ္ပဏီအား စွဲဆိုမှုတွင် မြောက်ကိုရီးယားသို့ လိုင်စင်မဲ့ ငွေလွှဲလုပ်ငန်း ဆောင်ရွက်သည့်အမှုလည်း ပါဝင်ပြီး စုစုပေါင်း ကန်ဒေါ် သန်း ၄၀ သန်းကျော်တန်ဖိုးရှိ ငွေလွှဲပြောင်းမှုပေါင်း ၆၀၅ ကြိမ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    လိုင်စင်မဲ့ငွေလွှဲပြောင်းခဲ့သည့်အတွက် စင်ကာပူဒေါ်လာ တစ်သိန်းထိ ဒဏ်ငွေဆောင်ရနိုင်သည်။ ထိုအမှုအတွက် အမိန့်ချမှတ်ခြင်းကို ၂၀၁၆ ဇန်န၀ါရီ ၂၉ တွင် ပြုလုပ်မည်ဖြစ်သည်။

    Ref: Channelnewsasia

  • ကစားသမားများ သစ္စာဖောက်နေသည်ဟု ခံစားရကြောင်း မော်ရင်ဟိုပြော

    ကစားသမားများ သစ္စာဖောက်နေသည်ဟု ခံစားရကြောင်း မော်ရင်ဟိုပြော

    ဒီဇင်ဘာ ၁၅၊ ၂၀၁၅
    M-Media

    morin

    – ရလဒ်ဆိုးများနှင့် ကြုံတွေ့နေရပြီး ဖိအားဒဏ်ကို ခံနေရသည့် ချယ်ဆီးနည်းပြ မော်ရင်ဟိုက ကစားသမားများမှာ မိမိအား သစ္စာဖောက်နေသည်ဟု ခံစားရကြောင်း ပြောကြားလိုက်သည်။

    ယနေ့မနက်က လက်စတာအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ် ၉ ပွဲမြောက်အရှုံး ဖြစ်ခဲ့သည်။ လက်ရှိတွင် ချယ်ဆီးမှာ အဆင့် ၁၆ နေရာသို့ ရောက်ရှိနေကာ တန်းဆင်းဇုန်နှင့် ၁ မှတ်သာ ကွာဟတော့သည်။

    “ကျွန်တော်တို့ ၂ ဂိုးပေးလိုက်ရပြီး ဒါဟာ ကျွန်တော့်အတွက် လက်မခံနိုင်စရာပါပဲ။ ကျွန်တော့်ရဲ့ အကောင်းဆုံး စွမ်းရည်တွေထဲက တစ်ခုဟာ ကစားသမားတွေရဲ့စိတ်ကို ဖတ်တာနဲ့ ပြိုင်ဘက်အသင်းရဲ့ အသေးစိတ်အချက်အလက်တိုင်းကို ဖော်ထုတ်တာပါပဲ။ ကျွန်တော့်ရဲ့အလုပ်က သစ္စာဖောက်ခံနေရပြီလို့ ခံစားရပါတယ်။ အကောင်းဆုံးအခြေအနေမရှိတဲ့ ကစားသမားတွေရှိနေတဲ့အခါ ဂိုးတွေသွင်းဖို့ဆိုတာ ခက်ခဲပါတယ်” ဟု မော်ရင်ဟိုက Sky Sports သို့ ပြောကြားခဲ့သည်။

    ချယ်ဆီးမှာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံဖြစ်သော်လည်း မော်ရင်ဟိုကမူ မိမိတို့အသင်းမှာ ထိပ်ဆုံး ၄ သင်းပင် မ၀င်နိုင်တော့ဟု ၀န်ခံပြောကြားခဲ့သည်။

    Ref: Goal