News @ M-Media

Author: Ko Lay

  • ခရစ်ယာန်နှင့် မွတ်စလင်များအပေါ် တိုက်ခိုက်မှုကို တားဆီးရန် ကုလက အိန္ဒိယကို တိုက်တွန်း

    ခရစ်ယာန်နှင့် မွတ်စလင်များအပေါ် တိုက်ခိုက်မှုကို တားဆီးရန် ကုလက အိန္ဒိယကို တိုက်တွန်း


    မတ် ၉၊ ၂၀၂၂

    M-Media

    -အိန္ဒိယနိုင်ငံအတွင်း လူနည်းစု ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေအပေါ် ဟိန္ဒူအမျိုးသားရေး၀ါဒီတွေက ပိုမို တိုက်ခိုက်လာတဲ့အတွက် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ မီရှယ် ဘာချလတ်က ပြောကြားလိုက်ပြီး ဒါတွေကို ရပ်တန့်ပေးဖို့ အိန္ဒိယခေါင်းဆောင်တွေကို တောင်းဆိုလိုက်ပါတယ်။ 

    ကမ္ဘာတစ်၀ှမ်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး နှစ်ပတ်လည် အစီရင်ခံစာကို ဘာချလတ်က ကုလ လူ့အခွင့်အရေးကောင်စီကို အင်္ဂါနေ့မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

    “ဘာသာရေးလူနည်းစုတွေအပေါ် အမုန်းစကားပြောကာ၊ တိုက်ခိုက်မှုတွေလုပ်နေတဲ့ လတ်တလော ပြောကြားချက်တွေ၊ လုပ်ရပ်တွေအတွက် ကျွန်မ စိုးရိမ်မိပါတယ်”  လို့ ဘာချလတ်က ပြောပါတယ်။ 

    ဒီဇင်ဘာလအတွင်းက တရားပွဲနှစ်ခုမှာ ဟိန္ဒူ ဘာသာရေးခေါင်းဆောင်တွေက မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ဆော်သြတာကို သူမက အဓိကထား ထောက်ပြခဲ့ပြီး ဒီလို အမုန်းစကား ပြောဆိုမှုကို ပွင့်လင်းမြင်သာမှု ရှိစွာ အရေးယူဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ 

    ခရစ်ယာန်တွေအပေါ် ဟိန္ဒူအမျိုးသားရေး၀ါဒီတွေက တိုက်ခိုက်မှုကိုလည်း ဘာချလတ်က အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ 

    “ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာတာကလည်း တော်တာ်လေး စိုးရိမ်စရာ ကောင်းပါတယ်”

    ၂၀၂၁ ခုနှစ် ဇန်န၀ါရီလကနေ နို၀င်ဘာလအတွင်း အိန္ဒိယနိုင်ငံတစ်၀ှမ်း ခရစ်ယာန်တွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှု အနည်းဆုံး ၃၀၅ ခုလောက် ဖြစ်ပွားခဲ့တာကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့လည်း ဘာချလတ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ခရစ်ယာန်တွေက ဟိန္ဒူတွေကို အဓမ္မ ဘာသာကူးပြောင်းစေပြီး ဒါကို ပိတ်ပင်ရမယ်လို့ဆိုကာ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ကြီးစိုးတဲ့ ပြည်နယ်တစ်ချို့မှာ ဥပဒေတွေ ပြဌာန်းခဲ့ပါတယ်။ 

    ကုလ လူ့အခွင့်အရေးအကြီးအကဲ ဘာချလတ်က ဒီဥပဒေဟာ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေသာ ဖြစ်စေလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။

    “ဘယ်လို အမုန်းစကားပြောဆိုမှုကိုမဆို၊ ဘာသာရေး လူမျိုးရေး မုန်းတီးအောင် ဘယ်လိုလှုံ့ဆော်မှုမျိုးကိုမဆို ဘယ်ဘာသာ၊ ဘယ်လူမျိုးကိုလုပ်လုပ် လူသိရှင်ကြား ရှုတ်ချပြောဆိုဖို့ အိန္ဒိယခေါင်းဆောင်တွေကို ကျွန်မ တိုက်တွန်းပါတယ်”

    Ref: Global Village Space

  • ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံခြားခရီးသွားများကို မလေးရှားက ၀င်ခွင်ပေးတော့မည်

    ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံခြားခရီးသွားများကို မလေးရှားက ၀င်ခွင်ပေးတော့မည်

    မတ် ၉၊ ၂၀၂၂

    M-Media 

    -ဧပြီလ ၁ ရက်နေ့ကစတင်ပြီး နိုင်ငံတကာခရီးသွားတွေကို ၀င်ခွင့်ပေးတော့မယ်လို့ မလေးရှား၀န်ကြီးချုပ် ဒါတွတ်ဆရီ အစ္စမာအီလ် ဆာဘရီ ယာကွဘ်က အင်္ဂါနေ့မှာ ကြေငြာပါတယ်။

    ကိုဗစ်ကာကွယ်ဆေး အနည်ဆုံး ၂ ကြိမ်ထိုးထားတဲ့ ခရီးသွားတွေဟာ မလာခင် ၂ ရက်အရင် ကိုဗစ် PCR Test စစ်ရမှာဖြစ်ပြီး မလေးရှားလေဆိပ်ကို ရောက်တဲ့အချိန်မှာ RTK Test စစ်ကာ ၀င်ခွင့်ရမှာ ဖြစ်ပါတယ်။ အရင်ကလို ကွာရန်တင်း၀င်စရာ မလိုတော့ပါဘူး။ 

    RTK Test ကို လေဆိပ်က ဆေးခန်းမှာဖြစ်စေ၊ ဒါမှမဟုတ် အပြင်ဆေးခန်းမှာဖြစ်စေ ၂၄ နာရီအတွင်း စစ်ပေးရမှာ ဖြစ်ပါတယ်။

    “နယ်စပ်တွေကို ဖွင့်တော့မယ်ဆိုတဲ့ ဒီကြေငြာမှုကို တစ်တိုင်းပြည်လုံးက စောင့်နေကြတာ တော်တော်ကြာနေပါပြီ။ ဧပြီ ၁ ရက်နေ့ကစပြီး နယ်စပ်တွေ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဟာ နိုင်ငံသားတွေ ပြည်ပကို လွတ်လွတ်လပ်လပ် သွားနိုင်ရုံသာမက နိုင်ငံခြားသားတွေ မလေးရှားကို လာရောက်လည်ပတ်ခွင့်လည်း ရရှိစေမှာ ဖြစ်ပါတယ်”  လို့ ၀န်ကြီးချုပ် ဆာဘရီက ဒီကနေ့မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ကိုဗစ်ကာကွယ်ဆေး မထိုးရသူတွေကို ဘယ်လို၀င်ရောက်ခွင့်ပေးမလဲ ဆိုတာနဲ့ပတ်သက်ပြီး ကျန်းမာရေး၀န်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေငြာဖို့ ရှိပါတယ်။ 

    မလေးရှားနိုင်ငံသားတွေဟာ နယ်စပ်ဖွင့်ထားတဲ့ ဘယ်နိုင်ငံကိုမဆို လွတ်လပ်စွာ သွားရောက်နိုင်တယ်လို့လည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဧပြီလ ၁ ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းတွေ အပြည့်အ၀ လည်ပတ်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ကြောင်း၊ ခပ်ခွာခွာနေထိုင်ရေးစည်းမျဥ်းကို လုံး၀ ပယ်ဖျက်မှာဖြစ်ပြီး နှာခေါင်းစည်းက မဖြစ်မနေ တပ်ဆင်ရမှာ ဖြစ်ကြောင်း ဆာဘရီက ထည့်သွင်းကြေငြာခဲ့ပါတယ်။

    မလေးရှားဟာ ၂၀၂၀ ခုနှစ် မတ်လကတည်းက ပြည်ပခရီးသွားတွေကို ၀င်ခွင့်ပိတ်ထားတာ ဖြစ်ပါတယ်။

    Ref: The Star 

  • ရုရှားထံမှ ရေနံနှင့်ဓာတ်ငွေ့ မ၀ယ်တော့ဟု အမေရိကန်နှင့် ဗြိတိန်တို့ ကြေငြာ

    ရုရှားထံမှ ရေနံနှင့်ဓာတ်ငွေ့ မ၀ယ်တော့ဟု အမေရိကန်နှင့် ဗြိတိန်တို့ ကြေငြာ

    မတ် ၉၊ ၂၀၂၂

    M-Media

    -ရုရှားထံကနေ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ တင်သွင်း၀ယ်ယူမှုတွေ လုပ်တော့မှာမဟုတ်ဘူးလို့ အမေရိကန်နဲ့ ဗြိတိန်တို့က အင်္ဂါနေ့မှာ  သီးခြားစီ ကြေငြာလိုက်ပါတယ်။ 

    ဒါဟာ ယူကရိန်းကို ကျူးကျော်မှုအတွက် ဒဏ်ခတ်တာလို့ နှစ်နိုင်ငံ တာ၀န်ရှိသူတွေက ပြောပါတယ်။ 

    အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဒီလိုပိတ်မှုအတွက် နိုင်ငံအတွင်း ဆီစျေး၊ ဓာတ်ငွေ့စျေးတွေ တက်လာနိုင်တယ်လို့ ပြည်သူကို အသိပေးခဲ့ပါတယ်။ 

    “ရုရှားထံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ တင်ပို့မှု အားလုံးကို ကျွန်တော်တို့ ပိတ်ပင်လိုက်ပါတယ်။ ရုရှားရဲ့ ရေနံသင်္ဘောတွေ အမေရိကန်ဆိပ်ကမ်းမှာ ကပ်လို့ရမှာ မဟုတ်တော့ပါဘူး။ ပူတင်ရဲ့ စစ်ယန္တရားအပေါ်  ပြင်းထန်တဲ့ ဒီထိုးနှက်ချက်မှာ အမေရိကန်ပြည်သူတွေလည်း ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်”

    အမေရိကန်ရဲ့ ဒီထုတ်ပြန်ချက် ထွက်မလာခင်လေးမှာပဲ ဗြိတိန်က ရုရှားရဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်းအားလုံးကို ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ပိတ်ပင်ကြောင်း ကြေငြာခဲ့ပါတယ်။ 

    ဗြိတိန်အပါအ၀င် ဥရောပနိုင်ငံတော်တော်များများဟာ စွမ်းအင်အတွက် ရုရှားထံက ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ကို အဓိက မှီခိုအားထားနေရတာ ဖြစ်ပါတယ်။ 

    သမ္မတဘိုင်ဒန်ကတော့ ရုရှားရဲ့ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့တင်ပို့မှုကို အလုံးစုံ ပိတ်ပင်နိုင်ရေး ဥရောပက မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားစီးပွားရေးဟာ သိသိသာသာ ထိခိုက်ကျဆင်းသွားပြီး အခုနောက်ဆုံး ဆောင်ရွက်မှုကို ကမ္ဘာတစ်၀ှမ်းက မဟာမိတ်တွေနဲ့ တိုင်ပင် ဆောင်ရွက်တာလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    Ref : Reuters 

  • မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်မှု၊ ၀ါဒစွဲရိုက်သွင်းမှုများအကြောင်း ဘက်ပြောင်းအရာရှိများ ဖွင့်ဟ

    မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်မှု၊ ၀ါဒစွဲရိုက်သွင်းမှုများအကြောင်း ဘက်ပြောင်းအရာရှိများ ဖွင့်ဟ

    မတ် ၈၊ ၂၀၂၂

    M-Media 

    -၂၀၂၁ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကနေ ဘက်ပြောင်းလာကြတဲ့ စစ်သားအရေအတွက်ဟာ ၂၅၀၀ လောက်ရှိလာပြီလို့ ‘ပြည့်သူ့စစ်သားအဖွဲ့’ က ထုတ်ပြန်ပါတယ်။ 

    အောက်ခြေစစ်သားအဆင့်ကနေ ဒုတိယဗိုလ်မှူးကြီးအထိ ရာထူးအစုံပါ။ အဲဒီလို ဘက်ပြောင်းလာကြတဲ့ စစ်သားတွေဟာ မြန်မာစစ်တပ်ရဲ့ မူ၀ါဒတွေကို လူသိရှင်ကြား ဖွင့်ဟ ပြောဆိုလာကြပါတယ်။ 

    ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ဘက်ပြောင်းလာတဲ့ ဗိုလ်ကြီး ပြည့်စုံဦးဆိုရင် ထား၀ယ်မြို့က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူတွေကို တိုက်ခိုက်နှိမ်နှင်းခိုင်းတဲ့ အထက်လူကြီးတွေရဲ့ အမိန့်ကို မနာခံလိုတဲ့အတွက် စစ်တပ်ကနေ ထွက်ပြေးလာခဲ့သူ ဖြစ်ပါတယ်။ 

    “အရပ်သားတွေအပေါ် ဒီလို ကြမ်းကြုတ်မှုတွေ ကျူးလွန်ဖို့ ကျွန်တော့်လက်အောက်က စစ်သားတွေကို ကျွန်တော် အမိန့်မပေးနိုင်ပါဘူး”

    ထား၀ယ်မြို့ စစ်စခန်းကနေ ပြည့်စုံဦးတစ်ယောက် လေယာဥ်ငယ်တစ်စီးနဲ့ KNU ထိန်းချုပ်ထားတဲ့ ကရင်ပြည်နယ်အရှေ့ပိုင်းကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်မှာ အရာရှိဖြစ်နေတဲ့ သူ့ရဲ့ညီအစ်ကိုတစ်ယောက်လည်း ကရင်ပြည်နယ်ကို ထွက်ပြေးပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ပါ၀င်နေပါပြီ။

    “လေယာဥ်နဲ့ ထွက်ပြေးတာကသာ တစ်ခုတည်းသော နည်းလမ်းပါ။ အရှေ့ဘက် ကမ်းရိုးတန်းတစ်ကြောမှာ စစ်ဆေးရေးဂိတ်တွေ အများအပြား ချထားတာကြောင့် ကားနဲ့ထွက်သွားဖို့က မဖြစ်နိုင်ပါဘူး”

    မြန်မာစစ်တပ်ရဲ့ အကြမ်းပတမ်းနည်းနာတွေကို သိရှိထားတဲ့ ဗိုလ်ကြီးပြည့်စုံဦးက ပြည်သူတွေအပေါ် စစ်သားတွေရဲ့ လက်မရွံရက်စက်မှု နောက်ကွယ်က တပ်တွင်း၀ါဒဖြန့်ချီမှုကို အခုလို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

    “သူတို့ အမြဲတမ်း ၀ါဒဖြန့်နေတဲ့တစ်ချက်က တပ်မတော်ဟာ တိုင်းပြည်ကို စုစည်းစေတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာပါ။ တပ်မတော်သာမရှိရင် တိုင်းပြည်ဟာ အနောက်တိုင်းရဲ့ကျွန်ဖြစ်ပြီး ဗုဒ္ဓဘာသာလည်း ပျောက်ကွယ်သွားမယ် ဆိုတာမျိုးပေါ့”

    ဒီလို၀ါဒဖြန့်မှုမျိုးကို အောက်ခြေစစ်သား အများစုက ယုံကြည်နေကြ တယ်လို့လည်း ဗိုလ်ကြီးပြည့်စုံဦးက ပြောပါတယ်။ သူ့လို အရာရှိတွေကတော့ အရင်ကတည်းက စစ်တပ်ဟာ အရပ်သားတွေအပေါ်  အကြမ်းဖက်ခဲ့တယ်ဆိုတဲ့ အချက်အလက်တွေကို သိရှိနေကြောင်းလည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရွေးချယ်စရာမရှိတဲ့ လူငယ်တွေကို အဓမ္မတပ်ထဲ၀င်ခိုင်းတာ၊ ရာဇ၀တ်မှုနဲ့ ထောင်ကျသူတွေကို တပ်ထဲ၀င်ရင် ထောင်ဒဏ်ပယ်ဖျက်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ တပ်ထဲ၀င်ခိုင်းတာတွေ ရှိကြောင်းလည်း ဗိုလ်ကြီးက ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ 

    မြန်မာလူ့အဖွဲ့အစည်းမှာ စစ်သားတွေကသာ လေးစားထိုက်တဲ့ သူရဲကောင်းတွေဖြစ်တယ်ဆိုတဲ့ ၀ါဒမျိုး ၀င်လာအောင် စစ်တပ်က ရိုက်သွင်းပြီး ခိုင်းတဲ့အတိုင်းလုပ်အောင်၊ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်အောင် ဆောင်ရွက်ခိုင်းတယ်လို့လည်း သူက ဆိုပါတယ်။

    “စစ်တပ်ဟာ အရပ်သားတွေအပေါ်  ဘယ်လောက်တောင် အကြောက်တရားနဲ့ နှိပ်စက်နေလဲဆိုတာ စစ်တပ်အပြင်ထွက်လိုက်တာနဲ့ ကျွန်တော် တွေ့ခဲ့ရပါတယ်”

    ပြည်သူထက်မြင့်မြတ်

    အရှေ့တောင်အာရှက စစ်တပ်တွေကို လေ့လာ သုတသနလုပ်နေတဲ့ ပညာရှင် အန်သိုနီ ဒေးဗစ်က မြန်မာစစ်တပ်ဟာ လေ့ကျင့်ရေးမှာကတည်းက ရက်စက်ကြမ်းကြုတ်ဖို့ သွတ်သွင်းပေးပြီး၊ မြန်မာလူ့အဖွဲ့အစည်းမှာ စစ်တပ်ဟာ သူတို့ကိုယ်သူတို့ “ပိုမြတ်တဲ့အဖွဲ့အစည်း” အဖြစ် ခံယူထားတယ်လို့ သုံးသပ်ပါတယ်။

    “စစ်တပ်က ခြေမြန်တပ်ရင်းတွေအတွက် လေ့ကျင့်သင်ကြားမှုဟာ ကြမ်းတမ်းရက်စက်ပါတယ်။ သင်ရိုးမှာကိုက ရက်စက်ကြမ်းကြုတ်မှုကို အဆင့်တစ်ခုအနေနဲ့ ထည့်သွင်းထားတယ်။ နောက်တစ်ခုက ခြေမြန်တပ်ရင်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေရှိတဲ့ ဒေသတွေမှာ ချထားတယ်။ အဲဒီမှာ ထိခိုက်သေဆုံးမှုများတော့ ရက်စက်ကြမ်းကြုတ်တာတွေ ပိုလုပ်လာပါတယ်” 

    စစ်သားတွေ ဘက်ပြောင်းတဲ့ အရေအတွက်ဟာ ‘ပြည့်သူ့စစ်သားအဖွဲ့’ ကပြောသလောက် မများပေမယ့်လည်း ထွက်ချင်ပြီး ထွက်လို့မရသူတွေ ရှိကောင်းရှိနိုင်တယ်လို့ ဒေးဗစ်က သုံးသပ်ပါတယ်။

    “မိသားစုရှိတော့ သူတို့အတွက်လည်း ထည့်စဥ်းစားရတွေ ရှိပါတယ်။ မိသားစုနဲ့အတူ စစ်တပ်မှာနေတယ်။ ကလေးတွေက တပ်တွင်းကကျောင်းမှာတက်တယ်။ မြန်မာစစ်တပ်ဟာ အခွင့်ထူးခံ သီးခြားလူ့အဖွဲ့အစည်း တစ်ခုလိုပါပဲ။ စစ်တပ်ဖြစ်တော့ အမြင်ကျဥ်းတယ်။ အဲဒီ အခွင့်ထူးခံလူ့အဖွဲ့အစည်းမှာ စစ်သားတွေတင်မကဘဲ သူတို့ရဲ့မိသားစုတွေ၊ ဆွေမျိုးတွေ၊ စစ်တပ်ကို ထောက်ခံသူတွေပါ ပါ၀င်ပါတယ်”

    ဒီလူ့အဖွဲ့အစည်းတစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကာကွယ်ထားပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဒီထိန်းချုပ်မှု ပိုဆိုးလာကြောင်း၊ စစ်သားတွေဟာ အခမဲ့ပညာရေး၊ အိမ်ယာ၊ လူ့အဖွဲ့အစည်းမှာ ခေါင်းတစ်လုံးပိုမြင့်မှု စတဲ့ အခွင့်ထူးခံတွေကိုလည်း ခံစားရကြောင်း ဒေးဗစ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “တိုက်ပွဲမှာ လုပ်ချင်တာလုပ်လို့ရတဲ့ အခွင့်ထူးလည်း စစ်တပ်မှာ ရှိနေပါတယ်။ လုယက်တာ၊ ဖျက်ဆီးတာ၊ မုဒိမ်းကျင့်တာမျိုးတွေပါ။ မြန်မာစစ်တပ်ရဲ့ တပ်ဖွဲ့၀င်တွေဟာ ဇာတ်မျိုးရိုးတစ်ခုနဲ့ တော်တော်လေး အလားသဏ္ဍာန်တူပါတယ်။ မြန်မာစစ်တပ်ဟာ သူတို့ကိုယ်သူတို့ တိုင်းပြည်ကို ပိုင်စိုးအုပ်ချုပ်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာကြောင့် အရေးယူခံရမှုမရှိဘဲ လုပ်ချင်တာလုပ်ခွင့်ဆိုတဲ့ အခွင့်အရေးကို ရယူကျင့်သုံးနေတာမျိုးပါ”

    ခိုင်းတာမလုပ်ရင် မလွယ်ဘူး

    စစ်တပ်ထဲမှာ ရှိစဥ်ကတည်းက အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင် ၀ါဒအကြောင်း ဆိုရှယ်မီဒီယာမှာ ၀ေဖန်ရေးသားခဲ့တဲ့ ဗိုလ်ကြီးဟောင်း ညီသုတက မြန်မာစစ်တပ်အတွင်း အောက်ခြေစစ်သားတွေ အခွင့်အရေးဆုံးမှုအကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

    “တိုင်းပြည်မှာ အာဏာရှင်၀ါဒက သိပ်ကြာသွားပြီ။ ဒီ၀ါဒ ဘယ်လောက်ဆိုးလဲဆိုတာ ကျွန်တော် ကောင်းကောင်းကြီး သိပါတယ်”

    အာဏာသိမ်းမှုဟာ တိုင်းပြည်ကို ဘယ်လောက်အထိ နောက်ပြန်ရောက်သွားနိုင်တယ်ဆိုတဲ့ ညီသုတရဲ့ ထောက်ပြရေးသားမှုတွေကို အထက်အရာရှိတွေက တားမြစ်ခဲ့ပြီး ခြိမ်းခြောက်တာမျိုးတွေလည်း ရှိပါတယ်။

    “ကျွန်တော့်လွတ်လပ်ခွင့် ဆုံးရှုံးသွားပြီးဆိုတာ ကျွန်တော် သိလိုက်တယ်။ တပ်မတော်က ထွက်မှသာ ကျွန်တော့်ရဲ့လွတ်လပ်ခွင့်ကို ကျင့်သုံးလို့ရမယ်ဆိုတာ ကျွန်တော် နားလည်လိုက်ပါတယ်”

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၈ ရက်နေ့ နေပြည်တော်က အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုမှာ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက ပစ်သတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက အရေးယူမလားဆိုတဲ့ မျှော်လင့်ချက်မျိုးလည်း ဗိုလ်ကြီးညီသုတမှာ ရှိခဲ့ပါတယ်။

    “အဲဒီကလေးမကို သတ်ခဲ့တဲ့သူ ဘာဖြစ်မလဲပေါ့။ အရေးယူခံရမလား။ အဲဒါဆိုရင် မျှော်လင့်ချက်ရှိသေးတယ်လို့တောင် ကျွန်တော်တွေးလိုက်သေးတယ်။ ဒါပေမယ့် ဖြစ်မလာပါဘူး”

    အဲဒီနှစ် မတ်လမှာ စစ်တပ်ကတည်းကထွက်ခဲ့တဲ့ ညီသုတက စစ်သားတွေ အောက်ခြေမှာ ပိတ်မိနေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    “စစ်သားတွေက ထောင်သားတွေလိုပဲ။ အထက်အမိန့်ကို နာခံရတယ်။ ဆန္ဒပြသူတွေကို နှိမ်နှင်းဖို့၊ သတ်ဖြတ်ဖို့ အမိန့်ပေးရင်လည်း လိုက်လုပ်ရတာပါပဲ”

    အမိန့်အတိုင်းလိုက်မလုပ်ရင် ထောင်ချခံရတာ၊ အသတ်ခံရတာ၊ မိသားစုတွေကို ဒုက္ခပေးတာမျိုးတွေလည်း ရှိကြောင်း ဗိုလ်ကြီးညီသုတက ဖွင့်ဟပါတယ်။

    “ပြည်သူကိုမသတ်ရင် မင်းလည်း ရှင်သန်လို့မရဘူးဆိုတဲ့ပုံစံမျိုး အဓမ္မ ခိုင်းတာပါ။ အစပိုင်းက ဒီလို၀ါဒမျိုးကို ကြိုက်ချင်မှကြိုက်လိမ့်မယ်။ နာကျင်မှုကြောင့် ထွက်ပေါ်လာတဲ့ အော်ဟစ်ငိုယိုသံတွေကို နားယဥ်ချင်မှ ယဥ်လိမ့်မယ်။ ဒါပေမယ့် ကြာလာတော့လည်း ရိုးသွားတာပါပဲ။ ရွေးချယ်စရာမရှိတော့ အထက်ကခိုင်းသမျှ လိုက်လုပ်ရတဲ့ ဘ၀တွေပါ”

    ၁၀ စုနှစ်တစ်ခုကြာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အခု စစ်အာဏာသိမ်းမှုမှာ စစ်သားတော်တော်များများဟာ အရင်ကထက်ပိုပြီး ဆုံးဖြတ်ချက် ပြတ်သားလာကြပါတယ်။

    ပြီးခဲ့တဲ ၂ ပတ်အတွင်း ဒုတိယဗိုလ်မှူးကြီး ၃ ဦးအပါအ၀င် စစ်တပ်က အရာရှိတစ်ချို့ မိသားစုလိုက် ဘက်ပြောင်းလာကြပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသကို ထွက်ခွာကာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါ၀င်နေကြတယ်လို့ ဗိုလ်ကြီး ညီသုတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    နောက်ထပ် အရာရှိတွေ အခုလို ဘက်ပြောင်းလာဖို့လည်း သူက မျှော်လင့်နေပါတယ်။ ဗိုလ်ကြီးညီသုတဟာ ဘက်ပြောင်းလိုတဲ့ စစ်သားတွေကို ကူညီပေးနေတဲ့ ‘ပြည့်သူ့စစ်သားအဖွဲ့’ ကို ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။

    ကရင်ပြည်နယ်မှာ ဗိုလ်ကြီးပြည့်စုံဦးတစ်ယောက် လက်နက်ကိုင်တော်လှန်ရေးမှာ ပါ၀င်နေပေမယ့် အနာဂတ်ကတော့ မှုန်၀ါးနေဆဲပါ။ 

    “လက်ရှိမှာ ကျွန်တော် အနာဂတ်ပျောက်နေတယ်။ တော်လှန်ရေးမေအာင်မချင်း အနာဂတ်ကို မစဥ်းစားရဲသေးဘူး”

    Ref: Aljazeera 

  • ၃ လအတွင်း တရားမ၀င်မြန်မာနိုင်ငံသား ၆ ထောင်နီးပါးဖမ်းမိဟု ထိုင်း ထုတ်ပြန်

    ၃ လအတွင်း တရားမ၀င်မြန်မာနိုင်ငံသား ၆ ထောင်နီးပါးဖမ်းမိဟု ထိုင်း ထုတ်ပြန်

    မတ် ၇၊ ၂၀၂၂

    M-Media 

    – အခုနှစ် ၃ လအတွင်း ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    ဒါဟာ ဇန်န၀ါရီလကနေ မတ်လ ပထမအပတ်အတွင်း  ကန်ချာနာဘူရီနဲ့ ပရာချွတ် ကီရီကန်ခရိုင်တွေမှာ ဖမ်းဆီးရမိတဲ့ အရေအတွက် ဖြစ်ပါတယ်။ 

    ပွဲစားတွေဟာ တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်၊ မြိတ်ဖက်က ရွာတွေကနေတစ်ဆင့် တောလမ်းကနေ ခေါ်လာကြတာလို့ ထိုင်းဒေသခံတစ်ဦးက ပြောပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီလ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲ အလုပ်ရရှိနိုင်ရေး တရားမ၀င်၀င်ရောက်တဲ့ မြန်မာနိုင်ငံသားအရေအတွက် သိိိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇန်န၀ါရီလမှာ ၀င်ရောက်လာတဲ့ ပမာဏဟာ တစ်လအတွင်း အမြင့်ဆုံးဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ 

    ထိုင်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတစ်ဦးက ထိုင်းလုပ်ငန်းရှင်တွေဟာ တရားမ၀င်လာဖို့ အရင်ခေါ်ပြီး ရောက်လာမှ ပါမစ်လုပ်ပေးကြတယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref : The Star