News @ M-Media

Author: Ko Lay

  • ၈ နာရီ အိပ်ခြင်းသည် မျက်နှာနှင့် အမည်ကို ပိုမိုမှတ်မိစေနိုင်

    ၈ နာရီ အိပ်ခြင်းသည် မျက်နှာနှင့် အမည်ကို ပိုမိုမှတ်မိစေနိုင်

    နိုဝင်ဘာ ၂၆၊ ၂၀၁၅
    M-Media

    sleep

    လူတစ်ဦးသည် ၈ နာရီကြာ အိပ်စက်ခြင်းဖြင့် မျက်နှာနှင့် အမည်နာမများ မှတ်မိရာတွင် ထူးခြားစွာတိုးတက်လာဟု သုတေသီများက မကြာသေးမီက ရှာဖွေတွေ့ရှိထားသည်။

    ဘော်စတွန်ရှိ ဘရီဟမ်နှင့် အမျိုးသမီးဆေးရုံရှိ လက်ထောက် အာရုံကြောသိပ္ပံပညာရှင် ဒေါက်တာဂျင်းနီ ဒက်ဖီက ‘အိပ်စက်ခြင်းကြောင့် ပိုမိုကောင်းမွန်လာသော မှတ်ဥာဏ်အမျိုးမျိုးအကြောင်း ကျွန်တော်သိပြီဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း Mail Online ၏ ကျန်းမာရေးကဏ္ဍတွင် ဖော်ပြခဲ့သည်။

    “တရေးတမော အိပ်စက်ခြင်းကနေ မျက်နှာအသစ်တွေရယ်၊ နာမည်အသစ်တွေကို ဘယ်လောက်ထိ မှတ်မိနိုင်စွမ်းရှိမရှိ လေ့လာမှုနှစ်ခုလောက် လုပ်ထားပေမဲ့လည်း ညလုံးပေါက်အိပ်စက်မှုကနေ ဘယ်လောက် အကျိုးသက်ရောက်မှုရှိလဲ ဆိုတာကိုတော့ လေ့လာထားတာမျိုး မရှိသေးပါဘူး။ စမ်းသပ်ခံပုဂ္ဂိုလ်တစ်ချို့ကို အိပ်ရေး၀၀ အိပ်စက်စေပြီး မျက်နှာနှင့်တွဲလျက် နာမည်တွေကို မေးမြန်းစစ်ဆေးကြည့်ရာမှာတော့ မှန်ကန်စွာဖြေဆိုနိုင်ပြီး ယုံကြည်မှု ပိုမိုရရှိလာစေသည်ကိုလည်းတွေ့ခဲ့ရပါတယ်” ဟု ဒက်ဖီက ထည့်သွင်းပြောကြားခဲ့သည်။

    စမ်းသပ်ခံမည့် လူအချို့ကို ဆေးရုံထဲ၌ နေစေပြီး အရောင် ၆၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော လူမျက်နှာဓာတ်ပုံ ၂၀ ခန့်ကို ပြသခဲ့ကာ အလွတ်မှတ်ခိုင်းခဲ့သည်။ ၁၂ နာရီကြာသည့်အခါတွင် ဓာတ်ပုံနဲ့ အမည်နာမများအား အမှန်၊ အမှား ပြသ၍ မေးမြန်းခဲ့သည်။ ပါဝင်သူများကို နှစ်ကြိမ် စမ်းသပ်ခဲ့သည်။

    တစ်ကြိမ်တွင် အချိန်အပိုင်းအခြားဖြင့် အိပ်စေပြီး နောက်တစ်ကြိမ်တွင်တော့ ပုံမှန်အတိုင်းပင် အိပ်စေခဲ့ပါတယ်။ ၈ နာရီကြာသည်အထိ အိပ်ခိုင်းခဲ့ရာတွင် မျက်နှာနှင့် အမည်များ ကို ၁၂ ရာခိုင်နှုန်းအထိ တိုးတက်မှန်ကန်ခဲ့သည်။

    သုတေသီများက အိပ်ချိန်အပိုင်းအခြားနှင့် အိပ်စက်မှုအဆင့်များသည် မျက်နှာများနှင့် အမည်များကို မှန်မှန်ကန်ကန် မှတ်မိနိုင်စွမ်းအပေါ် မလွှမ်းမိုးနိုင်ပါဟု ပြောကြားခဲ့သည်။

    ယခုစမ်းသပ်မှုတွင် လူ အယောက် ၂၀ ခန့် ပါဝင်ခဲ့သော်လည်း သုတေသနအဖွဲ့မှာ သက်ကြီးရွယ်အိုများအပါအ၀င် အရွယ်အစုံကို စမ်းသပ်ချင်သေးကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    အိပ်စက်ခြင်းသည် အချက်အလက်အသစ်များ သင်ယူရန်အတွက် အလွန်အရေးကြီးကြောင်း ဒေါက်တာဒက်ဖီက ဆိုသည်။ လူများမှာ အသက်ကြီးရင့်လာသည်နှင့်အမျှ အိပ်စက်မှုလျော့နည်းလာပြီး အိပ်စက်သည့်ပုံစံ ကစဥ့်ကလျား ဖြစ်လာသည့်အတွက် မှတ်ဥာဏ်ဆိုင်ရာ လုပ်ငန်းစဉ်ကို ထိခိုက်စေသည်ဟု ဆိုသည်။ အိပ်စက်ခြင်းကို အထူးပြုလေ့လာခြင်းဖြင့် အသက်အရွယ်မရွေး လေ့လာသင်ယူနိုင်စွမ်းကို အကျိုးသက်ရောက်မှု ရှိလာစေမည်ဖြစ်သည်။

    Ref: IINA News

  • အမျိုးသမီး ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှု အင်ဒိုတွင် ပြုလုပ်

    အမျိုးသမီး ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှု အင်ဒိုတွင် ပြုလုပ်

    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    indo

    – အမျိုးသမီးများမှာ တစ်စိမ်းတစ်ရံစာ အမျိုးသားများနှင့် ဖက်လှဲတကင်း မပြုရဟူသည့် အစ္စလာမ်၏ သွန်သင်ချက်နှင့် ကိုက်ညီရန်၊ အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အရှက်ရစေခြင်းများ လျော့ကျစေရန်အတွက် အင်ဒိုနီးရှားနိုင်ငံမှာ မကြာသေးမီက အမျိုးသမီးမောင်းနှင်သည့် ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှုကို စတင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ဆိုင်ကယ်တက္ကဆီလုပ်ငန်းကို ဆူရာဘာယာဒေသတွင် ယခင်က အစားသောက်များ လိုက်လံပို့ဆောင်ပြီး တစ်ခါတစ်ရံတွင် အမျိုးသားများ၏ ဆိုင်ကယ်တက္ကဆီကို အသုံးပြုရန် ကြောက်ရွံ့သည့် အမျိုးသမီးများအား လိုက်ပို့ပေးသည့် အီဗီလီတာ အက်ဒရီယာနီက စိတ်ကူးရကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    “ဒါက သက်တောင့်သက်သာရှိပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အမျိုးသားယဉ်မောင်းရဲ့ လက်မောင်း၊ ဒါမှမဟုတ် ခါးကို ကိုင်စရာ မလိုတော့ပါဘူး။ ပြီးတော့ လိင်ပိုင်းဆိုင်ရာ အရှက်တကွဲပြုခံရတာမျိုး မရှိတဲ့အတွက် ပိုလုံခြုံပါတယ်” ဟု အသက် ၁၉ နှစ်အရွယ် အက်ဒရီယာနီက ပြောကြားခဲ့သည်။

    အက်ဒရီယာနီမှာ အမျိုးသမီး ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှုပေးသည့် လုပ်ငန်းကို ထူထောင်ရန်အတွက် အခြားသော ဆိုင်ကယ်မောင်းသူ အမျိုးသမီး ရီဇာ ဇာမီရ်အား ဖိတ်ခေါ်ခဲ့သည်။

    ဂျကာတာပို့စ်၏ ဖော်ပြချက်အရ ပြီးခဲ့သည့် နှစ်အတွင်း ဘတ်စ်ကားများ၌ လိင်ပိုင်းဆိုင်ရာ အရှက်ရအောင် ပြုမူမှုများ အများပြားရှိခဲ့သည်ဟု သိရပြီး ထိုပြဿနာများမှာ ရဲစခန်းသို့ ရောက်ရှိခြင်း မရှိခဲ့ပေ။

    အက်ဒရီယာနီကမူ မိမိတို့၏ ကုမ္ပဏီအသစ်တွင် အမျိုးသမီး ဆိုင်ကယ်တက္ကဆီ ယာဉ်မောင်းများအနေဖြင့် ဟီဂျဘ်ပုဝါနှင့် ပွယောင်းသော အ၀တ်အစားများကို ၀တ်ဆင်ရမည်ဟု ဆိုသည်။ ထို့ပြင် အဆိုပါ ၀န်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် အန်ဒရွိုက်ဖုန်းအသုံးပြုကာ အွန်လိုင်းမှ ဘိုကင်လုပ်နိုင်မည် ဖြစ်သည်။

    အဆိုပါ ဆိုင်ကယ်တက္ကဆီဝန်ဆောင်မှုကို ပြီးခဲ့သည့်မတ်လကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်အမျိုးသမီးများအတွက် ရည်ရွယ်သော်လည်း မွတ်စလင်မဟုတ်သူများက စိတ်ဝင်စားကာ အသုံးပြုမှုများ ရှိနေသည်ဟု အက်ဒရီယာနီက ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် အဆိုပါ အမျိုးသမီးတက္ကဆီဝန်ဆောင်မှုကို ဂျာဗားကျွန်းရှိ မြို့ ၁၂ မြို့တွင် ဆောင်ရွက်နေပြီး ကျောင်းသူများမှ အိမ်ထောင်ရှင်များအထိ တက္ကဆီယာဉ်မောင်း ၃၅၀ ဦးဖြင့် ၀န်ဆောင်မှုပေးနေသည်။

    Ref: IINA News

  • ရီးယဲလ်နည်းပြနှင့် ထိပ်တန်း ကစားသမားများ ဆက်ဆံရေး ပြိုကွဲနေတယ်လို့ ဘယ်သူပြောတာလဲ

    ရီးယဲလ်နည်းပြနှင့် ထိပ်တန်း ကစားသမားများ ဆက်ဆံရေး ပြိုကွဲနေတယ်လို့ ဘယ်သူပြောတာလဲ

    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    hi-res-febd6685b85711536496e37941c27fb8_crop_north
    – ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်အနေဖြင့် ထိပ်တန်း ကစားသမားများနှင့် ဆက်ဆံရေးမှာ ပြိုကွဲနေပြီး၊ ထိုကစားသမားများအား စီမံခန့်ခွဲနိုင်ရန် နည်းလမ်းများကို ပြောင်းလဲရမည်ဟု လီဗာပူးလ် ကွင်းလယ်လူဟောင်း စတီဗင် ဂျရတ်က ပြောကြားလိုက်သည်။

    ဘာစီလိုနာကို အိမ်ကွင်း၌ ၄ ဂိုးပြတ်ဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဘင်နီတက်ဇ်၏ အနာဂတ်အတွက် မေးခွန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့သော်လည်း ရီးယဲလ်ဘုတ်အဖွဲ့က တနင်္လာနေ့တွင် အရေးပေါ်အစည်းအဝေး ခေါ်ယူကာ နည်းပြအား ထောက်ခံကြောင်း မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ဘင်နီတက်ဇ်မှာ ရော်နယ်ဒိုအပါအ၀င် အသင်းရှိ နာမည်ကြီး ကစားသမားများနှင့် မကျေမလည် ဖြစ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

    “သူ့ကို ယုံကြည်ကြောင်းတော့ မဲပေးခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ များသောအားဖြင့် သိပ်မလွယ်ပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။

    ရာဖာဟာ ကျွန်တော့်အတွက်တော့ နည်းပြကောင်းတစ်ယောက်ပါ။ အ၀တ်လဲခန်းမှာ ထိပ်တန်းကစားသမားတွေနဲ့ သူ့ရဲ့ ဆက်ဆံရေးကိုပဲ ကျွန်တော် တွေးမိပါတယ်။

    အပြင်ကနေကြည့်ရင်တော့ အခုအချိန်မှာ အဲဒီဆက်ဆံရေးဟာ သိပ်မကောင်းတဲ့ အနေအထားပါပဲ။ အချိန်က စကားပြောသွားပါလိမ့်မယ်” ဟု ဂျရတ်က ပြောကြားခဲ့သည်။

    ထို့ပြင် ရီးယဲလ်၏ ရလဒ်ဆိုးများအတွက် ဘင်နီတက်ဇ် တစ်ဦးတည်းကို လက်ညှိုးထိုး၍ မဖြစ်နိုင်ဘဲ အသင်းသားအားလုံးတွင်လည်း တာဝန်ရှိသည်ဟု ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • Wi-Fi ထက် ပိုမြန်သည့် Li-Fi စနစ် လာတော့မည်

    Wi-Fi ထက် ပိုမြန်သည့် Li-Fi စနစ် လာတော့မည်

    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    – လက်ရှိအသုံးပြုနေသည့် Wi-Fi ထက် အဆ ၁၀၀ ပိုမြန်သော 1Gbps ပမာဏထိ အချက်အလက်များ ပို့လွှတ်ပေးနိုင်သည့် Li-Fi စနစ်ကို မကြာမီ အသုံးပြုနိုင်တော့မည်ဟု Velmenni ကုမ္ပဏီက IB Times သတင်းဌာနသို့ ပြောကြားခဲ့သည်။

    အရည်အသွေးမြင့် ရုပ်ရှင်ဇာတ်ကားများကို စက္ကန့်အနည်းငယ်အတွင်း Download ဆွဲနိုင်မည့် အဆိုပါစနစ်ကို ဓာတ်ခွဲခန်းတွင် စမ်းသပ်ခဲ့ပြီး လက်ရှိတွင် ပြင်ပရုံးခန်းများနှင့် အက်စတိုးနီးယားရှိ စက်မှုဇုန်များတွင် စမ်းသပ်ရန် ဆောင်ရွက်နေသည်ဟု ကုမ္ပဏီက ဆိုသည်။

    Li-Fi စနစ်မှာ တစ်စက္ကန့်၏ သန်းတစ်ထောင်ပုံ တစ်ပုံတွင် မှိတ်တုတ်လင်းသော LED မီးလုံးများကို အသုံးပြု၍ အချက်အလက်များကို ပို့လွှတ်မည်ဖြစ်သည်။ ထိုမှိတ်တုတ်လင်းမှုကို လူ့မျက်စိဖြင့် မြင်နိုင်မည်မဟုတ်ပေ။ ထိုစနစ်ကို ၂၀၁၁ ခုနှစ်ကတည်းက စမ်းသပ် တီထွင်နိုင်ခဲ့ခြင်းဖြစ်ပြီး အမြန်နှုန်းမှာ 224Gbps အထိ ရရှိနိုင်သည်။

    Wi-Fi ထုတ်လွှင့်မှုတွင် နံရံများကို ထိုးဖောက်နိုင်သော်လည်း အလင်းကို အသုံးပြုသည့် Li-Fi စနစ်မှာ ထိုအတားအဆီးများအတွက် ပို၍ ကန့်သတ်ချက် ရှိမည်ဖြစ်သည်။ သို့သော်လည်း ထိုကန့်သတ်ချက်ကြောင့်ပင် ထိုနစ်မှာ အပြင်မှ ၀င်ရောက်ဖောက်ထွင်းမှုများအတွက် လုံခြုံမှု ပိုရှိမည်ဖြစ်သည်။

    အနာဂတ်တွင် LED မီးလုံးကို ပုံစံနှစ်မျိုးဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး တစ်မျိုးမှာ အခန်းတွင် အလင်းရောင်ပေးနိုင်ခြင်းနှင့် အခြားတစ်မျိုးမှာ အိမ်အတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ်နိုင်မည့် ကိရိယာများအတွက် ကွန်ယက်တစ်ခုကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်သည်။

    Velmenni အပြင် အခြားသော ကုမ္ပဏီများကလည်း Li-Fi စနစ်ကို ပြည်သူများသို့ မိတ်ဆက်ပေးရန် ကြိုးစားနေကြသည်။

    Ref: Mashable.com

    http://mashable.com/2015/11/25/li-fi/?utm_cid=mash-com-fb-asia-link#NMS2NxEoEqq6

  • ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချမှုအတွက် တင်းမာမှုများ မြင့်တက်နေ

    ရုရှားတိုက်လေယာဉ်ကို တူရကီက ပစ်ချမှုအတွက် တင်းမာမှုများ မြင့်တက်နေ

    နိုဝင်ဘာ ၂၅၊ ၂၀၁၅
    M-Media

    turkey

    – ယမန်နေ့က ဆီးရီးယားနယ်စပ်တွင် ရုရှားတိုက်လေယာဉ်အား တူရကီက ပစ်ချမှုနှင့် ပတ်သက်၍ ရုရှား၊ တူရကီနှင့် နေတိုးအဖွဲ့တို့မှာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စကားစစ်ထိုးမှုများ ပြုလုပ်နေသည်ဟု သိရသည်။

    Su-24 တိုက်လေယာဉ်မှာ တူရကီလေပိုင်နက်ထဲသို့ ယမန်နေ့မနက်ပိုင်းက ကျူးကျော်ဝင်ရောက်သောကြောင့် ပစ်ချလိုက်ခြင်းဖြစ်သည်ဟု တူရကီအာဏာပိုင်များက ပြောကြားခဲ့ပြီး၊ ရုရှားသမ္မတ ပူတင်ကမူ ဒေါသထွက်ခဲ့ကာ ထိုအဖြစ်အပျက်က “နောက်ကျောအား ဓားဖြင့်ထိုးခြင်း” ဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    လေယာဉ်မှာ ဆီးရီးယားပိုင်နက် လာတာကီယာမြို့ရှိ ရာမာဒီရွာတွင် ပျက်ကျခဲ့သည်။

    “ဒီနေ့ ဒီဆုံးရှုံးမှုဟာ အကြမ်းဖက်သမားတွေရဲ့ ကြံရာပါတွေက ကျွန်တော်တို့နောက်ကျောကို ဓားနဲ့ ထိုးလိုက်တာပါပဲ။ ဒီနေ့ဖြစ်ပျက်ခဲ့တာကို အခြားပုံစံတစ်မျိုးနဲ့ ကျွန်တော် မမြင်နိုင်ပါဘူး” ဟု ပူတင်က တင်းမာသောမျက်နှာထားဖြင့် ယမန်နေ့ ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ လေယာဉ်ဟာ ဆီးရီးယားပိုင်နက်ထဲမှာ တူရကီ F16 တိုက်လေယာဉ်ရဲ့ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ချခံလိုက်ရပါတယ်။ တူကရီနယ်စပ်နဲ့ ၄ ကီလိုမီတာလောက်အကွာက ဆီးရီးယားပိုင်နက်ထဲမှာ ပျက်ကျသွားခဲ့တယ်။ ကျွန်တော်တို့ လေယာဉ်မှူးတွေနဲ့ လေယာဉ်ဟာ တူရကီကို ဘယ်လိုနည်းနဲ့မှ ခြိမ်းခြောက်မှု မရှိခဲ့ပါဘူး” ဟု ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

    ထို့ပြင် တူရကီက ထိုအဖြစ်အပျက်ကို နေတိုးအဖွဲ့နှင့် ဆွေးနွေးရန် ဆက်သွယ်ခဲ့ခြင်းအတွက် ပူတင်က ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့သည်။

    “ကျွန်တော်တို့နဲ့ ချက်ချင်းဆက်သွယ်ရမယ့်အစား ကျွန်တော်တို့ သိရသလောက်တော့ တူရကီဟာ ဒီအဖြစ်အပျက်ကို ဆွေးနွေးဖို့အတွက် နေတိုးမိတ်ဖက်နိုင်ငံတွေဖက်ကို လှည့်ခဲ့ပါတယ်။ ကျွန်တော်တို့က သူတို့လေယာဉ်ကို ပစ်ချလိုက်သလိုပါပဲ”

    သို့သော်လည်း တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူကမူ တူရကီမှာ မိမိတို့၏ နယ်ခြားကို ဖြတ်ကျော်လာသည့် မည်သူ့ကိုမဆို တုန့်ပြန်ပိုင်ခွင့်ရှိသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ဝေဟင်နဲ့ မြေပြင်ကို ဘယ်သူက ကျူးကျော်လာသည်ဖြစ်စေ တုန့်ပြန်ဆောင်ရွက်ရမှာက ကျွန်တော်တို့ရဲ့ နိုင်ငံတကာအခွင့်အရေး၊ အမျိုးသားရေးတာဝန် ဖြစ်တယ်ဆိုတာ လူတိုင်း သိရမှာပါ။ တိုင်းပြည်ရဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် နည်းလမ်းပေါင်းစုံသုံးဖို့ တူရကီက တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” ဟု ဒါဗူတော့ဂ်လူက ပြောကြားခဲ့သည်။

    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာနကလည်း မိမိတို့မှာ တူရကီနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်လိုက်သည်ဟု ကြေငြာခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ် ယနေ့တွင် တူရကီသို့ သွားရောက်ရန် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်သည်။

    ထို့ပြင် နိုင်ငံသားများကိုလည်း တူရကီသို့ မသွားရောက်ရန် သတိပေးထားပြီး လေယာဉ်ပျက်ကျသည့် နေရာ၏ ကမ်းရိုးတမ်းတွင်လည်း စစ်သင်္ဘောများကို ရုရှားက ချထားလိုက်သည်။

    နေတိုးအဖွဲ့ကမူ တူရကီနှင့် ရုရှားနိုင်တို့အနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး အဖွဲ့၏ အတွင်းရေးမှူးချုပ် ဂျန်စ် စတိုလ်တန်ဘာ့ဂ်က “ကျွန်တော်တို့ဟာ တူရကီနဲ့အတူ ရပ်တည်မှာပါ။ ပြီးတော့ ကျွန်တော်တို့ နေတိုးအဖွဲ့ မဟာမိတ်ရဲ့ ပိုင်နက် တည်တံ့ခိုင်မြဲမှုကိုလည်း ကျွန်တော်တို့က ထောက်ခံအားပေးသွာမှာပါ” ဟု ပြောကြားခဲ့သည်။

    နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သော အမေရိကန်ကလည်း တူရကီ၏ ပိုင်နက်ကာကွယ်မှု အခွင့်အရေးအတွက် ထောက်ခံပြောဆိုခဲ့သည်။

    Ref: Aljazeera