News @ M-Media

Author: Ko Lay

  • အမေရိကန် မွတ်စလင် ညီအမနှစ်ဦးကို ခြိမ်းခြောက်ခဲ့သည့်ကိစ္စအား စုံစမ်းပေးရန် CAIR တောင်းဆို

    အမေရိကန် မွတ်စလင် ညီအမနှစ်ဦးကို ခြိမ်းခြောက်ခဲ့သည့်ကိစ္စအား စုံစမ်းပေးရန် CAIR တောင်းဆို

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    cair
    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ CAIR ၏ နယူးယောက်ဌာနခွဲသည် နယူးယောက်မြို့တော် ရဲတပ်ဖွဲ့နှင့်
    အက်ဖ်ဘီအိုင်တို့ကို မွတ်ဆလင်အမျိုးသမီးနှစ်ဦးအား အမေရိကန် စာပို့ဝန်ထမ်းဝတ်စုံဝတ်ဆင်ထားပြီး စာပို့ရုံးဝန်ထမ်းဟုဆိုသူ လူတစ်ဦးက အမုန်းရာဇ၀တ်မှု ကျူးလွန်ခဲ့မှုကို ရှာဖွေဖော်ထုတ်ပေးရန် တောင်းဆိုလိုက်သည်။
    ဘရွတ်ကလင်းမြို့ ဘက်ဒ်ဖို့ဒ်စတူဗီဆန့်၌ သောကြာနေ့ညနေပိုင်းတွင် ညီအမနှစ်ဦးနှင့် ရင်ခွင်ပိုက်ကလေးငယ်တစ်ဦးကို စာပို့ဝန်ထမ်းတစ်ဦး မသင်္ကာဖြစ်စရာလောက်အောင် ချဉ်းကပ်လာပြီး “မင်းတို့ဘုရားကျောင်းကို မီးရှို့ပစ်မယ်” ဟု ပြောဆိုခဲ့သည်။
    ၎င်းသည် လမ်းဖြတ်ကူးနေစဉ် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးကို တံတောင်ဖြင့်တိုက်သွားပြီး မျက်နှာကို တံတွေးဖြင့် ထွေးသွားခဲ့သည်။
    အမျိုးသမီးနှစ်ဦးသည် စတိုးဆိုင်ထောင့်တစ်နေရာကို လျှောက်သွားခဲ့သော်လည်း ထိုအမျိုးသားမှာ ၎င်းတို့နှစ်ဦးအနောက်သို့ ဆက်လက်လိုက်ပါခဲ့သည်။
    စတိုးဆိုင်ထဲသို့အရောက်တွင် “မင်းတို့ဘုရားကျောင်းကို မီးရှို့ပစ်မယ်” ဟု ဆက်လက်ခြိမ်းခြောက်ပြောဆိုခဲ့ပြီး ကလေးငယ်ကိုပင် အော်ဟစ်ခဲ့သည်။
    အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သော ဖော်ပြချက်တွင် CAIR မှ ဒါရိုက်တာ ဖြစ်သူ ဆာဒီယာခါလစ်က်က “ကျွန်တော်တို့ဒီလိုခြိမ်းခြောက်မှုမျိုးကို အမုန်းရာဇ၀တ်မှုအဖြစ် စုံစမ်းဖော်ထုတ်ပေးဖို့ အမေရိကန် စာပို့လုပ်ငန်း စုံစမ်းစစ်ဆေးသူများ၊ နယူးယောက်ရဲတပ်ဖွဲ့နဲ့ ပြည်နယ်ရဲအရာရှိတွေကို တောင်းဆိုလိုက်ပါတယ်။ ပြီးတော့ ဒါကို အရေးကြီး မှတ်တမ်းအဖြစ် မှတ်တမ်းတင်ထားဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

    မကြာသေးမီက ပြင်သစ်အကြမ်းဖက်မှုများအပြီးတွင် နိုင်ငံတစ်ဝှမ်းရှိ မွတ်စလင် ၀တ်ပြုဆောင်များကို တိုက်ရိုက်တိုက်ခိုက်ရန် ဦးတည်လာမှုများ၊ မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကား ဖြန့်ဝေမှုများလည်း တဟုန်ထိုး မြင့်တက်လာသောကြောင့် ယနေ့တွင်လည်း ကောင်စီ၏ မက်ဆာချူးဆက်ဌာနခွဲက ပြည်တွင်း ဗလီဝတ်ကျောင်းတော်များကို ရဲအစောင့်အရှောက် တိုးမြှင့်ပေးရန်အတွက်လည်း မက်ဆာချူးဆက် CAIR က တောင်းဆိုခဲ့သည်။

    Ref: IINA News

  • ယူကရိန်းပဋိပက္ခအတွက် ကန်၏မူဝါဒများမှာ တတိယကမ္ဘာစစ်ဖြစ်စေနိုင်ဟု လေ့လာသူ ပြော

    ယူကရိန်းပဋိပက္ခအတွက် ကန်၏မူဝါဒများမှာ တတိယကမ္ဘာစစ်ဖြစ်စေနိုင်ဟု လေ့လာသူ ပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    us
    – ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ဖြစ်ပွားနေသည့် ပဋိ့က္ခများနှင့် စပ်လျဉ်း၍ အမေရိကန်၏ ပေါ်လစီများက တတိယ ကမ္ဘာစစ်အား ဦးတည်သွားစေနိုင်သည်ဟု အမေရိကန်နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားလိုက်သည်။
    “ယူကရိန်းတပ်ဖွဲ့များ၏ ရုရှားအပေါ် တိုက်ခိုက်မှုများကို လေ့ကျင့်မှုများပြုလုပ်ပေးရန်  ပန်တဂွန်စစ်ဌာနချုပ်က ဒေါ်လာ သန်း၂၅၀ ထောက်ပံ့သုံးစွဲခဲ့သည်ဆိုသော အမေရိကန်အစိုးရ၏ အခန်းကဏ္ဍကို ကြားလိုက်ရတာ တော်တော်လေး စိတ်သောကရောက်ရပါတယ်” ဟု တင်မ်ကင်က ပရက်စ်တီဗွီကို အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
    အမေရိကန်သည် ရုရှားကို စစ်ဆင်နွှဲရန်နှင့် တတိယကမ္ဘာစစ်ဖြစ်စေရန် လုပ်ဆောင်နိုင်သမျှ အကုန်လုပ်မည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ကင်မ်သည် ကမ္ဘာလုံးဆိုင်ရာသတင်းစင်တာကို တည်ထောင်သူ ဖြစ်သည်။
    မကြာသေးမီ ရက်သတ္တပတ်များက ယူကရိန်းအရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သော ယူကရိန်းစစ်တပ်နှင့် ရုရှားထောက်ခံသူတပ်ဖွဲ့များကြား တိုက်ခိုက်မှုများ တိုးမြှင့်လာပြီးနောက် ပင်တဂွန်က သင်တန်းပေးလေ့ကျင့်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
    ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး ဂျက်ဖ်ဒေးဗစ်က ၂၀၁၄ ခုနှစ်တွင် ၀ါရှင်တန်မှာ ယူကရိန်းတပ်ဖွဲ့များကို လက်နက်တပ်ဆင်ထားသည့် ဘက်စုံသုံးစစ်ကားများ၊ ရေဒါသုံးစက်သေနတ်များ၊ ညကြည့်မျက်မှန်များ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ ထောက်ပံ့ရန် ဒေါ်လာ ၂၆၅ သန်း သုံးစွဲခဲ့သည်ဟု ပြောကြားခဲ့သည်။
    အမေရိကန်သည် ယူကရိန်းအစိုးရကို ထောက်ပံ့မှုများ ထပ်ခါထပ်ခါ ကူညီခဲ့ပြီးဖြစ်သော်လည်း ရုရှားနှင့် စစ်ဘက်ဆိုင်ရာ ထိပ်တိုက်မတွေ့ဆုံမိစေရန် အထူးသတိထားလျက်ရှိသည်။
    Ref : PressTV
  • မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ယခုနှစ်တွင် ၁၄ ရာခိုင်နှုန်း မြင့်တက်

    မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု ယခုနှစ်တွင် ၁၄ ရာခိုင်နှုန်း မြင့်တက်

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    myan

    – လက်နက်ကိုင်တိုက်ခိုက်မှု၊ သဘာဝဘေးအန္တရာယ်များကြောင့် ကုန်သွယ်ရေး ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏
    နယ်စပ်ကုန်သွယ်မှုမှာ နိုဝင်ဘာလ အလယ်အထိ စာရင်းများအရ ယမန်နှစ်ကထက် ၁၄ ရာခိုင်နှုန်း တက်လာခဲ့သည်ဟု
    သိရသည်။

    နယ်စပ်ဂိတ် ၁၅ ခုမှ စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ ယခုအချိန်အထိ ကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိနေပြီး ယမန်နှစ် ယခုလိုအချိန်က ကုန်သွယ်မှုပမာဏထက် သန်း ၅၀၀ ကျော် မြင့်တက်လာခြင်းလည်း ဖြစ်သည်။

    ယခုဘဏ္ဍာရေးနှစ်အတွင်း ပထမ ၈ လတွင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးမှာ ယမန်နှစ်ကထက် နှိုင်းယှဉ်ပါက ဒေါ်လာ ၄၉၂.၉၁ သန်း တက်လာခဲ့ပြီး ၄.၂၄ ဘီလီယံအထိ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်မှာ ဧပြီ ၁ ရက်နေ့မှ
    မတ်လ ၃၁ ရက်နေ့အထိ ဖြစ်သည်။

    ကုန်သွယ်မှုအမြင့်ဆုံး နယ်စပ်ဂိတ်မှာ တရုတ်နယ်စပ်ရှိ မူဆယ် နယ်စပ်ဂိတ်ဖြစ်ပြီး၊ ဒုတိယအမြင့်ဆုံးမှာ ထိုင်းနယ်စပ်ရှိ
    မြ၀တီနယ်စပ်ဂိတ်ဖြစ်သည်။ အဆိုပါနယ်စပ်ဂိတ်များတွင်လည်း ယခုနှစ် ကုန်သွယ်မှုပမာဏမှာ ယမန်နှစ်ကထက် တိုးတက်မှုများ ရှိခဲ့သည်။

    မတည်ငြိမ်မှုများရှိနေသော ကိုးကန့်ဒေသမှ ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကုန်သွယ်မှုမှာ တိုက်ခိုက်မှုများကြောင့် ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ် ကုန်သွယ်မှုအမြင့်ဆုံးနေရာများတွင် တတိယချိတ်ခဲ့သည်။

    ယခုနှစ်တွင် မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ် ၁၅ ခု၌ ချင်းရွှေဟော်၊ တာချီလိတ်၊ မောင်တောနှင့် တမူးတို့မှလွဲ၍ ကျန်ရှိသည့် နယ်စပ်ဂိတ်အားများလုံးတွင် ကုန်သွယ်မှုမှာ ယမန်နှစ်ကထက် မြင့်တက်ခဲ့သည်။

    Ref: Bangkokpost

  • ဗန်ဂါးလ်ကို ၁၀ ရက်အတွင်း ၃ ကြိမ် အနိုင်ယူခဲ့ဖူးသည်ဟု လက်စတာနည်းပြပြော

    ဗန်ဂါးလ်ကို ၁၀ ရက်အတွင်း ၃ ကြိမ် အနိုင်ယူခဲ့ဖူးသည်ဟု လက်စတာနည်းပြပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    van

    – စပိန်တွင် ရှိစဉ်အခါက ဗန်ဂါးလ်ကိုင်တွယ်သည့် အသင်းအား မိမိက ၁၀ ရက်အတွင်း ၃ ကြိမ် အနိုင်ယူခဲ့သည်ဟု လက်စတာစီးတီးအသင်းနည်းပြ ကလော်ဒီယို ရာနီရေးရီက ပြောကြားလိုက်သည်။

    လက်ရှိတွင် ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေသည့် လက်စတာစီးတီးအသင်းမှာ စနေနေ့တွင် မန်ယူအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။ ရာနီရေးနီမှာ ၁၉၉၉ ခုနှစ်က ဗလင်စီယာအား ကိုင်တွယ်နေသည့်အချိန် ဗန်ဂါးလ်ကိုင်တွယ်သည့် ဘာစီလိုနာအသင်းကို ၁၀ ရက်အတွင်း ၃ ပွဲတိတိ ဆက်တိုက် အနိုင်ယူနိုင်ခဲ့သည်။

    “ကျွန်တော် ကောင်းကောင်း မှတ်မိပါတယ်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ် ပထမအကျော့မှာ ဘာစီလိုနာကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ၂၄ ရက်နေ့မှာ မက်စ်တဲလားကွင်းမှာ ဒုတိယအကျော့ အဖြစ် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ၂၇ ရက်နေ့မှာလည်း နျူးကမ့်က လာလီဂါပွဲမှာ ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဖိုင်နယ်မှာ အက်သလက်တီကိုကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ကစားပြီး ရာသီအဆုံးမှာ ကျွန်တော်တို့ ဘုရင့်ဖလားကို ရရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့အသင်းက တော်တော် တောင့်တင်းပါတယ်” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

    လက်စတာမှာ ပရီးမီးယားလိဂ် ၁၃ ပွဲတွင် တစ်ပွဲသာရှုံးထားပြီး မန်ယူအား ၁ မှတ်ဖြတ်ကာ ဇယားအား ဦးဆောင်ထားသည်။

    “ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။ မန်ယူဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အင်အားကြီးအသင်း ဖြစ်တယ်။ ပြီးတော့ ဗန်ဂါးလ်ကလည်း အကောင်းဆုံးနည်းပြထဲက တစ်ဦးပါပဲ”

    Ref: Goal

  • အစ္စလာမ်အပေါ် မဟုတ်မတရား ၀ါဒဖြန့်မှုကို မွတ်စလင်ကမ္ဘာက ညီညွှတ်စွာ တုန့်ပြန်ရမည်ဟု ပါကစ္စတန်သမ္မတ ပြော

    အစ္စလာမ်အပေါ် မဟုတ်မတရား ၀ါဒဖြန့်မှုကို မွတ်စလင်ကမ္ဘာက ညီညွှတ်စွာ တုန့်ပြန်ရမည်ဟု ပါကစ္စတန်သမ္မတ ပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    wml

    – အစ္စလာမ်၊ မွတ်စလင်တို့နှင့် ပတ်သက်၍ မဟုတ်မတရား ၀ါဒဖြန့်မှုများကို တွန်းလှန်းရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များမှာ ညီညွတ်စွာ၊ အပြန်အလှန် နားလည်မှုရှိစွာဖြင့် အလုပ်လုပ်သင့်သည်ဟု ပါကစ္စတန်သမ္မတ မန်နွန်ဟူစိန်က ပြောကြားလိုက်သည်။

    ကမ္ဘာ့မွတ်စလင်လိဂ် MWL မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ အဘ်ဒူလာ အလ်-တာကီအား တွေ့ဆုံသည့် ယမန်နေ့ အခမ်းအနားတွင် သမ္မတ ဟူစိန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မွတ်စလင်များအတွင်း အချို့သော ကိစ္စများတွင် အမြင်မတူမှုများ ရှိနိုင်သော်လည်း တစ်ဦးတစ်ယောက်၏ အမြင်ကို အခြားသူတစ်ဦးက လက်ခံရမည်ဟု သတ်မှတ်မှုကို အစ္စလာမ်က လက်မခံဟု ၎င်းက ဆိုသည်။

    ထို့ပြင် ကမ္ဘာ့မွတ်စလင်လိဂ်မှာ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များအကြား သဟဇာတဖြစ်မှုကို ဖန်တီးပေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍက ပါဝင်နိုင်သည်ဟု ပါကစ္စတန်သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။

    အကြမ်းဖက်ဝါဒကြောင့် ပါကစ္စတန်နိုင်ငံတွင် ယခုအချိန်အထိ လူပေါင်း ၆၀၀၀၀ မှာ အသက်စွန့်ခဲ့ရပြီး ထိုဝါဒကို တိုက်ဖျက်ရန်အတွက် မိမိတို့မှာ စိတ်အားထက်သန်စွာ အလုပ်လုပ်နေသည်ဟု ဟူစိန်က ဆိုသည်။

    ထို့ပြင် အကြမ်းဖက်ဝါဒ အဆုံးသတ်ရေးအတွက် အင်အားသုံးဖြေရှင်းမှုကို လုပ်ဆောင်သကဲ့သို့ အခြားသော နည်းလမ်းများကို ရှာဖွေအသုံးပြုရန်အတွက်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ သို့မှသာ ပြည်သူများမှာ အစွန်းရောက်ဝါဒအတွင်းသို့ တိမ်းညွှတ်မှုမှ ရပ်တန့်သွားမည်ဟု ဆိုသည်။

    မွတ်စလင်နိုင်ငံများအနေဖြင့် ကုန်သွယ်ရေး၊ ပညာရေး၊ အထူးသဖြင့် သိပ္ပံနှင့် နည်းပညာ ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မှသာ မွတ်စလင်ကမ္ဘာတွင် ကြာရှည်ခံသော တိုးတက်မှုနှင့် သာယာဝပြောမှုတို့ကို ရရှိနိုင်လိမ့်မည်ဟု ပါကစ္စတန်သမ္မတက မီးမောင်းထိုးပြခဲ့သည်။

    ဒေါက်တာ အလ်-တာကီကလည်း မိမိတို့ ကမ္ဘာ့မွတ်စလင်လိဂ်မှာ အစွန်းရောက်ဝါဒ အဆုံးသတ်ရေးနှင့် မွတ်စလင်ကမ္ဘာတွင် အသိပညာနည်းပါးမှုတို့ကို အဆုံးသတ်ရန် အစွမ်းကုန် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: IINA News