News @ M-Media

Author: Ko Lay

  • မာလီဟိုတယ် စီးနင်းသူများကို အထူးတပ်ဖွဲ့များ ၀င်ရောက်ရှင်းလင်း

    မာလီဟိုတယ် စီးနင်းသူများကို အထူးတပ်ဖွဲ့များ ၀င်ရောက်ရှင်းလင်း

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    mali

    – ဒေသစံတော်ချိန် ယနေ့မနက်ပိုင်းက သေနတ်သမားများ တိုက်ခိုက်စီးနင်းခဲ့သည့် မာလီနိုင်ငံမြို့တော် ဘာမာကိုမှ ကြယ်ငါးပွင့်ဟိုတယ်သို့ မာလီ၊ ပြင်သစ်နှင့် အမေရိကန်အထူးတပ်ဖွဲ့များက ၀င်ရောက်နှိမ်နင်းကာ ဓားစားခံများကို ကယ်တင်နေသည်ဟု သိရသည်။

    ကွန်မန်ဒိုများ ၀င်ရောက်နှိမ်နင်းမှုအတွင်း အနည်းဆုံး လူပေါင်း ၁၇၀ ခန့် ဓားစာခံအဖြစ် ရှိနေသည့်အထဲမှ ၈၀ မှာ လွတ်မြောက်လာခဲ့ပြီး ဟိုတယ်အား ပိုင်ဆိုင်သည့် ကုမ္ပဏီကမူ ဧည်သည့် ၁၂၅ ဦးနှင့် ၀န်ထမ်း ၁၃ ဦးတို့မှာ ဟိုတယ်ထဲတွင် ဆက်လက်ရှိနေဆဲဖြစ်သည်ဟု အတည်ပြု ပြောကြားခဲ့သည်။

    အဆိုပါ တိုက်ခိုက်မှုအတွက် အလ်ကိုင်းဒါးနှင့် အဆက်အသွယ်ရှိပြီး အလ်ဂျီးရီးယားအခြေစိုက် အကြမ်းဖက်အုပ်စုဖြစ်သော အလ်-မူရာဘီတွန်က တာဝန်ယူခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာသော်လည်း တရားဝင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ စာရင်းများကို သိရှိရခြင်း မရှိသေးဘဲ ဟိုတယ်အတွင်းရှိနေသည့် ဂီနီ နာမည်ကြီးအဆိုတော် ဆီကူဘာ ဘန်ဘီနို ဒီယာဘက်တီက သေနတ်သမားများမှာ အင်္ဂလိပ်စကားဖြင့် ဆက်သွယ်ပြောဆိုသည်ကို ကြားခဲ့ရသည်ဟု Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လာမည့်နှစ်တွင် Nissan က မြန်မာနိုင်ငံ၌ ကားများ တပ်ဆင် ဖြန့်ဖြူးမည်

    လာမည့်နှစ်တွင် Nissan က မြန်မာနိုင်ငံ၌ ကားများ တပ်ဆင် ဖြန့်ဖြူးမည်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    nissan

    – မလေးရှားအခြေစိုက်ဖြစ်ပြီး Nissan ကားများကို ဖြန့်ဖြူးနေသည့် Tan Chong Motor Holdings ကုမ္ပဏီမှာ လာမည့်နှစ်မှစ၍ မြန်မာနိုင်ငံတွင် လက်ခွဲဖွင့်ကာ Nissan ကားများကို ဖြန့်ဖြူးရောင်းချတော့မည်ဟု သိရသည်။

    Tan Chong Motor (Myanmar) ကုမ္ပဏီလီမိတက်အမည်ဖြင့် ကုမ္ပဏီခွဲဖွင့်ကာ ရောင်းချသွားမည်ဖြစ်ပြီး Nissan ကား ထုတ်လုပ်ရေးက အလုံးစုံလုပ်ပိုင်ခွင့် ပေးထားသောကြောင့် ရောင်းချပြီးနောက် ဆားဗစ်ပိုင်းအတွက်လည်း ၎င်းတို့ကပင် တာဝန်ယူ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။

    ထို့ပြင် TCM Myanmar မှာ မိမိနှစ်သက်သူကို လက်လီရောင်းချမှု လုပ်ပိုင်ခွင့်၊ ရောင်းချပြီးနောက် ဆားဗစ်ပိုင်းအတွက် လုပ်ပိုင့်ခွင့်တို့ကိုလည်း ထပ်မံပေးအပ် ခန့်ထားနိုင်မည်ဖြစ်သည်။

    Tan Chong Motor Holdings ကမူ မိမိတို့မှာ လာမည့်နှစ် ဒုတိယနှစ်ဝက်တွင် မြန်မာနိုင်ငံအတွင်း ကားများကို စတင် ဖြန့်ဖြူးနိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။

    TCM မှာ ပဲခူး၌ ဧက ၅၀ ရှိသော ဧရိယာအကျယ်အ၀န်းတွင် ကားအစိတ်အပိုင်းများကို တပ်ဆင်နိုင်မည့် အလုပ်ရုံတစ်ခု ဆောက်လုပ်နေပြီး လာမည့်နှစ်တွင် ပြီးစီးမည်ဖြစ်သည်။

    နောက်ထပ် ၅ နှစ်ကာလအတွင်း တစ်နှစ် ကားအစီးရေ ၉၁၀၀၀ တပ်ဆင်ထုတ်လုပ်ရန် ကုမ္ပဏီက လျာထားသည်။ ပထမ ၃ နှစ်အတွင်း ကားတပ်ဆင်စက်ရုံနှင့် အရောင်းပြခန်း တည်ဆောက်မှုတို့အပါအ၀င် စုစုပေါင်း ကုန်ကျငွေ ကန်ဒေါ်လာ သန်း ၅၀ ရှိမည်ဟု ခန့်မှန်းထားသည်။

    Ref: The Star

  • ဒုက္ခသည်များကို စာနာသော မှတ်ချက်ကြောင့် CNN ၀န်ထမ်းတစ်ဦး အလုပ် ယာယီရပ်နားခံရ

    ဒုက္ခသည်များကို စာနာသော မှတ်ချက်ကြောင့် CNN ၀န်ထမ်းတစ်ဦး အလုပ် ယာယီရပ်နားခံရ

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    cnn

    – ဒုက္ခသည်များကို စာနာကြောင်း ဆိုရှယ်မီဒီယာတွင် မှတ်ချက်ရေးသားမိသောကြောင့် နာမည်ကျော် အမေရိကန် သတင်းအေဂျင်စီ CNN သတင်းဌာနမှ ၀န်ထမ်းအမျိုးသမီးတစ်ဦးမှာ ၂ ပတ်တာ အလုပ် ရပ်နားခံလိုက်ရသည်ဟု သိရသည်။

    CNN ၏ နိုင်ငံခြားရေးရာ သတင်းထောက် အီလီစီ ဘာဘော့တ်ဆိုသူဖြစ်ပြီး အီရတ်နှင့် ဆီးရီးယားတို့ကဲ့သို့ စစ်ဖြစ်ပွားနေသော နိုင်ငံများမှ ဒုက္ခသည်များကို အမေရိကန်သို့ ၀င်ရောက်ခွင့်ပိတ်ပင်သည် မူကြမ်းတစ်ခုအား အမေရိကန်အောက်လွှတ်တော်မှ အတည်ပြုပြီးနောက်ပိုင်း ထိုကိစ္စကို ဆန့်ကျင်ကာ ဒုက္ခသည်များအား စာနာသည့် မှတ်ချက် ရေးသားခဲ့ခြင်းဖြစ်သည်။

    “အောက်လွှတ်တော်က ဆီးရီးယားဒုက္ခသည်တွေကို ကန့်သတ်တဲ့ မူကြမ်းတစ်ခုကို အတည်ပြုခဲ့တယ်။ လေဘာတီ ရုပ်ထုကြီးကတော့ ခေါင်းငိုက်စိုက်ကြပြီး ၀မ်းနည်းကြေကွဲနေတော့မှာပါပဲ” ဟူသော မှတ်ချက်ဖြင့် ယမန်နေ့က မူကြမ်းပြဌာန်းလိုက်သော သတင်းကို နိုဝင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းတွင် သူမ၏ Twitter စာမျက်နှာမှတစ်ဆင့် မျှဝေခဲ့ခြင်းဖြစ်သည်။

    CNN မှာ ကိုယ်ပိုင်အမြင်ကို ဖော်ပြသောကြောင့် ၀န်ထမ်းများအား တာဝန်ရပ်ဆိုင်းခြင်းမှာ မရှိသလောက်ရှားသည်။ ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် အခင်းဖြစ်ပွားသည့်နေရာမှ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်တွင် CNN ၏ အမျိုးသားလုံခြုံရေး အစီအစဉ်ကြေငြာသူ မိုက်ရော်ဂျာက တိုက်ခိုက်မှုမှာ ယခုနှစ်တွင်မှ ပြင်သစ်သို့ ၀င်ရောက်လာသည့် ဆီးရီးဒုက္ခသည်များ၏ လက်ချက်ဟု မဟုတ်မမှန် ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်းမှာ မီချီဂန်ပြည်နယ်အတွက် ရီပက်ဘလစ်ကန်ပါတီ ကိုယ်စားပြု အထက်လွှတ်တော်အမတ်ဟောင်းဖြစ်ပြီး ၂၀၀၂ ခုနှစ်က အီရတ်နိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်ရေး သမ္မတဘုရှ်အား လုပ်ပိုင်ခွင့်ပေးရန် မဲပေးခဲ့မှုအတွက် နာမည်ဆိုးဖြင့် ကျော်ကြားသူတစ်ဦးလည်း ဖြစ်သည်။

    CNN မှ အခြားသော နာမည်ကြီး သတင်းတင်ဆက်သူများဖြစ်သည့် ၀ုလ်ဖ် ဘလစ်ဇာနှင့် ဒွန်လီမွန်တို့ကလည်း ရော်ဂျာ၏ ပြောကြားမှုအတိုင်း သံယောင်လိုက်ခဲ့သည်။

    သို့သော်လည်း နောက်ပိုင်းတွင် ပြင်သစ်တိုက်ခိုက်မှု၌ ပါဝင်ခဲ့သူအားလုံးမှာ ဥရောပသားများဖြစ်ကြသည်ကို တွေ့ခဲ့ရသည်။

    Ref: US Uncut

  • မိမိဂုဏ်သိက္ခာ မကျသေးဟု မိုယက်စ်ပြော

    မိမိဂုဏ်သိက္ခာ မကျသေးဟု မိုယက်စ်ပြော

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    moyes

    – လာလီဂါလပ် ဆိုစီဒက်အသင်းမှ ထုတ်ပယ်ခံရသော်လည်း မိမိ၏ ဂုဏ်သိက္ခာမှာ ကျဆင်းသွားမည်မဟုတ်ဘဲ ဘောလုံးလောက၏ မြင့်မားသည့် အဆင့်အတန်းတွင် ဆက်လက်နည်းပြနိုင်မည်ဟု မန်ယူနည်းပြဟောင်း မိုယက်စ်က ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ဖာဂူဆန်ထွက်သွားပြီးနောက် မန်ယူနည်းပြဖြစ်ခဲ့ပြီး ရာသီမကုန်ခင် ထုတ်ပယ်ခံလိုက်ရသည့် မိုယက်စ်မှာ ဆိုဆီဒက်တွင်လည်း ၁၁ လသာ ခံခဲ့ပြီး ပြီးခဲ့သည်လက ထုတ်ပယ်ခံခဲ့ရသည်။ ထို့ကြောင့် မိုယက်စ်မှာ အဆင့်မြင့် ဘောလုံးလောကတွင် နည်းပြလုပ်ရန် မလွယ်တော့ဟု ဝေဖန်မှုများ ရှိလာခဲ့သည်။

    “ကျွန်တော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းသွားပြီလားဆိုရင်တော့ မကျပါဘူး။ ကျွန်တော့်မှာ စပိန်ကစားသမားတွေ၊ စပိန်လိဂ်၊ မတူညီတဲ့ကစားပုံ အတွေးသစ်အမြင်သစ်တွေနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ရှိလာတာကြောင့် ကျွန်တော်က ပိုလို့တောင် တိုးတက်လာရမှာပါ။ ကျွန်တော့်ရဲ့ အကောင်းဆုံးနှစ်တွေဟာ လာတော့မှာပါ။ အဲဗာတန်မှာ နည်းပြတုန်းက ကျွန်တော် ငယ်ပါသေးတယ်”

    “ပြီးတော့ အဲဒီမှာ ၁၁ နှစ်တာ ကုန်ဆုံးခဲ့တယ်။ ဆာအဲလက်စ်ရဲ့ မန်ယူကို ကျွန်တော် ရောက်ခဲ့တယ်။ ပြီးတော့ မတူညီတဲ့ ယဉ်ကျေးမှုအသစ်ကို တွေ့ကြုံခံစားဖို့အတွက် ကျွန်တော် စပိန်ကို အရဲစွန့် သွားခဲ့ပါတယ်။ ဒါ့ကြောင့် ခဏလောက်တော့စောင့်ပါ” ဟု မိုယက်စ်က The Sun သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်ကို ထောက်လှမ်းသည့် အစ္စရေးသူလျှို အခွင့်အရေးများဖြင့် ထောင်မှလွတ်

    အမေရိကန်ကို ထောက်လှမ်းသည့် အစ္စရေးသူလျှို အခွင့်အရေးများဖြင့် ထောင်မှလွတ်

    နိုဝင်ဘာ ၂၀၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်အား လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည့် အစ္စရေးသူလျှို ဂျိုနသန် ပိုလာ့ဒ်မှာ ထောင်ဒဏ် နှစ် ၃၀ ကျခံရပြီးနောက် ယနေ့တွင် မြောက်ကယ်ရိုလိုင်းနားရှိ အကျဉ်းထောင်မှ လွတ်မြောက်လာသည်ဟု သိရသည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ပိုလာ့ဒ် လွတ်မြောက်လာမှုအတွက် ကြိုဆိုခဲ့သည်။ အသက် ၆၀ အရွယ် ရှိပြီဖြစ်သည့် ပိုလာ့ဒ်မှာ အမေရိကန် ရေတပ်ထောက်လှမ်းရေး အရာရှိဟောင်းဖြစ်ပြီး အမရိကန်စစ်တပ်နှင့် ထောက်လှမ်းရေး၏ လျှို့ဝှက် စာရွက်စာတမ်းများကို အစ္စရေးသို့ လွှဲပြောင်းပေးမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံခဲ့ရသူဖြစ်သည်။

    ၎င်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး အလုပ်တစ်ခုနှင့် နယူးယောက်ဧရိယာတွင် အိမ်တစ်လုံး ရရှိသည်ဟု ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။

    လွတ်ငြိမ်းချမ်းသာခွင့်အရ ၎င်းမှာ အမေရိကန်တွင် ၅ နှစ်ဆက်တိုက် နေထိုင်ရမည်ဖြစ်သော်လည်း နေတန်ယာဟုနှင့် အမေရိကန်ကွန်ဂရက်မှ အမတ်တစ်ချို့အပါအ၀င် ပိုလာ့ဒ်အား ထောက်ခံသူများမှာ အစ္စရေးသို့ ချက်ခြင်းပြောင်းရွှေ့ခွင့်ရရေး ခွင့်ပြုချက် တောင်းခံနေကြသည်။

    အစ္စရေးကလည်း ပိုလာ့ဒ်မှာ ၎င်းတို့အတွက် သူလျှိုလုပ်ပေးခဲ့သည်ဟု ၁၉၉၀ ပြည့်နှစ်များတွင် ၀န်ခံခဲ့ပြီး နိုင်ငံသားပေးမည်ဟုလည်း အာမခံထားသည်။

    အမေရိကန် တာဝန်ရှိသူများကမူ ပိုလာ့ဒ်မှာ မိမိတို့၏ ထောက်လှမ်းရေး မှတ်စုများ၊ အကျိုးသက်ရောက်မှု ကြီးမားသည့် ထိပ်တန်းလျှို့ဝှက် စာရွက်စာတမ်း အမြောက်အများ၊ အစ္စရေးက ရန်သူအဖြစ် သတ်မှတ်ထားသည့် နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ အလုပ်ဆောင်ချက်များကို အစ္စရေးအစိုးရသို့ ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ပိုလာ့ဒ်ကလည်း သူလျှိုလုပ်ခဲ့သည်ဟု ၁၉၈၆ ခုနှစ်တွင် ၀န်ခံခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသည်။ အိမ်ဖြူတော်ကမူ ပိုလာ့ဒ်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ဖော်ပြထားသည့် မည်သည့်အခြေအနေကိုမှ ပြောင်းလဲရန် ရည်ရွယ်ချက်မရှိဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အစ္စရေးက ပြန်လည်လုပ်ဆောင်ပါက ပိုလာ့ဒ်အား ပြန်လွှတ်ပေးမည်ဟု ပြီးခဲ့သည့်နှစ်က အမေရိကန်မှ မက်လုံးပေးခဲ့သော်လည်း ထိုဆွေးနွေးပွဲမှာ အထမမြောက်သောကြောင့် ပိုလာ့ဒ်မှာ ယခုမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera