နိုဝင်ဘာ ၂၀၊ ၂၀၁၅
M-Media

– အိန္ဒိယနိုင်ငံတွင် ထင်ရှားသည့် အစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်သော ဂျမာအသ် အိုလမာ အလ်-ဟင်ဒ်အဖွဲ့မှ ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်းတွင် IS အကြမ်းဖက်အဖွဲ့အား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။
“အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ဖို့ အစ္စလာမ်က ခွင့်မပြုပါဘူး။ အစ္စလာမ်ရဲ့အမည်နာမ၊ ဂျေဟာဒ်ရဲ့ အမည်နာမတွေကို အသုံးပြုပြီး သတ်ဖြတ်တာတွေ များလာတဲ့အတွက် ဒီလိုလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ဟာ ကျွန်တော်တို့ရဲ့ ဘာသာရေးတာဝန်ပါပဲ” ဟု ဂျမာအသ် အိုလမာ အီ-ဟင်ဒ်အဖွဲ့ အကြီးအကဲ မောင်လာနာ မဟ်မူးဒ် မဒနီက ပြောကြားခဲ့သည်။
ထောင်သောင်းချီသော မွတ်စလင်များမှာ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ဆန္ဒပြခဲ့ကြပြီး IS အဖွဲ့နှင့် ၎င်းတို့အား သစ္စာခံသော အဖွဲ့များကို ဆန့်ကျင်သည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကျွေးကြော်သံများကို ကျွေးကြော်ခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း တူရကီ၊ လက်ဘနွန်နှင့် ပဲရစ်တို့တွင် IS အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ၏ ၎င်းတို့အဖွဲ့အား ဆန့်ကျင်မှုများမှာ ပိုမို အရှိန်မြင့်လာခဲ့သည်။
“ဒါတွေဟာ ကုရ်အာန်၊ အစ္စလာမ်နဲ့ တမန်တော်မြတ်ကြီးကို နာမည်ဖျက်ဖို့ ကြံစည်တာပါပဲ။ ဒီလိုကြံစည်မှုတွေကို ကျွန်တော်တို့ တွန်းလှန်တိုက်ဖျက်ရပါမယ်။ ဒီလိုတုန့်ပြန်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဂျေဟာဒ် (အမှန်တရားပေါ် ရပ်တည်ခြင်း) ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ လုပ်နေတဲ့သူတွေ (IS) အလ္လာဟ်အရှင်မြတ်ရဲ့ ရန်သူပါပဲ” ဟု မောင်လာနာက ထည့်သွင်းပြောကြားခဲ့ကြသည်။
ဆန္ဒပြမှုတွင် ကိုင်ဆောင်ခဲ့ကသော ဆိုင်းဘုတ်များတွင် “IS မှာ လူသားအားလုံးအတွက် ခြိမ်းခြောက်မှု” “နေရာတိုင်းမှာ IS ကို ရပ်တန့်ပါ” ဟူ စာတမ်းများလည်း ပါဝင်ခဲ့သည်။
“ကျွန်တော်တို့ကို တော်တော်လေး ထောက်ခံကြပါတယ်။ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ မွတ်စလင်အဖွဲ့အစည်း အားလုံးနီးပါး ကျွန်တော်တို့ရဲ့ ဆန္ဒထုတ်ဖော်မှုမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်”
အိန္ဓိယနိုင်ငံတွင် ထင်ရှားသည့် အစ္စလာမ့်အဖွဲ့အစည်းထဲမှ တစ်ခုဖြစ်သော ဂျမာအသ် အိုလမာ-အီ-ဟင်ဒ်အဖွဲ့ကို ၁၉၁၉ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့သည့် အဖွဲ့လည်းဖြစ်သည်။ ထို့ပြင် ၂၀၀၈ ခုနှစ်ကလည်း အကြမ်းဖက်ဝါဒအား ဆန့်ကျင်သည့် ဖသ်ဝါ ဓမ္မသတ်ကို ထုတ်ပြန်ခဲ့သည်။
မဒနီကမူ IS အဖွဲ့မှာ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် အစ္စလာမ်အား အသုံးချနေသည်ဟု ဆိုသည်။
“ပြောချင်တာက အစ္စလာမ်ဟာ အကြမ်းဖက်ဝါဒနဲ့ ဘာမှမဆိုင်ဘူး ဆိုတာပါပဲ”
Ref: Aljazeera