News @ M-Media

Author: Ko Lay

  • စပိန်က မည်သည့်အသင်းကိုမဆို အနိုင်ယူနိုင်ပြီဟု ဖာဘရီဂက်စ် ပြော

    စပိန်က မည်သည့်အသင်းကိုမဆို အနိုင်ယူနိုင်ပြီဟု ဖာဘရီဂက်စ် ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    spain

    – အင်္ဂလန်နှင့်ပွဲ မိမိတို့၏ ခြေစွမ်းက ပြီးခဲ့သည့်နှစ် ကမ္ဘာ့ဖလား စိတ်ပျက်ဖွယ်အရှုံးမှ ရုန်းထွက်လာမှုကို ပြသခဲ့ခြင်းဖြစ်ပြီး ထိုခြေစွမ်းဖြင့် မိမိတို့မှာ မည်သည့်အသင်းကိုမဆို အနိုင်ကစားနိုင်သည်ဟု ကွင်းလယ်လူ ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။

    ယူရိုခြေစစ်ပွဲတွင် ရာနှုန်းဖြင့်အနိုင်ဖြင့် ခြေစွမ်းပြနေသည့် အင်္ဂလန်ကို မာရီယို ဂက်စ်ပါနှင့် ဆန်တီကာဇိုလာတို့၏ ဂိုးများဖြင့် စပိန်က အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ စပိန်မှာ ပြီးခဲ့သည့် ဘရာဇီးလ် ကမ္ဘာဖလားတွင် တစ်ပွဲသာ အနိုင်ရကာ အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ချန်ပီယံကာကွယ်သည့် အသင်းများ၏ အဆိုးဆုံးမှတ်တမ်းတွင် ၀င်ခဲ့သည်။ နောက်ပိုင်း ကစားခဲ့သည့် ပွဲများတွင်လည်း ခြေစွမ်းပြနိုင်ဘဲ အရှုံးများနှင့်သာ ရင်ဆိုင်ရသောကြောင့် စပိန်အသင်းမှာ ဝေဖန်မှုများကို ခံခဲ့ရသည်။

    “ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့ ပျောက်ဆုံးခဲ့တဲ့ အရာတွေကို ပြန်ရခဲ့ပါပြီ။ ဒီနေ့ညမှာတော့ ကျွန်တော်တို့ဟာ ဘယ်အသင်းကိုမဆို အနိုင်ကစားနိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အင်္ဂလန်ဟာ အရည်အသွေးမြင့် ကစားသမားတွေ အပြည့်ရှိတဲ့ အသင်းကောင်းတစ်သင်း ဖြစ်လို့ပါပဲ။ သူတို့နဲ့ပွဲမှာ ကစားခဲ့တဲ့ အသင်းရဲ့ပုံစံဟာ
    ချီးကျူးစရာကောင်းတယ်ဆိုတာကို ပြသနေပါတယ်” ဟု ဖာဘရီဂက်စ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ပဲရစ်တိုက်ခိုက်မှုကို အာရပ်ကမ္ဘာမှ ပြင်းပြင်းထန်ထန် ရှုတ်ချ၊ ပြင်သစ်ပြည်သူများနှင့် အတူရှိသွားမည်ဟု ဆို

    ပဲရစ်တိုက်ခိုက်မှုကို အာရပ်ကမ္ဘာမှ ပြင်းပြင်းထန်ထန် ရှုတ်ချ၊ ပြင်သစ်ပြည်သူများနှင့် အတူရှိသွားမည်ဟု ဆို

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    paris

    – လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့သည့် ယမန်နေ့ညပိုင်းက ပဲရစ်မြို့တစ်ဝှမ်း တိုက်ခိုက်မှုများအတွက် ဆော်ဒီအာရေဗျ၊ အီရန်၊ ယူအေအီး၊ ကူဝိတ်၊ ကာတာနှင့် အီဂျစ်တို့အပါအ၀င် အာရပ်နိုင်ငံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချုလိုက်သည်။

    ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ကြေငြာချက်တွင် ကမ္ဘာကြီးတစ်ခုလုံး၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပစ်မှတ်ထား ခြိမ်းခြောက်နေသည့် အကြမ်းဖက်ဝါဒ ရောဂါဆိုးကြီးကို အမြစ်ဖြုတ်ရေး နှစ်ဆတိုး၍ ဆောင်ရွက်ရမည်ဖြစ်ပြီး၊ မိမိတို့ ဘုရင့်နိုင်ငံအနေဖြင့် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချကာ ကမ္ဘာကြီး ညီညွတ်ရေးအတွက်လည်း တိုက်တွန်းကြောင်း ဖော်ပြထားသည်။

    ဆီးရီးယားအရေး ဆွေးနွေးရန်အတွက် ဗီယင်နာသို့ ရောက်ရှိနေသည့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးကလည်း “မနေ့ကဖြစ်ပွားခဲ့တဲ့ ဒီစက်ဆုပ်ဖွယ်ကောင်းတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် ပြင်သစ်အစိုးရ၊ ပြည်သူတွေနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲကြောင်း ပြောကြားလိုပါတယ်။ ဒါဟာ ဘာသာတရား၊ လူမှုကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားအားလုံးကို ချိုးဖောက်ဆန့်ကျင်တာလည်းဖြစ်ပါတယ်” ဟု ရှုတ်ချပြောဆိုခဲ့သည်။

    အီရန်

    အီတလီ၊ ဗာတီကန်နှင့် ပြင်သစ်တို့ကို သွားရောက်ရန် ရှိနေသည့် အီရန်သမ္မတ ရူဟာနီမှာ ထိုတိုက်ခိုက်မှုကြောင့် ၎င်း၏ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ထိုအဖြစ်အပျက်အတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။

    “အကြမ်းဖက်ဝါဒဒဏ် ခံနေရတဲ့ အီရန်နိုင်ငံအနေနဲ့ ဒီလို လူမဆန်တဲ့ ရာဇ၀တ်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ပြင်သစ်နိုင်ငံ၊ ပြင်သစ်အစိုးရနဲ့ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်” ဟု ရူဟာနီက ပြောကြားခဲ့သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်ကလည်း ထိုကိစ္စအတွက် ၀မ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ထိုအကြမ်းဖက်တိုက်ခိုက်မှု၏ သာကောင်းများ၊ ပြင်သစ်ပြည်သူများအား စာနာထောက်ထားရမည်ဖြစ်ပြီး အကြမ်းဖက်ဝါဒကိုလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက ပူးပေါင်းတိုက်ဖျက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ကာတာ

    ကာတာနိုင်ငံကလည်း ပြင်သစ်တိုက်ခိုက်မှုကို ဆန့်ကျင် ရှုတ်ချခဲ့ပြီး လူသားကျင့်ဝတ်အားလုံးနှင့် လူသားတန်ဖိုးအားလုံးကို ဖောက်ဖျက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကာတာနိုင်ငံဟာ ပြင်သစ်ရဲ့မြို့တော်မှာ လူအများအပြားကို သေဆုံးစေခဲ့တဲ့ ဒီလိုကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ပြင်သစ်မှာ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ပစ်မှတ်ထားတဲ့ ဒီလိုလုပ်ရပ်တွေဟာ လူသားကျင့်ဝတ်၊ ကိုယ်ကျင့်တရား တန်ဖိုးတွေအားလုံးနဲ့လည်း ဆန့်ကျင်နေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ၀န်ကြီး ခါလဒ် အလ်-အတ္တီယာက ပြောကြားခဲ့သည်။

    ဂျော်ဒန်

    ဂျော်ဒန်ဘုရင် အဘ်ဒူလာကလည်း ထိုဖြစ်ရပ်အတွက် အလွန်အမင်း ၀မ်းနည်းကြေကွဲမိသည်ဟု ပြောကြားခဲ့ပြီး ပြင်သစ်နိုင်ငံနှင့် တစ်သားတည်းရှိနေမည်ဟု ကတိပြုခဲ့သည်။

    ယူအေအီး

    ယူအေအီး သတင်းဌာနမှ ဖော်ပြခဲ့သော ကြေငြာချက်တစ်ခုတွင် သမ္မတ ရှိခ် ခလီဖာ ဘင် ဇယဒ် အလ် နဟ်ယန်က ပြင်သစ်သမ္မတ ဟော်လန်ဒေးကို ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး မိမိတို့တိုင်းပြည်မှာ ထို အကြမ်းဖက်တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချသည်ဟု ဆိုသည်။

    အီဂျစ်

    ပဲရစ်တိုက်ခိုက်မှုအား ဆန့်ကျင်ရှုတ်ချသူများတွင် အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီလည်း ပါဝင်ခဲ့ပြီး ၀မ်းနည်းကြောင်း ပြောကြားခဲ့ကာ မိမိတို့မှာ ပြင်သစ်နိုင်ငံနှင့် အတူ ရှိနေသည်ဟု အီဂျစ်အစိုးရမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    “ဒီလို အကြမ်းဖက်တိုက်ခိုက်မှုမျိုးတွေက ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ တိုင်းပြည်တွေရဲ့ ဆန္ဒကို အားနည်းသွားစေမှာ မဟုတ်ပါဘူ” ဟု စီစီက ပြောကြားခဲ့သည်။

    ကူဝိတ်

    ကူဝိတ်ခေါင်းဆောင် ရှိခ် ဆာဘာဟ် အလ်-ဆာဘာဟ်ကလည်း “မြင့်မြတ်သော ဘာသာတရာများနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တန်ဖိုးများ” အားလုံးနှင့် ဆန့်ကျင်သည့် အကြမ်းဖက်ဝါဒ လုပ်ရပ်များကို မိမိတို့က ရှုတ်ချပြီး ထိုကိစ္စအတွက်လည်း ၀မ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့ ကူဝိတ်နိုင်ငံမှာ ပြင်သစ်ပြည်သူများ၊ အစိုးရတို့နှင့်အတူ တစ်သားတည်းရှိနေမည်ဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုမှ လုံခြုံအောင် ကာကွယ်သည့် ပြင်သစ်နိုင်ငံ၏ လုပ်ဆောင်မှုအားလုံးကိုလည်း မိမိတို့က ထောက်ပံ့သွားမည်ဟု ဆိုသည်။

    တူရကီ

    တူရကီသမ္မတ အာဒိုဂန်ကမူ တိုက်ခိုက်မှုအတွက် ကြေကွဲဝမ်းနည်းရသည်ဟု ပြောကြားခဲ့ပြီး အကြမ်းဖက်ဝါဒကို ဆန့်ကျင်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းခဲ့သည်။

    “အကြမ်းဖက်ဝါဒရဲ့ သဘောသဘာဝနဲ့ နောက်ဆက်တွဲရလ်တွေကို ကောင်းကောင်းသိနေတဲ့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြင်သစ်နိုင်ငံက လက်ရှိတွေ့ကြုံခံစားနေရတာတွေကို ကောင်းကောင်းကြီး နားလည်ပါတယ်” ဟု အာဒိုဂန်က ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    Ref: Alarabiya

  • အီရတ်ရှိ ဆင်ဂျာဒေသ IS ထံမှ လုံးဝ လွတ်မြောက်ပြီ

    အီရတ်ရှိ ဆင်ဂျာဒေသ IS ထံမှ လုံးဝ လွတ်မြောက်ပြီ

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    iraq

    – ကာ့ဒ်တပ်ဖွဲ့ဝင်များက IS အဖွဲ့အား ၂ ရက်ကြာ ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရတ်နိုင်ငံမြောက်ပိုင်းရှိ ဆင်ဂျာဒေသ လွတ်လပ်ကြောင်းကို ကာ့ဒ်ဒေသ သမ္မတ မက်ဆူဒ် ဘာရ်ဇာနီက ယမန်နေ့တွင် ကြေငြာခဲ့သည်ဟု သိရသည်။

    အဆိုပါ ထိုးစစ်တွင် ယာဇီဒီလူနည်းစုမှ တိုက်ခိုက်ရေးသမားများအပါအ၀င် တိုက်ခိုက်ရေးသမား ၇၅၀၀ ခန့် ပါဝင်ခဲ့ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ပေးခဲ့သည်။

    “ဆင်ဂျာဒေသ လွတ်မြောက်ကြောင်း ဒီနေရာမှာ ကျွန်တော် ကြေငြာလိုပါတယ်။ ဘယ်ဒေသမှာမဆို ရရှိခဲ့တဲ့ ဘယ်လိုအောင်ပွဲမျိုးမဆို ကျန်ရှိနေတဲ့ဒေသတွေရဲ့ အောင်မြင်မှုအပေါ် သက်ရောက်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ နောက်ပြီး ဆင်ဂျာလွတ်မြောက်ခြင်းဟာ မူဆိုးလ်မြို့ လွတ်မြောက်ဖို့မှာ ကြီးမားတဲ့ သက်ရောက်မှု ရှိပါလိမ့်မယ်” ဟု ဘာရ်ဇာနီက ပြောကြားခဲ့သည်။

    ဆင်ဂျာမြို့အား သိမ်းပိုက်နိုင်ခြင်းက အီရတ်နှင့် ဆီးရီးယားရှိ IS ၏ ခြေကုပ်မြို့များဖြစ်သော မူဆိုးလ်နှင့် ရက်ကာမြို့များကို ဆက်သွယ်ထားသည့် ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်နိုင်ခြင်းဖြစ်ပြီး မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး ခြေတစ်လှမ်းတိုးခြင်းလည်း ဖြစ်သည်။

    Ref: Aljazeera

  • ပဲရစ်မြို့တစ်ဝှမ်း တိုက်ခိုက်မှုများကြောင့် လူ ၁၂၀ သေဆုံး

    ပဲရစ်မြို့တစ်ဝှမ်း တိုက်ခိုက်မှုများကြောင့် လူ ၁၂၀ သေဆုံး

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    paris

    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့တစ်ဝှမ်းတွင် ယမန်နေ့ညပိုင်းမှစ၍ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် အနည်းဆုံး လူပေါင်း ၁၂၀ သေဆုံးပြီး ပြင်သစ်သမ္မတ ဟော်လန်ဒေးကလည်း နိုင်ငံအား အရေးပေါ်အခြေအနေ ကြေငြာခဲ့ရကာ နယ်စပ်များအားလုံးကို ပိတ်ထားလိုက်သည်။

    ပဲရစ်မြို့ရှိ Bataclan စတိတ်ရှိုးရုံတစ်ရုံတွင် ဒေသစံတော်ချိန် ယမန်နေ့ည သန်းခေါင်ယံ၌ သေနတ်သမားများက ၀င်ရောက် စီးနင်းကာ ဓားစားခံများကို ဖမ်းဆီးထားပြီး ပြင်သစ်တပ်ဖွဲ့ဝင်များက ၀င်ရောက်တိုက်ခိုက်ခဲ့ရကာ အနည်းဆုံး ဓားစားခံ ၈၀ သေဆုံးခဲ့သည်ဟု ပဲရစ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ တိုထိုက်ခိုက်မှုအတွင်း အနည်းဆုံး သေနတ်သမား ၃ ဦး သေဆုံးခဲ့ကာ သေဆုံးသူစာရင်းမှာလည်း ထပ်မံမြင့်တက်လာဖွယ်ရှိနေသည်။

    အခင်းဖြစ်ပွားသည့်အချိန်တွင် ထိုစတိတ်ရှိုးရုံ၌ လော့စ်အိန်ဂျလိစ်မှ Eagles of Death Metal တီးဝိုင်းက ဖျော်ဖြေနေသည့် အချိန်ဖြစ်သည်။

    အဆိုပါ ကဇာတ်ရုံနှင့် သိပ်မဝေးသည့် Le Petit Cambodge ကမ္ဘောဒီးယား စားသောက်ဆိုင်တွင်လည်း သေနတ်သမားတစ်ဦးမှာ ရိုင်ဖယ်သေနတ်ဖြင့် ယမန်နေ့ညနှောင်းပိုင်းက ၀င်ရောက်ပစ်ခတ်ခဲ့ပြီး အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့သည်။

    ပဲရစ်ရှိပြည်သူများကို မိမိတို့၏ အိမ်ထဲတွင်သာ နေထိုင်ရန် အစိုးရက အမိန့်ပေးထားပြီး စစ်သား ၁၅၀၀ ကိုလည်း မြို့တစ်ဝိုက်တွင် တပ်ဖြန့်ချထားလိုက်ပြီဖြစ်သည်။ ရဲတပ်ဖွဲ့ကလည်း ပဲရစ်ရှိ ကမ္ဘာလှည့်ခရီးသွားများနှင့် လူငယ်များအကြား ရေပန်းစားသည့် ဒေသများရှိ အရက်ဘားများ၊ စားသောက်ဆိုင်များမှ လူများကို ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ပေးခဲ့သည်။

    ထို့ပြင် ပြင်သစ်နှင့် ဂျာမနီတို့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားနေသည့် Stade de France ဘောလုံးကွင်း အနီးတွင်လည်း ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့သည်။ ထိုတိုက်ခိုက်မှုများမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    Stade de France ဘောလုံးကွင်းတွင် ရှိနေသည့် ပြင်သစ်သမ္မတ ဟော်လန်ဒေးနှင့် ပြည်ထဲရေးဝန်ကြီးမှာ ၀န်းကြီးဌာနသို့ အလျင်အမြန် သွားရောက်ခဲ့ပြီး ထိုအခြေအနေကို ကိုင်တွယ်ရန် ဆောင်ရွက်ခဲ့သည်။

    နိုင်ငံတကာမှ ရှုတ်ချမှုများ

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ထိုတိုက်ခိုက်မှုများမှာ လက်မခံနိုင်သည့် ကိစ္စများဖြစ်ပြီး မိမိတို့အမေရိကန်မှာ ပြင်သစ်နှင့် တစ်သားတည်းရှိသည်ဟုလည်း ပြောကြားခဲ့သည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမူ ထိုအဖြစ်အပျက်များအတွက် မိမိအနေဖြင့် တုတ်လုပ်မိသည်ဟု ဆိုသည်။ ဂျာမနီအဓိပတိ အိန်ဂျလာမာကဲလ်ကမူ ထိုတိုက်ခိုက်မှုများအတွက် အလွန်အမင်း တုန်လှုပ်ခဲ့ရသည်ဟု
    ပြောကြားခဲ့သည်။

  • တရုတ်ယွမ်ငွေ ၁၀၀ တန်အသစ် ပြဿနာတက်နေ

    တရုတ်ယွမ်ငွေ ၁၀၀ တန်အသစ် ပြဿနာတက်နေ

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    yun
    ၁၀၀ တန်သစ် (အပေါ်) နှင့် အဟောင်း (အောက်)

    – အတုထုတ်၍ မရအောင် အဆင့်မြင့်နည်းပညာကို အသုံးပြု၍ ရိုပ်နှိပ်ကာ ကြာသာပတေးနေ့တွင် ဖြန့်ချီခဲ့သည့် တရုတ်ယွမ်ငွေ ၁၀၀ တန်ကို ငွေသားသွင်းစက်များက လက်မခံဟု သတင်းများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။

    အစိုးရကမူ ထို ၁၀၀ တန်ကို ငွေသားထည့်သွင်းသည့်စက်များ၌ အလွယ်တကူ လက်ခံနိုင်ရန်နှင့် အတုအစစ်ကို ပြည်သူများက အလျင်အမြန်ခွဲခြားနိုင်ရန် ထုတ်လုပ်ထားပြီး လုံခြုံရေးနည်းပညာများလည်း ပိုမိုပါဝင်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အချို့သောဘဏ်များမှ ATM စက်များတွင် ထို ၁၀၀ တန်အသစ်ကို လက်မခံမှုများ ရှိနေသည်ဟု တရုတ်ပြည်တွင်း သတင်းများက ဖော်ပြကြသည်။ ဘဏ်တစ်ခုမှ အမှုဆောင်တစ်ဦးကမူ အဆိုပါ ၁၀၀ တန်များအား လက်ခံနိုင်ရေး ATM များကို အဆင့်မြှင့်တင်မှုမှာ ရက်အနည်းငယ်ကြာမြင့်မည်ဟု ပြောကြားခဲ့သည်။

    ပြည်သူများကလည်း ၁၀၀ တန်အသစ်ကို ငွေကြေးအတုအစစ်ခွဲသည့် စက်တွင် စမ်းသပ်ရာ၌ သတိပေးချက်များ ပေါ်ထွက်လာခြင်းကြောင့် ဆူပါမားကတ်များက လက်မခံဟု တိုင်ကြားခဲ့ကြသည်။ အာဏာပိုင်များက နှိမ်နှင်းမှုများ ပြုလုပ်နေသော်လည်း ငွေကြေးအတုလုပ်မှုမှာ တရုတ်နိုင်ငံတွင် မြင့်တက်လျက်ရှိသည်။

    Ref: Channelnewsasia