News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းများ၏ နေအိမ်များကို အစ္စရေး ဖြိုချဖျက်ဆီး

    ပါလက်စတိုင်းများ၏ နေအိမ်များကို အစ္စရေး ဖြိုချဖျက်ဆီး

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    pla

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းတို့၏ နေအိမ်နှစ်လုံးကို အစ္စရေးစစ်တပ်က ယမန်နေ့ နှောင်းပိုင်းတွင် ဖြိုချဖျက်ဆီးခဲ့သည်ဟု သိရသည်။

    အိမ်တစ်လုံးမှာ နဘ်လုစ်မြို့ရှိ ပါလက်စတိုင်းမိသားစု ၃ ဦးပိုင် အိမ်ဖြစ်ပြီး ၎င်းတို့မှာ ပြီးခဲ့သည့်လက အစ္စရေး စုံတွဲကို သတ်ဖြတ်သည်ဟု စွပ်စွဲခံခဲ့ရသည်။ အခြားတစ်လုံးမှာမူ ရာမာလာ အရှေ့မြောက်ဖက် စီလ်ဝဒ်ရှိ အိမ်တစ်လုံးဖြစ်ပြီး ဇွန်လက အစ္စရေးတစ်ဦးအား သတ်ဖြတ်သည်ဟု စွပ်စွဲခံရသူ၏ အိမ်ဖြစ်သည်။

    ထိုကဲ့သို့ အိမ်များ ဖြိုချဖျက်ဆီးခြင်းကြောင့် ပါလက်စတိုင်းများနှင့် အစ္စရေးစစ်တပ်အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပါလက်စတိုင်း ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ ရင်းမြစ်များက ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပိုင်နက်များရှိ တရားမ၀င် အခြေချအိမ်ယာများတွင် နေုထိုင်သည့် ဂျူးများမှာ ပါလက်စတိုင်းများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မကြာခဏ ဖျက်ဆီးလေ့ရှိပြီး ပါလက်စတိုင်းများအကြား တင်းမာမှုများ မြင့်တက်လာကာ တရားမ၀င်အိမ်ယာများရှိ ဂျူးများကို တိုက်ခိုက်မှုများ ပြုလုပ်ကြသည်။ ထိုအချိန်တွင် အစ္စရေးစစ်တပ်က ပါလက်စတိုင်းများ၏ အိမ်ကို ဖြိုချဖျက်ဆီးလေ့ ရှိသည်။

    Ref: PressTV

  • တောင်ကိုရီးယားပြည်သူများ အစိုးရကို ဆန့်ကျင်ဆန္ဒပြ

    တောင်ကိုရီးယားပြည်သူများ အစိုးရကို ဆန့်ကျင်ဆန္ဒပြ

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    south

    – တိုင်းပြည်အတွင်း အလုပ်သမားရေးကိစ္စ အပါအ၀င် စီးပွားရေး ပြုပြင်ပြောင်းလဲမှုအချို့ကို မကျေနပ်သည့်အတွက် တောင်ကိုရီးယားပြည်သူ ၈ သောင်းခန့်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို မြို့တော်ဆိုးလ်၌ ယနေ့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

    ထိုကဲ့သို့ ဆန္ဒပြမှုမှာ တောင်ကိုရီးယားနိုင်ငံသမိုင်းတွင် ပထမဆုံးနှင့် အကြီးဆုံး ဆန္ဒပြမှုလည်း ဖြစ်ခဲ့သည်။ အစိုးရမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွက် အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း၊ လယ်ယာထွက်ကုန်အချို့အတွက် အခွန်မြှင့်ထားသည့် ဈေးများ ဖွင့်လှစ်ခြင်းနှင် သမိုင်းကြောင်းများကို အစိုးရပေါ်လစီနှင့်အညီ ပြောင်းလဲမှုများ ပြုလုပ်ခြင်း စသည့် ပေါ်လစီများကို ဆန္ဒပြသူများက ဆန့်ကျင် ရှုတ်ချခဲ့ကြသည်။

    ဆန္ဒပြသူများမှာ ဆိုလ်းမြို့လယ်ကောင်ကို သိမ်းပိုက်ခဲ့ပြီး သမ္မတအိမ်တော်ကို ချီတက်ခဲ့ကြသော်လည်း အစိုးရက လမ်းများပိတ်ဆို့ထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း တားဆီးခဲ့ကြသည်။ ဆန္ဒပြမှုမှာ ယေဘူယျအားဖြင့် ငြိမ်းချမ်းသည်ဟု ယူဆ၍ ရသော်လည်း ဥပဒေစိုးမိုးရေးတပ်ဖွဲ့များနှင့် ဆန္ဒပြမှုကို စီစဉ်သူများထဲမှ တစ်ဦးတို့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည်။

    Ref: PressTV

  • ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုက ၎င်းတို့လက်ချက်ဟု IS ပြော

    ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုက ၎င်းတို့လက်ချက်ဟု IS ပြော

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    paris

    – လူ ၁၅၀ ကျော် သေဆုံးခဲ့သည့် ပြသစ်နိုင်ငံပဲရစ်မြို့ရှိ တိုက်ခိုက်မှုများအတွက် IS အကြမ်းဖက်အဖွဲ့က တာဝန်ယူခဲ့သည်ဟု ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးက ပြောကြားလိုက်သည်။

    အွန်လိုင်းတွင် ထုတ်ပြန်သည့် ကြေငြာချက်တွင် ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု တာဝန်ယူခဲ့ခြင်းဖြစ်ပြီး အသေခံဗုံးများ၊ စက်သေနတ်များ တပ်ဆင်ထားသည့် ၎င်းတို့အဖွဲ့ဝင် ၈ ဦးမှာ သတ်မှတ်ထားသည့် ပစ်မှတ်အတိအကျကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဟော်လန်ဒေးကမူ ထိုစီစဉ်ထားသည့် တိုက်ခိုက်မှုမှာ “စစ်တိုက်သည့် လုပ်ရပ်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ပဲရစ်တိုက်ခိုက်မှုမှာ လူပေါင်း ၁၉၁ ဦးသေဆုံးခဲ့သည့် ၂၀၀၄ ခုနှစ် မက်ဒရစ် ရထားဗုံးကွဲမှုနောက်ပိုင်း ဥရောပမြေတွင် အဆိုးဝါးဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    အမေရိကန်၏ အီရတ်အား ကျူးကျော်တိုက်ခိုက်မှုနှင့် ဆီးရီးယား ပြည်တွင်းစစ်တို့ကြောင့် ကြီးထွားလာခဲ့သည့် IS အကြမ်းဖက်အဖွဲ့ကြောင့် အရှေ့အလယ်ပိုင်းတွင် မွတ်စလင်အများစု အပါအ၀င် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သည်။

    Ref: CNN

  • ဖာဂူဆန်က မိမိလက်တွဲခဲ့သမျှတွင် အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရော်နယ်ဒို ဖွင့်ဟ

    ဖာဂူဆန်က မိမိလက်တွဲခဲ့သမျှတွင် အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရော်နယ်ဒို ဖွင့်ဟ

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    fergi

    – မိမိအလုပ်တွဲလုပ်ဖူးခဲ့သမျှ နည်းပြထဲတွင် မန်ယူဂန္တ၀င်နည်းပြ ဆာ အဲလက်စ်ဖာဂူဆန်က အကောင်းဆုံးနည်းပြ ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    အသက် ၁၈ နှစ်အရွယ် ရော်နယ်ဒိုကို ၂၀၀၃ ခုနှစ်က စပို့တင်းလစ္စဘွန်းမှနေ၍ ဖာဂူဆန်က ပေါင် ၁၂.၂သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ရော်နယ်ဒိုကလည်း အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ ၎င်းကစားခဲ့သည့် ၆ ရာသီအတွင်း ပရီးမီးယားလိဂ်ဖလား ၃ လုံးနှင့် ချန်ပီယံလိဂ်ဖလား ၁ လုံး ရရှိခဲ့သည်။

    ရော်နယ်ဒိုမှာ မော်ရင်ဟိုနှင့် အန်ဆယ်လော့တီတို့ကဲ့သို့ ၀ါရင့် နည်းပြများလက်အောက်တွင်လည်း ကစားခဲ့ပြီး ဖာဂူဆန်အား မည်သည့်အတွက်ကြောင့် ပို၍နှစ်သက်ကြောင်းကို ရှင်းပြခဲ့သည်။

    “(ဖာဂူဆန်) ကျွန်တော့်အပေါ်မှာ ကောင်းမွန်ခဲ့တာတွေအတွက် ကျွန်တော် ကျေးဇူးတင်ရမှာပါ။ ချန်ပီယံလိဂ်ရဲ့ အရေးကြီးပွဲတစ်ခုမှာ ကျွန်တော်က “နည်းပြကြီးခင်ဗျာ။ ကျွန်တော့်အဖေကို ကျွန်တော် သွားတွေ့ဖို့ လိုအပ်နေတယ်” လို့ ပြောခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ဟာ အဓိကကစားသမားဖြစ်ပြီး အရေးပါသူတစ်ဦးလည်း ဖြစ်ပါတယ်”

    “ဖာဂူဆန်က “နားထောင် မင်းရဲ့ ကိုယ်ပိုင်ဘ၀မှာ မိသားစုဟာ မင်းဘ၀ရဲ့ အရေးပါတဲ့အရာတစ်ခုပဲ။ ဒါ့ကြောင့် ၃ ရက်၊ လေးရက်၊  ၅ ရက် မင်းကြိုက်သလောက် သွားနိုင်တယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ဒီကိစ္စကို ကျွန်တော့် ရင်ထဲမှာ သိမ်းထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော့်ဘ၀မှာ အရေးအကြီးဆုံးအချိန်ဖြစ်ခဲ့ပြီး သူ (ဖာဂူဆန်) က ကျွန်တော့်နဲ့အတူ မျှဝေခံစားခဲ့တယ်လေ။ ဒါ့ကြောင့် ကျွန်တော့်ဟာ သူ့ကို လေးစားရတာဖြစ်ပြီး သူကတော့ ကျွန်တော် တွေ့ဆုံဖူးတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး နည်းပြပါပဲ” ဟု ရော်နယ်ဒိုက ယမန်နေ့တွင်ပြုလုပ်သည့် ITV ရုပ်သံနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။

    Ref: Goal

  • ဆော်ဒီတွင် ဇနီးအား ရိုက်နှက်သူကို ကြိမ်ဒဏ် ၃၀ အပြစ်ပေး

    ဆော်ဒီတွင် ဇနီးအား ရိုက်နှက်သူကို ကြိမ်ဒဏ် ၃၀ အပြစ်ပေး

    နိုဝင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    saudi

    – ဆော်ဒီအာရေဗျနိုင်ငံ အရှေ့ပိုင်းရှိ မြို့တစ်မြို့တွင် ဇနီးဖြစ်သူအား ရိုက်နှက်ကာ တံတွေးဖြင့် ထွေးခဲ့သူတစ်ဦးကို တရားရုံးက ကြိမ်ဒဏ် အချက် ၃၀ အပြစ်ပေးခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

    ပြစ်ဒဏ်ချမှတ်ခံရသူ၏ အမည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ဘဲ၊ ၎င်းအား တစ်ပတ်ကြာ ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဆိုသည်။ ထိုကဲ့သို့ လက်ရောက်ကျူးလွန်မှုအတွက် ယောက်ဖဖြစ်သူ သွားရောက် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

    ကျူးလွန်သူ ခင်ပွန်းသည်ကလည်း မိမိ၏ ခွင့်ပြုချက်မရှိဘဲ ဇနီးသည်မှာ အပြင်သို့ မကြာမကြာ ထွက်သည့်အတွက် စိတ်ဆိုးဒေါသထွက်သည့် အတွက်ကြောင့် ထိုကဲ့သို့ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ခံထွက်ဆိုခဲ့သည်။

    တရားရုံးမှ ကြားနာစစ်ဆေးမှုများ ပြုခဲ့ပြီးနောက် ဇနီးဖြစ်သူအား အပြင်သွားသည့်အခါ ခင်ပွန်းသည်၏ ခွင့်ပြုချက်ယူရန် အမိန့်ပေးခဲ့ပြီး လက်ရောက်ကျူးလွန်သူ ခင်ပွန်းသည်ကိုမူ ထောင်ဒဏ်တစ်ပတ်နှင့် ကြိမ်ဒဏ် ၃၀ အပြစ်ပေးခဲ့သည်။

    ထိုဆုံးဖြတ်ချက်အတွက် ဆော်ဒီပြည်သူများက ဆိုရှယ်မီဒီယာများမှတစ်ဆင့် ချီးကျူးခဲ့ကြပြီး နိုင်ငံအတွင်း အိမ်တွင်းအကြမ်းဖက်မှုများကို အဆုံးသတ်ရေး မှန်ကန်သော ဆောင်ရွက်ချက်ဖြစ်သည်ဟု မှတ်ချက်များ ပေးခဲ့ကြသည်။

    Ref: Arabnews