News @ M-Media

Author: Ko Lay

  • တောင်ဆူဒန်တွင် ရုရှားထုတ် ကုန်တင်လေယာဉ်တစ်စီး ယနေ့တွင် ပျက်ကျ

    တောင်ဆူဒန်တွင် ရုရှားထုတ် ကုန်တင်လေယာဉ်တစ်စီး ယနေ့တွင် ပျက်ကျ

    နိုဝင်ဘာ ၄၊ ၂၀၁၅
    M-Media

    sudan

    – ရုရှားနိုင်ငံထုတ် ကုန်တင်လေယာဉ်တစ်စင်းမှာ ယနေ့တွင် တောင်ဆူဒန်မြို့တော်ရှိ ဂျူဘာလေဆိပ်မှ ပျံသန်းပြီး ခဏအကြာတွင် ပျက်ကျသွားခဲ့ပြီး လေယာဉ်ပေါ်နှင့် မြေပြင်ရှိ အနည်းဆုံး ၄၁ ဦး သေဆုံးခဲ့သည်ဟု လေဆိပ်တာဝန်ရှိသူများက ပြောကြားလိုက်သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လေယာဉ်အမှုထမ်းတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့မှာ အသက်ရှင်ခဲ့သည်ဟု ဆိုသည်။ လေဆိပ်မှ ပျံတက်ပြီးနောက်ပိုင်း White Nile မြစ်ကမ်းနဖူးပေါ်သို့ တစ်ဖြည်းဖြည်း နိမ့်ဆင်းလာပြီးနောက် ပျက်ကျသွားခဲ့ခြင်းဖြစ်ကာ ပျက်ကျသည့်နေရာမှာ ငါးဖမ်းလုပ်သားများ အလုပ်လုပ်နေသည့် နေရာဖြစ်သည်ဟု ဆိုသည်။

    လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကို မသိရှိရသေးသော်လည်း အခင်းဖြစ်ပွားသည့်အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ရာသီဥတုပြဿနာမှာ ဖြစ်နိုင်သည့် အကြောင်းအရင်းတစ်ခု ဖြစ်နေသည်။ ကုန်တင်လေယာဉ်ဖြစ်သော်လည်း ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၀ ခန့် ထိုလေယာဉ်တွင် လိုက်ပါသွားကြပြီး ခရီးသည်အားလုံးမှာ ခါးပတ်မပတ်ထားဟု ယုံကြည်ရသည်။

    Ref: Aljazeera

  • တရုတ်နှင့် ထိုင်ဝမ်ခေါင်းဆောင်များ သမိုင်းဝင်တွေ့ဆုံမည်

    တရုတ်နှင့် ထိုင်ဝမ်ခေါင်းဆောင်များ သမိုင်းဝင်တွေ့ဆုံမည်

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    china

    – ထိုင်ဝမ်သမ္မတ မာယင်ဂျောင်နှင့် တရုတ်သမ္မတ ဇီဂျင်ပင်းတို့မှာ စနေနေ့တွင် စင်ကာပူ၌ တွေ့ဆုံရန် ရှိနေပြီး ၁၉၄၉ ပြည်တွင်စစ်ပွဲပြီးဆုံးသည့် နောက်ပိုင်း ပြိုင်ဖက်နှစ်နိုင်ငံ ပထမဆုံး တွေ့ဆုံခြင်းလည်း ဖြစ်မည်ဖြစ်သည်။

    အဆိုပါ တွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြား ရှိနေသည့် ကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သော်လည်း မည်သည့် သဘောတူစာချုပ်မှ ချုပ်ဆိုမည်မဟုတ်ဟု ထိုင်ဝမ်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ချားလ်စ်ချန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    တရုတ်ကက်ဘိနတ်၏ ထိုင်ဝမ်ရေးရာရုံးကလည်း အဆိုပါ သမိုင်းဝင် တွေ့ဆုံပွဲကို အတည်ပြုခဲ့သည်။ ယခင်က တရုတ်နှင့် ဆက်ဆံရေး တင်းမာသည့် ထိုင်ဝမ်မှာ ၂၀၀၈ ခုနှစ်က တရုတ်ထောက်ခံသည့် ကူမင်တန်ပါတီ KMT အာဏာရပြီးနောက်ပိုင်း ပြည်မနှင့် ဆက်ဆံရေးမှာ နွေးထွေးလာခဲ့သည်။

    Ref: Aljazeera

  • အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ်တွင် ပုံမှန် မဟုတ်သည့် အသံများ ကြားခဲ့

    အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ်တွင် ပုံမှန် မဟုတ်သည့် အသံများ ကြားခဲ့

    နိုဝင်ဘာ ၄၊ ၂၀၁၅
    M-Media

    russia

    – ပြီးခဲ့သည့် စနေနေ့က အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့သည့် ရုရှားခရီးသည်တင်လေယာဉ်၏ Black Box မှ မှတ်တမ်းအရ ပျက်မကျခင် လေယာဉ်မှူး အခန်း၌ ပုံမှန် မဟုတ်သော အသံများကို ကြားခဲ့ရသည်ဟု ရုရှား မီဒီယာများက ပြောကြားခဲ့သည်။

    အမေရိကန် မီဒီယာများကမူ အဆိုပါ လေယာဉ်ပျက်ကျသည့် အချိန်တွင် အမေရိကန် ဂြိုဟ်တုတစ်ခုက ကောင်းကင်ပေါ်တွင် အပူလုံးကြီးကို တွေ့ခဲ့သည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ဖော်ပြခဲ့သည်။ အဆိုပါ လေယာဉ်မှာ Airbus A-321 ဖြစ်ပြီး လိုက်ပါသွားသူ စုစုပေါင်း ၂၂၄ ဦးစလုံး သေဆုံးခဲ့သည်။

    “ရေဒါကနေ လေယာဉ် ပျောက်သွားတဲ့အချိန် မတိုင်ခင်လေးမှာ သာမန်လေယာဉ်တွေမှာ ဖြစ်လေ့ဖြစ်ထမရှိတဲ့ အသံတွေကို ကြားခဲ့ရပါတယ်” ဟု ရုရှားသတင်းအေဂျင်စီ Interfax က ကိုင်ရိုမြို့ရှိ အမည်မဖော်လိုသော အီဂျစ် လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ ရေးသားခဲ့သည်။

    လက်ရှိအချိန်တွင် အီဂျစ်၊ ရုရှား၊ အိုင်ယာလန်နှင့် Airbus ကုမ္ပဏီတို့က ကျွမ်းကျင်သူများမှာ လေယာဉ်ပျက်ကျရသည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    Ref: Aljazeera

  • အမေရိကန် လူဖြူ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း၏ အဖွဲ့ဝင်စာရင်းကို Anonymous ထုတ်ပြန်

    အမေရိကန် လူဖြူ အစွန်းရောက် အကြမ်းဖက်ဂိုဏ်း၏ အဖွဲ့ဝင်စာရင်းကို Anonymous ထုတ်ပြန်

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    anno

    – ကမ္ဘာကျော် ဟက်ကာအဖွဲ့ဖြစ်သော Anonymous အဖွဲ့က လူဖြူအစွန်းရောက်ဂိုဏ်း Ku Klux Klan (KKK သုံးလုံးဂိုဏ်း) အဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များနှင့် နေရပ်လိပ်စာအချို့ကို ယမန်နေ့က ထုတ်ပြန်လိုက်ပြီး အမေရိကန် နိုင်ငံရေးသမားများလည်း ပါဝင်နေသည်ဟု သိရသည်။

    အဆိုပါ ဟက်ကာအဖွဲ့မှာ ပြီးခဲ့သည့် သီတင်းပတ်က KKK ဂိုဏ်း၏ ၀ဘ်ဆိုက်များကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးနောက် ထိုကဲ့သို့ အဖွဲ့ဝင်များ၏ အချက်အလက်များကို ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့် နိုဝင်ဘာလတွင် နောက်ထပ် အဖွဲ့ဝင် ၁၀၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာများနှင့် ၎င်းတို့ အသုံးပြုနေသည့် Twitter အကောင့်များကိုပါ ထုတ်ပြန်သွားမည်ဟု ကြေငြာခဲ့သည်။

    KKK ဂိုဏ်းဝင်များဟုဆိုကာ ယမန်နေ့က ထုတ်ပြန်ခဲ့မှုတွင် ဖုန်းနံပါတ် ၅၇ ခုနှင့် အီးမေးလ်လိပ်စာ ၂၃ ခုတို့ ပါဝင်ပြီး အမေရိကန်မှ မြို့တော်ဝန်များ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများလည်း ပါဝင်ခဲ့သည်။

    ထိုစာရင်းတွင် ပါဝင်ခဲ့သည့် Lexington မြို့မှ ဒီမိုရက်တစ်မြို့တော်ဝန် ဂျင်မ်ဂရေးကမူ ၎င်းမှာ KKK ဂိုဏ်းနှင့်ပတ်သက်မှု မရှိဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ငြင်းဆိုခဲ့ပြီး အချို့သောသူများကလည်း ထိုကဲ့သို့ ငြင်းဆိုခဲ့ကြသည်။

    အဆိုပါ လူဖြူအစွန်းရောက် KKK ဂိုဏ်းကို အမေရိကန်ပြည်တွင်းစစ်ပြီးနောက် စစ်ရှုံးခဲ့သည့် ကျွန်စနစ်လိုလားသူ တောင်ပိုင်း ကွန်ဖက်ဒရိတ်စစ်သားများက စစ်နိုင်သည့် မြောက်ပိုင်းကို ဆန့်ကျင်ရန် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် ထိုအဖွဲ့မှာ အမျိုးသားရေး အစွန်းရောက်ပုံစံ ဖြစ်လာခဲ့ပြီး ဂျူး၊ ခရစ်ယာန်ကက်သလစ်နှင့် လူမည်းမုန်းတီးရေး လုပ်ဆောင်လာကာ ၎င်းတို့အား ဦးတည်သည့် တိုက်ခိုက်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

    ၁၉၅၀ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် ခေတ်စားလာသည့် လူ့အခွင့်အရေး လှုပ်ရှားမှုများကို ဆန့်ကျင်သည့် အနေဖြင့် KKK ဂိုဏ်းမှာ အကြမ်းဖက် တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင်ခဲ့ကာ နောက်ပိုင်းတွင် အမေရိကန်အစိုးရက လူမျိုးရေးခွဲခြားသည့် အကြမ်းဖက်အဖွဲ့အစည်းဖြစ် သတ်မှတ်၍ နှိမ်နှင်းခဲ့သည်။

    လက်ရှိအချိန်တွင်မူ အဆိုပါ အစွန်းရောက်ဂိုဏ်းမှာ အင်အားနည်းသွားခဲ့သော်လည်း ဆိုရှယ်မီဒီယာများကို အသုံးပြု၍ ၎င်းတို့၏ အစွန်းရောက် အမုန်းဝါဒကို ဖြန့်ဖြူးလျက်ရှိနေသည်။

    Ref: USA Today

  • ချယ်ဆီး၏ ကျရှုံးမှု ကစားသမားများကြောင့်ဟု တယ်ရီပြော

    ချယ်ဆီး၏ ကျရှုံးမှု ကစားသမားများကြောင့်ဟု တယ်ရီပြော

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    morinho

    – ယခုရာသီ ချယ်ဆီးအသင်း၏ ကျရှုံးမှုများအတွက် မော်ရင်ဟိုတွင် အပြစ်မရှိဘဲ မိမိတို့ကစားသမားများကသာ တာဝန်ယူရမည်ဟု နောက်ခံလူ တယ်ရီက ပြောကြားလိုက်သည်။

    ၁၁ ပွဲကစားပြီးချိန်တွင် ၆ ပွဲအထိ ရှုံးထားပြီး ၃ ပွဲသာ အနိုင်ရထားသည့် လက်ရှိချန်ပီယံ ချယ်ဆီးမှာ ထိပ်ဆုံးမှ မန်စီးတီးနှင့် ၁၄ မှတ် ကွာဟနေပြီး အဆင့် ၁၅ နေရာတွင် ရှိနေသည်။ ထိုကဲ့သို့ ရလဒ်များ ဆိုးရွားမှုကြောင့် မော်ရင်ဟိုမှာလည်း ဖိအားဒဏ်ကို အလွန်အမင်း ခံစားနေရသည်။

    “ကိုယ်ပိုင်သဘောအရ ပြောရရင် ကျွန်တော်နဲ့ ကစားသမားတွေဟာ လုံလောက်အောက် ခြေစွမ်းမကောင်းခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ ဒါဟာ နည်းပြရဲ့တာဝန် မဟုတ်ပါဘူး။ ကစားသမားတွေအားလုံးဟာ နည်းပြကို အပြည့်အ၀ ထောက်ခံတယ်။ ကျွန်တော်တို့ အတူတူရှိနေပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ မော်ရင်ဟိုဟာ ကဏ္ဍပေါင်းစုံနဲ့ပတ်သက်ပြီး ပြိုင်ဘက်ကင်းနည်းပြပါ။ ဒီအခြေအနေကို သူ ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု တယ်ရီက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal