News @ M-Media

Author: Ko Lay

  • ချန်ပီယံလိဂ်နိုင်ပွဲက လူငယ်ပရိတ်သတ်များအတွက်ဖြစ်သည်ဟု မော်ရင်ဟို

    ချန်ပီယံလိဂ်နိုင်ပွဲက လူငယ်ပရိတ်သတ်များအတွက်ဖြစ်သည်ဟု မော်ရင်ဟို

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    chelsea

    – ချန်ပီယံလိဂ်တွင် ယူကရိန်းကလပ် ဒိုင်နမိုကိဗ်အား အနိုင်ရခဲ့သည့်ပွဲက အားမလိုအားမရ ဖြစ်နေကြသည့် အသင်း၏ လူငယ် ပရိတ်သတ်များအတွက် ဖြစ်သည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် ချယ်ဆီးမှာ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲပေါင်းစုံ ၉ ပွဲတွင် ဒုတိယမြောက်အနိုင်ရသည့်ပွဲ ဖြစ်သည်။ မော်ရင်ဟိုကမူ ကစားသမားများကို ချီးကျူးပြောဆိုခဲ့သည်။

    “အသင်းနိုင်နေတဲ့အချိန်မှာတော့ ကျောင်းကို ချယ်ဆီးအင်္ကျီဝတ်သွားတာဟာ အသက် ၁၀ နှစ် ၁၂ နှစ်အရွယ် လူငယ်လေးတွေအတွက် ဘာပြဿနာမှ မရှိပေမယ့် အသင်းရှုံးတဲ့အခါကျရင်တော့ အသင်းအင်္ကျီဝတ် ကျောင်းသွားဖို့ သူတို့အတွက် ခက်ခဲပါတယ်။ နိုင်ပွဲတွေရနေတဲ့ အခြားအသင်းတွေရဲ့ ပရိတ်သတ်တွေက သူတို့ကို မခံချင်အောင် စတာနောက်တာတွေ လုပ်ကောင်းလုပ်နိုင်ပါတယ်။ အသင်း ကောင်းမွန်နေတဲ့အချိန်မှာရာ၊ ရှုံးနိမ့်နေတဲ့ အချိန်မှာပါ ပရိသတ်တွေက တစ်စိုက်မတ်မတ် အားပေးနေတယ်ဆိုတာကို မြင်ရတာ သိပ်ကို အံ့သြစရာကောင်းပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • အစိုးရယန္တရားတွင် ခြစားမှုအဆုံးသတ်ရေး ရိုမေးနီးယားပြည်သူများ ဆန္ဒပြ

    အစိုးရယန္တရားတွင် ခြစားမှုအဆုံးသတ်ရေး ရိုမေးနီးယားပြည်သူများ ဆန္ဒပြ

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    rmna

    – အင်္ဂါနေ့ ဆန္ဒပြမှုများကြောင့် ၀န်ကြီးချုပ် ဗစ်တာ ပွန်တာ ယမန်နေ့က နှုတ်ထွက်ခဲ့သော်လည်း အစိုးရအဖွဲ့အတွင်း လာဘ်စားမှုများကို အဆုံးသတ်ရေးအတွက် ယမန်နေ့က နိုင်ငံတစ်ဝှမ်းတွင် ရိုမေးနီးယားပြည်သူများက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မြို့တော်ဘူခါရက်တွင် ပြုလုပ်သည့် ဆန္ဒပြမှုအတွင်း ပြည်သူ ၃ သောင်းကျော် ပါဝင်ခဲ့ကြပြီး နိုင်ငံအတွင်းရှိ အခြားသော အဓိကမြို့ကြီးများတွင်လည်း ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ယခုတစ်ပတ် အစောပိုင်းက ဘူခါရက်ရှိ နိုက်ကလပ်တစ်ခုတွင် မီးလောင်ကာ လူ ၃၂ ဦး သေဆုံးခဲ့သည့် အဖြစ်အပျက်ကို မကျေနပ်သည့်အတွက် အင်္ဂါနေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုများကြောင့် ၀န်ကြီးချုပ်ပွန်တာ ဦးဆောင်သည့် အစိုးရက နှုတ်ထွက်ပေးခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ထိုနှုတ်ထွက်ခြင်းမှာ နိုင်ငံရေးအခြေအနေ ပြုပြင်ပြောင်းလဲမှု စတင်ခြင်းသာဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားတွင် အလွန်အမင်း လာဘ်စားမှုများ ရှိနေသည်ဟု ရိုမေးနီးယားပြည်သူများက မှတ်ယူနေကြသည်။

    “ကျွန်တော်တို့ဟာ ခြစားမှု၊ ခြစားသူတွေနဲ့ သူတို့တွေကို ကာကွယ်ပေးနေတဲ့ စနစ်ကြီးကို ပထမဆုံး ဆန့်ကျင် ဆန္ဒပြကြတပါ။ အဲဒီစနစ်က ခြစားသူတွေကို သူတို့ဟာသူတို့ မဖယ်ရှားဘူးဆိုရင် ပြည်သူတွေက သူတို့ရဲ့လက်နဲ့ တရားမျှတမှုကို ရှာဖွေရပါလိမ့်မယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဘိုင်ယန်အရှုံးအတွက် အသင်းကို ၀င်းဂါး ဝေဖန်

    ဘိုင်ယန်အရှုံးအတွက် အသင်းကို ၀င်းဂါး ဝေဖန်

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    winger

    – ယနေ့မနက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲ ကစားပုံအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက အသင်းအား ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မိမိ၏ အသင်းကိုပင် မမှတ်မိတော့ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် အုပ်စုပွဲစဉ် ၃ တွင် ဘိုင်ယန်အား အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင် အနိုင်ရရှိခဲ့သည့် အာဆင်နယ်မှာ ယနေ့ အဝေးကွင်းပွဲစဉ်၌ ၅ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် အုပ်စုပွဲစဉ် ၄ ပွဲကစားပြီးချိန်တွင် အာဆင်နယ်မှာ ၃ ပွဲအထိ ရှုံးထားပြီး ရမှတ် ၃ မှတ်ဖြင့် အုပ်စု F တွင် အောက်ဆုံးရောက်ရှိနေကာ နောက်တစ်ဆင့်တက်ရေးအတွက် အခွင့်အလမ်း နည်းသွားပြီဖြစ်သည်။

    “ဘိုင်ယန်ကိုတော့ သူတို့ရဲ့ အရည်အသွေးအတွက် ကျွန်တော်တို့ ချီးကျူးရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အညှာလွယ်သွားခဲ့တာပါ။ တိုက်စစ်မှာတင်မဟုတ်ဘဲ၊ ခံစစ်မှာလည်း ကျွန်တော်တို့ သိပ်ကို ဆိုးရွားခဲ့ပါတယ်။ ကျွန်တော့်အသင်းကို မှတ်တောင်မမှတ်မိပါဘူး” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အုပ်စုကျွတ်ရေးအတွက်မူ ၀င်းဂါးက “နောက်တစ်ဆင့်တက်ဖို့အတွက် အခွင့်အရေးကတော့ ရှိနေတုန်းပါပဲ။ အခွင့်အရေးက သိပ်ပြီး သေးငယ်ပါတယ်။ ဒါပေမယ့် အဲဒါက စစ်မှန်တဲ့ အခွင့်အရေးပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • ဆေးခြောက်ကို အပန်းဖြေရာတွင် အသုံးပြုရန် မက္ကဆီကို ခွင့်ပြု

    ဆေးခြောက်ကို အပန်းဖြေရာတွင် အသုံးပြုရန် မက္ကဆီကို ခွင့်ပြု

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    mexico

    – အပန်းဖြေသည့်အနေဖြင့် ဆေးခြောက်အသုံးပြုမှုကို မက္ကဆီကို တရားရုံချုပ်က ယမန်နေ့တွင် မဲခွဲဆုံးဖြတ်ကာ ခွင့်ပြုပေးလိုက်ပြီး ဆန့်ကျင်မှုများလည်း ရှိနေသည်။

    မက္ကဆီကို၏ ဆေးခြောက်ဥပဒေမှာ အလွန်တင်းကြပ်နေပြီး အပန်းဖြေရာတွင် အသုံးပြုခွင့်ပေးရန် အဖွဲ့ဝင်လေးဦးပါသည့် Mexican Society for Responsible and Tolerant Personal Use (SMART) အဖွဲ့က စတင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းကြောင့် SMART အဖွဲ့မှာ ဆေးခြောက်ကို ကိုယ်တိုင်စိုက်ပျိုးကာ အသုံးပြုခွင့်ရမည်ဖြစ်သော်လည်း ထိုဆေးခြောက်များကို ရောင်းချခွင့်ရမည် မဟုတ်ပေ။

    ယမန်နေ့က တရားရုံး၏ ထိုဆုံးဖြတ်ချက်ပြီးနောက် ထောက်ခံသူများနှင့် ဆန့်ကျင်သူများမှာ တရားရုံးရှေ့တွင် တစ်ဖက်စီ စုရုံး၍ ဆန္ဒပြခဲ့ကြသည်။

    “မက္ကဆီကိုမှာ ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီကိစ္စအတွက် အဆင့်သင့်မဖြစ်သေးပါဘူး” ဟု နိုင်ငံလုံးဆိုင်ရာ မိဘများသမဂ္ဂမှ ဥက္ကဌဖြစ်သူ ကွန်ဆူလို မန်ဒိုဇာက ပြောကြားခဲ့သည်။

    ယခုကဲ့သို့ ခွင့်ပြုခြင်းမှာ SMART အဖွဲ့တစ်ခုတည်းအတွက် ဖြစ်သော်လည်း ထောက်ခံသူများကမူ ထိုဆုံးဖြတ်ချက်မှာ အခြားသော သူများအတွက်လည်း လမ်းပွင့်သွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဂျပန်ရှိ ဟိုကိုင်းဒိုးကျွန်းက မွတ်စလင်ခရီးသွားများအား ဆွဲဆောင်ရန် ပြင်ဆင်နေ

    ဂျပန်ရှိ ဟိုကိုင်းဒိုးကျွန်းက မွတ်စလင်ခရီးသွားများအား ဆွဲဆောင်ရန် ပြင်ဆင်နေ

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    japan

    – မွတ်စလင်ခရီးသွားများအား စွဲဆောင်နိုင်ရန်အတွက် ဂျပန်နိုင်ငံရှိ ဟိုကိုင်းဒိုးကျွန်းက မလေးရှား၏ ဟာလာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ HDC နှင့် ဆက်သွယ်ကာ ကျွန်း၏မြို့တော် ဆက်ပ်ပိုရိုအား “မွတ်စလင်များ ပျော်မွေ့သည့်နေရာ” အဖြစ် ပြုလုပ်ချင်နေသည်ဟု သိရသည်။

    ဆက်ပ်ပိုရိုမြို့ရှိ ဒေသတွင်း အစားအသောက်များကို မွတ်စလင်ခရီးသွားများ၏ ယဉ်ကျေးမှုနှင့် ကိုက်ညီအောင် ဆောင်ရွက်သည့် စီမံကိန်း အကြီးအကဲ နိုဇိုမီ အိုတာက မွတ်စလင်ခရီးသွားများအတွက် မိမိတို့မြို့တွင် ၀တ်ပြုဆောင်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ဟာလာအစားအသောက်များ ရရှိနိုင်သည့် စားသောက်ဆိုင်များစာရင်းအား ရိုက်နှိပ်ထုတ်ဝေပေးခြင်းတို့ကို စတင်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မတို့ ဆက်ပ်ပိုရိုမြို့က အစားအသောက်တွေကို ကြိုက်နှစ်သက်ပြီး၊ လုံခြုံမှုရှိတယ်လို့ ခံစားရမယ်လို့မျှော်လင့်ပါတယ်။ HDC နဲ့ ကျွန်မတို့ ပူပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ဟာလာအစားအသောက်နဲ့ပတ်သက်ပြီး သင်ယူဖို့ ဒီကလူတစ်ချို့ကိုလည်း မလေးရှားကို လွှတ်သွားမှာပါ” ဟု အိုတာ ပြောကြားခဲ့သည်။

    မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များမှ ဆိုင်ပေါင်း ၃၀ ခန့်ကို မွတ်စလင်များ စားသောက်နိုင်သည့် ဆိုင်များအဖြစ် ဒေသန္တရ အစိုးရက အသိအမှတ်ပြုပေးခဲ့ပြီး ထိုစားသောက်ဆိုင်များနှင့် ပတ်သက်၍ အွန်လိုင်းစာမျက်နှာတွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

    အိုတာနှင့် သူမ၏ အဖွဲ့မှာ အရှေ့တောင်အာရှရှိ မွတ်စလင်ခရီးသွားဈေးကွက်ကို ဂျပန်နိုင်ငံသို့ ဆွဲခေါ်နိုင်ရန်အတွက် အင်ဒိုနီးရှားရှိ ဟာလာ လုပ်ငန်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်နေသည်။

    ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် မလေးရှားနိုင်ငံသားဦးရေမှာ ၂၈၅၀၀ ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ထိုအချိန်ကထက် ၆၅.၅ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။

    Ref: Muslimvillage