News @ M-Media

Author: Ko Lay

  • စပရက်တလေကျွန်းစုအနီးတွင် ထပ်မံကင်းလှည့်မည်ဟု အမေရိကန်ပြော

    စပရက်တလေကျွန်းစုအနီးတွင် ထပ်မံကင်းလှည့်မည်ဟု အမေရိကန်ပြော

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    – တရုတ်နိုင်ငံက ဆန့်ကျင် ကန့်ကွန်မှုများ ပြုလုပ်နေသော်လည်း တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားမှုများ ရှိနေသော စပရက်စလေကျွန်းစုအနီးမှ မိမိတို့ စစ်သင်္ဘောများ ထပ်မံ၍ ဖြတ်သန်းသွားမည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

    အင်္ဂါန့မနက်ပိုင်းက ပဲထိန်းဒုံးကျည်ဖျက် USS Lassen စစ်သင်္ဘောမှာ အဆိုပါ ကျွန်းစုတွင် တရုတ်က ကျွန်းတုများ ဖန်တီးနေသော နေရာ၏ ၂၂ ကီလိုမီတာအကွာမှ ကင်းလှည့်ဖြတ်သန်းသွားခဲ့ပြီး ထိုလုပ်ရပ်မှာ မိမိတို့အား ရန်စခြင်းဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်ကမူ ထိုအကွာအဝေးမှာ နိုင်ငံတကာဥပဒေတွင် သတ်မှတ်ထားသည့် အကွာအဝေးအတွင်းတွင် ရှိသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဒီလိုထပ်ပြီး ကင်းလှည့်သွားမှာပါ။ ကျွန်တော်တို့ဟာ နိုင်ငံတကာရေပိုင်နက်ထဲမှာ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ခုတ်မောင်းပါတယ်” ဟု AFP သတင်းဌာနှင့် အင်တာဗျူးတွင် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဂီတနဲ့ သာသနာ့အရှိတရားကို ထုတ်ဖော်မယ့် ဗြိတိန် မွတ်စလင်လူငယ်

    ဂီတနဲ့ သာသနာ့အရှိတရားကို ထုတ်ဖော်မယ့် ဗြိတိန် မွတ်စလင်လူငယ်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    uk

    – မိမိ၏ သာသနာကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ပြီး ဂီတဘက်တွင် အထုံပါရမီရှိသည့် ဗြိတိန်မွတ်စလင် လူငယ်တစ်ဦးမှာ အစ္စလာမ်၏ အရှိတရားများကို ဂီတဖြင့် ကမ္ဘာတစ်ဝှမ်းဖြန့်ချီရန် ဆန္ဒရှိနေသည်ဟု သိရသည်။

    “လူတွေကို အကျိုးယုတ်စေတဲ့ ဂီတမျိုးကို ကျွန်တော် မလိုချင်ပါဘူး။ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာနဲ့ လူတွေရဲ့ နေ့စဉ်ဘ၀မှာ အကျိုးဖြစ်ထွန်းစေမယ့် အရာမျိုးတွေကိုပဲ ကျွန်တော်က ဂီတနဲ့ အသိပေးချင်တာပါ။ သီချင်းတွေနားထောင်ကြတဲ့ လူတွေ၊ အထူးသဖြင့် လူငယ်တွေကို ဂီတနဲ့ ကျွန်တော် ပြောင်းလဲချင်ပါတယ်” ဟု အမေရိကန် ရေဒီယို NPR သို့ အသက် ၁၈ နှစ်အရွယ် ဗြိတိန်မွတ်စလင်လူငယ် ပေါ့ပ်ဂီတ တေးသံရှင် ဟာရစ်ဂျေက ပြောကြားခဲ့သည်။

    လန်ဒန်မြို့၏ အချက်အချာကျသော ချယ်ဆီးတွင် မွေးဖွားခဲ့သည့် ဟာရစ်မှာ အိန္ဒိယ-အိုင်းရစ်ရှ်နွယ်ဖွားဖြစ်ပြီး အစ္စလာမ်ဓမ္မနှင့် နာမ်ပိုင်းဆိုင်ရာ ဂီတများကို ဖန်တီးရာတွင် နာမည်ကျော်သည့် Awakening Records တေးထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်သည်။

    သီချင်းဆိုရာတွင် ပါရမီပါသည့် ဟာရစ်မှာ အသက် ၅ နှစ်အရွယ်ကတည်းက ကျောင်းအခမ်းအနားများနှင့် ဘာသာပေါင်းစုံပွဲများတွင် ၎င်း၏ ဂီတစွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။

    ၂၀၁၃ ခုနှစ်တွင် Awakening Talent Contest သီချင်းဆိုပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရဗိုလ်စွဲခဲ့ကာ Awakening Records တေးသံသွင်းနှင့် စာချုပ်ချုပ်နိုင်ခဲ့သည်။

    အစ္စလာမ်သာသနာနှင့်ပတ်သက်၍ မေးမြန်းရာတွင် ဟာရစ်က “ကျွန်တော့်ရဲ့ နေ့စဉ်ဘ၀မှာ လိုက်နာကျင့်သုံးတဲ့ လမ်းစဉ်ပါပဲ။ ကျွန်တော် တစ်နေ့ ငါးကြိမ် ၀တ်ပြုတယ်။ အစ္စလာမ်ဟာ မကောင်းတဲ့ပုံစံမျိုး ပုံဖော်ခံနေရတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ တကယ်တော့ ဒါမျိုး မဟုတ်ပါဘူး။ အစ္စလာမ်ဟာ ငြိမ်းချမ်းရေးအတွက် တိတိကျကျ ပြောထားတဲ့သာသနာပါ။ ကျွန်တော် အခက်အခဲတွေ့တဲ့အခါတိုင်း၊ သောကရောက်တဲ့အခါတိုင်း ၀တ်ပြုဆုတောင်းမှုတွေ လုပ်ပါတယ်။ ဒါဟာ ကျွန်တော့်အတွက်တော့
    စိတ်သက်သာရစေတဲ့ ရင်းမြစ်တစ်ခုပါပဲ။ အစ္စလာမ်ဟာ ကျွန်တော့်ဘ၀မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ယခုနှစ် ဇူလိုင်လတွင် ဟာရစ်မှာ လန်ဒန်ရှိ နာမည်ကျော် ဂီတကောလိပ်ဖြစ်သော BRIT School of Performing Arts မှ ဘွဲ့ရခဲ့သည်။

    လန်ဒန်မြို့ရှိ ရန်ပုံငွေပွဲများနှင့် တောင်အာဖရိက ဒီမိုကရေစီခေါင်းဆောင် နယ်လ်ဆင် မင်ဒဲလား အောက်မေ့ဖွယ် ဖျော်ဖြေမှုများ၌ပါ ဟာရစ်မှာ သွားရောက်ဖျော်ဖြေခဲ့ရသည်။ World Music Trends အဖွဲ့ကမူ ဟာရစ်အား “ကမ္ဘာ့ အစ္စလာမ့်ဂီတနယ်ပယ်ကို ရိုက်ခတ်မည့် အနုပညာရှင်” ဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။

    “ကမ္ဘာကြီးအတွက် ကျွန်တော်ပေးချင်တဲ့ သတင်းစကားကတော့ ကျွန်တော်တို့ အယူဝါဒက တိမ်မြုပ်နေတဲ့ သဘောတရားတွေ၊ ယုံကြည်ချက်တွေကို ကျွန်တော်ဟာ ဖော်ထုတ်ပြချင်တယ် ဆိုတာပါပဲ။ အဲဒီ အယူဝါဒဟာ နေ့စဉ်သတင်းတွေမှာ မြင်နေရတဲ့ ပုံစံမျိုး မဟုတ်ဘူးဆိုတာ ပြဖို့ ကျွန်တော် ကြိုးစားနေပါတယ်။ ဒီအယူဝါဒဟာ ငြိမ်းချမ်းနဲ့ ချစ်ခြင်းမေတ္တာကိုဖော်ကျူးတဲ့ အယူဝါဒပါ။ အပြုသဘောဆောင်တဲ့ ခြားနားမှုမျိုးကို ကျွန်တော် လုပ်ပေးချင်ပါတယ်” ဟု ဟာရစ်ဂျေက ပြောကြားခဲ့သည်။

    ဆွမ်ဆီးတွင် အခြေစိုက်သည့် Awakening တေးသံသွင်းက တေးသံရှင် ဆာမီယူဆွတ်ဖ်ကို ၂၀၀၃ ခုနှစ်တွင် စာချုပ်ကာ အစ္စလာမ့်ဓမ္မတေးများကို ဖြန့်ချီခဲ့ပြီးနောက်ပိုင်း အနောက်နိုင်ငံရှိ လူငယ်များကြားတွင် အစ္စလာမ့်ဂီတမှာ ရေပန်းစားလာခဲ့သည်။

    အဆိုပါ တေးသံသွင်းမှာ ၂၀၀၈ ခုနှစ်တွင် နာမည်ကျော် အဆိုတော် မဟာရ် ဇိန်နှင့်လည်း အစ္စလာမ်ဓမ္မတေးများကို ဖန်တီးဖြန့်ချီခဲ့ပြီး ယခုအချိန်အထိ ကမ္ဘာတစ်ဝှမ်း လူကြိုက်များနေဆဲဖြစ်သည်။ မဟာရ် ဇိန်၏ ပထမဆုံး အလ်ဘမ် Thank You Allah မှာ အစ္စလာမ်ကမ္ဘာတွင် အလွန်လူကြိုက်များခဲ့ပြီး ဒုတိယ အလ်ဘမ်ဖြစ်သော Forgive Me မှာလည်း နာမည်ကြီးခဲ့သည်။

    Ref: Onislam

  • WTA Finals တင်းနစ်ပြိုင်ပွဲတွင် ရှာရာပိုဗာ နိုင်ပွဲဆက်

    WTA Finals တင်းနစ်ပြိုင်ပွဲတွင် ရှာရာပိုဗာ နိုင်ပွဲဆက်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    tennis

    – စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်နေသည့် ရာသီပိတ် အမျိုးသမီး တင်းနစ်ပြိုင်ပွဲ WTA Finals ဒုတိယပွဲ၌ ရုရှားတင်းနစ်မယ် မာရီယာ ရှာရာပိုဗာမှာ နိုင်ခြေအဆင့် ၁ ရ ဆီမွန်နာဟဲလ်ပ်ကို ၂ ပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါပွဲမှာ ၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီး ရှာပိုဗာက ၆-၄၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့သည်။ ရှာရာပိုဗာမှာ ဟဲလ်ပ်နှင့် တွေ့ဆုံခဲ့သည် ၅ ပွဲစလုံးတွင် ပွဲအားလုံးကို အနိုင်ရရှိအောင် ကစားနိုင်ခဲ့သည်။

    ကမ္ဘာ့ထိပ်တန်း တင်းနစ်မယ် ၈ ဦးကို အုပ်စုနှစ်ခုခွဲ၍ ကစားစေသည့် အဆိုပါပြိုင်ပွဲ၌ အနီရောင်အုပ်စု၌ ကျသော ရှာပိုဗာမှာ အဖွင့်ပွဲစဉ်တွင်လည်း အန်နစ်ကာ ရဒ်ဝမ်စကာကို ပွဲငယ်တစ်ပွဲ ရှုံးနိမ့်နေရာမှ နောက်ကလိုက်ကစားကာ အနိုင်ယူနိုင်ခဲ့သည်။

    ယမန်နေ့ စောစောပိုင်းပွဲစဉ်တွင် အဖွင့်ပွဲ၌ ဟဲလ်ပ်အား ရှုံးနိမ့်ခဲ့သည့် ဖလာဗီယာ ပန်နက်တာမှာ ရဒ်ဝမ်စကာအား ၂ ပွဲပြတ်ဖြင့်ပင် အနိုင်ရခဲ့သည်။ အဖြူရောင်အုပ်စုတွင်မူ ဂါဘိုင်း မူဂူရူဇာနှင့် အိန်ဂျလိက် ကာရ်ဘာရ်တို့က တစ်ပွဲစီ အနိုင်ရထားသည်။

    Ref: Dailymail

  • ရွေးကောက်ပွဲ သတင်းယူမည့် နိုင်ငံခြား မီဒီယာသမားများကို မြန်မာနိုင်ငံက တစ်လဗီဇာ ထုတ်ပေးမည်

    ရွေးကောက်ပွဲ သတင်းယူမည့် နိုင်ငံခြား မီဒီယာသမားများကို မြန်မာနိုင်ငံက တစ်လဗီဇာ ထုတ်ပေးမည်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    – လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအား သတင်းယူဖော်ပြနိုင်ရန်အတွက် နိုင်ငံခြားမှ သတင်းမီဒီယာသမားများကို တစ်လတာ နေထိုင်ခွင့်ဗီဇာ ထုတ်ပေးသွားရန် စီစဉ်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် ထုတ်ပြန်သော အသိပေးချက်၌ ဖော်ပြထားသည်။

    အဆိုပါ နိုင်ငံခြားဂျာနယ်လစ်များမှာ တိုင်းပြည်သို့ ရောက်ရှိပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးသော အသိအမှတ်ပြုကဒ်ပြားကို ချိတ်ဆွဲထားရမည် ဖြစ်ပြီး နိုင်ငံခြားမီဒီယာသမားများကလပ်ကိုလည်း လာရောက် ဆက်သွယ်ရမည်ဖြစ်သည်။

    ကော်မရှင်က အသိအမှတ်ပြု ကဒ်ပြားများ ရရှိထားသည့် နိုင်ငံခြား သတင်းမီဒီယာသမားများမှာ နိုင်ငံတစ်ဝှမ်းရှိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို သတင်းယူခွင့် ရမည်ဖြစ်ပြီး မဲရုံပရ၀ုဏ်အတွင်း ၀င်ရောက်သတင်းယူလိုပါက သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ၏ ခွင့်ပြုချက် ရယူရမည်ဟုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထိုအသိပေးချက်တွင် ဖော်ပြထားသည်။

    ယခုရွေးကောက်ပွဲတွင် ဥရောပသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ စောင့်ကြည့်သူများမှာ လရောက်ကာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြည်တွင်းမှ စောင့်ကြည့်သူ ဦးရေမှာလည်း ၁၀၇၈၉ ဦး ရှိမည်ဖြစ်သည်။

    Ref: Xinhua

  • လိဂ်ဖလားအရှုံးအတွက် ကစားသမားများဘက်မှ မော်ရင်ဟို ကာကွယ်

    လိဂ်ဖလားအရှုံးအတွက် ကစားသမားများဘက်မှ မော်ရင်ဟို ကာကွယ်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    mrh

    – စတုတ်စီးတီးအား ရှုံးနိမ့်ခဲ့ပြီး လိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရသော်လည်း ချယ်ဆီးနည်းပြ မော်ရင်ဟိုမှာ အသင်းသားများအား ကာကွယ်ခဲ့ပြီး မိမိကစားသမားများမှာ ဝေဖန်သူများကို ပြန်လည်တုန့်ပြန်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယနေ့မနက်က ကစားခဲ့သည့် ထိုပွဲတွင် ချယ်ဆီးမှာ ဦးဆောင်ဂိုးပေးခဲ့ရပြီး နာကျင်အချိန်ပို၌ ရီမီက ချေပဂိုး ပြန်သွင်းပေးနိုင်ခဲ့သည်။ သို့သော်လည်း ပင်နယ်တီ ကန်သွင်းရာတွင် ကွင်းလယ်လူ ဟဇာ့ဒ်၏ အရေးပါသော နောက်ဆုံးပင်နယ်တီကို စတုတ်ဂိုးသမားက ကာကွယ်နိုင်ခဲ့သောကြောင့် ချယ်ဆီးမှာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    “ဒီနေ့ည ကစားသမားတွေ ပြသသွားတဲ့ခြေစွမ်းက ဝေဖန်သူတွေကို ‘ခင်ဗျားတို့ဟာ အရူးတွေ’ လို့ ပြောလိုက်တာပါပဲ။ တစ်ချို့လူတွေ ပြောတာတွေ၊ ရေးတာတွေက ကစားသမားတွေအတွက် တော်တော်လေး မကောင်းပါဘူး။ ဝေဖန်သူတွေက သူတို့ ကစားသမားဘ၀တုန်းက ပုံစံမျိုး ကျွန်တော့်ကစားသမားတွကို ထင်ကြပါတယ်။ ကျွန်တော့်လူတွေက အဲဒီလိုမဟုတ်ပါဘူး။ သူတို့ အရာရာတိုင်းအတွက် ကြိုးစားခဲ့ကြပါတယ်” ဟု မော်ရင်ဟိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ပင်နယ်တီမ၀င်ခဲ့သည့် ဟဇာ့ဒ်ကိုလည်း မိမိအနေဖြင့် အပြစ်တင်သွားမည်မဟုတ်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal