News @ M-Media

Author: Ko Lay

  • အစ္စရေးက ပစ်သတ်ခဲ့သူများ၏ အလောင်းများ ပြန်ရရေး ပါလက်စတိုင်းများ ဆန္ဒပြ

    အစ္စရေးက ပစ်သတ်ခဲ့သူများ၏ အလောင်းများ ပြန်ရရေး ပါလက်စတိုင်းများ ဆန္ဒပြ

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    pla

    – ပြီးခဲ့သည့် သီတင်းပတ်များက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ဖြစ်ပွားခဲ့သော မတည်ငြိမ်မှုများအတွင်း အစ္စရေးက ၎င်းတို့ပစ်သတ်ခဲ့သည့် ပါလက်စတိုင်းများ၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်များကို ပြန်လည်ပေးပို့ရန် ငြင်းဆန်သောကြောင့် ဟီဘရွန်မြို့တွင် ပါလက်စတိုင်များက ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါဆန္ဒပြမှုတွင် ထောင်နှင့်ချီသော ပါလက်စတိုင်းများ ပါဝင်ခဲ့ပြီး သေဆုံးသွားခဲ့သည့် ပါလက်စတိုင်းများမှ ရုပ်ကလပ် ၁၁ ခုကို ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။ လက်ရှိအချိန်တွင် အစ္စရေးအာဏာပိုင်များမှာ သေဆုံးသွားသူ ပါလက်စတိုင်းများ၏ ရုပ်ကလပ် ၁၆ ခုကို ထိန်းသိမ်းထားသည်။

    ထိုဆန္ဒပြမှုတွင် မည်သည့်ထိပ်တိုက် တွေ့ဆုံမှုမှ မရှိသော်လည်း အစ္စရေးစစ်တပ်က မျက်ရည်ယိုဗုံးများ၊ ရာဘာအုပ်ထားသည့် စတီးကျည်ဆံများနှင့် ကျည်အစစ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အနည်းဆုံး ပါလက်စတိုင်း ၁၄၃ ဦး ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • လိဂ်ဖလားအရှုံးအတွက် အသင်းအား ၀င်းဂါးဝေဖန်

    လိဂ်ဖလားအရှုံးအတွက် အသင်းအား ၀င်းဂါးဝေဖန်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    winger

    – ယနေ့မနက်က ကစားခဲ့သည့် လိဂ်ဖလားတွင် ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက အသင်းအား ဝေဖန်လိုက်ပြီး မိမိတို့မှာ ပြိုင်ဘက်အသင်း၏ အဆင့်လောက်ပင်မရှိဟု ပြောကြားခဲ့သည်။

    ရှက်ဖီးဝင်းစ်ဒေးအသင်းနှင့် ကစားခဲ့သည့် အဆိုပါပွဲတွင် ၀င်းဂါးမှာ လူငယ်အများအပြားကို ထုတ်သုံးခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သော်လည်း ၃ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ထိုအရှုံးမှာ ၁၉၅၉ ခုနှစ်နောက်ပိုင်း အောက်တန်းအသင်းများအား အဆိုးဝါးဆုံး ရှုံးနိမ့်မှုလည်း ဖြစ်သည်။

    “ရှက်ဖီးဝင်းစ်ဒေးကို ယှဉ်ကစားဖို့အဆင့်တောင် ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ သူတို့ကို ချီးကျူးရမှာပါ။ သူတို့ဟာ ထက်မြက်တယ်။ လျင်မြန်တယ်။ ကျွန်တော်တို့ထက်ကိုပို ပြီး ပြတ်သားပါတယ်။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ပိုရပေမယ့် ဘာအခွင့်အရေးမှ မဖန်တီးနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ ခံစစ်ကတော့ စိတ်ပျက်စရာပါပဲ။ ဒီပွဲဟာ လူငယ်ကစားသမားတွေအတွက် သိပ်မြင့်လွန်းနေတယ်။ ဒီလိုအဆင့်မျိုးမှာ ကစားဖို့ သူတို့အားလုံး အဆင်သင့်မဖြစ်သေးပါဘူး။ တည်ကန်ဘောတွေကနေ ကျွန်တော်တို့ ဂိုး ၂ ဂိုး ပေးလိုက်ရတယ်။ ကျွန်တော်တို့ သိပ်နုံအခဲ့ပါတယ်” ဟု ၀င်းဂါးက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • လူမည်းကျောင်းသူတစ်ဦးအား အမေရိကန်ရဲတပ်ဖွဲ့က ကြမ်းတမ်းစွာဖမ်းဆီးမှု လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် စုံစမ်းမည်

    လူမည်းကျောင်းသူတစ်ဦးအား အမေရိကန်ရဲတပ်ဖွဲ့က ကြမ်းတမ်းစွာဖမ်းဆီးမှု လူ့အခွင့်အရေး ချိုးဖောက်မှုဖြင့် စုံစမ်းမည်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    us

    – တောင်ကယ်ရိုလိုင်းနားရှိ အထက်တန်းကျောင်းတစ်ခုတွင် လူမည်းကျောင်းသူတစ်ဦးအား လူဖြူရဲအရာရှိက မြေပြင်ပေါ်တွင် တရွတ်တိုက်ဆွဲ၍ ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးမှုအတွက် FBI နှင့် အမေရိကန် တရားရေးဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိသည်။

    Spring Valley အထက်တန်းကျောင်းတွင် တနင်္လာနေ့က ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက် ဗီဒီယိုမှာ အင်တာနက်စာမျက်နှာတွင် အလျင်အမြန် ပြန့်နှံ့သွားခဲ့ပြီး ရဲတပ်ဖွဲ့မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ FBI အထူးအေးဂျင့် ဒေးဗစ် သောမက်စ်ကမူ မိမိတို့မှာ ထိုအဖြစ်အပျက်အတွက် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်စစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု AFP သတင်းဌာနသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    “ဒီအဖြစ်အပျက်မှာ ဖက်ဒရယ်ဥပဒေကို ချိုးဖောက်မှု ရှိခဲ့သလားဆိုတာကို ဆုံးဖြတ်ဖို့ FBI ဟာ အချက်အလက်တွေ၊ အထောက်အထားတွေကို စုဆောင်းနေပါတယ်” ဟု သောမက်စ်က ထည့်သွင်း ပြောကြားခဲ့သည်။

    ထိုအဖြစ်ပျက်အတွက် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်းဖြစ်မည်ဟု ရေပန်းစားနေသည့် ဟီလာရီ ကလင်တန်ကိုယ်တိုင် ဝေဖန်ခဲ့သည်။

    “စာသင်ကျောင်းထဲက အကြမ်းဖက်မှုအတွက် ဘယ်လို ဆင်ခြေမျိုးမှ မရှိပါဘူး။ ဒီလုပ်ရပ်ဟာ လက်မခံနိုင်စရာပါပဲ။ စာသင်ကျောင်းတွေဟာ လုံခြုံတဲ့နေရာ ဖြစ်သင့်ပါတယ်” ဟု ကလင်တန်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    လူမည်းကျောင်းသူအား ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်မှာ ဘန်ဖီးလ်ဖြစ်သည်ဟု အမေရိကန် မီဒီယာများက ဖော်ပြခဲ့ကြပြီး လက်ရှိအချိန်တွင် ၎င်းမှာ တာဝန်မှ ရပ်ဆိုင်းထားခြင်းခံရကာ ရဲတပ်ဖွဲ့အတွင်း စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေသည်။

    ဘန်ဖီးလ်မှာ ၂၀၁၃ ခုနှစ်ကလည်း “လူဆိုးဂိုဏ်းတွင် ပါဝင်မှု၊ ရာဇ၀တ်မှုများ ဆောင်ရွက်မှု စွပ်စွဲချက်များဖြင့် အာဖရိကန်-အမေရိကန် ကျောင်းသားများအား တရားမဲ့စွာနှင့် အဆင်ခြင်မဲ့စွာ ပစ်မှတ်ထားဖမ်းဆီးခဲ့သည်” ဟူသော စွဲချက်များဖြင့် ဖက်ဒရယ်အဆင့်တွင် တရားရင်ဆိုင်ခဲ့ရဖူးသူဟု NBC သတင်းဌာနက ဖော်ပြခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားအရေး ဆွေးနွေးပွဲအတွင် အီရန်အား ကုလ ဖိတ်မည်

    ဆီးရီးယားအရေး ဆွေးနွေးပွဲအတွင် အီရန်အား ကုလ ဖိတ်မည်

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    syria

    – ဗီယင်နာတွင်ပြုလုပ်မည့် ဆီးရီးယားပြည်တွင်းစစ် အဆုံးသတ်ရေး လာမည့်ဆွေးနွေးပွဲတွင် ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်၏ အဓိကမဟာမိတ်ဖြစ်သူ အီရန်အား ဖိတ်ခေါ်သွားမည်ဟု ကုလက ပြောကြားလိုက်သည်။

    ထိုဆွေးနွေးပွဲသို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့နှင့် အာရပ်၊ ဥရောပနိုင်ငံများမှ သံတမန်များ တက်ရောက်ကြမည်ဖြစ်သည်။ အီရန်အား ဖိတ်ကြားမှုမှာ ဆီးရီးယားအရေး ဆွေးနွေးပွဲတွင် ပထမဆုံး ဖြစ်မည်ဖြစ်သည်။

    အမေရိကန်၊ ဆော်ဒီ၊ ရုရှားနှင့် တူရကီတို့မှာ ပြီးခဲ့သည့်တစ်ပတ်က ဆီးရီးယားစစ်ပွဲ ရပ်တန့်ရေး ဆွေးနွေးခဲ့ကြသော်လည်း အမေရိကန်နှင့် ဆော်ဒီက အာဆတ်အား ဖြုတ်ချချင်နေပြီး ရုရှားကမူ လက်ခံခြင်းမရှိသောကြောင့် ဆွေးနွေးပွဲတွင် မည်သည့်သဘောတူညီချက်မှ မရခဲ့ပေ။

    Ref: Aljazeera

  • ဆီးရီးယားမှ အမျိုးသမီးဂျာနယ်လစ်တစ်ဦး ကမ္ဘာ့ထိပ်တန်း ဂျာနယ်လစ်ဆုတစ်ခု ရရှိခဲ့

    ဆီးရီးယားမှ အမျိုးသမီးဂျာနယ်လစ်တစ်ဦး ကမ္ဘာ့ထိပ်တန်း ဂျာနယ်လစ်ဆုတစ်ခု ရရှိခဲ့

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    syria

    – လွတ်လပ်သော မီဒီယာများ ခြိမ်းခြောက်ခံနေရပြီး အမှန်တရားကို ဖော်ပြ၍မရသည့် နိုင်ငံများတွင် ဘက်လိုက်မှုကင်း၍ အမှန်တရားကို တိကျပြတ်သားစွာ ဖော်ပြနိုင်သည့် သတင်းထောက်များအား ပေးအပ်သော Peter Mackler Award for Courageous and Ethical Journalism ဆုကို ဆီးရီးယားမှ သတင်းထောက်အမျိုးသမီး ဇိုင်နာ အီရ်ဟာအင်မ်က ရရှိခဲ့သည်ဟု သိရသည်။

    “ကျွန်မဟာ စစ်ပွဲသတင်းထောက်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ တိုင်းပြည်မှာသာ စစ်မဖြစ်ခဲ့ရင် ဒီလို စစ်ပွဲသတင်းထောက် ဖြစ်လာမှာလည်း မဟုတ်ပါဘူး။ ကျွန်မ ဆီးရီးယားကို (လန်ဒန်ကနေ) ပြန်သွားခဲ့တယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်မဟာ ဆီးရီးယားနိုင်ငံသားတစ်ယောက် ဖြစ်လို့ပါပဲ။ ဒါဟာ ကျွန်မ ဇာတိပါ” ဟု ပြီးခဲ့သည့်တစ်ပတ်က ကျင်းပခဲ့သော ဆုပေးပွဲအခမ်းအနား၌ ဆု လက်ခံရယူခြင်းမပြုမီ သူမက ပြောကြားခဲ့သည်။

    ထိုဆုကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့၊ AFP သတင်းဌာန၊ ဂျာနယ်လစ်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများ ပြုလုပ်နေသည့် Global Medi Forum နှင့် ပီတာ မက်လာ မိသားစုတို့မှာ ပူးပေါင်း ရွေးချယ် ချီးမြှင့်ခြင်းဖြစ်သည်။

    အီရ်ဟာအင်မ်မှာ အဲလစ်ပိုမြို့တွင် နေထိုင်သူဖြစ်ပြီး နိုင်ငံအတွင်း၌ သတင်းထောက်ပေါင်း ၁၀၀ ခန့်ကို မွေးထုတ်ပေးနိုင်ခဲ့ကာ ထိုအထဲမှ ၃ ပုံ ၁ ပုံမှာ အမျိုးသမီးများ ဖြစ်သည်။ သူမ မွေးထုတ်ပေးလိုက်သည့် သတင်းထောက်များမှာ နိုင်ငံအတွင်း၌ အမှီအခိုကင်းသော သတင်းစာများ၊ မဂ္ဂဇင်းများ ထုတ်ဝေနိုင်သည်အထိ ဆောင်ရွက်နေနိုင်ပြီ ဖြစ်သည်။

    အသက် ၃၀ အရွယ်ရှိ အီရ်ဟာအင်မ်မှာ စစ်နှင့်ငြိမ်းချမ်းရေး သတင်းပေးပို့မှုအသင်း IWPR ၏ ဆီးရီးယားနိုင်ငံဆိုင်ရာ စီမံကိန်းအကြီးအကဲတစ်ဦးလည်း ဖြစ်သည်။ အဆိုပါ IWPR အဖွဲ့မှာ ပဋိပက္ခများ၊ ပြဿနာများနှင့် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပွားနေသည့် နိုင်ငံများရှိ ဂျာနယ်လစ်များကို ကူညီပံ့ပိုးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

    သူမမှာ ယခင်က လန်ဒန်တွင် ပညာဆည်းပူးနေသူဖြစ်ပြီး ဆီးရီးယားစစ်ပွဲဖြစ်လာသည့်အခါ သတင်းများကို ပေးပို့ရန်အတွက် ပြန်သွားခဲ့သည်။

    “ကျွန်မနဲ့ ဘ၀တူ ဂျာနယ်လစ်တွေကို ကူညီချင်ပါတယ်။ ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ သေဆုံးနေတာကို ကျွန်မ မကြည့်ရက်တော့ပါဘူး။ သူတို့ဟာ ဆီးရီးယားမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကမ္ဘာကြီးကို ပြသဖို့ ကြိုးစားရင်း အသက်ပေးခဲ့ကြရတာပါ” ဟု အီရ်ဟာအင်မ်က ထည့်သွင်းပြောကြားခဲ့သည်။

    သူမ၏ တပည့်များမှ အချို့မှာ နိုင်ငံတကာရှိ အဓိကသတင်းဌာနများအထိ ပေါက်ရောက်နေကြပြီး၊ အီရ်ဟာအင်မ်ကမူ သူမ၏ ရည်ရွယ်ချက်မှာ ဆီးရီးယားမှ ပြည်သူများ၏ ခံစားနေရသည့် ဘ၀များကို ဖော်ထုတ်တင်ပြရေးဖြစ်သည်ဟု ဆိုသည်။

    “ပြီးခဲ့တဲ့ ၃၊ ၄ နှစ်မှာ ကျွန်မ ကြိုးစားဆောင်ရွက်ခဲ့တာက ပြည်သူတွေရဲ့ ဘ၀တွေကို ဖော်ထုတ်တာဖြစ်ပြီး စစ်ဖြစ်နေတာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ မဟုတ်ပါဘူး။ နိုင်ငံတကာက နိုင်ငံရေးသမားတွေဟာ ဆီးရီးယားပြည်သူတွေကို နှိမ့်ချပြောဆိုကြပါတယ်။ သူတို့မှာ ဘ၀တွေရှိတယ်။ မိသားစုတွေနဲ့ အေးအေးချမ်းချမ်း ဘ၀လေးတွေကို သူတို့ ဖြတ်သန်းချင်ကြပါတယ်”

    နယ်စည်းမခြားသတင်းထောက်အားအဖွဲ့မှ ထုတ်ပြန်သည် မီဒီယာလွပ်လပ်ခွင့်ရှိသော နိုင်ငံ ၁၈၀ တွင် အဆင့် ၁၇၇ ချိတ်သည့် ဆီးရီးယား၌ ဂျာနယ်လစ်တစ်ယောက် လုပ်ဆောင်ရသည်မှာ မလွယ်ဟု သူမက ထည်သွင်းပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အီရ်ဟာအင်မ်နှင့် အခြားဂျာနယ်လစ်များမှာ အစိုးရနှင့် IS အဖွဲ့ နှစ်ခုစလုံး၏ ပစ်မှတ်ထားမှုကို မကြာခဏ ခံနေရသည်။

    Ref: Alarabiya