News @ M-Media

Author: Ko Lay

  • ဟက်ထရစ်ရှင် ဆွာရက်ဇ်ကို ဘာကာနည်းပြ ချီးကျူး

    ဟက်ထရစ်ရှင် ဆွာရက်ဇ်ကို ဘာကာနည်းပြ ချီးကျူး

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    baca

    – အသင်း၌ ပါဝင်ကစားခဲ့ရသည့် တစ်နှစ်တင်းတင်း ပြည့်သောအချိန်တွင် ဟက်ထရစ်သွင်းယူကာ အသင်းအနိုင်ရရှိရေးအတွက် ကူညီပေးခဲ့သည့် တိုက်စစ်မှူး ဆွာရက်ဇ်အား ဘာစီလိုနာနည်းပြ အန်းရစ်က ချီးကျူးပြောဆိုလိုက်သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဆွာရက်ဇ်မှာ အသင်းနှင့် ပွဲထွက်ခွင့်ရခဲ့ပြီး ယမန်နေ့က ကစားခဲ့သည့် အိုက်ဘာနှင့်ပွဲတွင်လည်း ဟက်ထရစ်သွင်းယူခဲ့ကာ ၁၀ ယောက်ကျန် ဘာစီလိုနာအား အနိုင် ၃ မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    “ဆွာရက်ဇ်ဟာ ကျွန်တော်တို့အတွက် အများကြီး ပေးဆပ်ခဲ့ပါတယ်။ သူပေးဆပ်ခဲ့တာတွေက တန်ဖိုးမဖြတ်နိုင်ပါဘူး။ ဂိုးစည်းထဲမှာ သူက ကျွန်တော်တို့ရဲ့ စွမ်းအားဖြစ်တယ်။ သူဟာ အစားထိုးလို့မရတဲ့ ကစားသမားတစ်ဦးပါ။ ပြီးတော့ ခံစစ်အတွက်လည်း သူက တော်တော်လေး အားကိုးရပါတယ်” ဟု အန်းရစ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ခရိုင်းမီးယားတွင် ရုရှားက ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်မည်

    ခရိုင်းမီးယားတွင် ရုရှားက ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်မည်

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့်နှစ်က ယူကရိန်းမှ သိမ်းပိုက်ခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်အား တိုက်ခိုက်မှုများကို ပြန်လည်တွန်းလှန်သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခုကို ပင်လယ်နက်အတွင်း ပြုလုပ်သွားမည်ဟု ရုရှားက ယနေ့တွင် ကြေငြာခဲ့သည်။

    ခရိုင်းမီးယားကမ်းရိုးတမ်းတွင် ၂ ရက်တာ ပြုလုပ်သွားမည့် အဆိုပါ စစ်ဆင်ရေးတွင် ရေတပ်၏ ပဲ့ထိန်းဒုံးကျည်တပ် အပေါ့စား Samum တိုက်ရေယာဉ်နှင့် စစ်သင်္ဘောအငယ်စားများ၊ Su-24 ဗုံးကြဲလေယာဉ်ငယ်တို့ ပါဝင်မည်ဖြစ်ပြီး စစ်ဆင်ရေးကို ခရုဇ်ဒုံးကျည်ပစ်လွှတ်၍ အဆုံးသတ်သွားမည်ဖြစ်သည်။

    ထို စစ်ရေးလေ့ကျင်မှုကို ယခင်က ယူကရိန်းရေတပ်စခန်းဖြစ်ခဲ့ပြီး ရုရှားက သိမ်းပိုက်ပြီးနောက် ရုရှား ရေတပ်အခြေစိုက်စခန်းအဖြစ် အသုံးပြုထားသည့် ဆီဗက်စတိုပိုလ်စခန်းမှ ကွပ်ကဲသွားမည်ဖြစ်သည်။

    Ref: Alarabiya

  • အေစီမီလန်၏ စွမ်းဆောင်ရည်ကို နည်းပြချီးကျူး

    အေစီမီလန်၏ စွမ်းဆောင်ရည်ကို နည်းပြချီးကျူး

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    ac

    – ဆာဆူအိုလိုအသင်းအား အနိုင်ရခဲ့သည့် ယမန်နေ့ စီးရီးအေပွဲတွင် အသင်း၏ ရဲရင့်သော စွမ်းဆောင်ရည်အတွက် အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ချီးကျူးပြောဆိုလိုက်သည်။

    စီးရီးအေ ၈ ပွဲတွင် ၃ ပွဲသာ အနိုင်ရထားပြီး စိတ်ပျက်စရာခြေစွမ်းဖြင့် နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့သည့် အေစီမီလန်မှာ ယမန်နေ့က ၁၀ ယောက်ကျန် ဆာဆူအိုလိုအသင်းအား အကြိတ်အနယ်ကစားကာ ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    “စိတ်သက်သာရာရပြီလားဆိုရင် – ဟုတ်ကဲ့ ကျွန်တော် မရသေးပါဘူး။ ဒီပွဲတွေဟာ နှလုံးသားနဲ့ ပြီးတော့ နည်းစနစ်ပိုင်းတွေနဲ့ အနိုင်ယူရမယ့် ပွဲတွေပါ။ လူတိုင်းက မီလန်ဟာ ကောင်းကောင်းကစားပြီး အနိုင်ရမယ်လို့ မျှော်လင့်ကြပါတယ်။ တကယ်တော့ ဒါဟာ ခက်ခဲပါတယ်။ ဒါပေမယ့် ဒီနေ့ ကျွန်တော်တို့ အနိုင်နဲ့ ထိုက်တန်ခဲ့ပါတယ်။ အခွင့်အရေးတွေ ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့တယ်။ ဂိုးသွင်းခွင့် ၁၃ ကြိမ်တောင် ရပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးပေးသွားမှာမဟုတ်ပါဘူး” ဟု မီဟိုင်းလိုဗစ်ခ်ျက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref : Goal

  • မြန်မာနိုင်ငံတွင် မည်သည့်အစိုးရတက်တက် တရုတ်က ဆက်လက်ထောက်ခံသွားမည်

    မြန်မာနိုင်ငံတွင် မည်သည့်အစိုးရတက်တက် တရုတ်က ဆက်လက်ထောက်ခံသွားမည်

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    china

    – နိုဝင်ဘာ ရွေးကောက်ပွဲပြီးနောက် မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ မိမိတို့ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမှာ မပြောင်းမလဲဘဲ ရှိသွားမည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာနမှ အထွေထွေဒါရိုက်တာ ဆန်ဟိုင်ယန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

    အာရှ နိုင်ငံရေးပါတီများညီလာခံတွင် သီးခြားပြုလုပ်သော မီဒီယာဖိုရမ်၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဘေဂျင်း၌ ပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံကို ကိုယ်စားလှယ် စေလွှတ်ပေးရန်အတွက် မြန်မာနိုင်ငံ၏ အာဏာရပါတီနှင့် အတိုက်အခံတို့ကို ဖိတ်ကြားခဲ့သည်ဟုလည်း သူမက ဆိုသည်။ သို့သော်လည်း ရွေးကောက်ပွဲ နီးနေသောကြောင့် မြန်မာနိုင်ငံက မည်သည့်ပါတီမှ တက်ရောက်ခဲ့ခြင်း မရှိချေ။

    “ရွေးကောက်ပွဲ ဘယ်သူနိုင်နိုင်၊ ဘယ်အစိုးရတက်တက် ကျွန်မတို့က ထောက်ခံအားပေးသွားမှာပါ” ဟု ဆန်ဟိုင်ယန်က ဆိုသည်။

    စစ်အာဏာရှင်လက်ထက်က နီးကပ်သည့် ဆက်ဆံရေးရှိခဲ့သော မြန်မာနှင့် တရုတ်တို့မှာ ပြုပြင်ပြောင်းလဲရေးနောက်ပိုင်း ပေါ်ထွက်လာခဲ့သည့် မြန်မာအစိုးရသစ် လက်ထက်တွင်မူ ဆက်ဆံရေး အေးခဲသွားခဲ့သည်။

    သမ္မတဦးသိန်းစိန်မှာ ၂၀၁၁ ခုနှစ်တွင် တရုတ်က ဆောင်ရွက်နေသည့် အငြင်းပွားဖွယ် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့သည်။ အခြား အငြင်းပွားဖွယ်ရာ လုပ်ငန်းတစ်ခုမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်းဖြစ်ပြီး မြေယာသိမ်းမှုနှင့်ပတ်သက်သည့် လျော်ကြေးကိစ္စများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ
    ပြဿနာများကြောင့် ဒေသခံများမှာ ထိုစီမံကိန်းအား ကန့်ကွက်မှုများ ရှိနေသည်။

    ထို့ပြင် ယခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ နိုင်ငံအရှေ့ပိုင်း တရုတ်မြန်မာနယ်စပ်တွင် ကိုးကန့်လက်နက်ကိုင်များနှင့် အစိုးရစစ်တပ်တို့အကြား တိုက်ခိုက်မှုဖြစ်ပွားကာ တရုတ်ပိုင်နက်အတွင်းသို့ ဒုံးကျည်များ ကျရောက်ပေါက်ကွဲမှုကလည်း တရုတ်နှင့် ဆက်ဆံရေးကို ပိုမို ထိခိုက်စေခဲ့သည်။ ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံက တရားဝင်စောဒကတက်ခဲ့ပြီး နယ်စပ်အနီး ၎င်းတို့ဘက်ခြမ်းတွင် စစ်ရေးပြင်ဆင်မှုများကိုပင် ပြုလုပ်ခဲ့သည်။

    “နှစ်ဖက်စလုံးမှာ ပြဿနာတွေရှိပါတယ်။ တစ်ချို့တရုတ်ကုမ္ပဏီတွေကလည်း ကောင်းကောင်းမွန်မွန်မလုပ် တာမျိုးတွေ ရှိတယ်။ ကျွန်မတို့အစိုးရကတော့ သူတို့ကို လူမှုရေးတာဝန် ပိုပြီး ကျေပွန်စေဖို့ လေ့ကျင့်သင်ကြားပေးတာတွေ လုပ်နေပါတယ်” ဟု မစ္စစ် ဆန်က ပြောကြားခဲ့သည်။

    ပြုပြင်ပြောင်းလဲမှု စတင်ကတည်းက တရုတ်နိုင်ငံမှာ မြန်မာအစိုးရ၊ အာဏာရပါတီတို့နှင့် ဆက်ဆံရေးနီးကပ်အောင် ဆောင်ရွက်ခဲ့သော်လည်း ပြီးခဲ့သည့်ဇွန်လက တရုတ်သမ္မတ ဇီဂျင်ပင်းမှာ အမျိုးသား ဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ဘေဂျင်းသို့ ဖိတ်မန္တတကပြု၍ ဆွေးနွေးခဲ့သည်။ ထိုဆောင်ရွက်မှုက ပထမဆုံးအကြိမ် မြန်မာနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်တစ်ဦးနှင့် ဆက်ဆံရေး ချဲ့ထွင်ခြင်းလည်းဖြစ်သည်။

    ထို့ပြင် တရုတ်နိုင်ငံမှာ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးအေးမောင်ကိုလည်း လာရောက်ရန် ဇူလိုင်လက ဖိတ်ကြားခဲ့ပြီး ခန့်မှန်း၍ မရသော မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်စေရန် ကြိုတင်စီမံခြင်းဖြစ်သည်ဟု ခန့်မှန်းမှုများ ရှိနေသည်။

    Ref: mmtimes

  • တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးအစည်းအဝေး ကျင်းပမည်

    တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံ ထိပ်သီးအစည်းအဝေး ကျင်းပမည်

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    china

    – ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဟု တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ယနေ့တွင် ပြောကြားလိုက်သည်။

    ရက်အတိအကျကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ဂျပန်မီဒီယာများကမူ နိုဝင်ဘာ ၁ ရက်နေ့တွင် ဆိုးလ်မြို့၌ ကျင်းပရန်ရှိနေသည်ဟု ဖော်ပြခဲ့ကာ တရုတ်ဝန်ကြီးချုပ် လီ ကီကွီယန်း တက်ရောက်မည်ဟု ဆိုသည်။ တောင်ကိုရီးယား သမ္မတ ပက်ဂျုံဟေးကလည်း သူမအနေဖြင့် အောက်တိုဘာ ၃၁ ရက်နေ့တွင် တရုတ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းတို့ ၃ နိုင်ငံ၏ ၃ ရက်တာကြာမြင့်မည့် အဆိုပါ ထိပ်သီးအစည်းဝေးမှာ ဂျပန်နိုင်ငံနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး ဖော်ဆောင်ရန်အတွက် အတားအဆီးများကို ဖယ်ရှားရာတွင် အကူအညီ ဖြစ်စေလိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia