News @ M-Media

Author: Ko Lay

  • ဒုက္ခသည် စီမံခန့်ခွဲရေး အစီအစဉ်အတွက် ဥရောပနှင့် ဘော်လ်ကန်နိုင်ငံများ သဘောတူ

    ဒုက္ခသည် စီမံခန့်ခွဲရေး အစီအစဉ်အတွက် ဥရောပနှင့် ဘော်လ်ကန်နိုင်ငံများ သဘောတူ

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    eu

    – ဘော်လ်ကန်ကျွန်းဆွယ်အား ဖြတ်ကျော်ရောက်ရှိလာသည့် ဒုက္ခသည်များကို စီမံခန့်ခွဲရေးတွင် အချက် ၁၇ ချက်ပါဝင်သော အစီအစဉ်အတစ်ခုကို ပူးပေါင်းဆောင်ရွက်ရန်အတွက် ဥရောပသမဂ္ဂ ခေါင်းဆောင်များနှင့် ဘော်လ်ကန်ဒေသမှ ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု ဥရောပကော်မရှင်က ပြောကြားလိုက်သည်။

    ယမန်နေ့က ဘရပ်ဆဲလ်မြို့၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်ပြီး ထိုအစီအစဉ်များတွင် ဂရိမှ ဂျာမနီသို့ သွားရာ လမ်းကြောင်းတစ်လျောက် ဒုက္ခသည် လက်ခံရေးစင်တာများ၌ ဒုက္ခသည် တစ်သိန်းခန့် ထားရှိနိုင်သည့်နေရာများ ဖန်တီးပေးရန်လည်း ပါဝင်ပြီး ထိုအတွက် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

    အဆိုပါအစီအစဉ်မှ လူငါးသောင်းကို ဂရိနိုင်ငံတွင် ထားရှိသွားမည်ဖြစ်ပြီး ကျန်ငါးသောင်းကို မက်ဆီဒိုးနီးယားနှင့် ဆားဘီးယားတို့ကဲ့သို့ ဂျာမနီသို့ သွားရာလမ်းတစ်လျှောက်ရှိ ဘော်လ်ကန်နိုင်ငံများ၌ ရှိသော စင်တာများတွင် စီစဉ်ပေးသွားမည်ဖြစ်သည်။

    “ဥရောပမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်ဆိုးကြီးကို ရှောင်ရှားဖို့အတွက် ဘော်လ်ကန်ဒေသ အနောက်ဘက်လမ်းကြောင်းတစ်လျှောက် ဒုက္ခသည်တွေကို လူသားစိတ်ဓာတ်နဲ့ ဆက်ဆံဖို့ လိုအပ်ပါတယ်” ဟု ဥရောပကော်မရှင် ဥက္ကဌ ဂျန်ကလုဒ် ဂျန်ကာက ပြောကြားခဲ့သည်။

    မည်သည့်နိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံ့ခွင့်ပေးမည် သို့မဟုတ် နေရပ်သို့ ပြန်ပို့မည်ဆိုသည်ကို မဆုံးဖြတ်ခင် ဒုက္ခသည်များအား စောင့်ကြည့်စာရင်းသွင်းရာ၌ လက်ဗွေနှိပ်ခြင်းကဲ့သို့ ဘိုင်အိုမက်ထရစ် အချက်အလက် ကောက်ယူမှုများကို အပြည့်အ၀ အသုံးပြုရေးနှင့် နယ်စပ်ဆောင်ရွက်မှုများကို တိုးချဲ့ရေးအတွက်လည်း နိုင်ငံများက သဘောတူညီခဲ့ကြသည်။

    ဆလိုဗေးနီးယားနိုင်ငံသို့ ဒုက္ခသည် အများအပြားဝင်ရောက်လာမှုကို စီမံခန့်ခွဲနိုင်ရေးအတွက် ရဲတပ်ဖွဲ့ဝင် ၄၀၀ ချထားပေးရေးအတွက်လည်း ဥရောပနှင့် ဘော်လ်ကန်နိုင်ငံများက သဘောတူညီခဲ့ကြသည်။ ဆလိုဗေးနီးယား ၀န်ကြီးချုပ် မီရို ဆီရာကမူ ဥရောပမိတ်ဖက်နိုင်ငံများအနေဖြင့် မိမိတို့အား လုံလောက်သည့် ကူညီမှုများ မပေးဟု စောစောပိုင်းက ပြောကြားထားသည်။

    Ref: Aljazeera

  • ဂွာတီမာလာတွင် ဟာသသရုပ်ဆောင်ဟောင်း သမ္မတအဖြစ် ရွေးချယ်ခံရ

    ဂွာတီမာလာတွင် ဟာသသရုပ်ဆောင်ဟောင်း သမ္မတအဖြစ် ရွေးချယ်ခံရ

    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media

    gua

    – ဂွာတီမာလာ၏ ယမန်နေ့က ပြုလုပ်ခဲ့သော သမ္မတရွေးကောက်ပွဲတွင် နိုင်ငံရေးအတွေ့အကြုံမရှိသည့် ဟာသသရုပ်ဆောင် ဂျင်မီ မိုရေးလ်စ်က အနိုင်ရရှိခဲ့သည်ဟု သိရသည်။

    ခြစားမှုများနှင့် ပတ်သက်၍ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများကြောင့် သမ္မတ အော့တို ပီရက်ဇ် မိုလီနာ ရာထူးမှ နှုတ်ထွက်သွားပြီးနောက် တစ်လအကြာတွင် ပြုလုပ်ခဲ့သည့် ယခုရွေးကောက်ပွဲတွင် မိုရေးလ်စ်မှာ မဲအရေအတွက် ၇၂ ရာခိုင်နှုန်းဖြင့် ပြိုင်ဘက် သမ္မတကတော်ဟောင်း ဆန်ဒရာ တောရက်စ်ကို အပြတ်အသတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။ တောရက်စ်ကလည်း မဲရေတွက်မှု မပြီးခင်မှာပင် ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့သည်။

    “သမ္မတတစ်ယောက်အနေနဲ့ ကျွန်တော်ဟာ တာဝန်တစ်ခုရှိပြီး၊ ဂွာတီမာလာပြည်သူတွေအတွက် အဲဒီတာဝန်ကတော့ ကျွန်တော်တို့ကို ဆုတ်ယုတ်စေတဲ့ ခြစားမှုကို တိုက်ဖျက်ရေးပဲ ဖြစ်ပါတယ်။ ဘုရားသခင် ကောင်းချီးပေးပါစေ” ဟု မိုရေးလ်စ်က အနိုင်ရပြီးနောက် ပြောကြားခဲ့သည်။ သမ္မတဟောင်း မိုလီနာမှာ ခြစားမှုများကြောင့် အဖမ်းခံထားရသည်။

    Ref : BBC

  • ဆော့ဖ်ဝဲအမှားဖြင့် ဗောက်စ်ဝဂွန်ကား ပိုင်ဆိုင်သူများ ကားအသစ်ကို အထူးလျှော့ဈေးဖြင့် လဲစီးနိုင်

    ဆော့ဖ်ဝဲအမှားဖြင့် ဗောက်စ်ဝဂွန်ကား ပိုင်ဆိုင်သူများ ကားအသစ်ကို အထူးလျှော့ဈေးဖြင့် လဲစီးနိုင်

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    – ကာဘွန်ထုတ်လုပ်မှု စစ်ဆေးရာတွင် လျော့နည်းစေရန် ဆော့ဖ်ဝဲသွင်းကာ လိမ်လည်ထားသည့် ဒီဇယ်ကားများကို ပိုင်ဆိုင်သူ ဂျာမနီနိုင်ငံသားများအနေဖြင့် ထိုကားများအား မော်ဒယ်အသစ်ဖြင့် လဲလှယ်လိုပါက အထူးလျော့ဈေးဖြင့် လဲလှယ်ပေးသွားမည်ဟု ဗောက်စ်ဝဂွန် ကားကုမ္ပဏီက ယနေ့တွင် ကြေငြာလိုက်သည်။

    ယခုအစီအစဉ်အရ ဆောဖ်ဝဲလ်လိမ်ညာထားမှုကို ပြန်လည်ပြင်ဆင်ရန် ကုန်ကျစားရိတ်များမည့် ဒီဇယ် ၁.၆ လီတာဆန့် ကားများကို ပိုင်ဆိုင်သောသူများအနေဖြင့် ကားအသစ်လိုချင်ပါက ဗောက်စ်ဝဂွန် ကားအရောင်းဌာနများသို့ သွားရောက်ကာ ကားများကို အထူးလျှော့ဈေးဖြင့် လဲလှယ်နိုင်မည်ဖြစ်သည်။

    ဥရောပ၏ အကြီးဆုံး ကားထုတ်လုပ်သူ ဗောက်စ်ဝဂွန်၏ ထိုပြဿနာမှာ ၇၈ နှစ်တာ သမိုင်းတွင် အဆိုးရွားဆုံးလည်း ဖြစ်ခဲ့သည်။ ထိုကိစ္စကြောင့် ဥရောပတစ်ဝှမ်း ဒီဇယ်ကား ၈.၅ သန်းကို ပြန်သိမ်းကာ ပြင်ဆင်ပေးခဲ့ရပြီး ကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ခန့် ဆုံးရှုံးမည်ဟု ခန့်မှန်းထားသည်။

    ဂျာမနီတွင် အဆိုပါ လိမ်လည်ထားသောကားများ ရောင်းချမှုမှာ အစီးရေ ၂.၄ သန်းရှိပြီး ယခုအစီအစဉ်မှာ ကုန်ကျစားရိတ် တစ်စိတ်တစ်ပိုင်းကို လျော့ချရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

    Ref: Channelnewsasia

  • အာကာသယာဉ်မှူးတစ်ဦး၏ လပေါ်သွားခရီးစဉ်တွင် ၀တ်ဆင်ခဲ့သော လက်ပတ်နာရီကို လေလံတင်

    အာကာသယာဉ်မှူးတစ်ဦး၏ လပေါ်သွားခရီးစဉ်တွင် ၀တ်ဆင်ခဲ့သော လက်ပတ်နာရီကို လေလံတင်

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    nasa

    – ၁၉၇၁ ခုနှစ်က အပိုလို ၁၅ အာကာသယာဉ်ဖြင့် လပေါ်သို့ စတုတ္ထမြောက် လူလိုက်ပါသည့် ခရီးစဉ်တွင် လပေါ်သို့ ခြေချခဲ့သည့်အချိန် အာကာသယာဉ်မှူး ဒေးဗစ်စကော့ ၀တ်ဆင်ထားသော Bulova Chronograph လက်ပတ်နာရီကို ကန်ဒေါ်လာ ၁.၆ သန်းဖြင့် လေလံတင် ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။

    အဆိုပါနာရီကို အောက်တိုဘာ ၂၂ ရက်နေ့တွင် ဘော့စ်တွန်အခြေစိုက် RR လေလံအရောင်းဌာနမှ လေလံတင်ခဲ့ခြင်းဖြစ်သည်။ ထိုနာရီမှာ ထိုအချိန်က ကန်ဒေါ်လာ ၅၀၀ သာ တန်ဖိုးရှိသည်။

    ၁၉၆၉ ခုနှစ် လပေါ်သို့ ပထမဆုံး ခြေချသည့် ခရီးစဉ်အပါအ၀င် ၁၉၅၀ ပြည့်နှစ်များမှ ၁၉၆၀ ပြည့်နှစ်များအတွင်း နာဆာ၏ အာကာသခရီးစဉ် ၄၆ ခုတွင် Bulova မှ ထုတ်လုပ်သော Accutron နာရီများကို အသုံးပြုခဲ့သည်။

    watchဒေးဗစ်စကော့ ခေါင်းဆောင်ကာ သွားရောက်သည့် ထိုခရီးစဉ်တွင်မူ အိုမီဂါမှ ထုတ်လုပ်သော Speedmaster လက်ပတ်နာရီများကို အာကာသယာဉ်မှူးများက ၀တ်ဆင်သွားခဲ့ကြသော်လည်း စကော့၏ အိုမီဂါနာရီက စက်ရပ်သွားသောကြောင့် လပေါ်သို့ ဆင်းသည့်အခါ အရန်အဖြစ်ပါသွားသည့ Bulova Chronograph နာရီကို ၀တ်၍ ဆင်းခဲ့ရသည်။

    နာဆာ၏ တရားဝင် နာရီထောက်ပံ့ပေးသည့် ကုမ္ပဏီဖြစ်သော အိုမီဂါလက်ပတ်နာရီများမှာ နိုင်ငံတော်ပိုင်ပစ္စည်းဟု သတ်မှတ်ထားသောကြောင့် ရောင်းချ၍ မရသော်လည်း စကော့၏ ထိုနာရီကမူ ၎င်း၏ ကိုယ်ပိုင်ပစ္စည်းဖြစ်ခဲ့သည်။

    Ref: Forbes

  • အင်ဒိုတောမီးမှ မီးခိုးကြောင့် ဖိလစ်ပိုင်တွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းရ

    အင်ဒိုတောမီးမှ မီးခိုးကြောင့် ဖိလစ်ပိုင်တွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းရ

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    phi

    – အင်ဒိုနီးရှား တောမီးလောင်ကျွမ်းမှုမှ ထွက်လာသော မီးခိုးများမှာ နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းအထိ ရောက်ရှိကာ အန္တရာယ်ရှိသော အနေအထား ဖြစ်လာသောကြောင့် ဖိလစ်ပိုင်မှာ ယနေ့တွင် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး၊ ဆေးရုံများကိုလည်း သတိပေးထားသည်။

    ထိုတောမီးမှ မီးခိုးများမှာ အရှေ့တောင်အာရှဒေသတစ်ဝှမ်းတွင် ပြန်နှံ့နေပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကာ အခမ်းအနားများ ဖျက်သိမ်းရခြင်း၊ ကျောင်းများပိတ်ထားရခြင်းတို့အထိ ဖြစ်စေခဲ့သည်။ ထိုတောမီးကို ငြှိမ်းသက်ရန် နိုင်ငံတကာမှ ကြိုးစားမှုများမှာလည်း အရာမထင်ခဲ့ပေ။

    “မီးခိုးတွေဖုံးလွှမ်းနေတဲ့ဒေသတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိတဲ့ သူတွေအနေနဲ့ မျက်နှာဖုံးတွေ ၀တ်ဆင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်” ဟု ဖိလစ်ပိုင် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဟာမီနီယို ကိုလိုမာက သတင်းထောက်များအား ယနေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံတောင်ပိုင်းရှိ ဆေးရုံများအားလုံးမှာ ထိုမီးခိုးများကြောင့် ပြဿနာရှိသူများကို ကုသရန် အသင့်အနေအထားတွင် ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia