News @ M-Media

Author: Ko Lay

  • အီရန်ဒုံးကျည်ကိစ္စ လုံခြုံရေးကောင်စီသို့ရောက်

    အီရန်ဒုံးကျည်ကိစ္စ လုံခြုံရေးကောင်စီသို့ရောက်

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    iran

    – အောက်တိုဘာ ၁၀ ရက်နေ့တွင် အီရန်က စမ်းသပ်ဖြစ်လွှတ်ခဲ့သည့် တိုက်ချင်းပစ် ဒုံးကျည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အမေရိကန်တို့က ကုလသမဂ္ဂ ပိတ်ဆို့မှုကော်မတီအား ယမန်နေ့တွင် တောင်းဆိုလိုက်သည်ဟု သိရသည်။

    အမေရိကန်ကမူ တာလတ်ပစ် အဆိုပါဒုံးကျည်မှာ နျူထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံကျည်အမျိုးအစားဖြစ်သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကောက်ချက်ချခဲ့သည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ အစည်းဝေးတွင် ထိုကိစ္စနှင့်ပတ်သက်၍ အဆိုပါလေးနိုင်ငံက အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး အီရန်မှာ ကုလ၏ ဆုံးဖြတ်ချက်အား ချိုးဖောက်သည်ဟု ဖော်ပြခဲ့သည်။

    ၂၀၁၀ ခုနှစ်တွင် အတည်ပြုခဲ့သည့် ကုလ၏ ဆုံးဖြတ်ချကတစ်ခုတွင် အီရန်အနေဖြင့် နျူကလီးယား ထိပ်ဖူး တပ်ဆင်အသုံးပြုနိုင်သော ဒုံးကျည်များကို ထုတ်လုပ်ခြင်းမပြုရန် တားမြစ်ထားသည်။ သို့သော်လည်း အီရန်ကမူ မိမိတို့မှာ ကုလ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းမရှိဟု စနေနေ့က ပြောကြားခဲ့ပြီး ထိုဒုံးကျည်မှာ နျူထိပ်ဖူး တပ်ဆင်နိုင်သည့် ဒုံးကျည်မျိုးမဟုတ်ဟု ဆိုသည်။

    Ref: Aljazeera

  • ၃၀ ပြည့်သော်လည်း နောက်ထပ်နှစ်များစွာ ကစားနိုင်မည်ဟု ရူနီယုံကြည်နေ

    ၃၀ ပြည့်သော်လည်း နောက်ထပ်နှစ်များစွာ ကစားနိုင်မည်ဟု ရူနီယုံကြည်နေ

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    ronney

    – လာမည့် စနေနေ့တွင် အသက် ၃၀ ပြည့်မည်ဖြစ်သော်လည်း မိမိအနေဖြင့် လာမည့်နှစ်အတော်ကြာ ထိပ်တန်းအဆင့်တွင် ဆက်လက်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။

    အသက် ၁၆ နှစ်အရွယ် ၂၀၀၂ ခုနှစ်က အဲဗာတန်အသင်းနှင့် ပွဲထွက်ခွင့်ရရှိခဲ့သော ရူနီမှာ အနိမ့်အမြင့် အတက်အကျများဖြင့် ပရီးမီးယားလိဂ်တွင် ကျင်လည်ခဲ့ရသည်မှာ ၁၄ နှစ် ရှိလာခဲ့ပြီဖြစ်သည်။

    “ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော်ဟာ အဆင်ပြေပြီး၊ အသက် ၃၀ ပြည့်မွေးနေ့ဆိုတာ လူတစ်ယောက်ရဲ့ဘ၀မှာ ကြီးကျယ်တဲ့ မွေးနေ့တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့် ဘောလုံးသမားဘ၀အတွက်ဆိုရင်တော့ ကျွန်တော်ဟာ တော်တော်ငယ်သေးပြီး နောက်ထပ် နှစ်အတော်များများ ကစားလို့ရပါသေးတယ်” ဟု ရူနီက ပြောကြားခဲ့သည်။

    Ref: Goal

  • ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန် ၀န်ထမ်းများအကြား ပစ်ခတ်မှုဖြစ်ပွား

    ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန် ၀န်ထမ်းများအကြား ပစ်ခတ်မှုဖြစ်ပွား

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    china

    – ဖိလစ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော စီဘူးမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ယနေ့နေ့လည်ပိုင်းက တရုတ်အမျိုးသမီးတစ်ဦးမှာ တရုတ် ကောင်စစ်ရုံးမှ ၀န်ထမ်းနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု သိရသည်။

    ပစ်ခတ်မှုတွင် ကောင်စစ်ဝန် ဗိုလ်ချုပ် ဆွန် ရွန်ဟွာမှာ ဒဏ်ရာရရှိခဲ့သောကြောင့် ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့ရပြီး ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သူ တရုတ်အမျိုးသမီးအား ဖမ်းဆီးထားကာ ၎င်း၏ ခင်ပွန်းကိုလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ထိန်းသိမ်းထားသည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ပစ်ခတ်သူ အမျိုသမီးမှာ ကောင်စစ်ဝန်ရုံးမှ ၀န်ထမ်းတစ်ဦးဖြစ်သည်။

    ကျူးလွန်ရသည့် အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးဘဲ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ဘာသာပြန်များ လိုအပ်နေသည်ဟု ဆိုသည်။ ကောင်စစ်ဝန်ရုံးမှ ၀န်ထမ်းများမှာ စားသောက်ဆိုင်၏ သီးသန့်အခန်းတစ်ခုတွင် ဗိုလ်ချုပ် ဆွန်ရွန်ဟွာ၏ မွေးနေ့ပွဲ ကျင်းပပြုလုပ်နေစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်း မငြိမ်သက်မှုအတွင်း သေဆုံးသူများ မြင့်တက်၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဟု ဘန်ကီမွန်ပြော

    ပါလက်စတိုင်း မငြိမ်သက်မှုအတွင်း သေဆုံးသူများ မြင့်တက်၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဟု ဘန်ကီမွန်ပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    pla

    – တင်းမာမှုများ မြင့်တက်နေသော ပါလက်စတိုင်း ပိုင်နက်များ၌ အစ္စရေးစစ်တပ်က ယမန်နေ့တွင် ပါလက်စတိုင်း ၅ ဦးကို ပစ်သတ်ခဲ့ပြီး၊ ထိုအထဲတွင် မိသားစုတစ်ခုတည်းမှ ဆယ်ကျော်သက် လူငယ်နှစ်ဦး ပါဝင်ခဲ့သည်။

    ထိုလူငယ်နှစ်ဦးကို ယမန်နေ့ညနေပိုင်းတွင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဟီဘရွန်မြို့၌ အစ္စရေး တပ်ဖွဲ့များက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး စစ်သားများအား ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသည်ဟု ဆိုသည်။ အစ္စရေးစစ်သာတစ်ဦးမှာ ထိုအဖြစ်အပျက်တွင် ဒဏ်ရာရရှိခဲ့သည်။

    ယမန်နေ့ မနက်ပိုင်းကလည်း အသက် ၂၄ နှစ်အရွယ် အဒီဟာရှင်မ် မက်စ်လာမဟ်ဟု အမည်ရသည့် ပါလက်စတိုင်းတစ်ဦးကို ဟီဘရွန်မြို့အနီးတွင်ပင် အစ္စရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး ဓားဖြင့်ထိုးရန် ကြိုးစားသည်ဟုပင် သတင်းထုတ်ပြန်ခဲ့သည်။

    ဂါဇာကမ်းမြှောင်တွင်လည်း အသက် ၂၇ နှစ်အရွယ် အဟ်မဒ် အလ်-ဆာဟီမှာ အစ္စရေး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးတစ်ဦးမှာ ယမန်နေ့က ဟီဘရွန်မြို့အနီးတွင် သေဆုံးခဲ့ပြီး မျက်မြင်သက်သေများကမူ ၎င်းမှာ ထိုဒေသရှိ ပါလက်စတိုင်းခရီးသွားများအား တိုက်ခိုက်မှုများ ပြုလုပ်စဉ် ကားတစ်စီးက ၎င်းအား ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အနောက်ဘက်ကမ်းရှိ ရာမာလာတွင် ယမန်နေ့က ပါလက်စတိုင်းများမှုာ အစ္စရေး၏ ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သည်။

    ပြီးခဲ့သည့်လအတွင်းက အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ အစ္စရေး စစ်သားများနှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းများအကြား တင်းမာမှုများ မြင့်တက်လာခဲ့ကာ မငြိမ်မသက်မှုများ ဖြစ်ပွားလာခဲ့သည်။

    ၃ ပတ်တာ ကြာမြင့်နေပြီဖြစ်သည့် အဆိုပါ မငြိမ်မသက်မှုများအတွင်း အစ္စရေးစစ်တပ်နှင့် ဂျူးအခြေချနေထိုင်သူများ၏ ပစ်ခတ်မှု၊ တိုက်ခိုက်မှုတို့ကြောင့် ယနေ့အထိ ပါလက်စတိုင်းပြည်သူ ၅၀ သေဆုံးခဲ့ရပြီး၊ ပါလက်စတိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေး ၉ ဦးသေဆုံးခဲ့သည်။

    စုံစမ်းစစ်ဆေးမည်

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ထိုတိုက်ခိုက်မှုများအား အဆုံးသတ်ရန် ယနေ့တွင် တိုက်တွန်းခဲ့ပြီး ထိုသတ်ဖြတ်မှုများအတွက် သေသေချာချာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဟု ရာမာလာတွင် ပါလက်စတိုင်း သမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

    “အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လို့ရမယ့် အခြေအနေတွေ ဖြစ်လာအောင် ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ ထောက်ခံအားပေးပါမယ်။ ဒါပေမယ့် ကျိန်းသေတာကတော့ ဒါဟာ ပါလက်စတိုင်းနဲ့ အစ္စရေးတွေအတွက် ငြိမ်းချမ်းရေးကို ရွေးချယ်ဖို့ပါပဲ။ ကျွန်တော်တို့အတွက် အရင်ဆုံး စိန်ခေါ်မှုကတော့ လက်ရှိ တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး နောက်ထပ် အသက်ဆုံးရှုံးမှုတွေ ထပ်မဖြစ်ဖို့ပါပဲ” ဟု ဘန်ကီမွန်က ပြောကြားခဲ့သည်။

    ယမန်နေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံစဉ်အတွင်း ဘန်က တိုက်ခိုက်မှုများကို ဖြေရှင်းရန် နည်းလမ်းမှာ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုများကို အဆုံးသတ်ရန် အပါအ၀င် နိုင်ငံရေးအခြေအနေများကို အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်ရေးပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မက္ကဆီကို ကျောင်းသားများ ပျောက်ဆုံးမှု ပြန်လည်စုံစမ်းမည်

    မက္ကဆီကို ကျောင်းသားများ ပျောက်ဆုံးမှု ပြန်လည်စုံစမ်းမည်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    mex

    – ပြီးခဲ့သည့် တစ်နှစ်အရင်က ပျောက်ဆုံးသွားကာ မူးယစ်ဂိုဏ်းများ၏ သတ်ဖြတ်မှုကို ခံလိုက်ရပြီဟု ယူဆရသည့် ကျောင်းသားများ၏ ရုပ်ကြွင်းများကို နိုင်ငံတကာ ကျွမ်းကျင်သူများနှင့်အတူ ရှာဖွေမှုအသစ်တစ်ခု ပြုလုပ်သွားမည်ဟု မက္ကဆီကို အစိုးရက ကြေငြာခဲ့သည်။

    ယခုအစီအစဉ်သစ်တွင် အဖွဲ့အသစ်တစ်ခုဖြင့် စုံစမ်းစစ်ဆေးမှုလည်း ပါဝင်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်များတွင် ဒရုန်းလေယာဉ်များနှင့် ဂြိုဟ်တုနည်းပညာကိုလည်း အသုံးပြုသွားမည်ဖြစ်သည်။

    အစိုးရ၏ ထုတ်ပြန်ချက်အရ ဂွာရဲရိုးပြည်နယ်ရှိ မူးယစ်ဂိုဏ်းများအား ဆန့်ကျင်သည့် အဆိုပါ တက္ကသိုလ် ကျောင်းသားများကို လာဘ်စားထားသော မြူနီစီပယ်ဝန်ထမ်းများက ပြန်ပေးဆွဲကာ မူးယစ်ဂိုဏ်တစ်ခုလက်ထဲသို့ အပ်ခဲ့ပြီး ထိုမူးယစ်ဂိုဏ်းက ၎င်းတို့အား သတ်ဖြတ်၍ အလောင်းများကို မီးရှို့ခဲ့သည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။

    ထိုပြဿနာအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက မက္ကဆီကိုအစိုးရအား ဖိအားပေးမှုများ ပြုလုပ်ခဲ့ပြီး အစိုးရယန္တရားအတွင်း ခြစားမှုများ မူးယစ်ဂိုဏ်းများနှင့် ပတ်သက်မှုများကို ဖယ်ရှားရှင်းလင်းရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera