News @ M-Media

Author: Ko Lay

  • လူနာများအား HIV ပိုး ကူးစက်စေခဲ့သည့် ကမ္ဘောဒီးယားမှ လိုင်စင်မဲ့ဆေးမှုး ထောင်တစ်သက် ကျနိုင်

    လူနာများအား HIV ပိုး ကူးစက်စေခဲ့သည့် ကမ္ဘောဒီးယားမှ လိုင်စင်မဲ့ဆေးမှုး ထောင်တစ်သက် ကျနိုင်

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    cam

    – ကမ္ဘောဒီးယား အနောက်မြောက်ပိုင်းရှိ ရိုကာရွာတွင် မသန့်ရှင်းသော ဆေးထိုးအပ်များကို အသုံးပြုကာ ပြည်သူ ၁၀၀ ကျော်ခန့်ကို HIV ပိုးကူးစက်စေခဲ့သည့် လိုင်စင်မဲ့ ဆေးမှူး ယမ်ချရင်ကို ယမန်နေ့က ကြားနာမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ထိုရွာမှ ရွာသား ၈၀၀ ကို စမ်းသပ်ကြည့်ရာ ၁၀၆ ဦးမှာ HIV ပိုး ကူးစက်ခံနေရသည်ကို တွေ့ရှိခဲ့ရပြီး အသက် ၃ နှစ်မှ ၈၂ နှစ်အရွယ်အတွင်းဖြစ်ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးလည်း ပါဝင်ခဲ့သည်။ ချရင်အား ပြည်သူများက ဒေါသဖြင့် တုန့်ပြန်မည်စိုးသောကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် တာဝန်ရှိသူများက ထိန်းသိမ်းထားသည်။

    လက်ရှိအချိန်တွင် ၎င်းကို HIV ပိုး တမင်တကာ ပြန့်နှံ့စေမှု၊ လူသတ်မှု၊ လိုင်စင်မရှိဘဲ ဆေးကုသမှုတို့ဖြင့် တရားစွဲဆိုထားပြီး အပြစ်ရှိကြောင်း ထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျနိုင်သည်ဟု ၎င်း၏ ရှေ့နေဖြစ်သူက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒေါ်လာထိန်းချုပ်မှုမှာ ကျပ်ငွေတန်ဖိုး တည်ငြိမ်ရန်ဟု မြန်မာပြော

    ဒေါ်လာထိန်းချုပ်မှုမှာ ကျပ်ငွေတန်ဖိုး တည်ငြိမ်ရန်ဟု မြန်မာပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    kyat

    – စီးပွားရေးလုပ်ငန်များတွင် ဒေါ်လာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုကို တားမြစ်ခြင်းမှာ မြန်မာကျပ်ငွေ မတည်မငြိမ်ဖြစ်မှုကို ထိန်းသိမ်းရန်ဖြစ်သည်ဟု မြန်မာအစိုးရက ပြောကြားလိုက်သည်။

    ဗဟိုဘဏ်မှာ ဟိုတယ်နှင့် စားသောက်ဆိုင်များမှ စ၍ ဂေါက်ကလပ်နှင့် ဆေးရုံများအထိ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားငွေ လဲလှယ်အသုံးပြုခွင့် လိုင်စင်များကို ပယ်ဖျက်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ သုံးစွဲမှု မြင့်တက်လာခြင်းက ဒေါ်လာ ၀ယ်လိုအားကို မြင့်တက်လာစေကာ ငွေလဲလှယ်နှုန်း မတည်မငြိမ် ဖြစ်လာမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ဒေါ်လာကို နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည်။ ငွေကြေးလဲလှယ် အသုံးပြုခွင့် လိုင်စင်များကြောင့် ပြည်တွင်းလုပ်ငန်းများတွင် ဒေါ်လာအသုံးပြုမှု မြင့်တက်လာပြီး ယခုနှစ်အတွင်း ကျပ်ငွေတန်ဖိုးမှာ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ကာ ဒေသအတွင်း ဆိုးဆိုးဝါးဝါး ကျဆင်းခဲ့သည့် ငွေကြေး ဖြစ်လာခဲ့သည်။

    မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ထိုကဲ့သို့ ငွေလဲလှယ်သုံးစွဲခွင့် လိုင်စင်များကို ရုပ်သိမ်းလိုက်ခြင်းက “ဒေါ်လာယဉ်ကျေးမှု” ကို တိုက်ဖျက်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    “ရောင်းတာ၊ ၀ယ်တာတွေကို ဒေါ်လာနဲ့ လုပ်လာတဲ့အတွက်ကြောင့်၊ ဒေါ်လာယဉ်ကျေးမှု ဖြစ်လာခဲ့ပြီး ဒေါ်လာဝယ်လိုအား တက်လာပါတယ်။ ဒါ့ကြောင့် ကျပ်ငွေတန်ဖိုး ပျော့သွားပြီး ငွေလဲလှယ်နှုန်းကလည်း မတည်မငြိမ် ဖြစ်လာခဲ့ပါတယ်” ဟု ဗဟိုဘဏ်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ စီးပွားရေးလုပ်ငန်းများတွင် ငွေလဲလှယ်သုံးစွဲခွင့် လိုင်စဉ်များ ရုပ်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံခြားငွေများကို ဘဏ်များနှင့် အစိုးရအသိအမှတ်ပြု ငွေလဲဌာနများတွင်သာ လဲလှယ်နိုင်တော့မည်ဖြစ်သည်။

    မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှတွင် ဒေါ်လာကို တရားမ၀င် ဒုတိယငွေကြေးအဖြစ်သာ အသုံးပြုရသည့် တစ်ခုတည်းသောနိုင်ငံ မဟုတ်ဘဲ ကမ္ဘောဒီးယားတွင်လည်း အမေရိကန်ဒေါ်လာကို ပြည်တွင်းငွေကြေးနှင့်သာ တွဲဖက်၍ အသုံးပြုရသည်။

    Ref: BBC

  • မွတ်စလင်များကို စော်ကားမှုဖြင့် ပြင်သစ်လက်ယာပါတီခေါင်းဆောင် တရားရင်ဆိုင်နေရ

    မွတ်စလင်များကို စော်ကားမှုဖြင့် ပြင်သစ်လက်ယာပါတီခေါင်းဆောင် တရားရင်ဆိုင်နေရ

    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media

    france

    – လွန်ခဲ့သည့် ၅ နှစ်က နိုင်ငံအတွင်းရှိ မွတ်စလင်နှင့်ပတ်သက်၍ စော်ကားသော မှတ်ချက်များ ပေးခဲ့သည့် ပြင်သစ်လက်ယာစွန်းရောက် အမျိုးသားပါတီ National Front ခေါင်းဆောင် မရိန်း လီပန်မှာ ယမန်နေ့က တရားရုံးသို့ လာရောက် အမှုရင်ဆိုင်ခဲ့သည်ဟု သိရသည်။

    ဗလီဝတ်ကျောင်းတော်တွင် နေရာမလောက်မှုကြောင့် ပြင်သစ်မွတ်စလင်များမှာ လမ်းမများပေါ်တွင် ၀တ်ပြုရခြင်းကို လီပန်က နာဇီတို့၏ သိမ်းပိုက်မှုနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး လူမျိုးရေး အမုန်းတရား လှုံ့ဆော်မှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည်။ ပန်အား လူမျိုးရေးခွဲခြားမှုနှင့် လူ့အခွင့်အရေးအဖွဲ့ ၄ ဖွဲ့က တရားလိုပြုလုပ်ကာ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    “နိုင်ငံရေး ခေါင်းဆောင်တစ်ယောက်အနေနဲ့ အရေးပါတဲ့ ပြဿနာတစ်ခုကို မီးမောင်းထိုးပြဖို့ ကျွန်မမှာ အခွင့်အရေးရှိပါတယ်။ ပြီးတော့ ဒီလုပ်ဖို့က ကျွန်မရဲ့ တာဝန်လည်းဖြစ်ပါတယ်” ဟု လီပန်က ပြောကြားခဲ့ပြီး သူမမှာ တရားရေးစနစ်၏ ငြှင်းပန်းမှုကို ခံနေရသူ ဖြစ်သည်ဟုပင် ထည့်သွင်းပြောကြားခဲ့သည်။

    ၎င်းအပေါ် စွပ်စွဲထားချက်ကို သူမက ပြတ်ပြတ်သားသားသား ငြင်းဆိုခြင်းမပြုခဲ့ဘဲ နာဇီတို့၏ ကျူးကျော်သိမ်းပိုက်မှုကို ရည်ညွှန်းခြင်းမဟုတ်ဟုသာ သွယ်ဝိုက်ငြင်းဆိုခဲ့သည်။

    လီပန်အနေဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရပါက ဒဏ်ငွေ ကန်ဒေါ်လာ ၅၁၀၀၀၊ သို့မဟုတ် ထောင်ဒဏ်တစ်နှစ် ကျခံရဖွယ်ရှိနေသည်။

    Ref: Aljazeera

  • အိန္ဒိယရှိ မုဒိမ်းမှုတစ်ခု ပြစ်ဒဏ်ချတော့မည်

    အိန္ဒိယရှိ မုဒိမ်းမှုတစ်ခု ပြစ်ဒဏ်ချတော့မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    india

    – ပြီးခဲ့သည့်နှစ် ဒီဇင်ဘာက အိန္ဒိယနိုင်ငံ မြို့တော်ဒေလီတွင် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုအတွက် Uber တက္ကဆီယာဉ်မောင်းဖြစ်သူ ရှီဗ် ကူးမားရ် ယာဒက်ဗ်ကို တရားရုံးက ယနေ့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

    ထိုအမျိုးသမီးမှာ ကူးမားရ်၏ တက္ကဆီကို စီး၍ ညပိုင်း အိမ်ပြန်လာစဉ် အဓမ္မပြုကျင့်ခံခဲ့ရခြင်းဖြစ်ပြီ ထိုအမှုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ စွဲကပ်နေသည့် မြို့တော်ဒေလီရှိ အမျိုးသမီးများကို ကြောက်ရွံ့မှု တိုးစေခဲ့သည်။

    ကူးမားရ်အား အဓမ္မပြုကျင့်မှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်မှုနှင့် နာကျင်စေမှုတို့ဖြင့် တရားစွဲဆိုထားပြီး လာမည့် သောကြာနေ့တွင် အမိန့်ချမှတ်မည်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ထိုပြဿနာ ဖြစ်ပွားပြီးကတည်းက အမေရိကန်အခြေစိုက် အငှားကား ကုမ္ပဏီတစ်ခုဖြစ်သော Uber ၏ ဒေလီရှိ လုပ်ငန်းများကို ရပ်ဆိုင်းရန် အိန္ဒိယအစိုးရက အမိန့်ပေးခဲ့သည်။

    Ref: Aljazeera

  • ဗြိတိန်နှင့် တရုတ်တို့ ကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ဖိုး စာချုပ်များချုပ်မည်

    ဗြိတိန်နှင့် တရုတ်တို့ ကန်ဒေါ်လာ ဘီလီယံ ၄၀ ကျော်ဖိုး စာချုပ်များချုပ်မည်

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    china

    – ယခုသီတင်းပတ်အတွင်း ဗြိတိန်သို့ လေးရက်တာ သွားရောက်မည့် တရုတ်သမ္မတ ဇီဂျင်ပင်း၏ ခရီးစဉ်အတွင်း စတာလင်ပေါင် ၃၀ ဘီလီယံ (ကန်ဒေါ်လာ ၄၆.၄ ဘီလီယံ) တန်ဖိုးရှိ သဘောတူညီစာချုပ်များကို ချုပ်ဆိုရန် ရှိနေသည်ဟု အင်္ဂလန်အစိုးရက ယနေ့တွင် ပြောကြားလိုက်သည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းမှာ ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံနှင့် ပိုမိုတောင့်တင်းသည့် စီးပွားရေး ဆက်ဆံမှုများ ပြုလုပ်ရန် ဆန္ဒရှိနေပြီး ဇီဂျင်ပင်း၏ ယခုခရီးစဉ်မှာ မိမိတို့ ဆက်ဆံရေးတွင် “ရွှေခေတ်” ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက ပြောကြားခဲ့ကြသည်။

    တရုတ်နှင့် ဗြိတိန်တို့၏ သဘောတူညီဖွယ်ရှိနေသည့် စီးပွားရေးကဏ္ဍများတွင် ကုန်သွယ်မှု၊ စွမ်းအင်၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ အာကာသလေကြောင်းကဏ္ဍနှင့် ဗြိတိန်တွင် အလုပ်အကိုင် ၃၉၀၀ ဖန်တီးခွင့်လည်း ပါဝင်မည်ဖြစ်သည်။

    ဗြိတိန်နှင့် တရုတ်တို့မှာ ပေါင် ၂၄.၅ ဘီလီယံ တန်ဖိုးရှိ ဗြိတိန်၏ ပထမဆုံး နျူးကလီးယား ဓာတ်အားပေးစက်ရုံကို ၁၀ စုနှစ်အတွင်း တည်ဆောက်ရေးအတွက် ဆွေးနွေးမှုများ လက်ရှိတွင် ပြုလုပ်နေသည်။

    Ref: Channelnewsasia