News @ M-Media

Author: Ko Lay

  • မြန်မာနိုင်ငံ၏ ပထမဆုံး စွန့်ပစ်ပစ္စည်း ဓာတ်အားပေးစက်ရုံ မကြာမီလည်ပတ်မည်

    မြန်မာနိုင်ငံ၏ ပထမဆုံး စွန့်ပစ်ပစ္စည်း ဓာတ်အားပေးစက်ရုံ မကြာမီလည်ပတ်မည်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    waste
    စွန့်ပစ်ပစ္စည်းဓာတ်အားပေးစက်ရုံ ဒီဇိုင်းတစ်ခု

    – မြန်မာနိုင်ငံ၏ ပထမဆုံး စွန့်ပစ်ပစ္စည်းသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို စတင်လည်ပတ်တော့မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ် မတ်လတွင် လျှပ်စစ်ဓာတ်အားများ ထုတ်ပေးနိုင်တော့မည်ဟု နိုင်ငံပိုင် New Light of Myanmar က ယနေ့တွင် ဖော်ပြခဲ့သည်။

    ရန်ကုန်မြို့၌ ဆောက်လုပ်ထားသည့် အဆိုပါ ဓာတ်အားပေးစက်ရုံမှာ ကန်ဒေါ်လာ ၁၆.၂ သန်း ကုန်ကျခဲ့ပြီး ဂျပန်နိုင်ငံမှ JFE အင်ဂျင်နီယာ ကုမ္ပဏီက ကန်ဒေါ်လာ ၈.၂ သန်း ထောက်ပံ့ခဲ့ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၈ သန်းထည့်ဝင်၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ နေ့စဉ် စွန့်ပစ်ပစ္စည်း တန် ၆၀ ကို အသုံးပြု၍ ဓာတ်အားပေးစက်ရုံမှာ လျှပ်စစ်ဓာတ်အား ၁၀၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။

    ရန်ကုန်မြို့တွင် တစ်နေ့လျှင် စွန့်ပစ်ပစ္စည်းပေါင်း တန် ၁၇၀ ခန့် ထွက်ရှိနေပြီး ထိုဓာတ်အားပေးစက်ရုံက စွန့်ပစ်ပစ္စည်းများမှ မီသိန်းနှင့် ကာဘွန်ဒိုင်အောက်ဆိုက်များ လေထုအတွင်းသို့ ထုတ်လွှတ်မှုကို လျော့ချပေးနိုင်မည်ဖြစ်သည်။

    Ref: Business-standard

  • တရုတ်နိုင်ငံမှ ဗောက်စ်ဝဂွန်ကားတစ်ချို့ ပြန်သိမ်းမည်

    တရုတ်နိုင်ငံမှ ဗောက်စ်ဝဂွန်ကားတစ်ချို့ ပြန်သိမ်းမည်

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    vw

    – ကားများ၏ ကာဘွန်ထုတ်လွှတ်မှုအား လိမ်ညာခဲ့သည့်အတွက် ပြဿနာများနှင့် ရင်ဆိုင်နေရသည့် ဂျာမနီမှ ဗောက်စ်ဝဂွန် ကားထုတ်လုပ်ရေးမှာ ကမ္ဘာ့အကြီးဆုံး ကားဈေးကွက်ရှိသည့် တရုတ်နိုင်ငံမှ ကားပေါင်း ၂၀၀၀ နီးပါးကို ပြန်သိမ်းသွားမည်ဟု ယနေ့တွင် ကြေငြာလိုက်သည်။

    ဗောက်စ်ဝဂွန်မှ ထုတ်လုပ်သည့် ဒီဇယ်ကားများ၏ ကာဗွန်ထုတ်လုပ်မှုကို စမ်းသပ်ရာတွင် ကုမ္ပဏီက ဆော့ဖ်ဝဲတစ်ခုသုံး၍ လိမ်ညာခဲ့ပြီး တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီကလည်း နိုင်ငံအတွင်းသို့ တင်သွင်းသော သို့မဟုတ် နိုင်ငံအတွင်း ထုတ်လုပ်သော ဗောက်စ်ဝဂွန်ကားများတွင် ထိုသို့ လိမ်ညာထားခြင်း ရှိမရှိကို စစ်ဆေးနေသည်။

    တရုတ်နိုင်ငံသို့ ဗောက်စ်ဝဂွန်က ပြီးခဲ့သည့်နှစ်အတွင်း ကားပေါင်း ၃.၆၇ သန်းကို တင်သွင်းခဲ့ပြီး ယခုပြန်သိမ်းမည့် ကားများမှာ ဒီဇယ်ကားများဖြစ်သည်။ ဗောက်စ်ဝဂွန်နှင့် ဖက်စက်လုပ်ကိုင်သည့် တရုတ်နိုင်ငံမှ အဓိက ကုမ္ပဏီကြီး ၂ ခုက ၎င်းတို့၏ ထုတ်လုပ်မှုတွင် ထိုကဲ့သို့ လိမ်ညာထားခြင်းမရှိဟု စောစောပိုင်းက ကြေငြာချက် ထုတ်ပြန်ထားသည်။

    Ref: Channelnewsasia

  • ဆီးရီးယားတွင် ရုရှားက Cluster ဗုံးများ အသုံးပြုနေ

    ဆီးရီးယားတွင် ရုရှားက Cluster ဗုံးများ အသုံးပြုနေ

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    syria

    – ရုရှားမှာ ၎င်းတို့၏စစ်တပ်မှ ကြဲချခြင်းဖြင့်လည်းကောင်း၊ အာဆတ်အစိုးရအား ထောက်ပံ့ပေးခြင်းဖြင့် လည်းကောင်း အတွဲလိုက် ပေါက်ကွဲစေတတ်သော အဆင်မြင့် cluster ဗုံးများကို ဆီးရီးယားစစ်ပွဲတွင် အသုံးပြုနေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ယနေ့တွင် ပြောကြားလိုက်သည်။

    ဆီရီးယာ၏ ဒုတိယမြို့တော်ဖြစ်သော အဲလစ်ပိုတွင် အောက်တိုဘာ ၄ ရက်နေ့က ကြဲချခဲ့သည့် အဆိုပါဗုံးများ၏ ဓာတ်ပုံများကို လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ရရှိခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ သုံးစွဲခြင်းမှာ စိုးရိမ်စရာကောင်းကာ အနာဂတ်တွင် ဆီးရီးယား ပြည်သူများအား ထိခိုက်နစ်နာစေမည် ဖြစ်ကြောင်း ထို cluster ဗုံးများ အသုံးပြုခြင်းကို နိုင်ငံတကာ၏ ပိတ်ပိတ်ထားမှုတွင် ရုရှားနှင့် ဆီးရီးယားတို့ ပါဝင်သင့်ကြောင်း အဖွဲ့မှ အရှေ့အလယ်ပိုင်းဆိုင်ရာ လက်ထောက်ဒါရိုက်တာဖြစ်သူ နဒင်းမ် ဟူရီက ပြောကြားခဲ့သည်။

    ရုရှားမှာ စက်တင်ဘာ ၃၀ ရက်နေ့မှ စတင်ကာ ဆီးရီးယားသမ္မတ အာဆတ်အား ဆန့်ကျင်သည့် အဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ဗုံးဗဒေသာဟု ခေါ်ဆိုသည့် Cluster ဗုံးများမှာ အတွဲလိုက်ပါဝင်သည့် ဗုံးများဖြစ်ပြီး ဖျက်အားပျင်းသောကြောင့် နိုင်ငံအများအပြားက သုံးစွဲခြင်းမပြုရန် သဘောတူထားကြသည်။

    Ref: Aljazeera

  • ရှုံးမှာကြောက်၍ မေ၀ယ်သာက မိမိအား ရှောင်ခဲ့ခြင်းဟု အမီးရ်ခန်းပြော

    ရှုံးမှာကြောက်၍ မေ၀ယ်သာက မိမိအား ရှောင်ခဲ့ခြင်းဟု အမီးရ်ခန်းပြော

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    amir

    – ဖလွိုက် မေ၀ယ်သာမှာ အနိုင်ထိုးရလွယ်သည့် ကစားသမားဖြစ်ပြီး ၎င်း၏ အားနည်းချက်များကို လူအများ သိမည်စိုးသောကြောင့် မိမိအား ရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်နာမည်ကြီး လက်ဝှေ့သမား အမီးရ်ခန်းက ပြာကြားလိုက်သည်။

    “ဘာတိုနဲ့ပွဲကို ကြည့်ရင် မေ၀ယ်သာဟာ အနိုင်ထိုးရလွယ်တဲ့ ကစားသမားဆိုတာ တွေ့ရမှာပါ။ သူ အမှားနည်းနည်းလုပ်ခဲ့တယ်။ ဒါပေမယ့် တော်တော်လေး ထိခဲ့ပါတယ်။ ကျွန်တော် ဘယ်တုန်းကမှ မမြင်ဘူးတဲ့ ပုံစံမျိုးတွေပါ။ ပုံမှန်ဆိုရင်တော့ မေ၀ယ်သာဟာ တောင့်တင်းတဲ့ လက်ဝှေ့သမားပါ။ ဘယ်တော့မှ မခံရပါဘူး။ ဒါပေမယ့် အသက်က စကားပြောတာကို မြင်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း သူ အနားယူလိုက်တာဖြစ်ပြီး ဒါ့ကြောင့်ပဲ သူ ကျွန်တော်နဲ့ မထိုးခဲ့တာ ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ လက်ဝှေ့သမားဘ၀မှာ အမီးရ်ခန်းက
    အကြီးဆုံးပြဿနာ ဖြစ်စေမယ်ဆိုတာ သူသိခဲ့ပါတယ်”

    လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲတွင် မေ၀ယ်သာမှာ အမီးရ်ခန်း၏ ကမ်းလှမ်းမှုကို ရှောင်ရှား၍ အန်ဒရေဘာတိုနှင့် ထိုးသတ်ကာ အနိုင်ရယူခဲ့သည်။ လက်ရှိအချိန်တွင် အမီးရ်ခန်း၏ အဖွဲ့မှာ ပက်ကွီအိုနှင့် ထိုးသတ်ရန် ဆွေးနွေးနေပြီး ၎င်းကလည်း ထိုးသတ်ပွဲဖြစ်လာလိမ့်မယ်ဟု ယုံကြည်နေသည်။

    “ပက်ကွီအိုနဲ့ပွဲအတွက်တော့ ကျွန်တော့်အသင်းဟာ အားလုံးကို ဆောင်ရွက်နေပါတယ်။ ဖြစ်မယ်ဆိုရင် ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ဟာ ဘယ်သူနဲ့မဆို ထိုးသတ်နိုင်ပါတယ်။ ပက်ကွီအိုနဲ့ ထိုးရမှာတော့ ကျွန်တော် ကြိုက်ပြီး ဘာ့ကြောင့်လည်းဆိုတော့ စတိုင်တွေက ပွဲတွေကို ဖြစ်စေလို့ပါ”

    Ref: Dailymail

  • အစိုးရအား ဝေဖန်သူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    အစိုးရအား ဝေဖန်သူ ၂ ဦးကို မလေးရှား ဖမ်းဆီး

    အောက်တိုဘာ ၁၂၊ ၂၀၁၅
    M-Media

    malay

    – အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်သူ ၂ ဦးကို နိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးစနစ်များအား နှောင့်ယှက်သည်ဟုဆိုကာ မလေးရှားအစိုးရက တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ခိုင်ရူဒင် အဘူဟာဆန်နှင့် မက်သီယက်စ် ချန် တို့ ဖြစ်ကြပြီး ၂၀၁၂ ခုနှစ် လုံခြုံရေးချိုးဖောက်မှု (အထူး) အက်ဥပဒေ SOSMA ဖြင့် ယနေ့တွင် ထိန်းသိမ်းခဲ့သည်။ အဘူဟာဆန်မှာ အာဏာရပါတီဟောင်း UMNO ပါတီ ဌာနတစ်ခု၏ ဥက္ကဌဖြစ်ပြီး ချန်ကမူ ယခင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်၏ အနီးကပ်အကြံပေးတစ်ဦး ဖြစ်သည်။

    အစိုးရရုံးစိုက်ရာ ပူထရာဂျာယာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာ မဟာသီမှာ ထိုတရားစွဲဆိုခြင်းကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သဘောထားကွဲလွဲသူများကို မရှုနိုင်မကယ်နိုင်ဖြစ်အောင် အာဏာအလွဲသုံးစားလုပ်သည့် လုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် ၀န်ကြီးချုပ် နာဂျစ်ဘ်အား ဖယ်ရှားရန်အတွက် လွှတ်တော်ထဲတွင် အယုံအကြည်မရှိ အဆိုတင်သွင်းရန်လည်း တိုက်တွန်းခဲ့သည်။

    “SOSMA က အကြမ်းဖက်သမားတွေအတွက်ပဲ။ မာသီယက်စ်ချန် ဒါမှမဟုတ် ခိုင်ရူဒင်တို့က အကြမ်းဖက်သမားတွေ မို့လို့လား။ သူတို့က အစိုးရရဲ့ တစ်လွဲလုပ်တာတွေကို ထောက်ပြရုံပဲ။ သူတို့ဟာ (ငွေကြေးခ၀ါချမှု စုံစမ်းစစ်ဆေးခြင်းမှာ) အစိုးရရဲ့ ပါဝင်မှု၊ နိုင်ငံခြားအစိုးရတွေရဲ့ ပါဝင်မှုကို ဖော်ထုတ်တာပါပဲ” ဟု မဟာသီက ပြောကြာဲး့သည်။

    ခိုင်ရူဒင်နှင့် ချန်တို့မှာ အကြွေးနွံနစ်နေသော နိုင်ငံတော်ပိုင် မလေးရှားဖွံ့ဖြိုးရေးဘဏ် 1MDB နှင့် ဆက်စပ်နေသည့် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသူများကို နိုင်ငံခြားသို့ သွားရောက်က သတင်းပေးပို့မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

    ခိုင်ရူဒင်ကမူ “ကျွန်တော်တို့ နာဂျစ်ဘ်ကို အဆုံးအထိ တိုက်သွားမှာပါ။ နာဂျစ်ဘ်လက်တွေ လက်ထိပ်ခတ် ခံရအောင် ကျွန်တော် အသေအချာ ဆောင်ရွက်သွားမှာပါ” ဟု တရားရုံးတွင် သတင်းထာက်များအား ပြောကြားခဲ့သည်။

    ၎င်းတို့နှစ်ဦးမှာ အောက်တိုဘာ ၂၆ ရက်နေ့တွင် တရားရုံးသို့ လာရောက်၍ တရားရင်ဆိုင်ရဖွယ် ရှိနေပြီး အပြစ်ရှိကြောင်း တွေ့ရှိရပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရဖွယ် ရှိနေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။

    Ref: Channelnewsasia