News @ M-Media

Author: Ko Lay

  • ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ လာမည့်နှစ်တွင် ထိုးသတ်ရန် အလားအလာရှိနေ

    ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ လာမည့်နှစ်တွင် ထိုးသတ်ရန် အလားအလာရှိနေ

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    – လာမည့်နှစ်ဆန်းတွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်မည့် ပက်ကွီအို၏ ပြိုင်ဘက်မှာ အမီးရ်ခန်းဖြစ်လိမ့်မည်ဟု ပက်ကွီအို၏ ပွဲစီစဉ်သူ ဘော့ဘ် အေရမ်က ပြောကြားလိုက်သည်။

    မေ၀ယ်သာအား ရှုံးနိမ့်ခဲ့ပြီးကတည်းက ပက်ကွီအိုမှာ အမီးရ်ခန်းအား ၎င်း၏ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ဗြိတိန်လက်ဝှေ့ကျော်၏ ဦးလေး၊ ရှေ့နေတို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု အေရမ်က ထည့်သွင်းပြောကြားခဲ့သည်။

    ခန်းမှာ မေ၀ယ်သာ၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲတွင် ထိုးသတ်ရန် ဆန္ဒရှိခဲ့သော်လည်း မေ၀ယ်သာက လက်မခံဘဲ အန်ဒရေဘာတိုကိုသာ ရွေးချယ်ကာ အနိုင်ထိုးသက်ခဲ့သည်။ ပုခုံးဒဏ်ရာမှ ပြန်ကောင်းလာမည့် ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနှင့် အမီးရ်ခန်းတို့ ထိုးသတ်ဖြစ်ပါက လာမည့်နှစ် ဖေဖော်ဝါရီ သို့မဟုတ် ဧပြီလတွင် ဖြစ်လာနိုင်ဖွယ်ရှိနေသည်။

    ပက်ကွီအိုအတွက် ထိုပွဲမှာ နောက်ဆုံးဖြစ်မည်ဖြစ်ပြီး ထို့နောက်ပိုင်းတွင် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်တော့မည်ဖြစ်သည်။

    Ref: Dailymail

  • ကုလညီလာခံတွင် အိုဘားမားနှင့် ပူတင်တို့ အပြန်အလှန် ပြစ်တင်ခဲ့ကြ

    ကုလညီလာခံတွင် အိုဘားမားနှင့် ပူတင်တို့ အပြန်အလှန် ပြစ်တင်ခဲ့ကြ

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    obama

    – အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းတွင် တစ်ဦးနှင့်တစ်ဦး ပြစ်တင်ပြောဆိုခဲ့ကြပြီး ဆီးရီးယားစစ်ပွဲ ကိစ္စနှင့်ပတ်သက်၍မူ နှစ်ဦးစလုံးက ညှိနှိုင်းဆွေးနွေးလိုသည့် သဘောမျိုး ရှိနေသည်။

    ယမန်နေ့က ကုလသမဂ္ဂ ညီလာခံ ပထမဆုံးနေ့တွင် အိုဘားမားနှင့် ပူတင်တို့အပါအ၀င် ဘရာဇီးလ်၊ တရုတ်၊ အီရန်၊ ပြင်သစ်တို့မှ ခေါင်းဆောင်များက မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ အိုဘားမားကမူ ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခြင်းက ရုရှားကို ပို၍ အထီးကျန်စေပြီး၊ ပို၍ ဆင်းရဲသွားစေကာ ရုရှားနိုင်ငံသားများကလည်း နိုင်ငံအား စွန့်ခွာသွားခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    “ရုရှားဟာ စစ်မှန်တဲ့ သံတမန်နည်းလမ်းနဲ့ ဆောင်ရွက်မယ်ဆိုရင် ဘာဖြစ်မလဲ စဉ်းစားကြည့်ကြပါ”

    ပူတင်ကလည်း အမေရိကန်ဦးဆောင်ကာ အီရတ်သို့ ကျူကျော်သိမ်းပိုက်မှု၊ လစ်ဗျားတွင် အနောက်နိုင်ငံများက ထောက်ပံ့ပေးသည့် သူပုန်ထမှုတို့က ဒေသအတွင်း အကြမ်းဖက်မှု၊ ဆင်းရဲမွဲတေမှုနှင့် လူမှုရေး ဖြစ်ရပ်ဆိုးများ ဖြစ်စေကာ ဒုကက္ခသည်အမြောက်အများမှာလည်း ဥရောပသို့ စီးဆင်းလာကြသည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားကိစ္စတွင်လည်း ပူတင်က အာဆတ်တပ်ဖွဲ့များမှာ IS နှင့် အခြားသော အကြမ်းဖက်အဖွဲ့များကို တိုက်ခိုက်နေပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှလွဲ၍ အခြားနည်းလမ်းမရှိဟု ပြောဆိုခဲ့သည်။

    1. အိုဘားမားကမူ အာဆတ်နှုတ်ထွက်ရန် ပြတ်ပြတ်သားသား ပြောကြားခဲ့ခြင်းမရှိဘဲ၊ ၎င်း၏ အုပ်ချုပ်အောက်မှ ကင်းလွတ်ရေး အသွင်ကူးပြောင်းမည့် လုပ်ငန်းများကို လုပ်ဆောင်ရမည်ဟု အကြံပြုခဲ့သည်။

    Ref: Aljazeera

  • ဟဂ်ျပြုသူများအတွက် ဆော်ဒီလူငယ်များ သောက်ရေနှင့် အချိုရည် အလှူဒါနပြုခဲ့

    ဟဂ်ျပြုသူများအတွက် ဆော်ဒီလူငယ်များ သောက်ရေနှင့် အချိုရည် အလှူဒါနပြုခဲ့

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    hajj

    – ယခုနှစ်ဟဂ်ျကာလအတွင်း ပြင်းထန်သော အပူချိန်နှင့် ရင်ဆိုင်ခဲ့ရသည့် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ဘုရားဖူးများအတွက် ဆော်ဒီလူငယ် ၂၅ ဦးပါသော အဖွဲ့တစ်ဖွဲ့က သောက်ရေနှင့် ဖျော်ရေအေးများကို ဝေငှခဲ့ကြသည်။

    မက္ကာ၊ ရီယာ့ဒ်နှင့် ဂျစ်ဒါတို့မှ လူငယ်များဖြစ်ပြီး သောက်ရေ၊ ဖျော်ရည်အေး ဗူးပေါင်း ၁၅၀၀၀၀ ခန့်ကို ဝေငှခဲ့ခြင်းဖြစ်သည်။ အဖွဲ့ခေါင်းဆောင် အွတ်စမန် ဟာရှင်မ်ကမူ အာရာဖတ်ကွင်းပြင်နှင့် မွဇ်ဒါလီဖဟ် ဒေသများတွင် ပထမဆုံး ဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။

    “လူငယ်တွေက တိုင်းပြည်ရဲ့ ရတနာတွေပါပဲ” ဟု ၎င်းက ပြောကြားခဲ့ပြီး၊ ထိုကဲ့သို့ ပရဟိတလုပ်ငန်း လုပ်ဆောင်ရန်အတွက် ဆော်ဒီအာဏာပိုင်များထံမှ ခွင့်ပြုချက်ရယူခဲ့ရသည်ဟု ဆိုသည်။

    ၎င်းတို့မှာ အာရာဖတ်နေ့ နံနက်အာရုဏ်တက်ချိန်မှ အီဒွလ်အသွဟာ ပထမနေ့အထိ နာရီပေါင်း ၃၀ တိုင်တိုင် မရပ်မနား ကြိုးစားပမ်းစားဖြင့် ဝှေငှခဲ့ကြခြင်းဖြစ်သည်။

    “ကျွန်တော်အသင်းအတွက် ဒါဟာ ကြီးမားတဲ့ ကြိုးပမ်းဆောင်ရွက်မှုပါပဲ” ဟု ဟာရှင်မ်က ဆိုပြီး အစီအစဉ်တကျ ဝေငှခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့ကြသည်။

    သောက်စရာဝေငှသည့်အပြင် ၎င်းတို့မှာ ဘုရားဖူးများအတွက် လိုအပ်သည့် ၀န်ဆောင်မှုများကိုလည်း ပေးအပ်ခဲ့ကြသည်။

    “ကျွန်တော်တို့ဟာ သူတို့ကို ကြိုဆိုတာမျိုးတွေ၊ အာရာဖတ်ကွင်းပြင်မှာ ပြုလုပ်ရမယ့် ဓလေ့ထုံးတမ်းတွေကို သတိပေးတာမျိုးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ဧည့်သည်ဖြစ်ပြီး၊ ဒီလိုဧည့်ဝတ်ပြုရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်”

    Ref: Arabnews

  • ခြေထောက်ဒဏ်ရာမှ ပြန်လာသည့် ရှာရာပိုဗာ လက်ကောက်ဝတ်ဒဏ်ရာ ရပြန်

    ခြေထောက်ဒဏ်ရာမှ ပြန်လာသည့် ရှာရာပိုဗာ လက်ကောက်ဝတ်ဒဏ်ရာ ရပြန်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    sharapova

    – ခြေထောက်ဒဏ်ရာကြောင့် ၃ လခန့် အနားယူခဲ့ရပြီးနောက် တရုတ်နိုင်ငံတွင် ပြုလုပ်သည့် Wuhan Open တင်းနစ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော ရုရှားနာမည်ကြီး တင်းနစ်မယ် မာရီယာ ရှာရာပိုဗာမှာ လက်တွင် ဒဏ်ရာရ၍ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

    ယမန်နေ့က ချက်တင်းနစ်မယ် ဘာဘိုဗာ စထရိုင်ကိုဗာနှင့် ယှဉ်ပြိုင်ကစားစဉ် ၇-၆၊ ၆-၇၊ ၂-၁ ဖြင့် ဦးဆောင်နေခဲ့သော်လည်း လက်ကောက်ဝတ်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုနိုင်သောကြောင့် အနားယူခဲ့ရခြင်းဖြစ်သည်။

    ဂရန်းစလမ် ၅ ကြိမ်ချန်ပီယံဖြစ်ပြီး ယခင် ကမ္ဘာ့နံပါတ် ၁ တင်းနစ်မယ် ရှာရာပိုဗာမှာ ခြေထောက်ဒဏ်ရာကြောင့် အမေရိကန် ကွင်းမာပြိုင်ပွဲများအားလုံးကို လွဲချော်ခဲ့ရသည်။ ၎င်း၏ နောက်ဆုံး ကစားခဲ့သည့်ပွဲမှာ ဇူလိုင်လက ၀င်ဘယ်လ်ဒန်ပြိုင်ပွဲ ဆရီနာအား ရှုံးနိမ့်ခဲ့သည့် ဆီမီးဖိုင်နယ်ပွဲဖြစ်သည်။

    Ref: Dailymail

  • နိုဝင်ဘာရွေးကောက်ပွဲနိုင်လျှင် ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးမည်

    နိုဝင်ဘာရွေးကောက်ပွဲနိုင်လျှင် ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးမည်

    စက်တင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    usdp

    – မြန်မာနိုင်ငံ၏ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၎င်းတို့အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရပါလျှ စစ်အာဏာရှင်များက ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ပေးသွားမည်ဟု ယမန်နေ့တွင် ကတိပြုပြောကြားလိုက်သည်။

    အဆိုပါ အခြေခံဥပေဒမှ ဒီမိုကရေစီနည်းမကျဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နေကြသော အငြင်းပွားဖွယ် အချက်များကို ပြုပြင်ခြင်းမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ငြိမ်မှုအတွက် အဓိက သော့ချက်တစ်ခု ဖြစ်နေပြီး နိုဝင်ဘာရွေးကောက်ပွဲတွင် မိမိတို့အနိုင်ရပါက လာမည့်အစိုးရသက်တမ်းအတွင်း အားလုံးပူးပေါင်းပါဝင်သော ပုံစံဖြင့် ဖွဲ့စည်းပုံကို ပြင်ဆင်သွားမည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ဆိုသည်။

    “ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့နဲ့ ရင့်ကျက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကျွန်တော်တို့ဟာ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုအပ်ပါတယ်။ လာမယ့် ၅ နှစ်အတွင်းမှာ တိုင်းရင်းသားတွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူတွေနဲ့အတူ အခြေခံဥပဒေ ပြင်ဆင်ဖို့ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ” ဟု နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပါတီအဖွဲ့ဝင်များ တွေ့ဆုံပွဲတွင် ဦးတင်းနိုင်သိန်းက ပြောကြားခဲ့သည်။

    သို့သော်လည်း ၎င်း၏ပါတီက မည်သည့်အပိုဒ်များကို ပြင်ဆင်ရန် ရည်ရွယ်ထားသည်နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိချေ။ သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ပြောင်းလဲခြင်းမှာ နိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စေရန် မိမိတို့၏ အာဏာရပါတီက ဆောင်ရွက်နေသည့် ကြိုးပမ်းမှုများ၏ အစိတ်အပိုင်းဖြစ်သည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်

    Ref: RFA