News @ M-Media

Author: Ko Lay

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၄၊ ၂၀၁၅)

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    ဥရောပရောက် ဒုက္ခသည်များကို ကူညီရန် အိုအိုင်စီက အလှူငွေ ဒေါ်လာ ၂ သန်း မတည်ပေး
    ……………………………………….
    ဥရောပတစ်လွှား ကြီးထွားလာသည့် ဒုက္ခသည်ပြဿနာအား ဖြေရှင်းရန်အတွက် အိုအိုင်စီက ရန်ပုံငွေ ကန်ဒေါ်လာ ၂ သန်းကို မတည်ပေးမည်ဟု ယနေ့တွင် ကြေညာခဲ့သည်။ အဆိုပါ အလှူငွေများကို အမျိုးသား အိုလံပစ်ကော်မတီနှင့် အခြားသောအဖွဲ့များမှ ဆောင်ရွက်သော စီမံကိန်းများမှတစ်ဆင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်တစ်ခုလုံးကို အလျင်အမြန် ဆောင်ရွက်သွားမည်ဟု အိုအိုင်စီက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ဆီးရီးယားမှ သမိုင်းဝင်တာဝါများကို IS က ဖောက်ခွဲဖျက်ဆီးပြန်
    ……………………………………
    ဆီးရီးယားနိုင်ငံမှ သမိုင်းဝင် ပါလ်မိုင်ရာမြို့ရှိ ရှေးဟောင်း တာဝါတိုင် ၃ တိုင်ကို IS အဖွဲ့က ဖျက်ဆီးလိုက်သည်ဟု ဆီးရီးယား ရှေးဟောင်းပစ္စည်းများဆိုင်ရာ အကြီးအကဲက ယနေ့တွင် ပြောကြားလိုက်သည်။ ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့ကမူ အဆိုပါ တာဝါတိုင်များကို လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး၊ ယူနက်စကိုက ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်များအား ဖျက်ဆီးမှုကို ရှုတ်ချလိုက်ပြီး စစ်ရာဇ၀တ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဖမ်းထားသည့် နိုင်ငံခြားသားနှစ်ဦးမှာ ဘန်ကောက်ဗုံးကွဲမှုနှင့် မပတ်သက်ဟု ထိုင်းပြော
    ……………………………………………….
    ဘန်ကောက်ဗုံးကွဲမှုနှင့် ပက်သက်၍ ဖမ်းဆီးထားသည့် နိုင်ငံခြားသားနှစ်ဦးကို ဒီအန်အေ စစ်ဆေးမှုများအရ ဗုံးကွဲမှုနှင့် ပတ်သက်မှုမရှိသည်ကို တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ စစ်တပ်ကမူ ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုကြောင့် မကျေနပ်သည့် လူကုန်ကူးဂိုဏ်းများ၏ လက်ချက်ဖြစ်နိုင်သည်ဟု ကောလဟာလများလည်း ရှိနေသည်ဟု ဆိုသည်။

    Ref: News Agencies

  • ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ပင်ထားခြင်းကို မြန်မာအစိုးရ ပြန်ဖွင့်ပေးရန် ရှိနေ

    ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ပင်ထားခြင်းကို မြန်မာအစိုးရ ပြန်ဖွင့်ပေးရန် ရှိနေ

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    rice

    – မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်လ ရေဘေးသင့်သည့်အချိန်အတွင်း ဆန်ပြတ်လတ်မှုနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် ပိတ်ပင်ထားသည့် ပြည်ပသို့ ဆန်တင်ပို့မှုကို ပြန်လည်ဖွင့်ပေးရန် စီစဉ်နေသည်ဟု ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦး ပြောကြားလိုက်သည်။

    ဆန် ပြန်လည်တင်ပို့ရန် မြန်မာ့ဆန်စပါးအသင်းမှ အဆိုပြုချက် တင်ပြခဲ့ပြီးနောက်ပိုင်းတွင် အစိုးရမှာ ထိုကိစ္စအတွက် ဆောင်ရွက်နေသည်ဟု အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောကြားခဲ့သည်။ ဆန်တင်ပို့မှုကို သြဂုတ်လ ၈ ရက်နေ့မှ စတင်ကာ စက်တင်ဘာ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားခြင်းဖြစ်သည်။

    “တစ်နိုင်ငံလုံးက ရေဘေးသင့်အန္တရာယ်ကြောင့် ပိတ်ပင်မှုကို စတင်ခဲ့တာပါ။ ဒါပေမယ့် အစိုးရကလည်း ပို့ကုန်ဈေးကွက် ခိုင်မာမှုကို ထိန်းသိမ်းချင်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကလည်း ဒီအကြောင်းအရာတွေကို ချိန်ဆနေပြီး သက်ဆိုင်ရာ ဌာနတွေ၊ အသင်းအဖွဲ့တွေနဲ့ ဆောင်ရွက်စရာရှိတာတွေကို ပူးပေါင်းဆောင်ရွက်နေပါတယ်” ဟု ဦးတိုးအောင်မြင့်ပြောကြားမှုကို DVB သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    “ပိုအရေးကြီးတာက ကျွန်တော်တို့ဟာ လက်ရှိဈေးကွက်ကို ကဖျက်ယဖျက် မလုပ်ချင်ပါဘူး။ အထူးသဖြင့် ဥရောပဈေးကွက်ပေါ့။ ပြီးတော့ ဥရောပက ကောက်ညှင်းဆန် လူကြိုက်များမှုအပေါ်မှာလည်း ကျွန်တော်တို့ အမြတ်မထုတ်ချင်ပါဘူး။ အဲဒီကောက်ညှင်းဆန်ဟာ ပြည်တွင်းမှာတော့ တောင်းဆိုမှုနည်းပါတယ်။ ပြည်တွင်းမှာ ၀ယ်လိုအားနည်းတဲ့ ဆန်အမျိုးအစားတွေကို ကျွန်တော်တို့ အဓိကထားသွားမှာပါ။ ပြီးတော့ တစ်ဖြည်းဖြည်းနဲ့ ပိတ်ပင်မှုကို တစ်ခုချင်းဆီ ဖြေလျော့သွားမှာပါ”

    ရိတ်သိမ်းပြီးသော ဆန်များမှာ စက်တင်ဘာအလယ်ပိုင်းတွင် ဈေးကွက်သို့ ရောက်ရှိမည်ဟု မျှော်လင့်ရသောကြောင့် ဆန်စပါးအသင်းက စင်တင်ဘာ ၁၅ ရက်နေ့တွင် ဆန်ပို့ခြင်း ပိတ်ပင်မှုအား ရပ်ဆိုင်းမည့် နေ့အဖြစ် သတ်မှတ်ထားသည်။ ဒေသတွင်းမီဒီယာ၏ ပြောကြားမှုအရ မြန်မာအစိုးရမှာ ဆန်မလောက်မငှဖြစ်မှုကို ဖြည့်ဆည်းရန် ပြည်ပမှ ဆန်တင်သွင်းနိုင်ခြေအတွက် အသေအချာ စဉ်းစားနေသည်ဟု ဖော်ပြခဲ့သည်။

    သို့သော်လည်း ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကမူ ဆန်တင်ပို့မှုပိတ်ပင်ခြင်းကို နိုဝင်ဘာလထိ ထပ်တိုးနိုင်ခြေရှိနေသည်။ နိုင်ငံတစ်ဝှမ်း ရေလွှမ်းမိုးမှုများကြောင့် လယ်ဧက ၁ သန်းခန့်မှာ ပျက်ဆီးသွားခဲ့ပြီး ထိုပမာဏမှာ နိုင်ငံ၏ စပါးခင်း စုစုပေါင်းပမာဏ၏ ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိရှိသည်။ မြန်မာနိုင်ငံ ပြည်တွင်း တစ်နှစ်စာ ဆန်လိုအပ်ချက်မှာ တန်ချိန်ပေါင်း ၃၄.၈ သန်း ရှိသည်။

    မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်များအတွင်း ပုံမှန်တိုးတက်လာခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆန်တန်ချိန် ၁.၈ သန်းကို တင်ပို့နိုင်ခဲ့သည်။ ဆန်စပါးအသင်းကမူ ၂၀၁၅ ခုနှစ်တွင် ဆန်စပါးထွက်နှုန်းမှာ တန်ချိန် ၁၄ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ မြန်မာအစိုးရမှာ ယခုနှစ်တွင် ဆန်တန်ချိန် ၂ သန်း ပြည်ပသို့တင်ပို့ရန် လျာထားသည်။

    Ref: Bangkokpost

  • အမေရိကန်တွင် စိတ်ဝေဒနာသည် အကျဉ်းသားကို သတ်ဖြတ်သည့် ထောင်ဝန်ထမ်းများကို ဖမ်းဆီး

    အမေရိကန်တွင် စိတ်ဝေဒနာသည် အကျဉ်းသားကို သတ်ဖြတ်သည့် ထောင်ဝန်ထမ်းများကို ဖမ်းဆီး

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    us

    – စိတ်ဝေဒနာခံစားနေရသည့် အကျဉ်းသားတစ်ယောက်ကို လုပ်ပိုင်ခွင့်သုံး၍ သတ်ဖြတ်ခဲ့သည့်အမှုဖြင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာကောင်တီမှ အကျဉ်းထောင်ဝန်ထမ်း ၃ ဦးကို ဖမ်းဆီးလိုက်သည်ဟု ကောင်တီ အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

    အဆိုပါအကျဉ်းသားမှာ ပြင်းထန်သည့်ဒဏ်ရာ အများပြားနှင့် ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုတို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကောင်တီအုပ်ချုပ်ရေးမှူး လော်ရီစမစ်ကမူ မိမိခံစားရသည့် စိတ်ပျက်မှုနှင့် စက်ဆုပ်မှုတို့မှာ ဖော်ပြ၍ပင်မရဟု ပြောကြားခဲ့သည်။

    ထို့ပြင် ထောင်ဝန်ထမ်းများမှာ ကာကွယ်ရန် အပ်နှံခြင်းခံခဲ့ရသည့် လက်နက်မဲ့သူတစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ဖမ်းဆီးခံခဲ့ရသည့် ထောင်အရာရှိများမှာ အသက် ၂၇ နှစ်အရွယ် ရာဖေးလ် ရော်ဒရီဂက်စ်၊ အသက် ၂၈ နှစ်အရွယ် ဂျီရီ လူဘရင်နှင့် အသက် ၂၇ နှစ်အရွယ် မက်သယူး ဖာရစ်တို့ ဖြစ်ကြပြီး လူသတ်မှု၊ တာဝန်ကိုအသုံးချ၍ လက်ရောက်ကျူးလွန်မှုနှင့် လုပ်ကြံပြောဆိုမှုတို့ဖြင့် တရားစွဲဆိုခြင်းခံထားရကာ အာမခံ မပေးခဲ့ပေ။

    သေဆုံးသွားသူ အကျဉ်းသားမှာ အသက် ၃၁ နှစ်အရွယ် မိုက်ကယ် ဂျိမ်းစ် တိုင်ရီဆိုသူဖြစ်ပြီး၊ ဆန်တာကလာရာကောင်တီ၏ ဆေးဘက်ဆိုင်ရာ စစ်ဆေးသူ ဒေါက်တာ ဂျိုးဆက်ပ် အိုဟာရာကမူ တိုင်ရီ၏ သေဆုံးမှုမှာ လူသတ်မှုဖြစ်ပြီး ၎င်း ရရှိခဲ့သောဒဏ်ရာများမှာ အခြာလူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောသူများကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    တိုင်ရီကို ၎င်း၏ အကျဉ်းခန်းထဲတွင် ကြာသာပတေးနေ့မနက်၌ သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး၊ ဗုဒ္ဓဟူးနေ့ညကတည်းက သေဆုံးခဲ့ခြင်းဖြစ်မည်ဟု ယူဆခဲ့ကြသည်။ ၎င်းမှာ စိတ်ကျန်းမာရေး မကောင်းသူများ ထားသည့်နေရာသို့ ပြောင်းရွှေ့ရန် စီစဉ်ခံထားရသူဖြစ်သည်။

    Ref: RT

  • ၂၀၁၆ ဂင်းနစ်မှတ်တမ်းတွင် မော်ရင်ဟို၏ စံချိန် ၅ ခု ပါဝင်မည်

    ၂၀၁၆ ဂင်းနစ်မှတ်တမ်းတွင် မော်ရင်ဟို၏ စံချိန် ၅ ခု ပါဝင်မည်

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    chel

    – ၂၀၁၆ ခုနှစ်တွင် ထုတ်ဝေမည့် ဂင်းနစ်မှတ်တမ်း စာအုပ်တွင် ချယ်ဆီးနည်းပြ မော်ရင်ဟို၏ ကလပ်အသင်း ၄ ခုတွင် ရရှိခဲ့သည့် စံချိန်မှတ်တမ်း ၅ ခုအား ထည့်သွင်းဖော်ပြမည်ဟု သိရသည်။

    ယခုနှစ်ရာသီအစတွင် ချယ်ဆီးမှာ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်တွင် တစ်ပွဲသာအနိုင်ရထားကာ မော်ရင်ဟိုမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

    သို့သော်လည်း ပေါ်တို၊ ချယ်ဆီး၊ အင်တာနှင့် ရီးယဲလ်မက်ဒရစ်တို့တွင် ၎င်း၏ နည်းပြစွမ်းရည်အား မှတ်ကျောက်တင်ထားမှု မှတ်တမ်းများ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းစာအုပ်တွင် ထည့်သွင်းခံရမည့်အတွက် မော်ရင်ဟိုက ပျော်ရွှင်နေသည်။

    မော်ရင်ဟိုမှာ နည်းပြတစ်ယောက်အနေဖြင့် အိမ်ကွင်း အချိန်အကြာဆုံး ရှုံးပွဲမရှိသည့် စံချိန်ကို ရရှိထားပြီး ၉ နှစ်တာကာလ ကလပ်အသင်းလေးခုတွင် အိမ်ကွင်း ၁၅၁ ပွဲ ရှုံးပွဲမရှိခဲ့ချေ။ ပေါ်တိုနှင့် အင်တာအသင်းတို့အား ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် မော်ရင်ဟိုမှာ မတူညီသော ကလပ်အသင်းများဖြင့် ချန်ပီယံလိဂ်ကို ဆွတ်ခူးရရှိခဲ့သည့် နည်းပြ ၅ ဦးထဲမှ တစ်ဦးအဖြစ် ဂင်းနစ်စာအုပ်တွင် မှတ်တမ်းဝင်ခဲ့သည်။

    ထို့ပြင် ၄၉ နှစ်နှင့် ၁၂ ရက်ဖြင့် ချန်ပီယံလိဂ် ပွဲပေါင်း ၁၀၀ ပြည့်မြောက်သည့် မော်ရင်ဟိုမှာ အသက်အငယ်ဆုံးဖြင့် ချန်ပီယံလိဂ် ပွဲ ၁၀၀ ပြည့်မြောက်သည့် စံချိန်ကိုလည်း ရရှိခဲ့သည်။

    ၂၀၀၄-၀၅ ဘောလုံးရာသီက ချယ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ဗိုလ်စွဲချိန်တွင် မော်ရင်ဟိုက အသင်းအား ၉၅ မှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ထိုအမှတ်မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် စံချိန်တင်အမှတ်ဖြစ်သည်။ ပရီးမီးယားလိဂ်မှ အခြားစံချိန်တစ်ခုမှာ ချယ်ဆီးနှင့် အိမ်ကွင်း၌ ရှုံးပွဲမရှိသည့်ပွဲ အများဆုံးရရှိအောင် စွမ်ဆောင်နိုင်ခြင်းဖြစ်သည်။

    အသက် ၅၂ အရွယ် မော်ရင်ဟိုကမူ ထိုကဲ့သို့ စံချိန်များ တင်နိုင်ခဲ့ခြင်းအတွက် ပျော်ရွှင်မိပြီး၊ အနာဂတ် အောင်မြင်မှုအတွက် အာရုံစိုက်သွားမည်ဟု ပြောကြားခဲ့သည်။

    “သူတို့ ကျွန်တော့်ကို ဒီလိုပေးတဲ့ဆုတွေကို ရုံးခန်းမှာချိတ်ထားရတာ ကောင်းပါတယ်။ ပျော်စရာကောင်းတဲ့ အရာတစ်ခုပါ။ တစ်နေ့မှာ ဂင်းနစ်မှတ်တမ်းစာအုပ်ထဲ ၀င်လိမ့်မယ်ဆိုပြီး ငယ်ငယ်တုန်းက စိတ်တောင် မကူးခဲ့ပါဘူး။ ခင်ဗျားတို့ ကျွန်တော့်အကြောင်းသိပါတယ်။ ဒီဆုတွေဟာ အတိတ်က ကျွန်တော်လုပ်ခဲ့တာဖြစ်ပြီး တော်တော်လေး ကျေနပ်စရာပါပဲ။ ဒါပေမယ့် ကျွန်တော့်အတွက် ပိုအရေးကြီးတာက အနာဂတ်မှာ လုပ်နိုင်ဖို့ပါပဲ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal

  • အွန်လိုင်းနှင့် တီဗီကြည့်ချိန် ကြာမြင့်ပါက ကလေးများ၏ ပညာရေးစွမ်းဆောင်မှု ထိခိုက်နိုင်

    အွန်လိုင်းနှင့် တီဗီကြည့်ချိန် ကြာမြင့်ပါက ကလေးများ၏ ပညာရေးစွမ်းဆောင်မှု ထိခိုက်နိုင်

    စက်တင်ဘာ ၄၊ ၂၀၁၅
    M-Media

    game

    – တစ်နေ့တာအတွင်း နာရီများစွာ အင်တာနက်သုံးခြင်း၊ ရုပ်ရှင်ကြည့်ခြင်းနှင့် ကွန်ပျူတာဂိမ်းကစားသည့် ဆယ်ကျော်သက်များမှာ ထိုကဲ့သို့ မပြုလုပ်သူများထက် ပညာရေးအဆင့် ပို၍လျော့ကျသည့် အန္တရာယ် ရှိသည်ဟု ဗြိတိန်သိပ္ပံပညာရှင်များ၏ သုတေသနပြုမှုအရ သိရသည်။

    အသက် ၁၄ နှစ်နှင့် ၁၅ နှစ်အရွယ်ရှိသော ဆယ်ကျော်သက် ၈၀၀ ကျော်ကို ကမ်းဘရစ်ခ်ျတက္ကသိုလ်မှ သုတေသနပြုခဲ့ခြင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာဖြင့် အားအင်အသုံးပြု၍ ပြုလုပ်ရသော လှုပ်ရှားမှုများမှာ ဆယ်ကျော်သက်များ၏ ပညာရေးစွမ်းဆောင်ရေအား မထိခိုက်ဟု ဆိုသည်။

    အဆိုပါစမ်းသပ်မှုအတွင်း သုတေသနပညာရှင်များမှာ ကျောင်းသားများကို စောင့်ကြည့်ခဲ့ကာ ၎င်းတို့၏ အပြုအမူများက ပညာရေးစွမ်းဆောင်အပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိသည်ကို လေ့လာခဲ့ကြပြီး ကွန်ပျူတာ၊ တီဗီစခရင်များရှေ့အတွင် အချိန်များစွာ ကုန်ခြင်းက ပညာရေးအောင်မြင်မှုကို လျော့ကျစေနိုင်သည်ဟု ကောက်ချက်ချခြင်းမှာ ကျိုးကြောင်းသင့်လျော်သည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

    ထိုလေ့လာမှုမှ တွေ့ရှိချက်ကို နိုင်ငံတကာထုတ် Behavioral Nutrition and Physical Activity ဂျာနယ်တွင် ဖော်ပြခဲ့ပြီး၊ တစ်နေ့တာအတွက် ကွန်ပျူတာနှင် တီဗီစခရင်များရှေ့တွင် ကုန်သင့်သော ပျမ်းမျှအချိန်မှာ ၄ နာရီသာဖြစ်သည်ဟု ဆိုသည်။

    အသက် ၁၄ နှစ်ခွဲ ဆယ်ကျော်သက်များအနေဖြင့် ထိုထက် တစ်နာရီပို၍ တီဗီ သို့မဟုတ် အွန်လိုင်းရှေ့တွင် အချိန်ကုန်ခြင်းကြောင့် စာမမေးပွဲအမှတ်များတွင် ထိခိုက်လေ့ရှိပြီး၊ အသက် ၁၆ နှစ်အရွယ် လူငယ်များမှာမူ အဆင့် ၂ ဆင့်အထိ ကျသွားသည်ကို တွေ့ရသည်။ ထို့ပြင် ၂ နာရီပိုပါက ပို၍ အမှတ်များ လျော့ကျလေ့ရှိသည်။

    သိပ္ပံပညာရှင်များကမူ ထိုအကျိုးသက်ရောက်မှုကို အပြည့်အ၀အတည်ပြုရန် လိုအပ်သည်ဟု ပြောကြားခဲ့ပြီး မိဘများအနေဖြင့် ၎င်းတို့၏ ကလေးများအား ကွန်ပျူတာနှင့် တီဗီစခရင်ရှေ့တွင် အချိန်ကုန်ဆုံးချိန်ကို ကန့်သတ်ရန် အကြံပြုခဲ့သည်။

    Ref: Channelnewsasia