News @ M-Media

Author: Ko Lay

  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၃၊ ၂၀၁၅)

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    လယ်ယာထွက်ကုန်ဈေးအတွက် ပြင်သစ်လယ်သမားများ ထွန်စက်မောင်း ဆန္ဒပြ
    …………………………………………..
    လယ်ယာထွက်ကုန်များ၏ ဈေးနှုန်း မျှတမှုမရှိခြင်းကို ဆန္ဒပြသည့်အနေဖြင့် ပြင်သစ်နိုင်ငံတစ်ဝှမ်းမှ လယ်သမားများမှာ ၎င်းတို့၏ ထွန်စက်များကို ပဲရစ်မြို့သို့ ယနေ့မှစတင်ကာ မောင်းနှင်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြမှုကို ပြင်သစ်နိုင်ငံ၏ အကြီးဆုံး လယ်ယာသမဂ္ဂ FNSEA မှ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ထွန်စက်ပေါင်း ၁၇၃၃ ခု ပါဝင်ခဲ့သည်။ လယ်သမားများမှာ ဥရောပတွင် လယ်ယာထွက်ကုန်များ၏ ဈေးများ မြှင့်တင်ပေးရေး ဥရောပသမဂ္ဂက ဆောင်ရွက်ရန်နှင့် အခွန်လျော့ချပေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့ကြသည်။

    လစ်သူယေးနီးယားတွင် နေတိုးအဖွဲ့က စစ်စခန်းဖွင့်
    …………………………………
    ရုရှား၏ရန် ရှိနေသည်ဆိုသော လစ်သူယေးနီးယားမြို့တော် ဗီလ်နီယက်စ်တွင် နေတိုးအဖွဲ့က စစ်စခန်းတစ်ခုကို ယနေ့တွင် ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို့ နေတိုးမဟာမိတ်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဂျန့်စ် စတိုလ်တန်ဘာ့ဂ်နှင့် လစ်သူယေးနီးယားသမ္မတ ဒါလီယာ
    ဂရီဘောက်စ်ကေတီတို့ တက်ရာက်ခဲ့ကြသည်။ အဆိုပါစစ်စခန်းမှာ လစ်သူယေးနီးယားတွင် ဖွင့်လှစ်မည့် စစ်စခန်း ၆ ခုမှ တစ်ခုလည်းဖြစ်ပြီး ဘူလ်ဂေးရီးယား အက်စတိုးနီးယား၊ လက်ဗီယား၊ ပိုလန်နှင့် ရိုမေးနီးယားတို့တွင်လည်း နေတိုးအဖွဲ့က စစ်စခန်းများ ဖွင့်လှစ်ခဲ့သည်။

    ဒုက္ခသည်များအတွက် တံခါးဖွင့်ထားသည်ဟု တူရကီပြော
    …………………………………
    ပဋိ့က္ခများကြောင့် ထွက်ပြေးလာခဲ့ရသည့် ဒုက္ခသည်များအား မိမိတို့က တံခါးဖွင့်ထားသည်ဟု တူရကီဝန်ကြီးချုပ် အဟ်မဒ် ဒါဗူတော့ဂ်လူက ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ပြောကြားလိုက်ပြီး၊ အဆိုပါဝန်ထုတ်ဝန်ပိုးကို ဥရောပနိုင်ငံများကလည်း မျှဝေထမ်းဆောင်ကြရန် တိုက်တွန်းခဲ့သည်။ တူရကီမှာ အိမ်နီးချင်း ဆီးရီးယားမှ ဒုက္ခသည်များစွာကို လက်ခံထားသည်။

    Ref: News Agencies

  • လာမည့်နှစ်တွင် လက်ဝှေ့လောကမှ ပက်ကွီအို အနားယူကာ သမ္မတဖြစ်ရေး ကြိုးပမ်းမည်

    လာမည့်နှစ်တွင် လက်ဝှေ့လောကမှ ပက်ကွီအို အနားယူကာ သမ္မတဖြစ်ရေး ကြိုးပမ်းမည်

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    paq

    – ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုမှာ လာမည့် ၂၀၁၆ ခုနှစ်တွင် ၎င်း၏ လက်ဝှေ့သမားဘ၀ နောက်ဆုံးပွဲကို ထိုးသတ်သွားမည်ဖြစ်ကာ နောက်ပိုင်းတွင် အနားယူ၍ သမ္မတဖြစ်ရေးကိုသာ အာရုံစိုက်တော့မည်ဟု ၎င်း၏ ပွဲစီစဉ်သူ အေရမ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်မေလက မေ၀ယ်သာနှင့်ပွဲမတိုင်ခင် ရရှိခဲ့သော ပုခုံးဒဏ်ရာကြောင့် အနားယူနေသည့် ပက်ကွီအိုမှာ လာမည့်နှစ်တွင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ပြီး ထိုဝင်ရောက်မှုမှာ ၎င်း၏ နောက်ဆုံးအကြိမ်လည်း ဖြစ်မည်ဖြစ်သည်။

    အေရမ်ကမူ ပက်ကွီအိုမှာ လက်ဝှေ့လောကမှ အနားယူပြီးနောက် ဖိလစ်ပိုင်သမ္မဖြစ်ရေး ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

    “နောက်နှစ်မှာ သူ တစ်ပွဲ ထိုးသွားမှာပါ။ ဒါပေမယ့် သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဖိလစ်ပိုင်မှာ နောက်နှစ် ဆီးနိတ်လွှတ်တော်အမတ်တစ်ယောက် ဖြစ်ဖို့ပါပဲ။ အဲဒီနောက်မှာတော့ သမ္မတဖြစ်ဖို့ပေါ့။ နောက်နှစ် ဆီးနိတ်အမတ်ရွေးပွဲမှာ အရွေးခံရရင် ပက်ကွီအိုဟာ အနားယူမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ လက်ဝှေ့လောကကို ကျောခိုင်းတော့မှာပါ” ဟု အေရမ်က TMZ သို့ ပြောကြားခဲ့သည်။

    ဗြိတိန်လက်ဝှေ့ကျော် အမီရ်းခန်မှာ ပက်ကွီအိုနှင့် အရှေ့အလယ်ပိုင်းတွင် ထိုးသတ်ရန် ကမ်းလှမ်းထားပြီး အဘူဒါဘီမှာ ပြိုင်ပွဲကျင်းမည့် အလားအလာရှိသောနေရာ ဖြစ်နေသည်။ သို့သော်လည်း လက်စ်ဗီးဂက်စ်တွင်လည်း ၎င်းတို့နှစ်ဦး ထိုးသတ်နိုင်ဖွယ်ရှိသည်ဟု ပြောကြားမှုများ ရှိနေသည်။

    အမီးရ်ခန်းမှာ မေ၀ယ်သာနှင့် ထိုးသတ်ရန် ဆောင်ရွက်ခဲ့သော်လည်း မေ၀ယ်သာကမူ အန်ဒရေဘာတိုကိုသာ ရွေးချယ်ခဲ့ပြီး ယခုလ ၁၂ ရက်နေ့တွင် လက်စ်ဗီးဂက်စ်၌ ထိုးသတ်မည်ဖြစ်သည်။

    Ref: Dailymail

  • အရှေ့အလယ်ပိုင်းတွင် ပညာမသင်ရသည့် ကလေး ၁၃ သန်းကျော်ရှိနေ

    အရှေ့အလယ်ပိုင်းတွင် ပညာမသင်ရသည့် ကလေး ၁၃ သန်းကျော်ရှိနေ

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    school

    – ပဋိပက္ခများကြောင့် အရှေ့အလယ်ပိုင်းတွင် ကျောင်းမနေရသည့် ကလေးငယ်အရေအတွက်မှာ ၁၃ သန်းခန့် ရှိနေသည်ဟု ကုလက ပြောကြားလိုက်ပြီး ၎င်းတို့ စာသင်ခန်းအတွင်းသို့ ပြန်မရောက်ပါက မျိုးဆက်တစ်ခု၏ မျှော်လင့်ချက်များမှာ ထိခိုက်ပျက်ဆီးသွားလိမ့်မည်ဟု သတိပေး ပြောကြားလိုက်သည်။

    အရှေ့အလယ်ပိုင်းနိုင်ငံ ၆ နိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် ပညာရေးအပေါ် ထိခိုက်မှုနှင့်ပက်သတ်၍ ယူနီဆက်ဖ်က ယနေ့တွင်ထုတ်ပြန်သော ကြေညာချက်တွင် ဒေသအတွင်း စာသင်ကျောင်းပေါင်း ၈၈၅၀ ကျော်မှာ တိုက်ခိုက်မှုများကြောင့် လုံးဝ သုံးမရတော့ဟု ဖော်ပြထားသည်။

    အဆိုပါ အစီရင်ခံစာ၌ ကျောင်းသားများနှင့် ဆရာများမှာ တိုက်ရိုက်ပစ်မှတ်ထားခံရမှု၊ ကျောင်းခန်းများကို ဗုံးခိုရာနေရာများအဖြစ် အသုံးပြုနေရမှု၊ ကျောင်းသားများမှာ ၎င်းတို့၏ စာမေးပွဲအတွက် ရှေ့တန်းစစ်မျက်နှာကို ဖြတ်ကျော်သွားလာနေရမှုတို့နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည်။

    “ဒေသတစ်ဝှမ်းလုံးမှာ ပဋိပက္ခရဲ့ဆိုးကျိုးတွေကို ကလေးတွေက ခံစားနေရပါတယ်။ ကျောင်းတွေမှာ ရုပ်ပိုင်းဆိုင်ရာအရ ပျက်ဆီးရုံတင်မကပါဘူး။ ကျောင်းနေအရွယ်မျိုးဆက်ဟာ မျှော်လင့်ချက်ပျက်သုဉ်းနေတယ်လို့ ခံစားနေရပြီး သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ အနာဂတ်တွေဟာ ပျက်သုဉ်းသွားပြီလို့လည်း ရှုမြင်နေကြပါတယ်” ဟု ယူနီဆက်ဖ်၏ အရှေ့အလယ်ပိုင်းနှင့်
    မြောက်အာဖရိကရေးရာ ဒါရိုက်တာဖြစ်သူ ပီတာ ဆလာမာက ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်တစ်နှစ်တည်းတွင်ပင် ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ ပါလက်စတိုင်းပိုင်နက်များ၊ ဆူဒန်နှင့် ယီမင်တို့တွင် စာသင်ကျောင်းပေါင်း ၂၁၄ ကျောင်း တိုက်ခိုက်ခံခဲ့ရသည်ဟု ကုလက စာရင်းပြုစုထားသည်။

    ၄ နှစ်ခွဲကြာ ပဋိပက္ခများဖြစ်ပွားနေသည့် ဆီးရီးယားတွင်မူ ပညာရေးမှာ အလွန်အမင်း ထိခိုက်နေသည်ဟု ကုလကဆိုသည်။ ကျောင်းလေးကျောင်းတွင် တစ်ကျောင်းမှာ ပိတ်ပစ်ထားရပြီး ကလေးငယ် ၂ သန်းခန့်မှာ ကျောင်းမတက်နိုင်ကြဘဲ၊ သန်းဝက်ခန့်မှာလည်း ကျောင်းပညာရေးဆုံးရှုံးရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

    ထို့ပြင် ဆီးရီးယားတွင် ဆရာ၊ ဆရာမပေါင်း ၅၂၀၀၀ ခန့်မှာလည်း အလုပ်ထွက်သွားကြပြီး၊ ကျွမ်းကျင်သူများ ရှားပါးခြင်းနှင့်အတူ တိုင်းပြည်၏ ပျက်ယွင်းနေသာ ပညာရေးစန်ကို ပိုမို ထိခိုက်စေခဲ့သည်။

    “တစ်ခြားတိုင်းပြည်တွေမှာ ဒုက္ခသည်အဖြစ်နဲ့ ဘ၀အဆုံးသတ်သွားတဲ့ ဆီးရီးယားကျောင်းဆရာတွေတောင်မှ အခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပြီး အဲဒါတွေက သူတို့ အလုပ်လုပ်ခြင်းကနေ တားဆီးနေပါတယ်” ဟု ယူနီဆက်ဖ်၏ အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

    Ref: Aljazeera

  • ကမ္ဘာ့အင်အားအကြီးဆုံး တရုတ်စစ်တပ်မှ တပ်ဖွဲ့ဝင် ၃ သိန်း လျော့ချမည်

    ကမ္ဘာ့အင်အားအကြီးဆုံး တရုတ်စစ်တပ်မှ တပ်ဖွဲ့ဝင် ၃ သိန်း လျော့ချမည်

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    chia

    – ကမ္ဘာအင်အားအကြီးဆုံး စစ်တပ်ရှိသည့် တရုတ်နိုင်ငံ၏ ၂ သန်းကျော်သော စစ်အင်အားမှ စစ်သား ၃ သိန်းခန့်ကို လျှော့ချသွားမည်ဟု တရုတ်သမ္မ ရှီဂျင်ပင်းက ပြောကြားလိုက်သည်။

    ယနေ့တွင်ပြုလုပ်သော ဒုတိယကမ္ဘာစစ် နှစ် ၇၀ ပြည့် အခမ်းအနားတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး စစ်အင်အားကို ၂ သန်းအထိသာ ထားမည်ဖြစ်ကာ ထိုပမာဏမှာလည်း ကမ္ဘာပေါ်တွင် အရေအတွက်အမြင့်ဆုံး စစ်အင်အား ဖြစ်သည်။

    စစ်သားများလျှောချမည့် အကြောင်းအရင်း အတိအကျကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။ သို့သော်လည်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တာဝန်မှာ တရုတ်နိုင်ငံကို ကာကွယ်ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်းဟူသော မြင့်မြတ်သည့်အလုပ်ကို ဆောင်ရွက်ရန်ုဖြစ်သည်ဟု ဆိုသည်။

    ထိုကဲ့သို့ ကြေညာမှုမှာ တပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့်ပါဝင်ပြီး မြို့တော်ဘေဂျင်းတွင် ယနေ့ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနား၏ ရိုက်ခတ်မှုကို လျော့ပါးစေရန်အတွက် ကြေညာခြင်းဖြစ်သည်ဟု ရှုမြင်နေကြသည်။

    စစ်သားများ စစ်ရေးပြ ချီတက်မှုအပြင် ယနေ့ပြုလုပ်သော အခမ်းနားအတွင် တိုက်ချင်းပစ်ဒုံးပျံများ၊ တင့်ကားများနှင့် စစ်လက်နက်တပ်ဆင်ထားသော ယာဉ်များကိုလည်း ပြသခဲ့ပြီး ထိုအထဲမှ အများစုကို ယခင်က လူသိရှင်ကြား ထုတ်ဖော်ပြသဖူးခြင်း မရှိချေ။ ထို့ပြင် နောက်ဆုံးပေါ် တိုက်လေယာဉ်များ ပျံသန်းမှုလည်း ပါဝင်သည်။

    အဆိုပါစစ်ရေးပြအခမ်းအနားတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၀၀ ခန့်လည်း ပါဝင်ခဲ့ပြီး ပထမဆုံးအကြိမ် ပါဝင်ခြင်းလည်း ဖြစ်သည်။

    တရုတ်၏ ထိုစစ်ရေးပြအခမ်းအနားသို့ အမေရိကန်၊ ဂျပန် အပါအ၀င် တောင်တရုတ်ပင်လယ်နှင့် အခြားနေရာများတွင် ပိုင်နက်ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံ၏ ရန်လိုသော ဆောင်ရွက်ချက်များအတွက် စိုးရိမ်မှုများရှိနေသည့် အခြား အဓိက အင်အားကြီးနိုင်ငံများ တက်ရောက်ခဲ့ခြင်းမရှိပေ။

    သို့သော်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအ၀င် တရုတ်နှင့် နီးကပ်သည့် ဆက်ဆံရေးရှိသော နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပြီး စစ်ရာဇ၀တ်မှုဖြင့် နိုင်ငံတကာရာဇ၀တ်ခုံရုံးက အလိုရှိနေသည့် ဆူဒန်သမ္မတ အိုမာရ် အလ်-ဘရှီးရ်လည်း တက်ရောက်ခဲ့သည်။

    Ref: Aljazeera

  • ရာသီသစ်တွင် လီဗာပူးလ်မှာ ကံကောင်း၍ အမှတ်ရခြင်းဟု နည်းပြဟောင်းပြော

    ရာသီသစ်တွင် လီဗာပူးလ်မှာ ကံကောင်း၍ အမှတ်ရခြင်းဟု နည်းပြဟောင်းပြော

    စက်တင်ဘာ ၃၊ ၂၀၁၅
    M-Media

    liver

    – လီဗာပူးလ်အသင်းမှာ နှစ်များစွာအတွင်း အဆိုးဆုံးအခြေအနေကို ရောက်ရှိနေသည်ဟု နည်းပြဟောင်း ဟယ်ရီရက်နပ်က ပြောကြားလိုက်ပြီး၊ ယခုရာသီအစတွင် တစ်မှတ်ထက်ပို၍ ရခြင်းမှာ ကံကောင်း၍သာဖြစ်သည်ဟု ဆိုသည်။

    လီဗာပူးလ်မှာ ၂၀၁၅-၁၆ ဘောလုံးရာသီကို ခက်ခဲစွာ စတင်နေရပြီး ပထမဆုံး ၄ ပွဲတွင် စတုတ်စီးတီးနှင့် ဘုန်းမောက်တို့ကို ဂိုးနည်းနည်း ဖြင့်နိုင်ကာ၊ အာဆယ်နယ့်သရေကျပြီး၊ ၀က်စ်မ်းကို အိမ်ကွင်း၌ပင် ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။

    နည်းပြဟောင်း ရက်နပ်ကမူ လီဗာပူးလ်အား ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး ရော်ဂျာ၏ အသင်းမှာ သာမန်အောက်ရောက်နေသည်ဟု ဆိုသည်။

    “လီဗာပူးလ်ကို ကျွန်တော် လုံးဝ မကြိုက်ပါဘူး။ နှစ်များစွာအတွင်းမှာ အဆိုးဝါးဆုံး လီဗာပူးလ်အသင်းကို မြင်နေရတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ သူတို့ သာမန်အောက်ပဲရှိပါတယ်။ ကံကောင်းလို့ အမှတ်ရတာပါ။ ဘုန်းမောက်က သူတို့ကို နိုင်သွားသင့်ပါတယ်။ စတုတ်နဲ့တုန်းက တော်တော်ကောင်းကောင်း ဂိုးတစ်ဂိုး သူတို့ရတယ်။ အာဆင်နယ်နဲ့ကလည်း ပထမပိုင်းမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်” ဟု ရက်နပ်က Telegraph Total Football Live အခမ်းအနားတွင် ယမန်နေ့က ပြောကြားခဲ့သည်။

    ထို့ပြင် ရာသီကုန် လီဗာပူးလ်အသင်း၏ အခြေအနေနှင့်ပတ်သက် ၎င်းက ခန့်မှန်းခဲ့ပြီး၊ အသင်း၏မျှတမှု ပျက်ယွင်းခြင်း၊ ရော်ဂျာ၏ နည်းစနစ်ပိုင်းဆိုင်ရာတို့နှင့် ပတ်သက်၍ ဝေဖန်ရှုတ်ချခဲ့ကာ လီဗာပူးလ်အသင်းတွင် မည်သည့် လက္ခဏာမှမရှိဟု ထည့်သွင်းပြောကြားခဲ့သည်။

    “သူတို့ ထိပ်ဆုံး ၅ သင်းလောက်ဝင်ပြီး ရာသီသိမ်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနှစ်တစ်နှစ်လုံးမှာ လီဗာပူးလ်ကို ကျွန်တော် အားမပေးပါဘူး။ ပြောရရင် သူတို့ လိဂ်မှာ ဗိုလ်စွဲကောင်း စွဲပါလိမ့်မယ်”

    Ref: Goal