News @ M-Media

Author: Ko Lay

  • မြန်မာကိစ္စ မကျေလည်၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပျက်

    မြန်မာကိစ္စ မကျေလည်၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး ပျက်

    ဇန်နဝါရီ ၁၃၊ ၂၀၂၂
    M-Media

    ဟွန်ဆန်ကို ဆန္ဒပြနေသည့် မြန်မာပြည်သူများ

    -လာမယ့်တစ်ပတ် ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပြီး ဒါဟာ မြန်မာကိစ္စမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ လုပ်ရပ်ကို အခြားနိုင်ငံတွေက မနှစ်မြို့တဲ့အတွက် ပျက်သွားတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

    စီယမ်ရိပ်မြို့မှာလုပ်မယ့် ​အစည်းအဝေးကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ကမ္ဘောဒီးယားက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ်မှာ အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီးယားက ပထမဆုံး ကမကထပြုကျင်းပမယ့် အစည်းအဝေးလည်း ဖြစ်ပါတယ်။

    ကမ္ဘောဒီးယားရဲ့ထုတ်ပြန်ချက်မှာ ကျင်းပမယ့်နေရာကို အဖွဲ့ဝင်နိုင်ငံက တာဝန်ရှိသူတွေ လာရောက်ဖို့ အဆင်မပြေတဲ့အတွက် ရွှေ့ဆိုင်းလိုက်တာလို့ ဖော်ပြပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံသံအမတ်အဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အဆိုပြုထားတဲ့ ပရက်ဆိုခွန်ကို အတည်ပြုမှာပါ။

    ပရက်ဆိုခွန်ဟာ ဟွန်ဆန်တပည့် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

    အာဆီယံအရေး ကျွမ်းကျင်သူတွေက ဟွန်ဆန်ရဲ့ ဇန်နဝါရီပထမပတ် မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒီမိုကရေစီခေါင်းဆောင်တွေနဲ့ မတွေ့ခဲ့တာ၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတက်ဖို့ ဖိတ်ခဲ့တာတွေကို တစ်ခြားအာဆီယံခေါင်းဆောင်တွေက မနှစ်မြို့တဲ့အတွက် အစည်းအဝေးပျက်တာလို့ သုံးသပ်ပါတယ်။

    မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့နှစ် ဧပြီလက ရခဲ့တဲ့ သဘောတူညီချက် ၅ ချက်ကို မလိုက်နာဘူးဆိုရင် အာဆီယံအစည်းအဝေးတွေမှာ အာဏာသိမ်းစစ်ကောင်စီ တာဝန်ရှိသူတွေကို မဖိတ်ကြားရေးဆိုတဲ့ မူကို အာဆီယံက ဆုပ်ကိုင်ထားတာ ဖြစ်ပါတယ်။

    အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က အာဆီယံအရေးကျွမ်းကျင်သူ ဆိုဖယ်လ်အာရ်က လာဖို့အခက်အခဲရှိတယ်ဆိုပြီး အဖွဲ့ဝင်နိုင်ငံတွေက ပြောတာဟာ ယဉ်ယဉ်ကျေးကျေး ဆင်ခြေတစ်ခု ပေးလိုက်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

    ဩတေးလျအမျိုးသားတက္ကသိုလ် အာရှ-ပစိဖိတ်ဆိုင်ရာ ကောလိပ်က ကျွမ်းကျင်သူ မာစတန်ကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားမှုကြောင့် ခေါင်းဆောင်တွေ သဘောထားကွဲလွဲကာ အစည်းအဝေးရပ်ဆိုင်းရတဲ့အထိ ဖြစ်တာလို့ ပြောကြားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်က ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေး အနည်းဆုံး ၃ ခုမှာ အာဆီယံက စစ်ကောင်စီ ကိုယ်စားလှယ်တွေကို မဖိတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်တစ်ဦးကိုသာ တက်ဖို့ ဖိတ်ခဲ့ပါတယ်။ စစ်ကောင်စီက စေလွှတ်ခြင်း မရှိပါဘူး။

    အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဟာ အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်နေတာဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က စစ်ကောင်စီနဲ့ ဆက်ဆံမှုတွေ ရှိနေပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့တွေ့တာ၊ အစည်းအဝေး ဖိတ်ကြားတာတွေကို ထောက်ခံတယ်လို့ တရုတ်က ပြောထားပါတယ်။

    Ref: RFA

  • ကမ္ဘောဒီးယားမှ သူရဲကောင်းမိုင်းရှာကြွက် ကွယ်လွန်

    ကမ္ဘောဒီးယားမှ သူရဲကောင်းမိုင်းရှာကြွက် ကွယ်လွန်

    ဇန်နဝါရီ ၁၃၊ ၂၀၂၂
    M-Media

    -မြေမြှုပ်မိုင်း အလုံး ၁၀၀ ကျော် ရှာဖွေပေးခဲ့ပြီး သူရဲကောင်းဆုတံဆိပ် ရရှိခဲ့တဲ့ ကမ္ဘောဒီးယားက နာမည်ကျော် ကြွက်ကလေး မာဂါဝါဟာ တနင်္ဂနွေ​နေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

    မာဂါဝါကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ အငြိမ်းစားပေးခဲ့တာပါ။ သူ့ကို မိုင်းရှာဖို့ လေ့ကျင်သင်ကြားပေးခဲ့တဲ့ အကူအညီပေးရေးအဖွဲ့ APOPO က ပြီးခဲ့တဲ့တစ်ပတ် အစပိုင်းမှာ ကျန်းမာရေးကောင်းခဲ့ပေမယ့် စနေနေ့လောက်မှာ လှုပ်ရှားသွားလာမှုနှေးကွေးကာ အစားမစားတော့ဘဲ တနင်္ဂနွေနေ့မှာတော့ သေဆုံးသွားခဲ့တယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ကွယ်လွန်ချိန်မှာ မာဂါဝါဟာ အသက် ၈ နှစ် ရှိပါပြီ။

    ပြည်တွင်းစစ် ဆယ်စုနှစ်ချီဖြစ်ပွားတဲ့ ကမ္ဘောဒီးယားဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းအများဆုံးရှိရာ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ဧရိယာ ၃၈၆ စကွဲယားမိုင်လောက်က မိုင်းတွေပြည့်နေတာဖြစ်ပါတယ်။

    ဘလ်ဂျီယံအခြေစိုက် APOPO အဖွဲ့ဟာ အာဖရိကက အမဲလိုက်ကြွက်တွေကို မိုင်းရှာဖို့ လေ့ကျင့်သင်ကြားပေးကာ အသုံးပြုနေတာဖြစ်ပါတယ်။ သူတို့ကို ‘သူရဲကောင်းကြွက်များ’ လို့ အမည်ပေးထားပါတယ်။

    လူတွေမိုင်းရှာဖို့ အန္တရာယ်အလွန်များတဲ့ ဒေသတွေမှာ ဒီမိုင်းရှာကြွက်တွေက အလွန်အသုံးဝင်ပါတယ်။ မာဂါ၀ါဟာ တင်းနစ်ကွင်းပမာဏလောက်ရှိတဲ့ ဧရိယာကို မိနစ် ၃၀ အတွင်း မိုင်းရှာနိုင်ပြီး လူတွေရှာမယ်ဆိုရင် ၃ ရက်လောက် ကြာမြင်တဲ့ လုပ်ငန်းဖြစ်ပါတယ်။

    မာဂါဝါရဲ့ သူရသတ္တိနဲ့ တာဝန်ကျေပွန်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ယူကေအခြေစိုက် People’s Dispensary for Sick Animals အဖွဲ့က ၂၀၂၀ ခုနှစ်မှာ သူရဲကောင်းဆု ချီးမြှင့်ခဲ့ပြီး မာဂါဝါဟာ ဒီဆုကိုရတဲ့ ပထမဆုံးကြွက်အဖြစ် မှတ်တမ်းဝင်ပါတယ်။

    တန်ဇန်းနီးယားမှာပေါက်တဲ့ မာဂါဝါဟာ ၂၀၁၆ ခုနှစ်မှာ ကမ္ဘောဒီးယားကို ရောက်ရှိကာ မိုင်းရှာရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Reuters

  • မွတ်စလင်များကို လူမျိုးတုန်းသတ်ရေး ဟိန္ဒူဘုန်းကြီးများက ဆော်ဩမှုကို အိန္ဒိယတရားရုံးချုပ် စစ်ဆေးမည်

    မွတ်စလင်များကို လူမျိုးတုန်းသတ်ရေး ဟိန္ဒူဘုန်းကြီးများက ဆော်ဩမှုကို အိန္ဒိယတရားရုံးချုပ် စစ်ဆေးမည်

    ဇန်နဝါရီ ၁၃၊ ၂၀၂၂
    M-Media

    မြန်မာစစ်တပ်ကို နမူနာယူကာ မွတ်စလင်များကိုသတ်ခိုင်းသည့် ဘုန်း​ကြီး ဆွာမိ ပရာဘိုဒါနန်ဒါ

    -ပြီးခဲ့တဲ့လ တရားပွဲတစ်ခုမှာ မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ဟိန္ဒူဘုန်းကြီးတွေက တိုက်တွန်း ဆော်ဩခဲ့မှု ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ အိန္ဒိယတရားရုံးချုပ်က အခမ်းအနားကျင်းပရာ အူတာရက်ဟန်းပြည်နယ်ကို မနေ့က အသိပေးစာ ပေးပို့လိုက်ပါတယ်။

    ဟိန္ဒူဘာသာရေးမြို့ ဟာရစ်ဒ်ဝါမှာပြုလုပ်တဲ့ ဒီတရားပွဲမှာ အမုန်းစကားပြောဆိုမှုတွေ လူမျိုးတုန်းသတ်ဖြတ်ဖို့ ပြောဆိုမှုတွေကို စုံစမ်းပေးဖို့ အငြိမ်းစားတရားသူကြီး အန်ဂျာနာ ပရာကက်ရှ်က တရားရုံးချုပ်ကို ဦးတိုက် လျှောက်ထားခဲ့တာဖြစ်ပါတယ်။

    ဒီပြောကြားမှုတွေဟာ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုကို အကြီးအကျယ် ခြိမ်းခြောက်ရုံသာမက သန်းနဲ့ချီတဲ့ နိုင်ငံသားမွတ်စလင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက်လည်း အန္တရာယ်ရှိတယ်လို့ ပရာကက်ရှ်က သူ့ရဲ့ လျှောက်ထားလွှာမှာ ရေးသားထားပါတယ်။

    အူတာရက်ဟန်းပြည်နယ်ကို အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP က အုပ်ချုပ်တာဖြစ်ပါတယ်။ ပြည်နယ်အစိုးရကို တရားရုံးချုပ်က ပေးပို့တဲ့ အကြောင်းကြားစာမှာ ဟာရစ်ဒ်ဝါက တရားပွဲကိစ္စအတွက် လာမယ့်တစ်ပတ်ကစပြီး စုံစမ်းစစ်ဆေးမယ်လို့ ဖော်ပြထားပါတယ်။

    တရားပွဲက ဗီဒီယိုတွေ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ဝှမ်း ဝေဖန်မှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဟိန္ဒူဘုန်းကြီးတွေဟာ မွတ်စလင်တွေအပေါ် အမုန်းစကားတွေနဲ့ တိုက်ခိုက်ခဲ့သလို၊ မြန်မာစစ်တပ်ကို နမူနာယူကာ လူမျိုးတုန်းသတ်ဖြတ်ဖို့အတွက် အစိုးရ၊ ရဲနဲ့ စစ်တပ်တို့ကို တိုက်တွန်းဆော်ဩခဲ့ကြပါတယ်။

    “ကျုပ်တို့ထဲက လူရာချီလောက် စစ်သားတွေဖြစ်လာပြီဆိုရင် မွတ်စလင် ၂ သန်းလောက်ကို အသာလေးသတ်လို့ရတယ်။ ကျုပ်တို့ အောင်ပွဲရမှာပါ။ ဒီလိုစိတ်ဓာတ်မျိုးမွေးပြီး ရပ်တည်မှသာ ဟိန္ဒူအယူဝါဒကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ် ” လို့ ဟောပြောသောတစ်ဦးက ပြောပါတယ်။

    ဝေဖန်မှုတွေ မြင့်တက်လာပြီးနောက် ရဲတပ်ဖွဲ့က အမုန်းစကားပြောဆိုမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်​ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပေမယ့် ဖမ်းဆီးတာမျိုး မရှိသေးပါဘူး။

    ၂၀၁၄ ခုနှစ်မှာ BJP ပါတီ အာဏာရပြီးတဲ့နောက်ပိုင်း အိန္ဒိယက မွတ်စလင်တွေ၊ ခရစ်ယာန်တွေနဲ့ ဒါလစ်ဇာတ်နိမ့်တွေဟာ ဟိန္ဒူလက်ယာစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို ပိုမိုခံစားလာရတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ဘော့စနီးယားမှ ဆာ့ဘ်ခွဲထွက်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ကြောင်း ကမ္ဘာတစ်ဝှမ်းတွင် ဆန္ဒပြ

    ဘော့စနီးယားမှ ဆာ့ဘ်ခွဲထွက်ရေးလှုပ်ရှားမှုကို ဆန့်ကျင်ကြောင်း ကမ္ဘာတစ်ဝှမ်းတွင် ဆန္ဒပြ

    ဇန်နဝါရီ ၁၁၊ ၂၀၂၂
    M-Media

    ​-ဘော့စနီးယား ဟာဇီဂိုဗီနာမှာ ဆာ့ဘ်လူမျိုးတွေရဲ့ ခွဲထွက်ရေးအသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာမှုဟာ နောက်ထပ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေဆီ ဦးတည်နိုင်တဲ့အတွက် တားဆီးပေးကြဖို့ ကမ္ဘာတစ်ဝှမ်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

    ဆာ့ဘ်လူမျိုးတွေက ဂရိတ်တားဆားဘီးယားပြည်ထောင်စု တည်ထောင်ဖို့ ကြိုးစားမှု နောက်ဆက်တွဲ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ဘော့စနီးယားစစ်ပွဲမှာ ဆာ့ဘ်စစ်သားတွေဟာ ဘော့စနီယက်နဲ့ ခရိုအက်လူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြပါတယ်။

    ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမြေမှာ အကြီးမားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုလည်း ဖြစ်ပါတယ်။

    ဆာရာယေဗို၊ ရောမ၊ ဘရပ်ဆဲလ်၊ လန်ဒန်၊ နယူးယောက်နဲ့ ဝါရှင်တန်ဒီစီတို့ အပါအဝင် နိုင်ငံ ၁၄ နိုင်ငံက မြို့ပေါင်း ၃၅ မြို့မှာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုအတွင်း ဘော့စနီးယား ဟာဇီဂိုဗီနာ ပြိုကွဲသွားနိုင်မှုကို တားဆီးပေးဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းကို တောင်းဆိုခဲ့ကြပါတယ်။

    ၁၉၉၅ ခုနှစ် စစ်ပွဲပြီးတဲ့နောက် ‘ဒေတန် ငြိမ်းချမ်းရေးသသေဘာတူညီချက်’ နဲ့ ပေါ်ပေါက်လာတဲ့ ဘော့စနီးယား ဟာဇီဂိုဗီနာနိုင်ငံမှာ ဆာ့ဘ်တွေကြီးစိုးတဲ့ ဆာပက်စ်ကာဒေသနဲ့ ဘော့စနီးယန်း-ခရိုအက်လူမျိုးတွေ ပူးပေါင်းထားတဲ့ ပြည်ထောင်စုဆိုပြီး နှစ်ပိုင်းခွဲထားတာပါ။

    ဘော့စနီးယား ဆာ့ဘ်ခေါင်းဆောင် မီလိုရဒ် ဒိုဒစ်က ခွဲထွက်​ကာ သီးခြားနိုင်ငံ ထူထောင်ဖို့ ပိုမိုအားထုတ်လုပ်ဆောင်လာပါတယ်။ ဆာပက်စ်ကာဒေသ လွှတ်တော်ဟာ မေလမတိုင်ခင် ကိုယ်ပိုင်အစိုးရနဲ့ ကိုယ်ပိုင်စစ်တပ် တည်ထောင်ဖို့ ရည်ရွယ်တဲ့ ဥပဒေတွေကို ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။

    ဆာ့ဘ်တွေရဲ့ ဒီလိုကြိုးပမ်းမှုဟာ ၁၉၉၀ ပြည့်နှစ်တွေကလို နောက်ထပ် လူမျိုးတုန်းသတ်ဖြတ်မှုတစ်ခု ပေါ်ပေါက်လာမှာကို ဘော့စနီးယန်းတွေက စိုးရိမ်နေကြပါတယ်။

    ကာကွယ်ရေးဆိုင်ရာ ပြင်ဆင်မှုတွေ၊ သံတမန်ရေးနည်းလမ်းတွေနဲ့ ဒီခွဲထွက်လိုမှုကို တားဆီးဖို့ ဘော့စနီးယား အာဏာပိုင်တွေကို ပြည်သူတွေက တိုက်တွန်းနေကြပါတယ်။

    ‘ဒေတန် ငြိမ်းချမ်းရေးသသေဘာတူညီချက်’ ကို ချိုးဖောက်မှုအတွက် ဆာ့ဘ်ခေါင်းဆောင် ဒိုဒစ်ကို အမေရိကန်က အမည်ပျက်စာရင်း သွင်းထားပြီး ၂၀၁၇ ခုနှစ်က ပိတ်ဆို့အရေးယူမှု အသစ်တွေ လုပ်ဆောင်ခဲ့ပါတယ်။

    ဘော့စနီးယားလုံခြုံရေးကို ၂၀၀၄ ခုနှစ်ကတည်းက တာဝန်ယူထားတဲ့ ဥရောပသမဂ္ဂက ဒိုဒစ်ရဲ့ လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် အရေးယူမှုမရှိဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    ခွဲထွက်ရေး လှုပ်ရှားမှုနဲ့အတူ ဆာ့ဘ်တွေကြီးစိုးတဲ့ ဆာပက်စ်ကာဒေသမှာ ဘော့စနီယက် လူမျိုးတွေကို ပစ်မှတ်ထားတဲ့ အမုန်းဆောင် စော်ကားတိုက်ခိုက်မှုတွေလည်း မြင်တက်လာခဲ့ပါတယ်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို

    ဒေါ်အောင်ဆန်းစုကြည်ကို ချက်ခြင်းလွှတ်ပေးရန် အမေရိကန်တောင်းဆို

    ဇန်နဝါရီ ၁၁၊ ၂၀၂၂
    M-Media

    -နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ချမှုဟာ တရားဥပဒေစိုးမိုးရေးကို စော်ကားလိုက်တာဖြစ်ပြီး သူမနဲ့ မတရားသဖြင့် ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

    စစ်ကောင်စီတရားရုံးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ မနေ့က ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့တာပါ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီလက်အောက်မှာ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရပြီး အခြားအမှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ နဒ်ပရိုက်စ်က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချမှုဟာ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးမှုကို အတုအယောင် ကျင့်သုံးတာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား ဒီမိုကရေစီခေါင်းဆောင်တွေအပါအဝင် မတရားသဖြင့် ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “စစ်ကောင်စီဟာ တရားရေးကိုအသုံးချပြီး နိုင်ငံရေးအတိုက်အခံတွေကို တိုက်ခိုက်နေတာပါ။ ပြည်သူလူထုအပေါ် ဆက်လက်အကြမ်းဖက်နေတာကိုကြည့်ရင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်ဖို့ လိုပြီဆိုတာ မီးမောင်းထိုးပြနေတာပါပဲ”

    မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ တစ်ရက်တောင် မနေချင်တာကို တွေ့ရပြီး မိမိတို့အနေနဲ့ ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့လည်း နက်ပရိုက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး ၉ ထောင်နီးပါးလောက် အဖမ်းခံခဲ့ရပါတယ်။

    Ref: Reuters