News @ M-Media

Author: Ko Lay

  • ကိုဗစ်မြင့်တက်လာမှုကြောင့် ကွာရန်တင်းမလိုဘဲ ဝင်ရောက်ခွင့်ကို ထိုင်းက ဆက်ပိတ်ထား

    ကိုဗစ်မြင့်တက်လာမှုကြောင့် ကွာရန်တင်းမလိုဘဲ ဝင်ရောက်ခွင့်ကို ထိုင်းက ဆက်ပိတ်ထား

    ဇန်နဝါရီ ၈၊ ၂၀၂၂
    M-Media

    -ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကူးစက်မှု မြင့်တက်လာတာကြောင့် နိုင်ငံခြားသားတွေ ကွာရန်တင်းမလိုဘဲ ဝင်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ထားမှာဖြစ်ပြီး၊ ကန့်သတ်မှုအသစ်တွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ ထိုင်းအာဏာပိုင်တွေက ​ပြောကြားလိုက်ပါတယ်။

    ထိုင်းမှာ မနေ့က ကိုဗစ်ကူးစက်မှုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ဇန်နဝါရီ ၁ ရက်နေ့ကထက် ၂ ဆ လောက်မြင့်တက်လာတာ ဖြစ်ပါတယ်။

    နိုင်ငံခြားသားတွေ ကွာရန်တင်းမလိုဘဲ ဝင်ရောက်ခွင့်ကို နိုဝင်ဘာလမှာ ထိုင်းက စတင်ခွင့်ပြုခဲ့ပေမယ့် ကိုဗစ်ကူးစက်မှု မြင့်တက်လာတာကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ရပ်ဆိုင်းခဲ့ပါတယ်။ ထင်ရှားတဲ့ ခရီးသွားနေရာတွေမှာ တစ်နေရာတည်း ၇ ရက် နေထိုင်ရမယ်ဆိုတဲ့ အစီအစဉ်ကိုလည်း ထိုင်းက တစ်ပါတည်း ရပ်ဆိုင်းခဲ့ပါတယ်။

    ကွာရန်တင်းမလိုဘဲ ဝင်ရောက်ခွင့်ကို ဆက်လက်ရပ်ဆိုင်းထားမှာဖြစ်ပေမယ့် ​တစ်ချို့ခရီးသွားနေရာတွေမှာ တစ်နေရာတည်း ၇ ရက် လွတ်လွတ်လပ်လပ်နေထိုင်ခွင့် ပြန်ပေးသွားမယ်လို့ ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝီဆင်က ပြောပါတယ်။

    ပြည်တွင်းကူးစက်မှု လျော့ကျစေဖို့အတွက် ဘန်ကောက်အပါအ၀င် ပြည်နယ် ၈ ခုက စားသောက်ဆိုင်တွေမှာ ည ၉ နာရီနောက်ပိုင်း အရက်သောက်သုံးမှုတွေကို ​တားမြစ်မှာဖြစ်ပါတယ်။ တာဝီဆင်က အရပ်စုသောက်မှုကြောင့် ကူးစက်မှု မြင့်တက်လာတာကို အချက်အလက်တွေအရ တွေ့ရတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အာဖရိကနိုင်ငံ ၈ ခုကို ကူးစက်မှု စိုးရိမ်စရာအကောင်းဆုံး နိုင်ငံအဖြစ် သတ်မှတ်ထားမှုကိုလည်း ဇန်နဝါရီ ၁၁ ရက်နေ့ကျရင် ထိုင်းနိုင်ငံက ဖယ်ရှားပေးတော့မှာ ဖြစ်ပါတယ်။

    Ref: CNA

  • ပြည်တွင်းဖြစ် ဒုံးကျည် ၃ မျိုးကို အီရန် ထုတ်ပြ

    ပြည်တွင်းဖြစ် ဒုံးကျည် ၃ မျိုးကို အီရန် ထုတ်ပြ

    ဇန်နဝါရီ ၈၊ ၂၀၂၂
    M-Media

    -အမေရိကန်အပါအဝင် အင်အားကြီးနိုင်ငံတွေနဲ့ နျူသဘောတူညီချက်ရဖို့ ကြိုးပမ်းနေတဲ့ အီရန်ဟာ မနေ့က ပြည်တွင်းဖြစ် ဒုံးကျည် ၃ မျိုးကို ထုတ်ပြလိုက်ပါတယ်။

    Dezful၊ Qiam နဲ့ Zolfaghar လို့ အမည်ပေးထားတဲ့ ဒုံးကျည်တွေဖြစ်ပြီး မိုင်ပေါင်း ၆၂၀ လောက်အထိ ပစ်ခတ်နိုင်ပါတယ်။ အီရန် နိုင်ငံပိုင်မီဒီယာက ဒီဒုံးကျည်တွေဟာ ၂၀၂၀ ခုနှစ်က အီရတ်မှာရှိတဲ့ အမေရိကန် စစ်စခန်းကို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေဖြစ်တယ်လို့ ဖော်ပြပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ကာစင်ဆိုလိုင်မာနီကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ အီရန်က လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်မှာ အမေရိကန်ကထွက်သွားပြီးနောက် ပျက်လုနီးနီးဖြစ်သွားတဲ့ ၂၀၁၅ နျူသဘောတူညီချက် ပြန်ရရေးအတွက် အီရန်နဲ့ အင်အားကြီးနိုင်ငံတွေဟာ လက်ရှိမှာ ကြိုးစားနေပြီး အီရန်ကတော့ စီးပွားရေး ပိတ်ဆို့မှုတွေအားလုံး ပြန်ဖွင့်ပေးရမယ်လို့ တောင်းဆိုထားပါတယ်။

    Ref: ABC News

  • မြန်မာခရီးစဉ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဘာတွေပြောခဲ့သလဲ

    မြန်မာခရီးစဉ်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဘာတွေပြောခဲ့သလဲ

    ဇန်နဝါရီ ၈၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ရေး သက်တမ်းထပ်တိုးဖို့ အပြည့်အ၀ ထောက်ခံပြီး၊ သက်ဆိုင်သူတွေအားလုံး မပူးပေါင်း မပါဝင်ရင် ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားလိုက်ပါတယ်။

    ဟွန်ဆန်ဟာ ၂ ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သောကြာနေ့က ရောက်ရှိနေတာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်က သူတို့အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ၅ လ ကြာအပစ်ရပ်ရေး ကြေငြာထားကာ နှစ်ကုန်အထိ တိုးမြှင့်ဖို့ စီစဉ်ထားကြောင်း ပြောခဲ့တယ်လို့ ပူးတွဲကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ဟွန်ဆန်က စစ်ကောင်စီရဲ့ ဒီအစီအစဥ်ကို အပြည့်အ၀ထောက်ခံပြီး ကမ္ဘောဒီးယားမှာ​ အမျိုးသားရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှု ရအောင် လုပ်ဆောင်ခဲ့တယ်လို့ဆိုတဲ့ မူဝါဒကို မြန်မာစစ်ခေါင်းဆောင်ထံ မျှဝေခဲ့ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်ထားကြောင်း ဟွန်ဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောခဲ့သလို၊ အထူးကိုယ်စားလှယ် လာရောက်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အခြားသက်ဆိုင်သူတွေနဲ့ ပေးတွေ့မယ်လို့ ​ဗိုလ်ချုပ်မှူးကြီးက ကတိပေးခဲ့ပါတယ်။

    ဟွန်ဆန်ဟာ နှာခေါင်းစည်း၊ PPE ဝတ်စုံတွေ၊ အသက်ရှူစက်တွေအပါအဝင် ကိုဗစ်ကုသရေး လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေကို လှူဒါန်းခဲ့ပြီး မြန်မာစစ်ခေါင်း​ဆောင်ကလည်း ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ အာဏာကို နှစ်ပေါင်း ၃၀ ကျော် ချုပ်ကိုင်ထားသူတစ်ယောက်ဖြစ်ပြီး အတိုက်အခံတွေကိုလည်း ပြင်းပြင်းထန်ထန်နှိပ်ကွပ်မှုကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရသူ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ ဟွန်ဆန်ဟာ သားဖြစ်သူကို့ သူ့နေရာဆက်ခံဖို့ စီစဉ်ထားပါတယ်။

  • အကိုက်အခဲပျောက်၍ အိန္ဒိယရှိ အဖိုးအိုတစ်ဦး ကိုဗစ်ကာကွယ်ဆေး ၁၁ ကြိမ်ထိုး

    အကိုက်အခဲပျောက်၍ အိန္ဒိယရှိ အဖိုးအိုတစ်ဦး ကိုဗစ်ကာကွယ်ဆေး ၁၁ ကြိမ်ထိုး

    ဇန်နဝါရီ ၈၊ ၂၀၂၂
    M-Media

    -ပြီးခဲ့တဲ့နှစ်က အဖိုးအိုတစ်ဦးဟာ ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး ၈ ကြိမ်လောက်အထိ ထိုးခဲ့တယ်လို့ အိန္ဒိယ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

    အသက် ၆၅ နှစ်အရွယ် ဘရမ်ဒီယို မန်ဒဲလ်ဆိုသူဖြစ်ပြီး အရင်က စာပို့သမားအဖြစ် အလုပ်လုပ်ခဲ့သူပါ။ မန်ဒဲလ်က သူနေထိုင်ရာ ဘီဟာရ်ပြည်နယ်အတွင်း ကာကွယ်ဆေး ၁၁ ကြိမ် ထိုးခဲ့ပြီး အရင်က ခံစားခဲ့ရတဲ့ ခန္ဓာကိုယ် ကိုက်ခဲနာကျင်တာတွေ ပျောက်သွားကာ ပိုပြီး ကျန်းမာလာတယ်လို့ ပြောပါတယ်။

    ဘာဘေးထွက်ဆိုးကျိုးမှ မခံစားရဘူးလို့လည်း သူက ဆိုပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ်က ၁၂ ကြိမ်မြောက် ကာကွယ်ဆေးထိုးဖို့ ကြိုးစားတဲ့အချိန်မှာ အာဏာပိုင်တွေက သိရှိပြီး တားဆီးခဲ့တာဖြစ်ပါတယ်။

    အိန္ဒိယဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ ၁၆ ရက်နေ့က ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို နိုင်ငံတစ်ဝှမ်း စတင်ခဲ့ပြီး ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေဖြစ်တဲ့ Covishield နဲ့ Covaxin တို့ကို ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ ကြိုတင် ရက်ချိန်းယူ ထိုးနိုင်သလို၊ အပြင်စင်တာတွေမှာ မှတ်ပုံတင်၊ မဲပေးခွင့်ကဒ်၊ ယာဉ်မောင်းလိုင်စင် စတဲ့ အထောက်အထား ၁၁ မျိုးထဲက တစ်ခုခုပြပြီးလည်း ထိုးနိုင်ပါတယ်။

    ထိုးပြီးသူတွေရဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်တယ်တစ်ခုဖြစ်တဲ့ CoWin မှာ သိမ်းဆည်းထားပါတယ်။

    အဘိုးအို မန်ဒဲလ်ဟာ ဘီဟာရ်ပြည်နယ်အတွင်း ကာကွယ်ဆေးစင်တာတွေကို အနှံ့သွားရောက်ကာ ထိုးခဲ့တာဖြစ်ပြီး နာရီဝက်လောက်သာခြာကာ ကာကွယ်ဆေး နှစ်ခါထိုးခဲ့တာမျိုးတောင်ရှိပါတယ်။

    CoWin ပေါ်တယ်မှာ အချက်အလက်တွေတင်တာ နောက်ကျတဲ့အတွက် ဒီလိုအကြိမ်ကြိမ်ထိုးတာကို မသိရှိတာဖြစ်မယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

    မန်ဒဲလ်က ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ ဒီဇင်ဘာအတွင်း ကိုဗစ်ကာကွယ်ဆေး ၁၁ ကြိမ်ထိုးခဲ့တယ်လို့ ပြောပါတယ်။ သူဟာ အရင်က ရွာတွေမှာ ဆေးမှူးအဖြစ် လုပ်ခဲ့ဖူးတဲ့အတွက် ကာကွယ်ဆေးရဲ့ ကောင်းကျိုးတွေကို သိရှိကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

    “ကာကွယ်ဆေးထိုးပြီးတဲ့နောက်ပိုင်း ကျွန်တော့်ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှုတွေ ပျောက်သွားပါတယ်။ အရင်က ဒူးနာလို့ တုတ်ကောက်နဲ့ လမ်းလျှောက်ရတယ်။ အခုဆိုရင် တုတ်ကောက်မလိုတော့ပါဘူး။ သက်သာသွားပါပြီ”

    Ref: BBC

  • အာဆီယံဥက္ကဌ ကမ္ဘာဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံကိုလာ၍ စစ်ကောင်စီနှင့်တွေ့မည်

    အာဆီယံဥက္ကဌ ကမ္ဘာဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံကိုလာ၍ စစ်ကောင်စီနှင့်တွေ့မည်

    ဇန်နဝါရီ ၅၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်မယ့် ရေခံမြေခံအားလုံး ရှိနေပြီလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်က ပြောကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဟာ ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ဝန်ကြီးချုပ် ဟွန်ဆန်လည်း လာမယ့် သောကြာနေ့မှာ မြန်မာနိုင်ငံကို လာရောက်ကာ စစ်ကောင်စီနဲ့တွေ့ဆုံဖို့ ရှိနေပါတယ်။

    နိုင်ငံခြားရေးဝန်ကြီး ပရက် ဆိုခွန်ကို ဟွန်ဆန်က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့အခြေအနေကိုကြည့်ရတာ အားရစရာမရှိဘူးလို့ ဆိုခွန်က စင်ကာပူအခြေစိုက် တတ်သိပညာရှင်များအဖွဲ့ ISEAS-Yusof Ishak Institute နဲ့ တနင်္လာနေ့က ဆွေးနွေးပွဲမှာ ပြောပါတယ်။

    “မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လုံခြုံရေးအခြေအနေတွေဟာ ပိုဆိုးလာပြီး စီးပွားရေး၊ ကျန်းမာရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာဆီ ဦးတည်လာပါတယ်။ ပြည်တွင်းစစ်ဖြစ်မယ့် ရေခံမြေခံအားလုံး ရှိနေပြီလို့ ကျွန်တော်တို့ ခံစားရပါတယ်”

    အစိုးရနှစ်ခုရှိနေတာ၊ လက်နက်ကိုင်အဖွဲ့တွေ အများအပြားပေါ်ပေါက်လာတာ၊ CDM လှုပ်ရှားမှုတွေ၊ နိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ ပျောက်ကြားစစ် တိုက်ခိုက်မှုတွေကိုလည်း ဆိုခွန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး သူကိုယ်တိုင်လည်း မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံမယ်လို့ ပြောထားပါတယ်။

    ဒီလိုဆောင်ရွက်မှုတွေဟာ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အောင် လုပ်ပေးသလိုဖြစ်မယ်ဆိုတဲ့ ပြောကြားမှုတွေကို နိုင်ငံခြားရေးဝန်ကြီး ဆိုခွန်က ငြင်းပါတယ်။

    ကမ္ဘောဒီယားက အထူးအလေးထား လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံကအခြေအနေကို ပိုမိုတိုးတက်စေချင်လို့ဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် ဧပြီလက အာဆီယံခေါင်းဆောင်တွေအကြား ရရှိထားတဲ့ သဘောတူညီချက် ၅ ချက်အတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဝန်ကြီချုပ် ဟွန်ဆန်ရဲ့ မြန်မာနိုင်ငံကို သွားရောက်မှုဟာ သက်ဆိုင်သူတွေအားလုံး ပါဝင်ဆွေးနွေးကာ နိုင်ငံရေး ယုံကြည်မှုတစ်ခု ရနိုင်တဲ့ အခြေအနေကောင်းမျိုး ဖန်တီးဖြစ်တယ်လို့လည်း ဆိုခွန်က ဆိုပါတယ်။

    Ref : Japan Times