News @ M-Media

Author: Ko Lay

  • မွတ်စလင်အမျိုးသမီးများကို လေလံတင်သည့် App အတွက် လူ ၃ ဦးကို အိန္ဒိယဖမ်းဆီး

    မွတ်စလင်အမျိုးသမီးများကို လေလံတင်သည့် App အတွက် လူ ၃ ဦးကို အိန္ဒိယဖမ်းဆီး

    ဇန်နဝါရီ ၅၊ ၂၀၂၁
    M-Media

    -မွတ်စလင်အမျိုးသမီးတွေကို လေလံတင်ရောင်းချတယ်ဆိုတဲ့ အက်ပလီကေးရှင်းနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သံသယရှိသူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    Bulli Bai လို့အမည်ပေးထားတဲ့ အဲဒီ အက်ပလီကေးရှင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက GitHub မှာပေါ်ထွက်လာတာဖြစ်ပြီး အိန္ဒိယနိုင်ငံတစ်ဝှမ်းက ထင်ရှားတဲ့ မွတ်စလင်အမျိုးသမီး စုစုပေါင်း ၁၀၀ ကျော်လောက်ရဲ့ ဓာတ်ပုံတွေတင်ကာ လေလံတင်ရောင်းချတယ်ဆိုတဲ့ သဘောမျိုး ဖန်တီးထားတာပါ။

    ဒါဟာ နိုင်ငံတစ်ဝှမ်း မြင့်တက်လာတဲ့ မွတ်စလင်စော်ကားရေး ပုံစံတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ Bulli Bai စကားလုံးဟာ မွတ်စလင်အမျိုးသမီးတွေကို နှိမ့်ချသုံးနှုန်းတဲ့ အခေါ်အဝေါ်ပါ။

    မွမ်ဘိုင်းရဲတပ်ဖွဲ့ရဲ့ ဆိုက်ဘာဌာနက နိုင်ငံမြောက်ပိုင်း အူတာရက်ဟန်ပြည်နယ်က အသက် ၂၁ နှစ်အရွယ် မာယန့် ရာဝါလ်ဆိုသူကို ဗုဒ္ဓဟူးနေ့မနက်မှာ ဖမ်းဆီးခဲ့ပါတယ်။ Bulli Bai အက်ပလီကေးရှင်းကိစ္စမှာ အဓိကပါဝင်သူလို့ ယူဆရတဲ့ အသက် ၂၁ နှစ်အရွယ် အင်ဂျင်နီယာကျောင်းသား ဗီရှယ် ကူးမားနဲ့၊ အသက် ၁၉ နှစ်အရွယ် မိန်းကလေး ရှဝီတာဆင်းတို့ကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    အက်ပလီကေးရှင်းမှာ ထည့်သွင်းခြင်းခံထားရတဲ့ ဒေလီအခြေစိုက် ဂျာနလစ် အစ္စမတ် အေရာက ဒီ အက်ပလီကေးရှင်းဟာ မွတ်စလင်အမျိုးသမီးတွေကို အရှက်ရစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ပြောပါတယ်။

    Bulli Bai အက်ပလီကေးရှင်း တင်ခဲ့တဲ့ အသုံးပြုသူတွေကို သူတို့ပလက်ဖောင်းကနေ ဖယ်ရှားလိုက်ကြောင်း GitHub က အတည်ပြုတယ်လို့ အိန္ဒိယ နည်းပညာဆိုင်ရာဝန်ကြီး အက်ရှ်ဝီနီ ဗစ်ရှ်နော်က ပြောပါတယ်။

    လွန်ခဲ့တဲ့ ၆ လကလည်း မွတ်စလင်အမျိုးသမီးတွေကို လေလံတင်ရောင်းချတယ်လို့ဆိုတဲ့ အက်ပလီကေးရှင်းတစ်ခု Sulli Deals ဆိုတဲ့အမည်နဲ့ ထွက်လာခဲ့ပြီး အမျိုးသမီး ၈၀ လောက် ပါဝင်ပါတယ်။ Sulli Deals အက်ပလီကေးရှင်းနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးတာမျိုး မလုပ်ခဲ့ပါဘူး။

    Ref: Aljazeera

  • တယ်လီနောက Wave Money လုပ်ငန်းကို ရောင်းချမည်

    တယ်လီနောက Wave Money လုပ်ငန်းကို ရောင်းချမည်

    ဇန်နဝါရီ ၃၊ ၂၀၂၂
    M-Media

    -နော်ဝေအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောဟာ မြန်မာနိုင်ငံက အွန်လိုင်း ငွေလွှဲလုပ်ငန်း Wave Money မှာ ပိုင်ဆိုင်တဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို Yoma Strategic Holdings စီးပွားရေးလုပ်ငန်းစုကို ရောင်းချ တော့မယ်လို့ Nikkei Asia သတင်းဌာနက ဖော်ပြပါတယ်။

    Yoma Strategic Holdings ဟာ စင်ကာပူအခြေစိုက်ဖြစ်ပြီး Wave Money အဓိကရှယ်ယာရှင်လည်း ဖြစ်ပါတယ်။ တယ်လီနောက သူတို့ရဲ့ရှယ်ယာအားလုံးကို ကန်ဒေါ်လာ ၁၀၄ သန်းနဲ့ ရောင်းချမှာပါ။

    မြန်မာခရိုနီ Serge Pun (ခေါ်) ဦးသိမ်းဝေ ပိုင်ဆိုင်တဲ့ Yoma Group ဟာ Wave Money လုပ်ငန်းကို ၇၅ ရာခိုင်နှုန်း ပိုင်ဆိုင်လာမှာဖြစ်ပြီး၊ Yoma Strategic Holdings မှာပါဝင်တဲ့ အခြားပုဂ္ဂလိကလုပ်ငန်းတွေက ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြမှာ ဖြစ်ပါတယ်။

    တယ်လီနောက Wave Money ရှယ်ယာကို ရောင်းချမှုက သူတို့ရဲ့ အဓိက ဆက်သွယ်ရေးလုပ်ငန်း Telenor Myanmar ကို ရောင်းချမှုတန်ဖိုးထက် ပိုမိုများပြားနေပါတယ်။ တယ်လီနောမြန်မာကို လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီက ဒေါ်လာ ၁၀၅ သန်းနဲ့ဝယ်ဖို့ သဘောတူခဲ့ပေမယ့် စစ်ကောင်စီက ဟန့်တားမှုတွေ ရှိနေပါတယ်။

    Wave Money ကို ရောင်းချမှုအတွက် တယ်လီနောဖက်က သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ Yoma Strategic ဟာ ၂၀၂၀ ခုနှစ် အလယ်ပိုင်းလောက်ကတည်းက ​Wave Money ကို ဝယ်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်ကန့်သတ်တာ၊ ငွေလွှဲမှု ထိန်းချုပ်တာတွေ လုပ်ဆောင်တာကြောင့် Wave Money သုံးစွဲသူအရေအတွက် လျော့ကျသွားခဲ့ပေမယ့် နိုဝင်ဘာလမှာတော့ ပုံမှန်အနေအထားကို ပြန်ရောက်ခဲ့တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

    Wave Money လုပ်ငန်း ဥက္ကဌ Melvyn Pun က ဘဏ်လုပ်ငန်းမှာ အခက်အခဲတစ်ချို့ ရင်ဆိုင်နေရပေမယ့် ဒစ်ဂျစ်တယ် ငွေပေးချေမှုလုပ်ငန်းအပေါ် ယုံကြည်မှုအပြည့်ရှိတယ်လို့ မကြာသေးမီကပဲ ပြောကြားခဲ့ပါတယ်။

    Ref: Nikkei Asia

  • အိုမီခရွန်ရန်ကြောင့် အွမ္မရာဘုရားဖူးခရီးစဉ်ကို မလေးရှားက ခွင့်မပြုတော့

    ဇန်နဝါရီ ၂၊ ၂၀၂၂
    M-Media

    -ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်(Omicron) ကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် ဇန်နဝါရီ ၈ ရက်နောက်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံဆီ အွမ္မရာဘုရားဖူးခရီးသွားရောက်မှုကို မလေးရှားက ပိတ်ပင်လိုက်ပါတယ်။

    ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မလေးရှားမှာ အိုမီခရွန်ကူးစက်မှု ၆၄ ခု ရှိခဲ့ပြီး အဲဒီအထဲက ၃၂ ခုဟာ အွမ္မရာသွားသူတွေနဲ့ စက်ဆပ်နေတာပါ။ အွမ္မရာပြန်လာသူကနေ လူအများအပြား ကိုဗစ်ကူးစက်မှုကလည်း ၉ နေရာလောက် ရှိနေပါတယ်။

    မလေးရှား ကျန်းမာရေးဝန်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က အွမ္မရာပြန်လာသူတွေဟာ နေအိမ်ကွာရန်တင်းစည်းမျဉ်း ချိုးဖောက်တာတွေ ရှိနေတယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “အွမ္မရာပြုပြီး ပြန်လာတဲ့သူတွေဟာ နေအိမ်မှာ ၇ ရက် ကွာရန်တင်းဝင်ရတယ်။ ဒါပေမယ့် ကွာရန်တင်းစည်းမျဉ်း ချိုးဖောက်တာတွေ ရှိ​ပြီး ကိုဗစ်ကူးတဲ့ အွမ္မရာဘုရားဖူးတွေကနေတစ်ဆင့် မိသားစုတွေကိုပါ ကူးစက်သွားပါတယ်”

    အဲဒီကနေ ဘုရားဖူးသူတွေကို လာရောက်တွေ့ဆုံကြတဲ့ ဆေမျိုးတွေ၊ ပတ်ဝန်းကျင်ကလူတွေပါ ကူးစက်သွားတယ်လို့လည်း ဂျမာလွတ်ဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အွမ္မရာဘုရားဖူးခရီးစဉ်အတွက် လေယာလက်မှတ်ဘိုကင်လုပ်မှုကိုလည်း မလေးရှားက ပိတ်ပင်လိုက်ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၇ ရက်နေ့အကြား သွားမယ့်လူတွေကို ခွင့်ပြုပေမယ့် ပြန်လာရင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့နေရာမှာ ကွာရန်တင်းဝင်ရမယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

    Ref: CNA

  • လက်ရွေးစင်ဘောလုံးသမားများ ဆေးမင်ကြောင်မထိုးရန် တရုတ်အစိုးရက အမိန့်ထုတ်

    လက်ရွေးစင်ဘောလုံးသမားများ ဆေးမင်ကြောင်မထိုးရန် တရုတ်အစိုးရက အမိန့်ထုတ်

    ဒီဇင်ဘာ ၃၁၊ ၂၀၂၁
    M-Media

    -နိုင်ငံကိုယ်စားပြု လက်ရွေးစင်ဘောလုံးအသင်းနဲ့ ယူ-၂၃ အသင်းတွေက ကစားသမားတွေ ခန္ဓာကိုယ်မှာ ဆေးမင်ကြောင်မထိုးဖို့၊ ထိုးထားတာကို ပြန်ဖျက်တာ ဒါမှမဟုတ် ဖုံးကွယ်တာတွေလုပ်ဖို့ တရုတ်အစိုးရက အမိန့်ထုတ်လိုက်ပါတယ်။

    ‘ဘောလုံးသမားများကို ပိုမိုကြပ်မတ်နိုင်ရေး အကြံပြုချက်များ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ညွှန်ကြားချက်ကို အခုတစ်ပတ် အင်္ဂါနေ့မှာ တရုတ်အစိုးရက ထုတ်ပြန်ခဲ့တာပါ။ ဘောလုံးသမားတွေ ဆေးမင်ကြောင်ထိုးထားတာဟာ လူ့အဖွဲ့အစည်းကို အတုယူမှားစေတဲ့အတွက် ဒါတွေကိုမလုပ်ဖို့ ပြင်းပြင်းထန်ထန်ထားမြစ်တယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

    “ထိုးထားတဲ့သူတွေ ကိုယ့်ဟာကိုယ် ပြန်ဖျက်ဖို့ အကြံပြုပါတယ်။ အထူးအခြေအနေမျိုးတွေမှာတော့ အသင်းရဲ့ ခွင့်ပြုချက်နဲ့ ဆေးမင်ကြောင်တွေကို လေ့ကျင့်ချိန်မှာရော၊ ပွဲကစားချိန်မှာပါ ဖုံးအုပ်ထားရပါမယ်”

    ယူ-၂၀ အသင်းအတွက် ဆေးမင်ကြောင်ထိုးထားတဲ့ ကစားသမားတွေကို မခေါ်ဖို့လည်း ညွှန်ကြားချက်မှာ ထည့်သွင်း တားမြစ်ခဲ့ပါတယ်။

    ဒီလိုတားမြစ်မှုဟာ ဘောလုံးကစားသမားတွေမှာ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်မျိုး ထွန်းကားလာဖို့၊ လူ့အဖွဲ့အစည်း အတုယူမှန်စေဖို့ ဆောင်ရွက်ရတာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းမှာ နိုင်ငံကို ချစ်မြတ်နိုးစိတ် ဖြစ်လာစေတဲ့ ဆောင်ရွက်မှုမျိုး၊ ကစားသမားတွေရဲ့ စိတ်နေစိတ်ထား၊ တာဝန်ယူမှု၊ ဂုဏ်သိက္ခာပိုင်း တိုးတက်စေတဲ့ ဆောင်ရွက်မှုမျိုးတွေကို နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းတွေက လုပ်ဆောင်သင့်တယ်လို့လည်း ညွှန်ကြားချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    တရုတ်အစိုးရက ဆေးမင်ကြောင်တွေကို ပိတ်ပင်တာဟာ ဒါ ပထမဆုံးမဟုတ်ပါဘူး။

    ၂၀၁၈ ခုနှစ် ဟစ်ဟော့နဲ့ အခြား ခေတ်ပေါ်ယဉ်ကျေးမှုတွေကို နှိပ်ကွပ်မှုအတွင်း နိုင်ငံအတွင်းက ရုပ်သံတွေအနေနဲ့ ဆေးမင်ကြောင်ထိုးထားတဲ့ သရုပ်ဆောင်တွေကို မပြသဖို့ တရုတ်အစိုးရက ပိတ်ပင်ဖူးပါတယ်။ အဲဒီနောက်ပိုင်း ဆေးမင်ကြောင်ပါတဲ့ အခန်းတွေကို ဝါးထားပြီးမှ ​ရုပ်သံဌာနတွေက လွှင့်ခွင့်ရပါတယ်။

    Ref: CNN

  • မဟတ္တမ ဂန္ဒီကိုသတ်သည့် လူသတ်သမားကို ချီးကျူးသူ ဟိန္ဒူဘုန်းကြီး အဖမ်းခံရ

    မဟတ္တမ ဂန္ဒီကိုသတ်သည့် လူသတ်သမားကို ချီးကျူးသူ ဟိန္ဒူဘုန်းကြီး အဖမ်းခံရ

    ဒီဇင်ာ ၃၁၊ ၂၀၂၁
    M-Media

    -လွတ်လပ်ရေးဗိသုကာ မဟတ္တမ ဂန္ဒီကို စော်ကားပြောဆိုပြီး၊ ဂန္ဒီကို သတ်ဖြတ်တဲ့ လူသတ်သမားကို ချီးကျူးခဲ့တဲ့ ဟိန္ဒူဘုန်းကြီးကို အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

    ဂန္ဒီဟာ ၁၉၄၈ ခုနှစ် မြို့တော်ဒေလီက ဆုတောင်းပွဲတစ်ခုမှာ ဟိန္ဒူအစွန်းရောက်တစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။ ခေတ်​အဆက်ဆက် သဘောထားတင်းမာတဲ့ ဟိန္ဒူအဖွဲ့အစည်းတွေက ဂန္ဒီဟာ မွတ်စလင်တွေအပေါ် အရမ်းဂရုဏာသက်တယ်ဆိုပြီး ဝေဖန်ရှုတ်ချခဲ့ကြတာ ဖြစ်ပါတယ်။

    ဒီဇင်ဘာလစောပိုင်း နိုင်ငံမြောက်ပိုင်းက ဟိန္ဒူဘာသာရေးမြို့ ဟာရစ်ဒ်ဝါမှာ ပြုလုပ်တဲ့ ဘာသာရေးအခမ်းအနားမှာ ဟိန္ဒူဘုန်းကြီးတွေက ဂန္ဒီကို ရှုတ်ချပြောဆိုခဲ့သလို နိုင်ငံအတွင်းက မွတ်စလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဒီဟောပြောပွဲမှာ ပါဝင်ခဲ့တဲ့ ဟိန္ဒူဘုန်းကြီး ကလီချာရန် မဟာရက်ဂျ်ကို ရဲတပ်ဖွဲ့က နိုင်ငံအလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်မြို့မှာ မနေ့က ဖမ်းဆီးလိုက်ပါတယ်။ ဟောပြောပွဲမှာ ဘာသာတရားနှစ်ခုအကြား အမုန်းပွားအောင် လုပ်ဆောင်မှုကြောင့် ဒီလိုဖမ်းဆီးတာလို့ ရဲတပ်ဖွဲ့ရဲ့ပြောကြားမှုကို ကိုးကားပြီး အိန္ဒိယမီဒီယာတွေက ဖော်ပြပါတယ်။

    မဟာရက်ဂျ်က ဂန္ဒီဟာ အိန္ဒိယာနိုင်ငံကို ဖျက်ဆီးခဲ့သူဖြစ်ပြီး သူ့ကိုသတ်ခဲ့တဲ့ လူသတ်သမား နာသူရမ် ဂေါ့ဒ်ဆီကို အလေးပြုတယ်လို့ တရားပွဲမှာ ထည့်ပြောခဲ့တာပါ။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပြီး အမှုခိုင်လုံရင် တရားစွဲခံရမှာ ဖြစ်ပါတယ်။

    ဟာရစ်ဒ်ဝါက တရားပွဲမှာ ဟိန္ဒူဘုန်းကြီးတွေက မွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ဖို့ တိုက်တွန်းဆော်ဩနေတဲ့ ဗီဒီယိုဟာ ဒီဇင်ဘာအလယ်ပိုင်းလောက်က ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ခဲ့ပြီး နိုင်ငံတစ်ဝှမ်း ဝေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။ ဘုန်းကြီးတွေဟာ မြန်မာစစ်တပ်က မွတ်စလင်တွေအပေါ် နှိပ်စက်သတ်ဖြတ်သလိုမျိုး လုပ်ဖို့ အိန္ဒိယစစ်တပ်၊ နိုင်ငံရေးသမားတွေနဲ့ ဟိန္ဒူတွေကို တိုက်တွန်းခဲ့တာပါ။

    အိန္ဒိယပြည်သူတွေက ဒီလိုအမုန်းတရားဟောပြောမှုတွေကို ရှုတ်ချကြောင်း နိုင်ငံတစ်ဝှမ်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    တနင်္လာနေ့က နယူးဒေလီမြို့က ဆန္ဒထုတ်ဖော်မှုအတွင်း ကျောင်းသားအဖွဲ့အစည်းအများအပြားက အဖွဲ့ဝင်တွေ ပါဝင်ခဲ့ကြပါတယ်။

    Ref: Aljazeera